အပိုင်း (၁၁၂)
လှပသည့်မောင်းမတွေက အများကြီးရှိပေမယ့် ညီမလေးကတော့ တစ်ယောက်ပဲ ရှိတယ်
နန်းပေါင်ရီမှာ တိတ်တဆိတ် နားထောင်နေသည်။ စာထဲမှ စကားလုံးများသည် ယဉ်ကျေးပြီး အရင်ဘဝနဲ့ မကွာခြားပါချေ။
ဟယ်ယဲ့သည် စာကို ဖတ်ပြီးသည့်အခါ ပျော်ရွှင်နေပြီး “ချန်းသခင်လေးက နှင်းကျတာကို ရှုစားဖို့ တကယ်ကြီး ဖိတ်တာပဲ၊ သူက မမလေးကို ဂရုစိုက်တယ်၊ မမလေး၊ ဘယ်လို အကြောင်းပြန်ဖို့ စိတ်ကူးလဲဟင်”
“အကြောင်းပြန်ရမယ်?”
“ဒါပေါ့ မမလေးရဲ့၊ မမလေးက တစ်ယောက်ယောက်ဆီက စာတစ်စောင်ရရင် ပျော်ပျော် မပျော်ပျော် စာတစ်စောင်တော့ ပြန်ရေးမှ ပညာရှိပြီး သိတတ်ရာ ကျမှာပေါ့”
နန်းပေါင်ရီသည် ဒန်းကို လှုပ်ခါလိုက်သည်။ သူမသည် ချန်းတယ်ယွီ၏စာကို အကြောင်း မပြန်ချင်ပါ။ သူမ လှုပ်ခါနေရင်း သူမ ဘယ်လိုလုပ်ရမလဲ တွေးမရပေ။ ရုတ်တရက် သူမ၏မျက်လုံးများက ပြူးဝိုင်းသွားသည်။ သူမ ဒန်းပေါ်က ခုန်ချလိုက်ပြီး ပြောလိုက်သည်။
“သွားမယ်၊ သွားမယ် အိမ်ပြန်ပြီး စာတစ်စောင် ပြန်သွားရေးမယ်”
……
စာအုပ်စင်ပေါ်က စာရွက်တစ်ရွက်ကို ထုတ်ပြီး စုတ်တံနှင့် စာစရေးလိုက်သည်။ သူမသည် စုတ်တံကို ဆွဲယူလိုက်ပြီး လျိှု့ဝှက်စွာပြောလိုက်သည်။
“စာကိုကြည့်ရတာ စည်းဝေးပွဲ တစ်ခုလိုပဲ’
အဓိပ္ပါယ်ရှိတာတွေ ရေးဖို့မလိုဘူး။
“ကောင်းကောင်းစားရဲ့လား၊ နွေးနွေးထွေးထွေးဝတ်ရဲ့လား၊ ရှန်ကျင်းမှာ နှင်းကျနေပြီလား”
ဒီလို အစချီတာက ပိုပြီး အချိန်ဖြုန်းနေသလို ခံစားရသည်။ သူမရဲ့ နုံအပြီး အသုံးမကျဘူးဆိုသည့် ပုံရိပ်ကိုသုံးပြီး ချန်းတယ်ယွီကို အပြတ်ဖြတ်ဖို့ အချိန်ကောင်းဖြစ်သည်။ သူသည် သူမအား မကြိုက်တော့လျှင် စေ့စပ်ပွဲကို ဖျက်သိမ်းချင်မည်မှာ အမှန်ပင်ဖြစ်သည်။
သူမသည် ခဏမျှ စဉ်းစားလိုက်ပြီး စုတ်တံကို လှည့်နေပြီး စကားပြောကောင်းသယောင် ရေးလိုက်သည်။
“ကျွန်မ သခင်လေးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်၊ နှင်းကျတာကို ရှုစားတာက တကယ်ကောင်းပါတယ်၊ နှင်းဆိုတာက ဆယ်သန်းလောက်တန်သည့် ငွေလက်မှတ်တွေလိုပါပဲ၊ ကျွန်မရဲ့ စိတ်ထဲမှာ မြို့တော်က နှင်းဆိုရင်တောင် ငွေတောင်ကြီးလို တန်ဖိုးရှိပါတယ်၊ သခင်လေးက အဝေးက ရှန်ကျင်းမြို့မှာ စာလေ့လာနေတယ်ဆိုတော့ တစ်နေ့တစ်နေ့ကို ဘယ်လောက် ကုန်ကျမလဲ မသိဘူး၊ ထင်ရှားတဲ့ ကျောင်းသားတွေက လက်ဖက်ရည်လည်း တစ်ခါတလေ သောက်ကြတယ်ဆို၊ လက်ဖက်ရည် အတွက်ရော ဘယ်လောက် ကုန်လဲဟင်၊ ရှန်ကျင်းမှာက ဈေးကြီးတော့ သခင်လေးကငွေကို ချွေတာသုံးဖို့ လိုမှာပေါ့၊ သခင်လေး မုန့်တွေကို စားရင် အသားတွေ မစားနဲ့နော်၊ ပြီးတော့ နှစ်ခု မမှာနဲ့ ဒီက မိန်းကလေးက ရွှေစတွေကို သဘောကျတယ်”
ရေးပြီးနောက် သူမက မင်တွေကို ခြောက်အောင် မှုတ်လိုက်သည်။ ချန်းတယ်ယွီသာ ဒီလိုစာကို ဖတ်ရမည်ဆိုလျှင် သူမနှင့် လက်ထပ်ချင်ဦးမည်ဟု သူမ မထင်ပါချေ။ ပါးလျသည့် စာရွက်လေး တစ်ရွက်တည်းကို တွေ့သည့်အခါ ဟယ်ယဲ့က မပြောဘဲ မနေနိုင်တော့။
“မမလေး၊ စာကြောင်းတွေက နည်းနေတယ်လို့ မထင်ဘူးလား”
နန်းပေါင်ရီသည် စာကောင်းကောင်းလေးကို တံဆိပ်နဲ့ပိတ်လိုက်ပြီး ရုပ်တည်ဖြင့် ပြောလိုက်သည်။
“ငါသုံးတဲ့မင်က တစ်အိုးကို ရွှေစ နှစ်စပေးရတယ်၊ ရွှေဆိုတာ တန်ဖိုးကြီးတယ်၊ အလကား မဖြုန်းပစ်ရဘူး၊ ဟယ်ယဲ့ ငါတို့က ချမ်းသာတဲ့ အိမ်မှာ မွေးဖွားလာလို့သာ ဒီလိုဈေးကြီးတာကို သုံးနိုင်တာ”
ဟယ်ယဲ့သည် သူမဆီက စာကိုယူလိုက်ပြီး ပြုံးရင်း ပြောသည်။
“မမလေး၊ စိတ်မပူပါနဲ့ ကျွန်တော်မျိုးမ ဒီစာကို ရင်းနှီးတဲ့ အစေခံတစ်ယောက်နဲ့ ရှန်ကျင်းမြို့ကို ပို့ခိုင်းလိုက်ပါ့မယ်”
သူမထွက်သွားပြီး နန်းပေါင်ရီသည် စာအုပ်စင်၏နောက်၌ ထိုင်နေရင်း စုတ်တံထည့်သည့် ခွက်ကို တွေဝေစွာ စိုက်ကြည့်နေသည်။ ထိုခွက်ထဲတွင် ပန်းခက်တစ်ခက် ရှိသည်။ အဲ့ဒီနေ့က သူမ လွှင့်ပစ်လိုက်ပြီး ပြန်ကောက် ယူထားခဲ့ခြင်း ဖြစ်သည်။ ရက်ကြာလာသည်နှင့်အမျှ အရွက်များသည်လည်း ညှိုးရော် ခြောက်သွေ့လာပြီး အနီရောင် ပန်းပွင့်များသည် ညှိုးနွမ်းနေပြီ ဖြစ်သည်။
သူမ တကယ်ကို ရှုံးနိမ့်ခဲ့သည်။ သူမသည် လပေါင်းများစွာ ကြာအောင် သူ့ကို ကပ်တွယ်နေခဲ့သော်လည်း အမတ်မင်းက သူမကို အကြိမ်ကြိမ် လျစ်လျှူရှုဆဲပင်။ အခု သူ၏အနား၌ မောင်းမတစ်ယောက်လည်း ရှိနေပြီဆိုတော့ သူမကို ပိုပြီး အရေးမစိုက်တော့မှာ သေချာသည်။ ယွမ်နန်၏ မောက်မာသည့် စိတ်ထားကို တွေးမိပြီး နန်းပေါင်ရီမှာ အလိုမကျ ဖြစ်လာသည်။ အမတ်မင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ဖို့ သူမဆုံးဖြတ်ပြီး လမ်းတစ်ဝက်ရောက်မှ တခြားသူ၏ ကြားဝင်မှုကြောင့် ပျက်စီး မခံနိုင်ပါချေ။
လှပသည့် မောင်းမဆိုတာက ဘာမို့လို့လဲ?
ယွီဝေ့နဲ့ ချန်ရှင်းကလည်း လှပချောမောကြသည်ပဲ။ ဒါပေမယ့် အမတ်မင်းက အချစ်သစ်တွေ့တော့ အဟောင်းကို မေ့လေမလား?
‘လှပချောမောသည့် မောင်းမတွေဆိုတာမှ အများကြီးပဲ၊ ဒါပေမယ့် ကောင်းမွန်တဲ့ ညီမငယ်လေးကတော့ တစ်ယောက်တည်းပဲ ရှိတယ်လေ’
သူမသည် ဇွဲကောင်းကောင်းနှင့် ကြိုးစားပြီး အမတ်မင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ခိုင်မြဲအောင် လုပ်ရမည်။ ဒါပေမယ့် ဆက်ဆံရေး ကောင်းလေးက စိတ်ကူးယဉ်မှု တစ်ခုပင်။
သူမသည် ပြတင်းပေါက် အပြင်ကို ငေးကြည့်လိုက်သည်။ ဆောင်းရာသီ ရောက်လာသဖြင့် အမတ်မင်းသည် အလွယ်တကူ အအေးမိနိုင်ပြီး ညဘက် ညဉ့်နက်သည့်အထိ စာဖတ်သည့်အခါ ဆာလောင်နိုင်သည်။
ညလယ်ခေါင်၌ မွှေးကြိုင်သင်းပျံ့နေသည့် ကြက်စွပ်ပြုတ်ပူပူလေး တစ်ခွက်သာ သူ့ဆီကို ပို့လိုက်ရင် အမတ်မင်းသည် သူမကို ကျေးဇူးတင်ပြီး သူမအတွက် အကျိုးအမြတ်တွေ အများကြီးရမှာ သေချာသည်။
သူမက နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီး ကြက်စွပ်ပြုတ်ချက်ပေးဖို့ မီးဖိုချောင်ကို အမိန့်ပေးရန် ချက်ချင်း ပြေးသွားလိုက်တော့သည်။
………………..
ညက တဖြည်းဖြည်း နက်လာပြီ…..
ဆောင်းဦး၏ ညကောင်းကင်က ရှင်းလင်းနေပြီး ကြယ်တွေကိုပါ ရေတွက်လို့ရသည်။
အစားအစာဘူးကို သယ်လာပြီး နန်းပေါင်ရီသည် ကျောက်ဝမ်ခြံကို ခိုးချောင်ခိုးဝှက် ဝင်လာသည်။ ယွမ်နန်နှင့်တိုးပြီး သူမကို နှင်ထုတ်မှာကိုလည်း ကြောက်လန့်နေသည်။ ထို့ကြောင့် သူမသည် ပန်းပင်တွေကြားမှ ပုန်းလျှိုးကွယ်လျှိုးနဲ့ စာကြည့်ခန်းကို သေချာဂရုစိုက်ပြီး လာခဲ့သည်။ ဒါပေမယ့် ရှီးခူက အမှောင်ထဲမှာပုန်းပြီး ညဘက် စောင့်ကြပ်နေသည် ဆိုတာကို သူမ မသိခဲ့။ သူမ၏ သူခိုးတစ်ယောက်လို ပုံစံမျိုးနဲ့ ခိုးပြီး ဝင်လာတာကို သူက စောင့်ကြည့်နေခဲ့သည်။
ဝတ်ရုံက နှင်းစက်တွေစိုနေပြီး သူမ၏ခေါင်းလေးက ပန်းပင်တွေကြားက ထွက်ပြူလာသည်။ ပြတင်းပေါက် ဝါးလိုက်ကာကို မတင်လိုက်ပြီး ကြည့်လိုက်တော့ စာကြည့်ခန်းထဲမှ အလင်းရောင်နှင့် အမတ်မင်းသည် စာအုပ်စင် နောက်မှာထိုင်ပြီး မျက်လုံးတွေ မှိတ်ထားရင်း ခေတ္တမှိန်းနေတာကို တွေ့လိုက်ရသည်။
သူကအိပ်နေတယ်။ သူမက စဉ်းစားပြီးနောက် တံစက်မြိတ်အောက်မှာ ဘယ်သူမှ မရှိသည်ကို သိလိုက်ပြီး သူမ တံခါးကို ဖြည်းဖြည်းချင်းဖွင့်ပြီး ဝင်လာခဲ့သည်။
“တကယ်ဆို ဒါက ငါ့ရဲ့အိမ်တော်ပဲလေ၊ ဘာလို့ငါက သူခိုးလို ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေရတာလဲ”
သူမသည် လေသံသဲ့သဲ့ပြုရင်း စာအုပ်စင်ပေါ်သို့ အစားအသောက်ဘူးကို တင်လိုက်သည်။ အမတ်မင်းမှာ လက်တစ်ဖက် နဖူးကိုထောက်ပြီး အိပ်ပျော်နေသည်။ သူ၏ဘေးတိုက် မျက်နှာသည် အေးတိအေးစက် ချောမောနေပြီး အလင်းရောင်က နှာတံစင်းစင်းပေါ်သို့ ဖြာကျနေသည်။ နှုတ်ခမ်းပါးကို ယောင်ယောင်လေး စေ့ထားသည်။ အိပ်ပျော်နေစဉ်မှာတောင် သူက လေးနက်ပြီး တည်ကြည်နေသည်။
မျက်ခုံးများမှာ ပင်ပန်းသယောင် ရှိနေသည်။ သူသည် စစ်မက်ရေးရာများကို ကိုင်တွယ်အုပ်ချုပ်ဖို့ ခက်ခဲနေပုံရသည်။
သူမ အသီးဝါတွေရှိသည့် အပင်နားကို ပထမဆုံး ရောက်လာတုန်းက သူမ သူအိပ်နေတာကို နှောင့်ယှက်မိလို့ သေလောက်အောင် လည်ပင်း ညှစ်ခံခဲ့ရတာကို နန်းပေါင်ရီ မှတ်မိသည်။ သူမသည် လည်ပင်းလေးကို ကိုင်လိုက်မိသည်။ သူ့ကိုနိုးဖို့ မရဲပါချေ။
ညခင်း၏လေညင်းက အေးစက်နေသည်။ သူမသည် ခေတ္တ တွေးတောလိုက်ပြီး ရှောင်းယီ၏ အိပ်ရာပေါ်က ကတ္တီပါစောင်ကို ယူလိုက်ပြီး ရှောင်းယီ၏ ပခုံးပေါ်ကနေ ဖွဖွလေး ခြုံပေးလိုက်သည်။ ထိုအချိန်တွင် သူမ၏ လက်ကောက်ဝတ်ကို ရုတ်တရက် တစ်ယောက်ယောက်က ဆွဲယူခြင်းကို ခံလိုက်ရသည်။
သူမ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ထိုအချိန်တွင် ယွမ်နန်သည် အေးစက်ပြီး နက်မှောင်သည့် မျက်နှာဖြင့် ပေါ်လာခဲ့သည်။ ယွမ်နန်သည် သူမကို ဥယျာဉ်ထဲအထိ မလွတ်တမ်း ဆွဲခေါ်လာသည်။
သူမက လက်ကောက်ဝတ်ကို ဖျစ်ညှစ်ရင်း တတွတ်တွတ် ပြောတာကို မရပ်။
“နင်ဘာလုပ်တာလဲ၊ အဲ့လောက် အားကောင်းကောင်းနဲ့ ညှစ်ထားရလား ငါနာနေပြီ”
ယွမ်နန်က သူမ၏လက်မောင်းတွေနဲ့ တင်ပါးတွေကို မနှစ်မြို့သလိုကြည့်ရင်း “အမတ်မင်းက မြင့်မြတ်သည့် တော်ဝင်မျိုးရိုး၊ နင်က သူနဲ့နီးနီးကပ်ကပ်နေဖို့ မတန်ဘူး၊ ငါတဲ့ပြောလို့ စိတ်တော့မရှိပါနဲ့၊ နင်က အသေးစား ကုန်သည်လေး တစ်ယောက်ပဲ၊ အမတ်မင်းနဲ့ မတူဘူး၊ အခုကစပြီး နင်သူ့ကို မနှောင့်ယှက်နဲ့တော့”
နန်းပေါင်ရီက မဝံ့မရဲ မေးလိုက်သည်။
“အစ်ကို ၂ ကရော အဲ့ဒီလိုပဲ တွေးလား”
ယွမ်နန်၏မျက်လုံးများသည် အနည်းငယ် လှုပ်ခတ်သွားပြီး ဂုဏ်ယူသည့် လေသံဖြင့် ပြောလိုက်သည်။
“ဒါပေါ့၊ မဟုတ်ရင် ငါလိုမောင်းမ တစ်ယောက်က ဘာလို့ နင့်ကို ဒီလိုပြောရမှာလဲ၊ နန်းမိန်းကလေး နင်နဲ့ လက်လှမ်းမှီတာကိုပဲ စဉ်းစားဖို့ ငါအကြံပေးချင်တယ်၊ လောကကြီးမှာ လူတွေပေါပါတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ဘယ်လို အဆင့်အတန်းလဲ ပြန်ကြည့်”
နန်းပေါင်ရီသည် မျက်ခုံး ပင့်လိုက်မိသည်။ ယွမ်နန် ပြောနေသည့် အချိန်တွင် သူမ၏မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး သူမ၏မေးခွန်းကို မဖြေခင် ခဏလောက် တုံ့ဆိုင်းနေတာကို သူမ တွေ့လိုက်သည်။ စဉ်းစားကြည့်ရင် အမတ်မင်းက ဒီလိုတွေးတယ်ဆိုတာ မဟုတ်လောက်ချေ။
သူမသည် ပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး စိတ်ထဲမှ ပြုံးလိုက်ရင်း “ငါက ကုန်သည်တစ်ယောက် ဖြစ်နေပေမယ့် မိန်းကလေး တစ်ယောက် ဖြစ်နေသေးတယ်၊ နင့်လို မောင်းမတစ်ယောက်နဲ့ မတူဘူး၊ ကောင်းကင်ကြီးက ဘယ်လောက် ကျယ်ပြောလဲ နင်မသိပါဘူး၊ သိသိသာသာပဲ ငါ့ရဲ့အပြုအမူကို တခြားသူတစ်ယောက်ရဲ့အမြင်က နင့်လို အိမ်ဖော်တစ်ယောက်ရဲ့ပုံစံနဲ့ အပြုအမူတွေလောက် ရှက်စရာ မကောင်းဘူး”
ပြောပြီး နန်းပေါင်ရီမှာ စိတ်ဆိုးနေသည့် ယွမ်နန်၏အဝေးကို ထွက်သွားတော့သည်။ ယွမ်နန်သည် အသည်းထိ နာကျင်အောင် စိတ်ဆိုးသွားရသည်။ ရန်ပွဲပြီးသွားသည့် အချိန်တွင် အစေခံတစ်ယောက်မှ သူမဆီကို အလျင်စလို ပြေးလာသည်။
“ယွမ်နန်၊ အမတ်မင်းနိုးလာပြီ အခုစာကြည့်ခန်းကို လာခဲ့ပါတဲ့ သွားတွေ့လိုက်ဦး”
ယွမ်နန်က စာကြည့်ခန်းထဲကို အမြန်ပြန်သွားသည်။ စာအုပ်စင်၏ နောက်၌ ထိုင်နေပြီး ရှောင်းယီသည် ကြက်စွပ်ပြုတ် ထည့်ထားသည့် အစားအသောက်ဘူးကို ကြည့်နေသည်။
သူကပေါ့ပါးဟန်နဲ့ မေးလိုက်သည်။
“ဘယ်သူ လာပို့တာလဲ”
ယွမ်နန်က ရှေ့သို့တိုးလိုက်ပြီး ကြက်စွပ်ပြုတ် တစ်ပန်းကန်ကို ထည့်ပေးရင်း နူးညံ့စွာပြောလိုက်သည်။
“ဒါက အမတ်မင်း ညဘက် စာဖတ်တာ ပင်ပန်းနေလို့ ကျွန်တော်မျိုးမ ကိုယ်တိုင် စားဖိုဆောင်ကို သွားပြီး ချက်ထားတာပါ၊ အမတ်မင်း ခံတွင်းတွေ့ပါ့မလား မသိဘူး၊ စားကြည့်ပါဦး”