အပိုင်း (၁၁၃)
အမတ်မင်း၏မိန်းကလေး
ရှောင်းယီက ထူးခြားသည့် ခေါင်ရမ်းပန်းနံ့ သင်းသင်းလေးကို ရှုရှိုက်မိသည်။
သူက တဟက်ဟက် ရယ်လိုက်ပြီး “မင်း၏စွပ်ပြုတ်?”
“ဟုတ်ပါတယ်၊ ကျွန်တော်မျိုးမနဲ့ အိမ်စေတွေ တစ်နာရီကြာအောင် ချက်လာတာပါ”
ရှောင်းယီသည် ကြက်သားစွပ်ပြုတ်ကို မွှေနေပြီး ပြုံးလိုက်ရင်း “ကျင်းကွမ်မြို့က အရမ်းလှတယ်၊ မင်းအသက်ရှင်နေတုန်း များများ လည်ပတ်သင့်တယ်”
သူမကို သိသိသာသာ ဂရုစိုက်သည့်စကား ဖြစ်ပေမယ့် ယွမ်နန်သည် စကားထဲ၌ တစ်ခုခု ရှိနေသလို ခံစားလိုက်ရသည်။ သူမသည် တုန်လှုပ်မှုကို မျိုချလိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်သွားသည်။ သူမ ထွက်သွားပြီးနောက် ကျန်းဆွေ့ဟန်သည် တုန်လှုပ်ခြောက်ခြားသည့် မျက်နှာဖြင့့် စာကြည့်ခန်းထဲကို အပြေးအလွှား ဝင်လာတော့သည်။
“ငါအသက်မရှင်ချင်တော့ဘူး”
သူက စိတ်ဆိုးစွာ ရေရွတ်လိုက်သည်။
“ဖွတ်ကျား ရှန်းရိချောင်၊ သူက သူ့ကိုယ်သူ ပိုပြီး အဆင့်မြင့်တယ်လို့ ထင်နေတယ်၊ သူက ကျောက်ဝမ်ခြံ တစ်ခုလုံးကို အမိန့်ပေး ခိုင်းစေချင်တယ်၊ ညတိုင်းလိုလို သူ့ဘာသာ မအိပ်ချင်ဘူး၊ သူရဲ့ရာထူး အဆင့်အတန်းကိုသုံးပြီး ငါတို့အားလုံးကို လေ့ကျင့်ရေး ဆင်းဖို့ခေါ်ပြီး ငါတို့တစ်ယောက်ချင်းစီကို လေအေးတွေ တိုက်နေသည့် ရေကန်ပေါင်ပေါ်မှာ လေ့ကျင့်ခိုင်းတယ်၊ ငါငြင်းတော့ သူက ငါ့အမေဆီစာရေးပြီး တိုင်တယ်၊ သူက ငါ့အပေါ်မှာ အငြှိုးထားနေတာပဲ”
ရှောင်းယီက စွပ်ပြုတ်ကို အရသာခံပြီး သောက်နေသည်ကို သူတွေ့သွားပြီး သတိလစ်မတတ် ဖြစ်သွားရသည်။
“ရှန်းရိချောင်က ညဘက်တွေမှာ မီးဖိုချောင်ကို မသုံးရဘူးလို့ စည်းကမ်း ထုတ်ထားတယ်မလား၊ အစ်ကို စွပ်ပြုတ် ဘယ်ကရတာလဲ၊ အနံ့ကလည်း မွှေးနေတာပဲ၊ ကျွန်တော့်ကိုလည်း ကျွေးဦး”
ရှောင်းယီက သူ၏သားရဲလက်သည်းတွေကို ထုတ်လိုက်သည်။
ကျန်းဆွေ့ဟန်က သူမှားသွားမှန်း သိလိုက်ပြီး “အစ်ကို ၂၊ ရှန်ရိချောင်ကို ပထုတ်ဖို့ နည်းလမ်း စဉ်းစားပါဦး၊ ကျွန်တော်တို့ ဘယ်လိုပဲလုပ်လုပ် သူက ကြားဝင်နေမှာပဲ၊ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ကို သူအနှေးနဲ့အမြန် သိသွားတော့မယ်၊ သူ့ကိုသတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရင်ကော ဘယ်လိုလဲ? ဘယ်လိုပဲသူက မိဖုရားကြီးရဲ့ လူဆိုဆို ကျွန်တော်တို့ထက် ကြီးမြတ်မနေဘူး”
ရှောင်းယီက စိတ်မဝင်စားသည့် လေသံနဲ့ “ရှန်ရိချောင်က ဂမ္ဘီရဉာဏ်ရှိတယ်၊ ကြယ်တွေကိုကြည့်ပြီး တွက်ချက်တဲ့ နက္ခတ်ဗေဒမှာလည်း ကျွမ်းကျင်တယ်၊ ပြီးတော့ စစ်ရေးဗျူဟာ အဆင်အပြင်တွေကိုလည်း ပုံစံချနိုင်တယ်၊ သူမှာ စစ်ရေးအကြံပေး အရာရှိတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိတယ်၊ ငါ့မှာ အဲ့ဒီလို လက်ထောက်တစ်ယောက် လိုအပ်တယ်၊ အဲ့ဒါကြောင့် ငါသူ့ကို လိုချင်တယ်”
“အစ်ကိုက လိုချင်တယ်? အစ်ကိုက သူရဲ့အရည်အချင်းကို လိုချင်တယ် ဆိုရင်တောင် အစ်ကို့ကို သူက သစ္စာရှိမှာတဲ့လား?”
“ငါ့ကို သစ္စာမရှိတဲ့ သူအတွက်က သေလမ်းပဲ ရှိတယ်”
ရှောင်းယီသည် အရမ်းကို အထက်စီးဆန်သည်။ ကျန်းဆွေ့ဟန်မှာ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။
“ပြီးတော့ သူ့ကို ငါ့လက်အောက် ရောက်စေနိုင်တဲ့ နည်းလမ်း တစ်ခုရှိတယ်”
“…………”
“ဒီကိုလာခဲ့”
ကျန်းဆွေ့ဟန် ခေတ္တနားထောင်လိုက်ပြီး အံ့အားသင့် သွားသည်။
“ကျွန်တော် မနက်ဖြန်ည လုပ်လိုက်ရမလား? အရမ်း ရုတ်တရက် ဆန်နေလား? ပြီးတော့ နန်းသခင်မလေး ၅ ကို ငါးစာအဖြစ်နဲ့ ထားရမှာဆိုတော့ အစ်ကို သူတစ်ခုခု ထိခိုက်မှာ စိတ်မပူဘူးလား”
“ငါရှိရင်ရတယ်”
ရှောင်းယီက စွပ်ပြုတ်ကိုမွှေရင်း အရာရာက သူ၏ထိန်းချုပ်မှု အောက်မှာ ရှိနေသလို ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ သူက စွပ်ပြုတ်ကို ဇွန်းအပြည့်ခပ်ပြီး သောက်လိုက်သည်။ ကောင်မလေး၏ ကြက်သားစွပ်ပြုတ်ပို့ရန် ပြေးလာသည့် ပုံစံကို သူ၏မျက်လုံးထဲ၌ မြင်ယောင်နေသည်။
‘ခိုးချောင်ခိုးဝှက်နဲ့ အရမ်းချစ်စရာ ကောင်းတယ်’
ရှင်းမပြနိုင်အောင် အသည်းယားလာမှုကြောင့် သူ၏ နှုတ်ခမ်းသည် ကွေးညွတ်သွားတော့သည်။
…..
နောက်တစ်နေ့……….
နန်းပေါင်ရီက စားဖိုဆောင်ကို ကြက်စွပ်ပြုတ်ချက်ဖို့ မှာထားသည်။ ညသန်းခေါင် ရောက်တော့ သူမသည် လက်အဝကျဉ်းသည့် အနက်ရောင် ညဝတ်စုံကို ဝတ်ဆင်ပြီး စန္ဒကူးနံ့သင်းသည့် ဆံပင်တွေကို သေချာဖြီးသင်ကာ အနီရောင် ခေါင်းစည်းကြိုးနဲ့ လှပသေသပ်စွာ ဆံပင်ကို တစ်စုတည်း မြင့်မြင့် စုစည်းလိုက်သည်။
ကြက်သားစွပ်ပြုတ်ကို သယ်ရင်း ယွမ်နန် လှည့်လည် စောင့်ကြပ်ခိုင်းထားသည့် အစေခံတွေကို ရဲရဲရင့်ရင့် ဖြတ်ကျော်ပြီး စာကြည့်ဆောင်၏ အနောက်ဘက် ပြတင်းကို အောင်မြင်စွာ ဆိုက်ရောက် လာခဲ့သည်။
ပြတင်းပေါက်နားမှာ ကြီးမားသည့် ရွှေခေါင်ရမ်းပင်ကို စိုက်ထားပြီး ဆောင်းဦး၏ ညချမ်းတွင် အပွင့်များမှာ ငွားငွားစွင့်စွင့် ပွင့်နေကြသည်။ မိန်းကလေးသည် ပန်းပင်၏ အပြင်ဘက်ကို ရောက်လာပြီး တံစက်မြိတ်အောက်ကို သူခိုးတစ်ယောက်လို ရောက်လာခဲ့သည်။ ဝါးကန့်လန့်ကာကို လှပ်လိုက်ပြီး ပြတင်းကို အသံမမြည်အောင် ဖွင့်လိုက်သည်။
စာကြည့်ခန်းက သဲသဲကွဲကွဲမရှိ။ အမတ်မင်းက ထိုင်ခုံပေါ်မှာ ထိုင်ရင်း အိပ်ပျော်နေသည်။ ကြီးမားသည့် အနက်ရောင်ကြိုးများနှင့် ရွှေရောင်ကြိုးများက ထိုင်ခုံကို ဖုံးအုပ်ထားသည်။ လက်လေးလုံးခန့် အထူရှိသည့် ရွှေရောင်ခါးပတ်က ရှည်လျားပြီး ဖြောင့်တန်းနေသည်။ ဘေးဘက် မျက်နှာသည် ယောက်ျားပီသပြီး ဆွဲဆောင်မှု ရှိနေသည်။ မှိတ်ထားသည့် ဇာမဏီငှက်လို မျက်ဝန်းများက အေးစက်ပြီး အထက်တန်းဆန်သည်။ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက်၏ ဟန်ပန် အပြည့်ရှိနေသည်။
နန်းပေါင်ရီက အစားအစာဘူးကို စာအုပ်စင်ပေါ် တင်လိုက်သည်။ ရှောင်းယီ၏ နားနားကို ငုံ့လိုက်ပြီး “အစ်ကို ၂ ၊ အစ်ကို စာဖတ်ရတာ ပင်ပန်းနေမှာစိုးလို့ ညီမလေးက ကြက်စွပ်ပြုတ် လာပို့တာပါ..”
ရှောင်းယီက အိပ်ပျော်နေဟန်ရပြီး သူမကို ပြန်မဖြေပါချေ။ နန်းပေါင်ရီသည် ခဏစဉ်းစားလိုက်ပြီး စာအုပ်စင် ရှုပ်ပွနေသည်ကို တွေ့တာကြောင့် သူမ ရှင်းလင်းပေးလိုက်သည်။ သူမသည် ရုံးစာတစ်စောင်ကို သိမ်းပေးလိုက်သည်။ ဒါပေမယ့် သူမသည် ရုံးစာ၏အောက်မှ ငွေစာရင်းတစ်ခုကို မြင်လိုက်ရသည်။
သူမသည် ရောက်တတ်ရာရာ လှန်လှောကြည့်လိုက်တယ် ဆိုသော်ငြားလည်း ငွေစာရင်းထဲမှ ငွေပမာဏက အရမ်းကို များလွန်းနေသည်။ သူက လတိုင်း စပါးများ၊ မြက်များနှင့် သံထည်ပစ္စည်းများကို ဝယ်ကြောင်း တွေ့ရသည်။
‘စစ်တပ်အတွက် စုရုံးပြင်ဆင်ဖို့သာ အစားအစာတွေ၊ မြက်တွေနဲ့ သံထည်ပစ္စည်းတွေ လိုတာမှလား?
ဒါပေမယ့် ဒီငွေစာရင်းမှာ အစ်ကို ၂ ၏ ကိုယ်ပိုင် ငွေစာရင်း ဖြစ်နေသည်။ သူမသည် သံသယဖြစ်စွာ စာအုပ်ကို ဆက်လှန်လိုက်သည်။
ထိုအရာမှာ အရမ်းကို များလွန်းသည့် ငွေစီးဆင်းမှုပင်၊ ဒါပေမယ့် အစ်ကို ၂ စစ်ပွဲက ပြန်လာပြီးမှ ငွေအများကြီးက ထပ်တိုး ရောက်လာတာ ဖြစ်သည်။ နောက်မှာတော့ ရှ ဆိုသည့် စကားလုံးရှိသည်။ နန်းပေါင်ရီမှာ မျက်ခုံး ပင့်သွားသည်။ ရှအိမ် ပြိုကွဲသွားတုန်းက ရှမိသားစု၏ ဆွေမျိုးများသည် ရှမိသားစု၏ ပိုင်ဆိုင်မှုများမှာ ထက်ဝက်လျော့နေသည်ဟု ပြောဆိုကြသည်ဆိုတာ သူမမှတ်မိသေးသည်။
‘အဲ့ဒီငွေတွေက အစ်ကို၏အိတ်ထဲ ရောက်လာတာများလား’
နောက်ပိုင်းကို ဆက်လှန်လိုက်ပြီး ငွေကြေးခွဲဝေမှုမှာ စစ်မြင်းများနှင့် သံချပ်ကာ ချပ်ဝတ်တန်ဆာတွေကိုလည်း ဝယ်ထားသည်။ သူမ၏စိတ်ထဲတွင် ထင်ရှားသည့် အတွေးတစ်ခု ဝင်လာတော့သည်။
‘အမတ်မင်းက…. ကိုယ်ပိုင်စစ်သား စုဆောင်းနေတာလား’
ဒါက အရမ်းကို များလွန်းသည့် အတွေးဖြစ်သည်။ ကိုယ်ပိုင်စစ်သား စုဆောင်းသည်မှာ ပြစ်မှုကြီးဖြစ်ပြီး ဆွေစဉ်မျိုးဆက် ကိုးဆက် ခေါင်းဖြတ် အသတ်ခံရမှာဖြစ်သည်။
‘သူကတကယ်ကို ရဲရင့်တာပဲ’
သူမ၏နောက်ကျောဘက်မှ အအေးဓါတ် တစ်ခုကို ခံစားလိုက်ရပြီး သူမသည် ငွေစာရင်းကို ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ထားလိုက်သည်။ သူမ အင်္ကျီဖျားဖြင့် လက်များကို ပွတ်တိုက်နေပြီး ပြစ်မှုကို ကြောက်လန့်နေသည်။
အနောက်ဘက်မှ ရယ်သံသည် သူမကို ခြေချော်လုနီးပါး ဖြစ်သွားစေသည်။ အေးတိအေးစက်နဲ့ စူးစိုက်နေသည့် အကြည့်သည် သူမပေါ် ကျရောက်လာပြီး သူမ၏နောက်ကျောကို အပ်ဖျားဖြင့် ထောက်နေသလိုပင် ခံရခက်လှသည်။ သူမသည် မတ်တပ်ရပ်ရင်း တဆတ်ဆတ် တုန်နေကာ လှုပ်ရှားဖို့ မရဲပါချေ။
ရှောင်းယီသည် ဖြည်းဖြည်းချင်း ထလာသည်။ သူ နန်းပေါင်ရီ၏နောက်ကို လျှောက်လာပြီး သူ၏လက်များကို ချထားသည်။ သူသည် သူမ၏ခေါင်းထက်မှ ခေါင်ရမ်းပန်းနံ့လေးကို ရှူရှိုက်လိုက်သည်။ သူမ ကြက်စွပ်ပြုတ် လာပို့မည်ဆိုတာကို သူသိသည်။ ဒီယုန်ငယ်လေးကို သူဒီည စောင့်ဖမ်းတာဖြစ်သည်။
ညဝတ်စုံမှာ ကိုယ်ပေါ်တွင် သပ်ရပ်နေပြီး ချပ်ကပ်နေတာကြောင့် မိန်းကလေး၏ ပြေပြစ်သည့် ခန္ဓာကိုယ် အချိုးအစားက ပေါ်လွင်နေသည်။ ခြေထောက်များမှာ ရှည်ပြီး သွယ်လျနေသည်။ ဒီကစားပွဲကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာ သူမသိတော့။
သူ့ကို ရယ်အောင် အလုပ်နိုင်ဆုံးက ကောင်မလေးက သူ၏မျက်နှာကို ပိတ်စအနက်နဲ့ ဖုံးအုပ်ထားခြင်းပင်။ သူသည် မသိဟန်ဆောင်ပြီး သူ၏ကြီးမားသည့် လက်ဖဝါးကို သူမ၏ သေးသွယ်သည့် ခါးလေးပေါ် တင်လိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
“ဘယ်က သူခိုးလေးလဲ၊ ဒီအမတ်မင်းရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားတာ၊ အဲ့ဒါတောင် ထွက်ပြေး လွတ်မြောက်ချင်သေးတာလား?”
အေးမြသည့် ဆောင်းဦး နှောင်းပိုင်းမှာတောင် နန်းပေါင်ရီသည် ချွေးပြန်နေသည်။ သူမသည် ဒီနေရာတွင်မှာပင် ခဲတောင့်နေပြီး ရှောင်းယီ သူမခါးကို ဖျစ်ညှစ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ အမတ်မင်းသည် မိန်းကလေးသူခိုးကို ဒီလိုပုံစံကြီး ဆက်ဆံတယ်လား? နေ့ဘက်တွေမှာတော့ အရမ်းတည်ကြည်နေပြီး ဒီလိုပုံစံမျိုး ဖြစ်မယ်လို့ မထင်မှတ်ထားချေ။
‘ဒီယောက်ျားက တကယ်ကို ကောင်းကွက် မရှိပါလား’
ဒါပေမယ့် သူမတွေ့လိုက်သည့် လျှို့ဝှက်ချက်မှာ ဘယ်လောက် အရေးကြီးလဲဆိုတာ သူမသိတာကြောင့် တိတ်ဆိတ် နေလိုက်ရသည်။ ကံကောင်းသည်က သူမ မျက်နှာကို ဖုံးကွယ် ထားတာကြောင့် ရှောင်းယီ သူမကို မှတ်မိမှာ မဟုတ်ချေ။ သူမသည် လည်ပင်းကို ဖျစ်ညှစ်ပြီး သူခိုးယောင် ဟန်ဆောင်ရင်း ပြောလိုက်သည်။
“ကျွန်မက ကျောက်ဝမ်ခြံကို မှားပြီး ဝင်လာတာပါ၊ ပိုက်ဆံနည်းနည်း ခိုးချင်ရုံပါ၊ အမတ်မင်း၊ ဒီမိန်းကလေးက ဘာကိုမှ မတွေ့လိုက်ပါဘူး၊ စိမ်းစိုနေတဲ့ တောင်တန်းတွေက မပြောင်းလဲသလို စိမ်းလန်းနေတဲ့ ရေတွေကလည်း တသွင်သွင် စီးဆင်းမြဲပါ၊ ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့ အမတ်မင်း ကောင်းကောင်း နေရစ်ပါ”
ပြောပြီး သူမက ထွက်ပြေးတော့သည်။ သူမ ခြေလှမ်း အနည်းငယ် မလှမ်းနိုင်ခင်မှာပင် ရှောင်းယီသည် သူမ၏အနောက်ကနေ လည်ပင်းကို ဆွဲယူလိုက်ပြီး မွေ့ရာပေါ်သို့ ပစ်ချလိုက်သည်။
သူသည် သူ့စည်းကမ်းကို သူကိုယ်တိုင် ချိုးဖျက်လိုက်သည်။ သူမ၏ ခေါင်းလေးကို ပင့်မော့လိုက်ပြီး သူမ၏လည်တိုင်ကို နမ်းရှိုက်လိုက်သည်။ ကောင်မလေး၏ ချိုမြိန်သည့် ခေါင်ရမ်းပန်းနံ့က သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့လာသည်။ နန်းပေါင်ရီသည် သူမ၏သရုပ်မှန်ကို ဖော်ပြရန် မရဲသလို ထွက်ပြေးလို့လည်း မရပါချေ။ သူသည် သားရဲတစ်ကောင်က သူဖမ်းမိသည့် သားကောင်ကို အနံ့ခံနေသလို သူမကို ပြင်းပြင်းပြပြ နမ်းရှိုက်နေသည်။ သူမသည် ဆိုးဆိုးဝါးဝါး တုန်ခိုက် လာတော့သည်။
သူမသည် သူ၏လက်ဖြူဖြူလေးတွေကို ဆွဲဆန့်လိုက်ပြီး သူ့ကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။ သူမ လည်ချောင်းသံဖြင့် ပြောလိုက်သည်။
“အမတ်မင်း၊ ကျွန်မမှာ ကျွေးမွေးနေရတဲ့ အသက်ရှစ်ဆယ်အရွယ်ရှိတဲ့ အမေနဲ့ သားငယ်တစ်ယောက် ရှိပါတယ်၊ ဘဝပေး အခြေအနေက ကျွန်မကို ခိုးဖို့ တွန်းအားပေးလို့ ခိုးရတာပါ၊ အမတ်မင်းရဲ့ ကိုယ်ပိုင်ငွေစု စာအုပ်အကြောင်းကို စကားလုံး တစ်ဝက်တောင် မပြောမိစေရဘူးလို့ ကောင်းကင်ကို သက်သေပြုပြီး ကျိန်ဆိုပါတယ်၊ ဒီတစ်ခါတော့ ကျွန်မကို လွှတ်ပေးပါ၊ နောက်ဘဝကျရင် နွားတစ်ကောင် အဖြစ်နဲ့ အမတ်မင်းကို ကျေးဇူးပြန်ဆပ်ပါ့မယ်”
ရှောင်းယီသည် သူမ၏ ဆံပင်ဖျားလေးကို မွှေ့ယမ်းနေပြီး သူ၏လက်ချောင်းများဖြင့် ရစ်ပတ်နေသည်။
သူ၏နှုတ်ခမ်းပါးများသည် အဓိပ္ပါယ်တစ်မျိုးနဲ့ ကွေးညွတ်နေပြီး
“မင်းက အရမ်းရဲရင့်တဲ့ သူခိုးလို့ ငါထင်ထားတာ၊ ဒါပေမယ့် မမျှော်လင့်ပဲ မင်းက နူးညံ့လွန်းတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေတယ်… မင်းက ကျေးဇူးပြန်ဆပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဘာလို့ နောက်ဘဝအထိ စောင့်နေမှာလဲ”
……………………………….