အပိုင်း (၁၀၉)
ကျာပွတ်နဲ့ အချက် ၂၀ ရိုက်ကြစမ်း
နန်းပေါင်ရီ၏ တက်ကြွမှုတွေက ရုတ်ခြည်း ပြန်ရောက်လာပြီး
“ပြဿနာ ဘယ်လောက်ကြီးတယ်တဲ့လဲ”
“နန်းယန်ရဲ့ စာကိုရတော့ ရှသခင်မလေးက သူမရောဂါကို ကုလို့ရပြီလို့ထင်ပြီး ရှသခင်ကြီးနဲ့ ရှသခင်မကြီးကို သမားတော်ခေါ်ပေးပြီး ကုပေးခိုင်းဖို့ တောင်းပန်တယ်၊ ရှသခင်မကတော့ ပျော်နေပေမယ့် ရှသခင်ကြီးက စိတ်မပါဘူး၊ သူ့မှာ သားသမီးတွေ အများကြီးရှိတာပဲလေ၊ သူမတစ်ယောက်ကို ဆုံးရှုံးရရုံနဲ့ ဘယ်ဂရုစိုက်ပါ့မလဲ၊ သူမရောဂါကို ကုဖို့ ရွှေစတစ်သန်း ဘယ်အကုန်ခံပါ့မလဲ”
“ရှသခင်ကြီးနဲ့ ရှသခင်မကြီးက ရန်စဖြစ်ကြတယ်၊ ရှချင်ချင်က သူ့ကို မချစ်ဘူးဆိုပြီး ရှသခင်ကြီးကို မုန်းတီးသွားတယ်၊ သူမက စိတ်ဆိုးပြီး ရှသခင်ကြီးကို မတော်တဆ တွန်းလိုက်တယ်၊ ရှသခင်ကြီးက ခုံစောင်းနဲ့ ခေါင်းကိုရိုက်မိပြီး ခေါင်းအနောက်ဘက်ကို ထိသွားပြီး သေသွားတယ်”
“အခု ရှချင်ချင်နဲ့ ရှသခင်မကြီး ရုံးတော်ကို အပို့ခံလိုက်ရတယ်၊ ရှမိသားစုက ရှုပ်ထွေးနေတုန်း သွေးဝေးတဲ့ ဆွေမျိုးတွေက ရောက်လာကြပြီ၊ ရှမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲယူဖို့ ရန်ဖြစ်ကြတယ်၊ ထူးဆန်းတာက ရှမိသားစုက ရှုနိုင်ငံ၏ ကြွယ်ဝချမ်းသာတဲ့ ကုန်သည်တွေဆိုပြီး အဲ့လောက်လည်း မချမ်းသာပါဘူး၊ ဥစ္စာပစ္စည်းတွေက ဆွေမျိုးတွေ မှန်းထားတာရဲ့ တဝက်လောက်ပဲ ရှိတယ်တဲ့၊ တစ်ယောက်ယောက်ကများ လျှို့ဝှက်ပြီး ဖယ်ထားလိုက်သလားပဲ”
နန်းပေါင်ရီသည် အလွန် အံ့အားသင့် သွားသည်။
‘ဒါကို ဘယ်လိုခေါ်မလဲ?
‘ရှအိမ်တော်က တကယ်ကြီး ပြိုကွဲသွားပြီလား?
စာလေးတစ်စောင်က အဲ့လောက်ကြီးသည့် ပြဿနာကို ဖြစ်စေတယ်တဲ့လား?
နန်းယန်၏ ဉာဏ်ကောင်းမှုဖြင့် ရှချင်ချင်၏ တုံးအမှုကို ဘယ်လို တိုင်းတာလို့ရမလဲဆိုတာ သူမ မသိတော့ပါချေ။
နန်းယန်မှာ လူတွေ သူ့အပေါ် အကောင်းမြင်လာအောင်လုပ်နိုင်သည့် စွမ်းရည်ရှိတာကိုတော့ သူမ ဝန်ခံရမည်။
‘အဲ့ဒါကို သူမ ဘယ်နေရာမှာများ သင်ယူလို့ရနိုင်မလဲ?
သူမက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း သူမ၏ လက်ကောက်ဝတ်က ကျောက်စိမ်းလက်ကောက်ကို ချွတ်လိုက်ပြီး ဟုန်းအာ၏လက်၌ ဝတ်ပေးလိုက်သည်။
“ဒီရက်တွေမှာ အဖေ့ကို ငါ့ကိုယ်စား စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ကျရင် မင်းကိုငါ ကောင်းကောင်း စောင့်ရှောက်ပါ့မယ်”
ဟုန်းအာက ဒူးထောက်လိုက်ပြီး အလျင်စလို ပြောသည်။
“သခင်မလေး ၅ ရဲ့ အစေခံအနေနဲ့ အလုပ်အကျွေးပြုရတာ ကျွန်တေ ာ်မျိုးမ ကံကောင်းလို့ပါ၊ မိန်းကလေးလျိုက သူရဲ့ ကိုယ်ဝန်ကိုပဲ နေ့တိုင်းအကြောင်းပြပြီး ခြိမ်းခြောက်နေတော့ အရှေ့ခြံက အစေခံ ညီအစ်မတွေက မုန်းနေကြတယ်”
နန်းပေါင်ရီက အစေခံကို ပြန်လွှတ်လိုက်သည်။ သူမသည် အနောက်ဘက် ပြတင်းကို ဖွင့်လိုက်သည်နှင့် အခန်းမှာ ခဏချင်း လင်းကျင်းသွားသည်။ သူမ ဖိနပ်မပါဘဲ ပြတင်းပေါက် ပေါင်ပေါ်မှာထိုင်ရင်း ကျောက်စိမ်း စစ်တုရင်ရုပ်လေးကို ကစားနေသည်။ ကျန်းမိသားစု ပျက်စီးသွားပြီး ရှမိသားစုလည်း ပြိုလဲသွားပြီ။ ရှုနိုင်ငံ၏ ကစားပွဲမှာ သူမသည် တဖြည်းဖြည်း ပိုပိုပြီး အင်အားကြီး လာသယောင်ယောင်။
ဒါပေမယ့် အင်အားအကြီးဆုံး အခက်ခဲဆုံး နှစ်ခုက အခုထိ ထွက်မလာသေးပေ၊ တစ်ခုက ဘုရင်ခံချန်း မိသားစု၊ နောက်တစ်ခုက ရွယ်မိသားစုဖြစ်သည်။ မိသားစုနှစ်ခုလုံးမှာ ရှုနိုင်ငံ၏ အဆင့်အမြင့်ဆုံး ရာထူးကို ပိုင်ဆိုင်ထားကြပြီး ကြွယ်ဝချမ်းသာမှုနှင့် အာဏာကို နှစ်ပေါင်းများစွာ လွှမ်းမိုးချုပ်ကိုင် နိုင်ကြသူများ ဖြစ်သည်။ ဒီသားရဲများသည် အမှောင်ထုထဲ၌ ပုန်းကွယ်ပြီး သူတို့၏ လက်သည်းများ၊ အစွယ်များဖြင့် နန်းမိသားစုကို တိုက်ခိုက်ရန် အချိန်တိုင်း ချောင်းနေကြသူများသာ ဖြစ်ပေသည်။
အကယ်၍ သူမ သူတို့ကို တိုက်ခိုက်မယ်ဆိုလျှင် အမတ်မင်းမှာ မရှိမဖြစ်ပေ။ သို့သော် အမတ်မင်း၏ မနေ့က သူမကို အနိုင်ကျင့်မှုကို ပြန်တွေးလိုက်မိပြီး သူမ၏နှုတ်ခမ်းတွေကို မကိုက်ပဲ မနေနိုင်ခဲ့။ အရမ်းကို ကို့ရို့ကားရား နိုင်လှသည်။
………………
ရှမိသားစု ပြိုကွဲသွားတာကြောင့် နန်းပေါင်ရီသည် ဂျီဖူတောင်မှ ဒူဂျူစည်းဝေးပွဲကို နှောင့်ယှက်ရန် စိတ်မပါတော့ချေ။ ချွန်းယန်းပွဲတော်မှာ မုတန်းပန်းပင်ကို ကျောက်ဝမ်ခြံသို့ ပြန်ပို့ပေးပြီး ရှောင်းယီဆီ ပြန်ပေးဖို့ သူမ ရည်ရွယ်ထားသည်။
ခြံဝင်းထဲကို သူမ ခြေချလိုက်သည့်အခါ သွေးမရှိသည့် မျက်နှာနှင့် အစေခံများကို သူမ တွေ့လိုက်ရသည်။ သူတို့အားလုံးသည် မတ်မတ်ရပ်နေကြပြီး အစေခံများမှာ နှင်းဆီနီရောင် သံချပ်ကာများအား ဝတ်ဆင်ထားကြပြီး အိမ်စများက အနက်ရောင်ဝတ်စုံကို တပြေးညီတည်း ဝတ်ဆင်ထားကြသည်။
အပြင်စင်္ကြံကိုဖြတ်ပြီး ရှီးခူနှင့် ရှီးယန်က တံစက်မြိတ်၏ အောက်တွင် တံခါးကို တင်းကြပ်စွာ ပိတ်ထားပြီး စောင့်ကြပ်နေကြသည်။ လှျို့ဝှက်စစ်ဆင်ရေး တစ်ခုခုရှိပုံရသည်။
သူမက သိချင်စိတ်ပြင်းစွာ အသံကိုနှိမ့်ပြီး မေးလိုက်သည်။
“အစ်ကို ၂ က ဒီမှာ အပျော်မယ် ခေါ်ထားတာလား”
အနက်ရောင်ဝတ်စုံနဲ့လူက ခါးသီးခြင်းအပြည့်နှင့် ပြန်ဖြေသည်။
“မမလေး အထင်မှားနေပြီ၊ ကျွန်တော်တို့သခင်က ဒီလောက် တည်ကြည်တာ၊ ဘာလို့ ပြည့်တန်ဆာတွေကို ငှားပြီး ပျော်ပါးမှာလဲ၊ အရေးကြီး ဧည့်သည့်တစ်ယောက်က သခင်လေးဆီ လာလည်လို့ပါ”
“ဒါငါလာသင့်သည့်အချိန် မဟုတ်ဘူးပဲ”
နန်းပေါင်ရီသည် တီးတိုးရေရွတ် လိုက်ပြီး ပြတင်းပေါင်ပေါ်၌ မုတန်းပန်းအိုးလေးကို တင်လိုက်သည်။
“အစ်ကို ၂ ကိုပြောပေးပါ၊ သူရဲ့ပန်းတွေကို ငါပြန်လာ ပေးသွားတယ်လို့”
သူမ ပြန်ထွက်လာခဲ့သည်။ ပြတင်းပေါက်က ဝါးလိပ်ကာ ချထားတာကို သူမ မြင်ခဲ့တာကြောင့် သိချင်နေသည်။
‘ဘယ်လို ဧည့်သည်မျိုးက လူမြင်မခံနိုင်တာလဲ?
တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားရုံမက ကန့်လန့်ကာတွေကိုပါ ချထားသေးသည်။
နန်းပေါင်ရီသည် အချိန်အတန်ကြာ တစိမ့်စိမ့် တွေးပြီးနောက် သတိ္တများကို စုစည်းလိုက်ပြီး ခိုးချောင်ခိုးဝှက်ဖြင့် ဝါးလိုက်ကာကို ညင်သာစွာ ပင့်တင်လိုက်သည်။
အခန်းပတ်ပတ်လည်ကို အလျင်အမြန် ကြည့်လိုက်ချိန် အဖြူရောင် ရှန်ယွဲ့အင်္ကျီနှင့် လူငယ် တစ်ယောက်သည် ကုလားထိုင်ပေါ်၌ ထိုင်နေသည်။ သူ၏နှုတ်ခမ်းများက နီစွေးနေပြီး အနက်ရောင် ဆံသားများကို ဖဲကြိုးနှင့် ပြေလျော့စွာ ချည်နှောင်ထားသည်။
သူ၏အသွင်အပြင်က နှစ်လိုဖွယ်ရာ ကောင်းနေသည်။ သူ၏လက်များက ခါးပေါ်တွင် သက်သောင့်သက်သာ အနေအထားဖြင့် ရှိနေပြီး လက်ချောင်းများက ကျောက်စိမ်းလို ရှည်သွယ်နေကြသည်။ သူ၏ ဘယ်ဘက်လက်ချောင်းမှာ လက်စွပ်နှစ်ကွင်း ဆင်ယင်ထားသည်။ လက်စွပ်မှာ နေ၊ လနဲ့ကြယ်ပုံစံကို ထွင်းထုထားသည်။
သူမ သူ့ကို သိသည်။ အရင်ဘဝတုန်းက သူမ ဧကရာဇ်ကို ရှန်ကျင်းနန်းတော်မှာ အလုပ်အကျွေး ပြုရချိန် ဒီလူသည် ဧည့်ခံပွဲကို တက်ရောက်ဖူးသည်။ ထိုစဉ်က သူသည် အမတ်မင်း တစ်ယောက်၏ အရှိန်အဝါများဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဟန် ထင်ဟပ်နေပြီး သူ၏မျိုးရိုး နာမည်မှာ ရှန်း ဖြစ်သည်ဟု သူမ ကြားမိခဲ့သည်။
သူမ ချောင်းကြည့်နေစဉ်မှာ ရှည်လျားသည့် သဏ္ဌာန်တစ်ခုက သူမ၏မြင်ကွင်းကို ကွယ်လိုက်သည်။ နန်းပေါင်ရီက မျက်လုံးပြူးသွားသည်။ အမတ်မင်းသည် ပြတင်း၏ အနောက်၌ ပေါ်လာပြီး တည်ငြိမ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
“စည်းကမ်း မရှိဘူးလား”
သူမက တီးတိုးညည်းညူလိုက်ပြီး စာကြည့်ခန်းထဲသို့ တောင်းပန်ရန် ဝင်သွားလိုက်သည်။ သူမသည် လူရွယ်နှစ်ယောက်ကို နူးနူးညံ့ညံ့နဲ့ အရိုအသေ ပြုလိုက်ပြီး ပြောသည်။
“အစ်ကို ၂ က အရေးကြီးတဲ့ ဧည့်သည်နဲ့ တွေ့နေတယ် ဆိုတာကို ညီမလေးက မသိလို့ပါ၊ ဒီမိန်းကလေးက မသိနားမလည်လို့ ကျေးဇူးပြုပြီး အစ်ကို ၂ နဲ့ ဒီက သခင်လေးက ဗွေမယူဖို့ တောင်းဆိုပါတယ်”
လူငယ်သည် သူ၏မျက်လုံးများကို မှိတ်ထားသည်။ သူ၏မျက်ခုံးများနှင့် မျက်လုံးများက မာနကြီးသည့် အငွေ့အသက်တို့ ဖုံးလွှမ်းနေပြီး သူမကို လုံးဝ ကြည့်မလာပါချေ။ ဂုဏ်ယူစရာပဲ။ နန်းပေါင်ရီသည် စိတ်ထဲ၌ နှစ်သက် ပျော်ရွှင်သွားရပြီး သူမ၏မျက်နှာမှာ သိမ်မွေ့ပြီး ကျိုးနွံသည့် အမူအရာဖြင့် ပြောလိုက်သည်။
“သခင်လေးကို ဘယ်လို ခေါ်ဝေါ်ရမလဲ ကျွန်မ မသိလို့ပါ၊ နန်းအိမ်တော်မှာ ဘယ်နှရက် တည်းခိုမှာပါလဲ၊ ကျွန်မ အဘွားကို လိုအပ်တဲ့ နေ့စဉ်အသုံးအဆောင် ပစ္စည်းတွေကို ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ့မယ်”
လူငယ်သည် မျက်လုံးများကို မှိတ်ထားပြီး သူမကို လျစ်လျှူရှုထားသည်။ နန်းပေါင်ရီ ရှက်သွားရသည်။ ထိုအချိန်မှာပင် လှပသည့် မိန်းမပျိုလေး တစ်ယောက် တခစ်ခစ်ရယ်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်၍ ဝင်လာသည်။
“ရှန်းသခင်လေးက မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်၊ သူက ကုန်သည်မျိုးနွယ် မိန်းကလေး တစ်ယောက်နဲ့ စကားပြောမှာ မဟုတ်ဘူး၊ လိုအပ်တဲ့ နေ့စဉ်အသုံးအဆောင် ပစ္စည်းတွေကို ငါတို့ဘာသာ ယူလာခဲ့တယ်၊ မင်းရဲ့ အပေါစား ပစ္စည်းတွေကို မလိုဘူး”
နန်းပေါင်ရီမှာ စကားစမြည် ပြောချင်ခဲ့ခြင်း ဖြစ်သည်။
‘ဘုရင်မင်းမြတ်တောင်မှ သူ၏ဂုဏ်ဒြပ်တွေကြောင့် ကုန်သည်မျိုးရိုးတွေနဲ့ စကားမပြောဘူးလို့မှ မရှိတာပဲ၊ ဟုတ်တယ်မှလား’
မိန်းမလှလေးက လက်ဖက်ရည်ခွက်ကို ပန်းပွင့်ပုံ စားပွဲပေါ် တင်လိုက်သည်။ နန်းပေါင်ရီသည် သေချာကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်မှာ သူတို့အိမ်တော်မှ မဟုတ်မှန်း သိသွားသည်။ လက်ဖက်ရည်ခွက်သည် အဖြူရောင် ကျောက်စိမ်းတုံးကို ထွင်းထုထားသည့် ပန်းကန်လုံးဖြစ်ပြီး တောင်တန်းနှင့် ရှုခင်းများကို ပုံဖော်ထားသည်။ အရမ်းကို လက်ရာမြောက်ပြီး တန်ဖိုးရှိမည့်ပုံ ပေါ်သည်။
မိန်းမလှလေးမှာ သေးသွယ်သည့် ခါးလေးရှိပြီး ဆောင်းဦးရာသီ ကုန်ဆုံးခါနီး အချိန်မှာတောင် သူမသည် ပေါ့ပါးသည့် ပိတ်ကျဲဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံ၏အရှေ့ပိုင်းက လေးလံပြီး အမြင်အာရုံကို ဆွဲဆောင်နေသည်။
ကျောက်စိမ်း လက်ဖက်ရည်ခွက်ကို လာဆက်သသည့် လှပသည့် အစေခံမလေးသည် သူ၏ဘေးဘက်၌ စောင့်ဆိုင်းနေသည်။ ရှန်းအိမ်တော်၏ သခင်လေးမှာ လှလှပပ မွေးဖွားလာပုံရသည်။ ဒါပေမယ့် ဘာလို့ သူမ၏ အစ်ကို ၂ နဲ့ သိကျွမ်းနေရသလဲ သူမ မသိပေ။
သူမသာ စိတ်မဝင်စားဖို့ မကောင်းဘူးဆိုရင် တာဝန်က အနားယူ လိုက်ရပြီဖြစ်မည်။ ရှန်းသခင်လေးသည် သူ၏မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါ့အဒေါ်က လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လုံး မင်းနဲ့အတူ မရှိခဲ့ဘူးဆိုတာ ဝန်ခံတယ်၊ အဲ့ဒါကြောင့် သူက ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရပြီး ယွမ်နန်ကို မင်းကို လုပ်ကျွေးပြုစုဖို့ ပို့ပေးလိုက်တယ်၊ သူမဆီကို မင်းလာတွေ့ဖို့ စောင့်နေတယ်၊ ယွမ်နန်က မင်း၏မောင်းမ ဖြစ်သွားပြီ”
နန်းပေါင်ရီသည် မူးမေ့လဲမတတ် ဖြစ်သွားရသည်။
‘ဘယ်က အဒေါ်လဲ?
မိန်းမလှလေး၏ ရှက်နေသည့်ပုံစံကို ကြည့်ရလျှင် ‘ယွမ်နန်ကိုယ်တိုင်က လာချင်ခဲ့ခြင်းများလား? ရှန်းသခင်လေး ဒီကိုရောက်လာတာက ဒီမောင်းမကို အမတ်မင်းဆီ လာပို့တာများလား? ရှန်းသခင်လေးမှာ ထပ်ပြောလိုက်သည်။
“ငါ့အဒေါ်က ပြောတယ်၊ မင်းကျင်းကွမ်မြို့ကို ရောက်နေတာ ဆယ့်ရှစ်နှစ်ရှိပြီ၊ ဒါပေမယ့် ဘာထူးခြားမှုမှ မရှိဘူး၊ ဒီသာမန်ကိစ္စလေးကိုမင်း ပြီးမြောက်အောင် မလုပ်နိုင်ဘူး၊ အဲ့ဒါကြောင့် ငါမင်းကို ကျာပွတ်နဲ့ အချက် ၂၀ ရိုက်ပြီး သာဓကအနေနဲ့ အပြစ်ပေးရမယ်”
ပြောနေစဉ်မှာပဲ ဆူးချိတ်များရှိသည့် ကျာပွတ်ကို အစေခံတစ်ယောက်က ယူလာခဲ့သည်။
နန်းပေါင်ရီ ဘာဖြစ်နေတယ်ဆိုတာကို ဖော်ပြရန် စကားလုံး ရှာမတွေ့။ သို့သော် သူမအနေဖြင့် ရှေ့မှ မတရားမှုကို တားမြစ်ပြီး အစ်ကို ၂ ကို ကာကွယ်ရန် လိုအပ်သည်။
သူမသည် ရှောင်းယီရှေ့မှ ပိတ်ရပ်လိုက်ပြီး ဒေါသဖြင့် ပြောလိုက်သည်။
“ကျွန်မရဲ့အစ်ကို ၂ က တော်ဝင်နန်းတွင်း အရာရှိတစ်ယောက်၊ သူ့ကိုရိုက်ဖို့ ရှင့်မှာ ဘာအခွင့်အာဏာရှိလို့လဲ၊ ဒါက နန်းအိမ်တော်၊ သူရဲ့အိမ်၊ ပြီးတော့ သူ့ကို စော်ကားပြောဆို နေတာကို ကျွန်မ သည်းမခံနိုင်ဘူး”
ရှန်းရိချောင်သည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ တဏှာအပြည့်နှင့် မက်မွန်သီး သဏ္ဌာန်မျက်လုံးများက သိသာထင်ရှားနေပြီး အကြည့်များမှာ အေးစက်နေသည်။
သူက စိတ်မဝင်စားစွာ အစေခံကို ပြောလိုက်သည်။
“ဒီမိန်းကလေးက ပြစ်မှုကို ကာကွယ်နေတယ်၊ သူ့ကို ကျာပွတ်နဲ့ အချက် ၂၀ ရိုက်ပြီး အပြစ်ပေးလိုက်”
…………………….