အပိုင်း (၁၀၇)
အစ်ကို ၂ ညီမလေး၏ပြဿနာတွေကို ဖြေရှင်းပေးပါ
နန်းပေါင်ရီသည် ဆုန်းဟယ့်ခြံကို လမ်းလျှောက် ပြန်သွားခဲ့သည်။ စင်္ကြံလမ်း၏ အပြင်ဘက်၌ ဆောင်းဦးမိုးစက်များက ပက်ဖြန်းနေပြီး မိုးစက်တွေ၏ စည်းချက်ကျသည့် အသံကို ကြားနေရသည်။ သူမကို ဟယ်ယဲ့က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“သခင်မလေး၊ နန်းယန်က အခုပဲပြောတယ်၊ ရှချင်ချင်းတို့ မိသားစုကို သူအိမ်ထဲကနေ အိမ်အပြင် မထွက်ရဘဲနဲ့တောင် ဖျက်ဆီး ပစ်နိုင်တယ်တဲ့ဆို၊ ရှမိသားစုက ရှုနိုင်ငံက ဆွေကြီးမျိုးကြီးတွေလေ၊ နန်းယန်က မိန်းကလေး ငယ်လေးအရွယ်ပဲ ရှိသေးတာကို၊ သူလေလုံးထွားနေတာပဲ ဖြစ်ရမယ်”
နန်းပေါင်ရီက ပြုံးလိုက်ပြီး “သူက အရမ်း ဉာဏ်ကောင်းတယ်။ သူငါ့ရှေ့မှာ ပြောထားတဲ့ စကားကို သူဖြစ်အောင် လုပ်မှာသေချာတယ်။ သူသာဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ငါက သူ့လက်ကိုငှားပြီး တခြားသူကို ရိုက်လိုက်သလိုပဲလေ။ အစီအစဉ် အားလုံးက ငါ့လက်ထဲမှာပဲ”
ဟယ်ယဲ့က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ နန်းယန်ရော ရှချင်ချင်ပါ ဒီတိုက်ပွဲမှာ ရှုံးစေရမယ်”
နန်းပေါင်ရီသည် သူမ၏ အိပ်ခန်းသို့ ပြန်သွားပြီး မုတန်းပန်းပင်ကို ငေးကြည့် နေပြန်သည်။
“ဘွန်ဇိုင်းပင်တွေကို ပုံဖော်ဖို့ လိုတယ်လို့ ပြောကြတာပဲ။ အမတ်မင်းက ဒီပန်းပင်ကို ဂရုလည်း မစိုက်ဘူး။ ဒီလောက် ရှုပ်ပွနေတာ ကြည့်ပါဦး။ မျက်စိထဲ အမြင်မလှဘူး။ သူငါ့ကို ငှားပေးလိုက်တဲ့ ကျေးဇူးကိုထောက်ပြီး ငါသူ့အတွက် ပုံဖော်ပေးလိုက်မယ်။ သူရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်တဲ့ လက်ဆောင်ပေါ့”
သူမက ကတ်ကြေးကို ယူလိုက်ပြီး ဘယ်ကနေညာအတိုင်း သူမ၏စိတ်ကူးနဲ့ ပုံဖော်တော့သည်။ ဒါပေမယ့် သေသပ်သည့် လက်ရာတော့ ထွက်မလာပါချေ။ သူမသည် စဉ်းစားလိုက်ပြီး ညာကနေဘယ်ကို ထပ်ညှပ်ပြန်သည်။ အပင်၏ အခြေအနေက ပိုပိုပြီးဆိုးလာတော့သည်။
“အပင်တွေကို ပုံဖော်တယ်ဆိုတာ တကယ်ကို ပညာသားပါတဲ့ အလုပ်ပဲ”
သူမသည် ပေတံတစ်ချောင်းကို ယူလိုက်ပြီး သေချာတိုင်းတာပြီးနောက် အပင်ပြုပြင်သည့် အလုပ်အပေါ်မှာ ယုံကြည်ချက် ရှိလာသည်။ သူမက အရွက်တွေကို ညှပ်ပစ်လိုက်ပြီး နောက်ဆုံး ပန်းပွင့်တစ်ပွင့်သာ ကျန်တော့သည်။
“ပြီးပြီ”
သူမသည် နောက်ဆုံးကျန်သည့် အပွင့်လေးကို ကြည့်နေရင်း စိတ်ဓါတ် ကျသွားသည်။ ကျန်းဆွေ့ဟန်ကို ပေးပြီး ပုံဖော်ခိုင်းရန်ပင် အလွန် နောက်ကျသွားပြီဖြစ်သည်။ ထိုစဉ် ဟယ်ယဲ့က ဟုန်းအာကိုခေါ်ပြီး ဝင်လာသည်။ ဟုန်းအာသည် ဂါရဝပြု ပေးလိုက်ပြီး ရိုရိုသေသေ ပြောလိုက် သည်။
“သခင်မလေး ၅ ပြန်သွားပြီးတာနဲ့ အစေခံတွေက နန်းယန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေ ကြပါတယ်။ သူက စာတစ်စောင်ရေးပြီး အစေခံတစ်ယောက်ကို ရှအိမ်က တစ်ယောက်ယောက်ဆီ ပို့ပေးဖို့ ခိုင်းပါတယ်။ အစေခံက မြန်မြန်တစ်ချက် ဖတ်ကြည့်လိုက်တော့ ရေးထားတာက ရှသခင်မလေးဆီကို ပျော်ရွှင်စွာ စာရေးလိုက်တဲ့အကြောင်း ဒီအိမ်တော်မှာ သူ့ရဲ့ အဆုတ်ယောင်ရောဂါကို ကုသပေးနိုင်သည့် အရမ်းတော်သော သမားတော်ရှိတယ်ဆိုသည့် အကြောင်း ရှသခင်မလေးသာ အလိုရှိရင် သူမက သမားတော်ကို သခင်မလေး၏ ဟွားလျိုရောဂါကို ကုသဖို့ မေးပေးမည်ဆိုသည့်အကြောင်း၊ ဒါပေမယ့် ဆေးကုသစရိတ် ကတော့ အရမ်း ကုန်ကျမည်ဖြစ်ကြောင်း ရွှေစတစ်သန်းကျော် ကုန်ကျနိုင်ကြောင်းတွေ ရေးထားတယ်တဲ့”
ဟယ်ယဲ့က ပဟေဠိဖြစ်သွားရပြီး “မမလေး၊ နန်းယန်က အရမ်းကြင်နာနေတယ်။ အဲ့ဒါက ရှချင်ချင်နဲ့ တစ်လျှောက်လုံး အဆင်ပြေနေတဲ့ သဘောဖြစ်မနေဘူးလား”
နန်းပေါင်ရီက မုတန်းပင်ကို နင့်နင့်နဲနဲကြည့်ရင်း စဉ်းစားနေသည်။ ဟုတ်သည်။ နန်းယန် ဘာလုပ်ဖို့ တွေးနေတာလဲ။ ဟုန်းအာနှင့် ဟယ်ယဲ့တို့ ပြန်ထွက်သွားကြသည်။ မုတန်းပင်ကို သူမကြည့်နေစဉ်မှာ တံခါးပွင့်သွားပြီး ရှည်လျားလှသည့် အရိပ်တစ်ခုက တိတ်ဆိတ်စွာ အခန်းထဲ ဝင်လာခဲ့သည်။
ရှောင်းယီသည် ကောင်မလေး၏ နောက်ကျောကို ကြည့်နေရင်းမှ မုတန်းပန်းပင်ကို ကြည့်လိုက်သည်။ ဒါက ကမ္ဘာပေါ်မှာ တစ်ခုတည်းသာရှိသည့် မုတန်းပန်း ဖြစ်သည်။ အခုတော့ ဘာမှမရှိတော့အောင် ကတုံးတုံး ခံလိုက်ရသည်။ သူကျောက်ဝမ်ခြံက မထွက်လာစဉ်က မကောင်းသည့် အငွေ့အသက်များ ခံစားမိလိုက်သည်။ ဒါကြောင့် ခဏလာကြည့်ခြင်းပင်။ ထိုကဲ့သို့ မမျှော်လင့်ထားသည့်ပုံစံ ဖြစ်သွားလိမ့်မယ်ဟု သူမထင်ခဲ့မိပေ။ သူ၏ ချောမောကြည့်ကောင်းသည့် မျက်နှာသည် မည်းမှောင်သွားပြီး ရုတ်တရက် ခေါ်လိုက်သည်။
“နန်းပေါင်ရီ”
နန်းပေါင်ရီက လန့်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
“အစ်ကို ၂”
ရှောင်းယီသည် စင်ပေါ်မှာ တင်ထားသည့် သူ၏မုတန်းပန်းအိုးဆီ လျှောက်သွားပြီး လှမ်းယူလိုက်သည်။ မုတန်းပန်းများမှာ အညွန့်လေး တစ်ညွန့်တက်ဖို့ အဖူးလေးတစ်ဖူး ဖူးဖို့တောင် အချိန်အကြာကြီး ယူခဲ့ရတာဖြစ်သည်။ ပန်းပင်ပေါ်မှ ရှိနေခဲ့သည့် အဖူးလေးသည် နောက်နှစ်ရက် သုံးရက်ဆိုရင် ပွင့်တော့မည်ဖြစ်သည်။ သို့သော် အခုတော့ နန်းပေါင်ရီမှာ ရှိနေသည့် အဖူးလေးတွေကို ဖြတ်ပစ်ထားပြီး ဖြစ်နေသည်။
သူ၏ ငြိမ်သက်နေသည့် အမူအရာကိုကြည့်ပြီး နန်းပေါင်ရီသည် သူမဘာသာ တီးတိုး ရေရွတ်လိုက်သည်။
‘ငါတော့ပြဿနာတက်ပြီ’
သူမက ကတ်ကြေးကို သူမ၏အနောက်တွင် ဖွက်လိုက်ပြီး လေသံလေးဖြင့် မေးလိုက်လေသည်။
“အစ်ကို ၂ က ရုတ်တရက်ကြီး ဘာလို့ လာလည်တာလဲ၊ အစေခံတွေနဲ့လည်း ကြိုပြီး အကြောင်းမကြားခိုင်းဘူး၊ ညီမလေး အရမ်းကြောက်တာပဲ”
ရှောင်းယီ၏မျက်နှာသည် ပေါက်ကွဲ ထွက်တော့မတတ် ဖြစ်နေသည်။
‘ကြောက်တယ်? သူက နန်းကျောင်းကျောင်း ဆီကိုလာတာ တခြားသူ တစ်ယောက်၏အိမ်ကို သွားသလို တွေ့ဆုံခွင့်တွေ ဘာတွေ တောင်းရဦးမှာလား?
သူက မျက်လုံးများကို မှိတ်လိုက်ပြီး သနားစရာ ကောင်းလှသည့် သူ၏မုတန်းပင်လေးကို ထပ်မကြည့်မိရန် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလိုက်သည်။ ဟိုးရှေးရှေးတုန်းက ဘုရင်ကျောက်ယွဲ့သည် မိန်းမလှလေး၏ အပြုံးတစ်ပွင့် အဖိုးအခအဖြစ် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သည်။ နန်းကျောင်းကျောင်းကတော့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့ မပြောလာသေးချေ။ အနည်းဆုံးတော့ သူက ပို၍ သဘောထားကြီးသေးသည်။ ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျလိုက်ပြီး သူ အေးတိအေးစက် ထိုင်လိုက်သည်။
ပန်းများကို မကြည့်တော့ရန် စိတ်ပိုင်းဖြတ်လိုက်သော်လည်း သူ ကံဆိုးလှသည်၊ သူ၏မုတန်းပင်လေးကို ထပ်ကြည့်မိပြန်သည်။ အမျိုးမျိုး ကြိုးစားနေပေမယ့် အသက်ကို ပုံမှန် ပြန်မရှုနိုင်သေး။
“မင်းဘယ်လို ပြန်လျော်ပေးမှာလဲ”
တကယ်လို့ သူ၏ပန်းပင်ကို ဖျက်ဆီးသည့်သူသည် ကျန်းဆွေ့ဟန်သာ ဖြစ်ခဲ့လျှင် သူ့ကို မြေအောက် အကျဉ်းစခန်းမှာ ဖမ်းပြီး နှိပ်စက်ခိုင်းလိုက်မည် ဖြစ်သည်။
အခုတော့ သူက နန်းကျောင်းကျောင်းကို အလျော်ပေးဖို့သာ မေးနေရသည်။ သူ့ကိုယ်သူ အရမ်း သဘောထားကြီးသလိုပင် ခံစားလိုက်ရသည်။
နန်းပေါင်ရီသည် အရှေ့ကို လျှောက်လာပြီး လက်ဖက်ရည်ခွက်ကို ရိုရိုသေသေ ကမ်းပေးလိုက်သည်။
“မိသားစုတွေက စကားနှစ်ခွန်းကို မပြောသင့်ဘူးတဲ့၊ ‘ငါ့ကို အလျော်ပြန်ပေး’ ဆိုတာက ဘယ်လောက်နာကျင်စရာ ကောင်းလိုက်လဲ၊ ဒါက အစ်ကို ၂ ကြိုက်တဲ့ ဒါဟုန်ပေါင် လက်ဖက်ရည်ပါ၊ လက်ဖက်ရည်လေး အရင် သောက်လိုက်ပါဦး”
ရှောင်းယီသည် ဘာခံစားချက် အမူအရာမှမပြ၊ ကောင်မလေးက သူ၏အကြိုက်တွေကို သတိရသေးသည်ပဲ။ သူ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။
နန်းပေါင်ရီသည် လက်ဖက်ရည်ခွက် အဖုံးကို ဖွဖွပွတ်သပ်နေသည့် ရှောင်းယီကို စောင့်ကြည့်နေသည်။ သူ၏လက်ချောင်းများမှာ ဖြူဖွေးပြီး ရှည်လျားသည်။ သူ၏နက်မှောင်သည့် မျက်ခုံးများမှာ သူ့ကို အလွန်အမင်း ယောက်ျားပီသစေသည်။
ထိုအခိုက် သူမ အကြံကောင်းတစ်ခုကို တွေးမိသွားပြီး စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
“အစ်ကို ၂ ၊ ညီမလေး တစ်ခုနားမလည်လို့ ညီမလေးကို ရှင်းပြလို့ရမလား”
သူမက နန်းယန်၏စာကို သူ့ကို ရွတ်ပြလိုက်ပြီး “ဒီစာက အရမ်းကို ချစ်ခင်ရင်းနှီးရာ မရောက်ဘူးလား၊ အဲ့ဒါက ရှချင်းချင်းတို့ မိသားစုကို သေကြေပျက်စီးအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ၊ အစ်ကို ၂ ညီမလေးကို ကူပြီး စဉ်းစားပေးပါဦး”
ရှောင်းယီက မထူးခြားသလို ပြန်ဖြေလိုက်သည်။
“ပထမဆုံး နန်းယန်က ရှချင်ချင်ကို အကြံတစ်ခု ပေးလိုက်တာ၊ ဒါပေမယ့် ရှအိမ်တော်က ရွှေစ သန်းပေါင်းများစွာ ကုန်ထားပြီးပြီ”
“ဟုတ်တယ်လေ၊ ပိုးစာပင်တွေကြောင့်”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒုတိယမြောက်အကြံကို နန်းယန်က ထပ်ပေးလိုက်တယ်၊ ဒါပေမယ့် အဲ့ဒါက မိုးမခပင်နဲ့ ပန်းပွင့်တွေက ညှိုးရော်ကုန်သလို ရှချင်ချင်၏ ဖြူစင်မှုကို ဆုံးရှုံးစေပြီး ရှအိမ်၏ မကောင်းသတင်းကို ပျံ့နှံ့စေလိမ့်မယ်”
ပိုပြီးပြောရရင် ရှဖူကွေးသည် သူ၏ ကျန်ပိုင်ဆိုင်မှု တစ်ဝက်ကို ရင်းပြီး ရှအိမ်တော်ကို ကယ်တင်ပေးဖို့ သူ့ကို ထပ်ပြီး လာဘ်ထိုး ရပြန်လိမ့်မည်။
နန်းပေါင်ရီက တုံ့ပြန်လိုက်သည်။
“အဲ့ဒီ မမလေး နှစ်ယောက်မှာ တစ်ယောက်က တကယ်ကို စဉ်းစားတတ်ပြီး နောက်တစ်ယောက်က ကျတော့…”
ရှောင်းယီက ဖြည်းဖြည်းချင်း ဆက်ပြောသည်။
“သူ့မှာက မောင်းမကမွေးတဲ့ မွေးချင်းတွေ အများကြီးရှိပြီး ရှဖူကွေးက ရှချင်ချင်ကို သူ၏လက်အောက်မှာ ချုပ်ကိုင်ထားနိုင်တယ်၊ ရှချင်ချင်က ရှမိသားစုကို အကြိမ်ကြိမ် အရှက်ကွဲအောင် လုပ်နေတာ၊ ဒါက ဖြုန်းတီးတာပဲ၊ ဒီလိုဖြုန်းတီးတဲ့ ကစားနည်းက ရှမိသားစုကို ငွေကုန်ကြေးကျ များစေလိမ့်မယ်၊ ငွေတွေ အများကြီးပေးပြီး သူမရဲ့ရောဂါကို ကုပေးဖို့ ရှဖူကွေးက လက်ခံမယ်ထင်လား”
နန်းပေါင်ရီက ရုတ်တရက် သဘောပေါက်သွားသည်။ သူမက ဖြေရှင်းပြလိုက်သည်။
“ရှသခင်ကြီးက တကယ်ကို အဓိပ္ပါယ်ရှိပြီးရင်း ရှိနေတာပဲ။ သူက သူမရဲ့ရောဂါကို ကုပေးဖို့ ငြင်းဆန်လိမ့်မယ်၊ ရှချင်ချင်ရဲ့ စိတ်နဲ့ဆို သူ့အိမ်ကို ပွက်လောရိုက်စေမှာ အမှန်ပဲ၊ ရှသခင်မက သူ့ကို အရမ်းချစ်တော့ သူ့ကိုကုဖို့ ပိုက်ဆံ ထုတ်ပေးမှာပဲ၊ ရှသခင်ကြီးနဲ့ ရှသခင်မကြီး သဘောထား မတိုက်ဆိုင်တော့ရင် ကျိန်းသေပေါက် အကြီးအကျယ် ရန်ဖြစ်ကြမှာပဲ၊ အိမ်တော်ရဲ့ သခင်နှစ်ယောက်က ဒီလိုရန်ဖြစ်နေကြရင် ရှအိမ်ရဲ့ စီးပွားရေးတွေကို သေချာပေါက် ထိခိုက်မှာပဲ၊ သူတို့မိသားစုရဲ့ ကျဆုံးခန်းက လက်တကမ်း အလိုမှာပေါ့”
သူမ ရှင်းပြလိုက်ပြီးနောက် အနည်းငယ် ရှက်သွားသည်။ သူမသည် နန်းယန်နှင့် ရှချင်ချင်တို့ အချင်းချင်း ပြန်တိုက်ခိုက်အောင် အရမ်းကောင်းသည့် နည်းပရိယာယ်ကိုသာ တွေးမိတာဖြစ်သည်။ သို့သော် ယခု နန်းယန်သည် အသက်ဆယ့်သုံးနှစ်မှာပင် အရမ်းကောင်းသည့် တန်ပြန်တိုက်ခိုက်မှုမျိုးကို တွေးတောနိုင်သည်။ ဒါက တကယ်ကို ထိတ်လန့်စရာ ကောင်းလွန်းသည်။
သူမ နန်းယန်ကို အရင်ဘဝက ရှုံးခဲ့တယ်ဆိုတာ အံ့ဩစရာ မရှိတော့။
“အစ်ကို ၂ ၊ ဒီလို တွေးကြည့်တော့ ညီမလေးက သူ့ထက်ပိုပြီး အမြင်ကျဉ်းပြီး ရိုးစင်းတဲ့အပြင် အကြံဉာဏ်ကောင်းတွေလည်း မထွက်ဘူး၊ အခုကစပြီး ညီမလေး ကြိုးကြိုးစားစား သင်ယူမယ်၊ တိုက်ပွဲဆင်တာနဲ့ စစ်နည်း ပရိယာယ်တွေကို တစ်ခုဖြစ်ဖြစ်၊ နှစ်ခုစလုံးဖြစ်ဖြစ် လေ့လာမယ်”
ရှောင်းယီသည် သူ၏မျက်တောင်များကိုပင့်ပြီး သူမကို ကြည့်လိုက်သည်။ ကလေးမလေးသည် သန်မာဖို့ကြိုးစားရင်း သူမ၏ရင့်ကျက်မှုတွေကို ပထမဆုံး ထုတ်ပြလိုက်ပြီဖြစ်သည်။
သို့သော်ငြားလည်း မိန်းမငယ်လေးမှာ နန်းမိသားစု၏ မှားယွင်းခဲ့သည့် မျိုးရိုးကို ဆက်ခံမှုအရ စစ်ရေးစစ်ရာများကို အရိုးထဲမှ သဘောကျခြင်း မရှိပေ။ သူမသည် စစ်ရေးပရိယာယ်များအား ကြေညက်အောင် နားလည်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
သူ အဝေးကို ငေးကြည့်လိုက်သည်။ ထားလိုက်တော့၊ မောင်နှမဆိုသည့် ပတ်သက်မှုအရ အနာဂါတ်တွင် သူမကို ညွှန်ကြား ပြသပေးရမှာပေါ့၊ အဝေးကို ငေးနေရင်း သူသည် သူ၏မုတန်းပန်းတွေကို တွေ့သွားပြန်သည်။ သူ၏နှလုံးသားထဲက ယူကျုံးမရ ဖြစ်သွားရသည်။ သူ၏မုတန်းပန်းတွေ!!!! သူက လက်ဖက်ရည်ခွက်ကို ပွတ်သပ်လိုက်ပြီး ရုတ်တရက်ပြုံးရင်း ပြောလိုက်သည်။
“မင်းရဲ့ ပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့ ကျောင်းကျောင်းနဲ့ ဒီအမတ်မင်းရဲ့ ပြဿနာကရော?”
နန်းပေါင်ရီက သူ၏ခေါင်းကို စောင်းလိုက်ပြီး အပြစ်ကင်းစင်ဟန် ပြန်ပြောလိုက်သည်။
“အစ်ကို ၂ ၊ ပြဿနာတစ်ခုခု ရှိသေးလို့လား”
…………………