အပိုင်း (၁၁၅)
မင်းကို တခြားသူတွေက စော်ကားခွင့် ငါမပေးနိုင်ဘူး
“တရားစွဲမယ်?”
ယွမ်နန်သည် သူမ၏လက်သည်းတွေကို မှုတ်လိုက်ပြီး သူမ၏ရှက်နေဟန်ရသည့် နှုတ်ခမ်းများက လှောင်ပြုံး ပြုံးနေပြီးပြောလိုက်သည်။
“နင့်ရဲ့ တရားသူကြီးက ငါတို့ကို မထိန်းချုပ်နိုင်ဘူး”
ဒီစကားကို ကြားသည့် အချိန်မှာပင် နန်းပေါင်ရီ၏ အနက်ရောင် ညဝတ်စုံမှာ စုတ်ပြဲသွားသည်။ မိန်းကလေးသည် သူမ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူမ မအော်ဟစ်ခင်မှာ ကြီးမားပြီး ညစ်ပတ်နေသည့် လက်ဖဝါး တစ်ဖက်က သူမ၏ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားသည်။
ကိုယ်ရံတော်များသည် သနားညှာတာခြင်း မရှိဘဲ ရိုင်းစိုင်းသည့် တိရစ္ဆာန်များကဲ့သို့ ပြုံးလိုက်ပြီး သူမဆီကို သူတို့၏ သွားစွယ်များ၊ လက်သည်းများကိုထုတ်ပြီး ခုန်လွှားလာကြသည်။ သူမ၏ ငယ်ရွယ်သည့် အသက်နှင့် သူမ၏ ကြောက်လန့်တကြား ကန်ကြောက်မှု၊ ခြိမ်းခြောက်မှုတွေကို လျစ်လျှူရှုလိုက်ပြီး သူမကို အကြမ်းဖက်ဖို့သာ ကြိုးစားနေကြသည်။
သူမသည် အဆင့်ကိုးသာရှိသည့် မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူတို့ကို တာဝန်ကျေရန်မှာ သူမ၏ကံကြမ္မာသာ ဖြစ်သည် မဟုတ်လား?
ယွမ်နန်သည် မြေအောက် အကျဉ်းထောင်ထဲမှ ဖြစ်ရပ်ကိုကြည့်ပြီး လှောင်ရယ် ရယ်လိုက်သည်။
“နန်းမိန်းကလေး၊ မင်းသိသင့်တာက ငါနဲ့ရှန်းသခင်လေးတို့က အမတ်မင်းရဲ့ လူတွေပဲ၊ ဒီညတော့ ငါက အမတ်မင်းရဲ့ အမိန့်ကို နာခံမယ်၊ သူက မင်းကိုမုန်းတယ်၊ မုန်းတယ်၊ ပြီးတော့ မင်းကို သတ်ချင်နေတာ၊ ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းကပဲ မိန်းမတစ်ယောက် အနေနဲ့ ယောက်ျားကောင်း မရနိုင်တာ၊ အဲ့ဒါကြောင့် ငါက မင်းကို ဖြည့်ဆည်း ပေးလိုက်တာလေ၊ တောင်ပိုင်းသူလေး မင်းက အမတ်မင်းကို သူရဲ့ ကြင်နာမှုကြောင့် ကျေးဇူးတောင် တင်သင့်သေးတယ်”
နန်းပေါင်ရီ၏လက်များသည် သံကြိုးခတ် ခံထားရပြီး သူမ၏ခေါင်းကလည်း မြင့်မြင့်ကို မြှောက်ခံထားရသည်။ အစေခံများသည် သူမ၏ခြိမ်းခြောက်မှုကို မမှုပေ။ သူမသည် လူတစ်ယောက် မဟုတ်တော့ဘဲ သူတို့၏ ကစားစရာ ပစ္စည်းတစ်ခု ဖြစ်နေရသည်။
မျက်ရည်များက တောက်လျှောက် စီးကျနေသည်။ သူမ အရမ်းဝမ်းနည်းသည်။ အမတ်မင်းသည် တကယ်ဆို ဖြောင့်မတ်မှန်ကန်ပြီး ချစ်ခြင်းမေတ္တာကို လေးစားတတ်သည့် သူတစ်ယောက်၊ မျှတမှုကို လိုလားသည့် သူရဲကောင်း တစ်ယောက်ဖြစ်သည်။ ဒီလုပ်ရပ်အတွက် သူ သူမကို မရှက်သင့်ဘူးလား…
သူမ ဘာအမှားမှ မလုပ်မိပါချေ၊ အစကနေ အဆုံးအထိ သူ့အပေါ် ကောင်းပေးဖို့သာ တွေးခဲ့တာဖြစ်သည်။ သူမ၏ ညဝတ်စုံနဲ့ အတွင်းဝတ် အင်္ကျီက မြေပြင်ပေါ်ကို ကျသွားခဲ့သည်။ သားရဲကောင်များ၏ မျက်လုံးများမှာ ရီဝေနေကြပြီး ဝမ်းခေါင်းသံနဲ့ ကျယ်လောင်စွာ ရယ်မောနေကြသည်။
နန်းပေါင်ရီသည် ဝမ်းနည်းပြီး အလွန် စိတ်ထိခိုက်နေသည်။ သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုနဲ့ ရွံရှာမှုများကို ခံစားနေရပြီး သတိလစ်လုမတတ် ဖြစ်နေသည်။ သူမသည် မသဲမကွဲ ညည်းညူနေသည်။
“အစ်ကို ၂…”
မျက်ရည်သည် ပိုပိုပြီး ထိန်းမရနိုင်အောင် ကျဆင်းလာသည်။ သူမသည် စွန့်ပစ်ခံရသည့် ကြွေရုပ်လေးလို စိတ်အားငယ်စွာ မျက်လုံးများ မှိတ်လိုက်သည်။
ယွမ်နန်သည် သူမ အကြံအစည် အောင်မြင်သည့်အတွက် အားရနေပြီး “နင်က ငါ့ကို မောင်းမတစ်ယောက်ဆိုပြီး ဆူပူခဲ့တယ်၊ အခုတော့ ဘယ်လိုလဲ၊ နန်းပေါင်ရီ အမတ်မင်းက နင့်ကြောင့် ဘယ်လောက် ပင်ပန်းနေရလဲ နင်မသိ… အား…”
သူမပြောလို့ မပြီးခင်မှာပဲ သူမ ရုတ်တရက် အော်လိုက်သည်။ ဓါးတစ်ချောင်းသည် အလင်း၏အလျင်နဲ့အတူ သူမ၏ပါးစပ်ကို ကြမ်းတမ်းစွာ ဖြတ်လိုက်သည်။ သူမက ပြတ်သွားသည့် ပါးစပ်ကို အုပ်လိုက်ပြီး ရုတ်တရက် ပေါ်လာသည့် ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းသည့် လူငယ်ကို ကြည့်လိုက်သည်။
သူသည် အနက်ရောင်နဲ့ ရွှေရောင်အဆင်တွေ ရောထားသည့် ကြီးမားသည့် ဝတ်စုံကို ဝတ်ထားသည်။ ကျယ်ပြန့်သည့် ဝတ်ရုံမှာ လေပင် ထိုးဖောက်မဝင်နိုင်။ ဓါးအိမ်မပါသည့် ဓါးတစ်လက်ကို ကိုင်ထားပြီး သူ၏မျက်လုံးများက တောက်ပ စူးရှနေသည်။
သူမသည် တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း သူမ၏ပါးစပ်မှာ အလွန်နာကျင်နေသည်။ သူမ၏နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့သည်။ သူမသည် အဓိပ္ပါယ် မဖော်နိုင်သည့် အကြည့်ဖြင့် ရှောင်းယီကို ကြည့်နေသည်။
ရှောင်းယီသည် တည်ငြိမ်သည့် သွင်ပြင်နဲ့ ဓါးကိုကိုင်ပြီး အကျဉ်းထောင်ထဲကို တစ်လှမ်းချင်း လှမ်းသွားသည်။ ကိုယ်ရံတော် အုပ်စုမှာ သူတို့၏ အဝတ်တွေကို အလျင်အမြန် ဝတ်ဆင်လိုက်ပြီး သူတို့၏ လက်နကက်များကို ပြင်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုက ထိပ်တန်းဖြစ်သည်။ ဒါပေမယ့် အသက် ဆယ့်ရှစ်နှစ်သာ ရှိသေးသည့် ဒီလူငယ်လေးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ရွံ့ပြီး တုန်လှုပ်နေကြသည်။
“ငါ ..ငါတို့က ဧကရာဇ်ရဲ့ လူတွေပဲ”
ကိုယ်ရံတော် ခေါင်းဆောင်က ဓါးနဲ့ချိန်ရွယ်ရင်း နောက်ကို တဖြည်းဖြည်းဆုတ်ရင်း ခြိမ်းခြောက်သည်။
ရှောင်းယီသည် ဂရုမစိုက်စွာ နှုတ်ခမ်းထောင့်ကို လျှာနဲ့သပ်လိုက်ပြီး “အဲ့ဒီတော့?”
“မင်း… မင်းငါတို့ကို တစ်ခုခု လုပ်ရဲရင် မင်းအမေက မင်းကို အပြစ်ပေးလိမ့်မယ်”
ရှောင်းယီက ပြုံးလိုက်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။ များပြားလှသည့် ဓါးသွားများ၏ အလင်းရောင်နဲ့ ထိခတ်သံများက အကျဉ်းထောင်ထဲတွင် ပြန့်လွင့်လာသည်။ ကြီးမားသည့် သွေးစီးကြောင်းများက ကိုယ်ရံတော်များ၏ မျက်လုံးများမှ တစ်ပြိုင်တည်း ကျဆင်းလာကြသည်။ သူတို့အားလုံး တစ်ပြိုင်တည်းပင် မျက်စိကန်း သွားကြတော့သည်။
သူတို့သည် သူတို့၏ လက်နကက်များကို တစ်ယောက်ပြီးတစ်ယောက် လွှတ်ချလိုက်ကြသည်။ သူတို့၏ မျက်လုံးတွေကို လက်ဖြင့် ဖုံးအုပ်လိုက်ကြပြီး ဆွဲဆွဲငင်ငင် ငိုကြွေးမြည်တမ်းရင်း မြေပြင်ပေါ် လှိမ့်နေကြသည်။ အချိန်ခဏလေး အတွင်းမှာ အကျဉ်းထောင်ဟာ မြေပြင်က အပြစ်များ ဆေးကြောရာ နေရာလို သွေးဖြင့် ပက်ဖြန်း ခံလိုက်ရသည်။
ရှောင်းယီသည် ဓါးကို ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကိုပင့်ပြီး အကျဉ်းထောင် ထောင့်မှ နန်းပေါင်ရီကို ကြည့်လိုက်သည်။ ကောင်မလေး၏ ဝတ်စုံဟာ ဖရိုဖရဲဖြစ်နေပြီး သူမ၏ဒူးများကို ကျုံ့ပြီးထိုင်နေသည်။ သူမ၏လက်များတွင် သံကြိုးများ တုတ်နှောင်ခံထားရပြီး သူမ၏ ဖြူဖွေးသည့် ခန္ဓာကိုယ်သည် ဖျော့တော့နေသည်။ မျက်နှာဝိုင်းဝိုင်း သေးသေးလေးသည် ဖြူဖျော့ပြီး သွေးမရှိတော့ချေ။ မီးငှက်လို မျက်လုံးရွဲကြီးများက မျက်ရည်တွေ၊ နာကျင်မှုတွေဖြင့် ပြည့်နေသည်။ အရမ်းကို သနားစရာ ကောင်းလွန်းလှသည်။
သူက တိတ်တဆိတ် ရှေ့ကို လျှောက်သွားလိုက်ပြီး သံဆူးကြိုးများကို ဖျက်ဆီးလိုက်သည်။ သူ၏ ဝတ်ရုံကို ချွတ်လိုက်ပြီး မိန်းမငယ်လေးကို တင်းကျပ်စွာ ပတ်ထွေးလိုက်သည်။ သူ သူမကို ဖက်လိုက်ချိန် ကောင်မလေးမှာ ဆိုးဆိုးဝါးဝါး တုန်ရီနေသည်ကို တွေ့လိုက်ရသည်။
သူက သူ၏မျက်ခုံးများကို ပင့်လိုက်ပြီး “ငါ့ကိုကြောက်နေတာလား?”
နန်းပေါင်ရီသည် မျက်ရည်များ စီးကျလာပြီး “သူမက ပြောတယ်၊ အစ်ကိုက ညီမလေးကြောင့် အရမ်း ပင်ပန်းနေတယ်တဲ့”
“လုံးဝမဟုတ်ဘူး”
နန်းပေါင်ရီသည် သူမ၏စကားကို ခေတ္တရပ်ထားလိုက်ပြီးမှ ထပ်ပြောသည်။
“သူက ပြောသေးတယ်၊ အစ်ကိုက ညီမလေးကို သတ်ချင်နေတာတဲ့”
“လုံးဝကိုမဟုတ်တာ”
နန်းပေါင်ရီ၏ မျက်လုံးများက နီရဲနေပြီး သူမ၏အသံက တိုးလျနေသည်။
“သူမက ထပ်ပြောသေးတယ်၊ အဲ့ဒီလူတွေ အားလုံးကို အစ်ကိုက အမိန့်ပေးထားတာတဲ့..”
ရှောင်းယီသည် သူမ၏ ကြင်နာတတ်သည့် မျက်နှာလေးကို ဖွဖွပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလာသည်။
“နန်းကျောင်းကျောင်း၊ မင်းကို တခြားသူတွေက မကောင်းပြောတာကို ငါ ခွင့်ပြုမှာ မဟုတ်ဘူး”
‘မကောင်းပြောခွင့်မပြုဘူး’ ဆိုသည့်စကားက နန်းပေါင်ရီကို ငိုစေတော့သည်။ သူမသည် နောက်ဆုံး ရှောင်းယီကို မကြောက်တော့ဘဲ သူမလက်များဖြင့် သူ၏လည်ပင်းကို ယုံကြည်ချက်ရှိရှိ တွဲခိုလိုက်သည်။
“အစ်ကို ၂ ၊ အခုညီမလေး အရမ်းကြောက်နေတယ်”
“ငါရှိတယ်၊ မင်းဘာကိုမှ ကြောက်စရာမလိုဘူး”
ရှောင်းယီသည် သူမကိုချီလိုက်ပြီး အကျဉ်းထောင်၏ အပြင်ဘက်ကို ထွက်သွားတော့သည်။ အကျဉ်းထောင်၏ အပြင်ဘက် လေထုက လတ်ဆတ်နေသည်။
ရှီးယန်သည် လျှို့ဝှက်သက်တော်စောင့် အချို့နှင့်အတူ တည်ငြိမ်စွာ ရပ်စောင့်နေသည်။ သူသည် ရှောင်းယီတို့နှစ်ယောက် ထွက်လာသည်ကို တွေ့ပြီး သူ၏ဦးခေါင်းကို ညှွတ်၍ အရိုအသေ ပြုလိုက်သည်။
ရှောင်းယီသည် သူ့ကိုတစ်ချက် ကြည့်လိုက်သည်။ ရှီးယန်မှာ ရုတ်တရက် နားလည်သွားသည်။ သူတို့နှစ်ယောက် အဝေးကို လျှောက်သွားပြီးနောက် သူတို့သည် ဓါးရှည်များကိုကိုင်ပြီး အကျဉ်းထောင်ထဲကို ဝင်သွားကြတော့သည်။
ရှောင်းယီသည် နန်းပေါင်ရီကို အိပ်ခန်းဆီ ပွေ့ချီလာခဲ့သည်။ သူမကို ရေချိုးပေးရန် ယွီဝေ့ကို အမိန့်ပေးလိုက်သည်။ သူမ သန့်ရှင်းသွားအောင် ရေသန့်စင်ရန် လိုနေသည်။
ပန်းပွင့်များနှင့် ငှက်မွှေးကန့်လန်ကာက ရေစည်ကို ကွယ်ထားသည်။
ရှောင်းယီသည် ပြတင်းနား၌ ထိုင်နေပြီး ဖယောင်းတိုင် အလင်းရောင် လှုပ်ခတ်နေတာကို ကြည့်နေသည်။ သို့သော်လည်း သူ၏မျက်လုံးများမှာ တောက်ပခြင်း ကင်းနေသည်။ သူသည် ရေကျသံကို နားထောင်နေပြီး အကျဉ်းထောင်ထဲမှ သူမ၏ပုံစံသည် သူ့စိတ်မှာ အရိပ်ထင်လာသည်။ မိန်းမငယ်လေး၏ ဝတ်စုံမှာ ဖရိုဖရဲဖြစ်နေပြီး လက်များ ခြေထောက်များကို သံကြိုးများဖြင့် တုတ်နှောင်ထားသည်။ သူမ၏ နူးညံ့သည့် သနားချင့်စဖွယ် မျက်နှာလေးမှာ သူ့ကို စိတ်မကောင်းဖြစ်စေပြီး စိတ်လှုပ်ရှားစေသည်။
သူသည် ဗုဒ္ဓဘာသာ တရားစာအုပ်ကို လှန်လိုက်သော်လည်း စာလုံးတစ်လုံးမှ သူမဖတ်နိုင်ပါချေ။ အရေးမကြီးစွာ ဖြတ်သန်းခဲ့သည့် ဘဝတစ်လျှောက်လုံး ဘယ်တရား စာအုပ်ကိုများ သူဖတ်ဖူးခဲ့လို့လဲ?
သူတွေးလိုက်ပြီး တရားစာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင် ထားလိုက်သည်။ အချိန်တစ်ခု ကြာပြီးနောက် ကန့်လန့်ကာနောက်မှ ရေသံများ ရပ်သွားခဲ့သည်။ သူသည် တရားစာအုပ်ကို ပြန်ကိုင်လိုက်ပြီး ဖတ်ကြည့်ရန် ထပ်ကြိုးစားသည်။ ဒါပေမယ့် ကန့်လန့်ကာကိုပဲ ကြည့်နေမိသည့် အကြည့်တွေကို သူမရပ်တန့်နိုင်ပါချေ။
ကောင်မလေးသည် လန်းဆန်းသွားပြီး သူ၏သန့်ရှင်းသည့် ညအိပ်ဝတ်စုံကို လဲလှယ် ဝတ်ဆင်ထားသည်။ သူမမှာ ခေါင်းကိုငုံ့ပြီး လျှောက်လာသည်။ ညအိပ်ဝတ်စုံက ကြီးနေပြီး သူမ ဝတ်ထားသည့်အခါ ကလေးငယ်လေးက လူကြီးတစ်ယောက်၏ ဝတ်စုံကို ခိုးဝတ်ထားသလို ဖြစ်နေသည်။ ဝတ်ရုံလက်များက ရှည်လျားနေပြီး ဝတ်ရုံအနားများသည် ကြမ်းပြင်ပေါ် ကျနေသည်။ ဝတ်စုံမှာ အဆင်မပြေသော်လည်း သူမက လှပပြီး ချစ်စရာကောင်းနေသည်။
သူမ၏ နက်မှောင်သည့် ဆံသားများသည် ခါးနား၌ ဖျာကျနေသည်။ မျက်ခုံးများမှာ စိမ်းညှို့နေသည်။ နှုတ်ခမ်းလေးသည် ပန်းရောင် ဖျော့ဖျော့သန်းနေပြီး နှာခေါင်းထိပ်လေးမှာ အပေါ်ကို အနည်းငယ် တွန့်နေသည်။ သူမသည် မျက်နှာချေမှုန့်တွေ၊ ပုလဲဆံထိုးတွေ ဘာမှမလိမ်းခြယ် ထားသည့်တိုင် နူးညံ့သိမ်မွေ့ပြီး လှပနေဆဲပင်။
သူမ၏ အမူအရာ တစ်ခုချင်းစီက နူးညံ့သိမ်မွေ့နေပြီး စိတ်ကူးမယဉ်မိဘဲ နေနိုင်သူ မရှိလောက်ချေ။ သူမသည် လှသွေးကြွယ်သည့် ပန်းလေးတစ်ပွင့်ဖြစ်သည်။
သူမ သူ့ရှေ့ကို ရောက်လာသည့်အချိန် သူ့ကို အရိုသေပေးလိုက်ပြီး “ဒီည ညီမလေးကို ကယ်တင်ပေးသည့်အတွက် ကျေးဇူးတင်ပါတယ်”
အချိန်အတန်ကြာအောင် ရှောင်းယီက မတုံ့ပြန်လာပါချေ။ သူမသည် မျက်လုံးများကို တိတ်တဆိတ် ပင့်ကြည့်လိုက်ရာ သူသည် တရားစာအုပ်ကို ဖတ်နေသည်ကို တွေ့ရသည်။ သူ၏မျက်နှာမှာ အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းလျက် နက်နဲပြီး တည်ငြိမ်နေသည်။
သူမသည် သူ၏နှုတ်ခမ်းတွေကို သပ်လိုက်ပြီး “အစ်ကို ၂ သာ မရှိဘူးဆိုရင် ညီမလေး ဒီည ပိုပိုပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတွေဖြစ်လာမှာ၊ အစ်ကို ၂ ရဲ့ ကြင်နာမှုကို ညီမလေး မမေ့ပါဘူး”
ရှောင်းယီသည် တရားစာအုပ်၏ နောက်တစ်မျက်နှာကို လှန်လိုက်သည်။ သူ၏ မငြိမ်သက်သေးသည့် ရင်ဘတ်ကို ဖိလိုက်ပြီး ပြောလိုက်သည်။
“ဒီညကိစ္စက ရှန်းရိချောင်ရဲ့ အမှားပဲ၊ မင်းငါ့ကို ကျေးဇူးတင်စရာ မလိုဘူး”
ခဏရပ်တန့်နေပြီးမှ သူက ဖြည်းဖြည်းချင်း ဆက်ပြောသည်။
“ငါမင်းကိုကယ်ခဲ့တုန်းက မင်းရဲ့အတွင်းသားတွေကို မတော်တဆ မြင်လိုက်တယ်၊ ဒီအမတ်မင်းက တာဝန်မယူတတ်တဲ့ သူတစ်ယောက် မဟုတ်ဘူး၊ တကယ်လို့ မင်းလိုချင်ရင် အမတ်မင်းက နောက်ဆုံးမှာ မင်းအတွက် တာဝန်ယူပေးမယ်”
နန်းပေါင်ရီက သတိလစ်လုမတတ် ဖြစ်သွားရသည်။ ‘နောက်ဆုံးမှာ တာဝန်ယူပေးမယ်?’ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ?
သူမထင်နေသလိုလား?
……………………………….