အပိုင်း (၁၀၆)
ရှအိမ်တော်…..ပြိုလဲသွားပါစေ
နန်းယန်က သူ့ကိုယ်သူ လိုတာထက်ပိုပြီး ဂရုစိုက်သည့်အပြင် အဆုတ်ယောင် ရောဂါသည်နဲ့ အဆက်အဆံမရှိ၊ သူဘယ်က ကူးလာတာလဲ? သူမက ဂရုတစိုက် မေးလိုက်သည်။
“သူ အခုတလော ဘယ်သူနဲ့ တွေ့သေးလဲ၊ တခြားသူတွေဆီက သုံးပြီးသား အသုံးအဆောင်တွေများ ဝယ်မိသေးလား”
ဟုန်းအာက ခဏလောက် သေချာစဉ်းစားလိုက်ပြီး ပြန်ဖြေသည်။
“အပြင်လူတွေတော့ လာတာမတွေ့ပါဘူး၊ ဒါပေမယ့် သူက နေ့တိုင်း သောက်တဲ့ သူရဲ့ လက်ဖက်ရည်ခွက်ကိုတော့ လဲလိုက်တယ်၊ သူက သူရဲ့ ပယင်းခွက်ကို သုံးတယ်၊ ကျွန်မကြားတာတော့ အဲ့ဒါက ရှအိမ်က လက်ဆောင် ပေးလိုက်တာတဲ့”
နန်းပေါင်ရီက မှန်းဆလိုက်သည်။ ရှချင်းချင်းသည် နန်းယန်ကို အရိုးထဲက နေမုန်းနေတာ ဖြစ်သည်။ နန်းယန်၏ ရောဂါမှာ မတော်တဆ မဟုတ်ဘဲ ရှချင်ချင်၏ အကြံအစည် ဖြစ်နေမှာကို စိုးရသည်။
သူမက ဟွားလျိုရောဂါကို ခံစားနေရတာကြောင့် နန်းယန်ကို အဆုတ်ယောင်ရောဂါ ဖြစ်အောင် ကြံစည်ခြင်းပေလား? ညီအစ်မတွေထက်တောင် ရင်းနှီးကြတယ်ဆိုသည့် သူငယ်ချင်းများက အပြန်အလှန် တိုက်ခိုက် နေကြပြီသည့်လား?
သူမက စူးစိုက်ကြည့်ရင်း စိတ်ပူပန်လာပြီး သက်ပြင်း ချလိုက်သည်။ အဆုတ်ယောင် ရောဂါသည် အလွန် ပြင်းထန်သည်။ နန်းယန်သည် သူမမိသားစုကိုပါ ကူးစက်စေခဲ့ရင် သူမဘယ်သူ့ကို အပစ်တင်ရမလဲ?
သူမက ကတ်ကြေးကို ချလိုက်ပြီး ပြောသည်။
“ဟုန်းအာ၊ မင်းအရင် အရှေ့ခြံကို ပြန်သွားလိုက်၊ ပြီးတော့ နန်းယန်ရဲ့ အိပ်ခန်းကို သီးခြားထားလိုက်ပြီး ဘယ်သူ့ကိုမှ အဝင်မခံနဲ့၊ ဟယ်ယဲ့ ငါနဲ့အတူ အစ်ကိုကျန်းဆီ သွားရအောင်”
စင်္ကြံလျှောက်လမ်းက ရှည်လျားသည်။ ဟယ်ယဲ့က သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ မေးလိုက်သည်။
“မမလေးက နန်းယန်ကို မမုန်းဘူးလား၊ သူတကယ် အဆုတ်ယောင်ရောဂါ ဖြစ်နေရင်တောင် မမလေးက ပျော်နေသင့်တာလေ၊ ဘာလို့ အရမ်းတော်တဲ့ သမားတော်ကျန်းကိုပင့်ပြီး သူ့ကို ကယ်နေတာလဲ”
“သူ့အသက်က တန်ဖိုးမရှိပေမယ့် ငါ့မိသားစုကတော့ တန်ဖိုးရှိတယ်၊ သူသေသွားလည်း ဘာမှ နှမြောနေစရာ မရှိဘူး၊ ဒါပေမယ့် သူ့ဆီကနေ တခြားသူတွေကိုတော့ ကူးစက်စေလို့ မဖြစ်ဘူး”
နန်းပေါင်ရီ၏ မျက်နှာသည် တည်ငြိမ်နေပြီး “ပြီးတော့ ငါက သူ့ကို ကောင်းကောင်း အသက်ရှင် နေစေချင်တယ်၊ ဒါမှ ငါ့ကိုယ်စား ချန်းတယ်ယွီနဲ့ လက်ထပ်နိုင်မှာလေ”
“ဒီအစေခံက ပိုပိုပြီး ရှုပ်ထွေးသွားပါပြီ၊ ဘာလို့ မမလေးက နန်းယန်ကို ချန်းသခင်လေးနဲ့ လက်ဆက် စေချင်ရတာလဲ၊ ချန်းသခင်လေးက မမလေးရဲ့ သတို့သားလောင်းလေ၊ သူ့ကို အဲ့ဒီလို ကောင်းမွန်တဲ့ မင်္ဂလာပွဲမျိုး ဘာလို့ ဖန်တီးပေးရမှာလဲ”
နန်းပေါင်ရီက ပြုံးလိုက်သည်။ သူမသည် အဲ့ဒီမင်္ဂလာပွဲကို နန်းယန်ကို ပေးချင်ရုံပင်။ အရင်ဘဝတုန်းက ရှုနိုင်ငံမှ လူများ၏အမြင်တွင် နန်းယန်နဲ့ ချန်းတယ်ယွီတို့မှာ အရည်အချင်းရှိပြီး လှပတင့်တယ်ကြသည်။ သို့သော် သူတို့အချင်းချင်း ချစ်မြတ်နိုးခွင့် မရခဲ့ကြပေ။ သူတို့၏ အချစ်က သူမကြောင့် ပျက်စီးခဲ့ရပြီး ငိုကြွေးခြင်းနဲ့ အဆုံးသတ်ခဲ့ရသည်လို့ အားလုံးက ထင်မြင်ယူဆကြသည်။
ပြီးတော့ သူမ နန်းပေါင်ရီက အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပြီး သူမ ဘာအမှားမှျ လုပ်မထားသော်လည်း လူအများ၏ အမြင်တွင် သူမသည် ဒီလက်ထပ်ပွဲ၏ တတိယလူ ဗီလိန်ဖြစ်ခဲ့ပြီး မြွေဟောက်လို အဆိပ်ပြင်းသည့် မိန်းမလို့ သမုတ်ခံခဲ့ရသည်။
သူမ တကယ်သိချင်သည်။
တကယ်လို့ သူမသာ ကြားမဝင်ခဲ့ရင် အဲ့ဒီ ဘဲထီးနဲ့ ဘဲမအတွဲမှာ တကယ်ပဲ တစ်ယောက်ကိုတစ်ယောက် ချစ်ကြလေမလား?
သူမ၏ အကူအညီတွေ မပါဘဲနဲ့ နန်းယန်က ချန်းအိမ်တော်ကို လျှောလျှောလျှူလျှူ ဝင်ရောက်နိုင်ပါမလား?
အတွင်းပစ္စည်းများ မပါဘဲနဲ့ နန်းယန်ကို ချန်းတယ်ယွီက ချစ်နိုင်ပါဦးမလား?
ချန်းသခင်မကြီး၏ ချွေးမကောင်းလေးလို့ ဂုဏ်ယူဝံ့ကြွားမှုတွေကို ရပါ့ဦးမလား?
သူမ နန်းယန်ကို အရိုးထဲကနေ မုန်းပါသည်။ ဒါပေမယ့် သေသွားသည်ထက် မသေတာက ပိုပြီး ပျော်ဖို့ကောင်းမှာ သေချာသည်။
…………….
နန်းပေါင်ရီ၏ ဖိတ်ခေါ်မှုကြောင့် ကျန်းဆွေ့ဟန်သည် နန်းယန်ကို မျက်နှာသာပေးပြီး သူကိုယ်တိုင် ကုသပေးသည်။ နန်းယန်က သူမ၌ အဆုတ်ရောင်ရောဂါ ရှိမှန်းသိသည့် အချိန် ထိတ်လန့်လွန်း၍ မျက်နှာမှာ အစိမ်းရောင်သို့ ပြောင်းလဲ သွားတော့သည်။ သူမ၏ နှုတ်ခမ်းများသည် ဖျော့တော့နေပြီး သူမကိုင်ထားသည့် ပယင်းခွက်မှာ တဆတ်ဆတ် တုန်နေသည်။ ပူဆွေးသောက ရောက်ပြီး မျက်ရည်များ ကျဆင်းလာတော့သည်။
သူမက ကျန်းဆွေ့ဟန်၏ရှေ့မှာ ဒူးထောက်လိုက်ပြီး “သမားတော်ကျန်း၊ ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပါ၊ ဘယ်လောက်ကုန်ကုန် ကုပေးပါ၊ ကျွန်မ အသက်ရှင်ချင်ပါသေးတယ်”
ကျန်းဆွေ့ဟန်သည် ဘေးသို့ လှည့်လိုက်ပြီး သူမ၏လက်ကို ဖယ်ထုတ်လိုက်သည်။ သူက သူ၏ ယပ်တောင်ကို ခပ်လိုက်ပြီး နွေးထွေးစွာပြောသည်။
“တခြားသူတွေက အဆုတ်ယောင်ရောဂါကို မကုနိုင်ဘူး၊ ဒါပေမယ့် ကျုပ်ကုနိုင်တယ်၊ ဒီသမားတော်က ကြင်နာတတ်ပါတယ်၊ မင်းကို ကယ်ပေးပါ့မယ်၊ မင်းအခန်းထဲမှာပဲ နေရမယ်၊ အပြင်ဘက်ကို လျှောက်မသွားဖို့ သတိထားရမယ်”
သူက အိပ်ခန်းက ပြန်ထွက်လာခဲ့ပြီး ဟုန်းအာကို အိမ်မှာရှိသည့် သူများ အားလုံးကို ခြံထဲခေါ်လာဖို့ ခိုင်းလိုက်သည်။ နန်းယန်ဆီကနေ ကူးထားသည့် သူရှိမရှိ သူစစ်ကြည့်ဖို့လိုသည်။ နှစ်နာရီအတွင်း ခြံထဲမှာ ပွက်လောရိုက် ကုန်ကြသည်။
နန်းပေါင်ရီက တံစက်မြိတ်အောက်တွင် ထိုင်ရင်း လက်ဖက်ရည် သောက်နေသည်။ သူ့အဖေမှာ ကျဉ်းမြောင်းသည့် မျက်လုံးများဖြင့် ထုပ်ပိုးထားသော စာအုပ်တွေကို ကိုင်ပြီး လာနေသည်ကို သူမတွေ့လိုက်သည်။
သူမက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ဖေဖေ”
နန်းကွမ်က နီရဲနေသည့် မျက်လုံးတွေနဲ့ သူမဆီ လျှောက်လာခဲ့ပြီး “ကျောင်းကျောင်း၊ သမီး အစ်မက မတော်တဆ တစ်ခုဖြစ်သွားတယ်၊ အဖေက သမီးရဲ့ အဒေါ်လျိုအတွက် စိတ်ပူတယ်၊ သမားတော်ကျန်းက ပြောတယ် သမီးရဲ့အစ်မကို ကုသပေးနိုင်တယ်တဲ့၊ ဒီအတောအတွင်း သမီးအစ်မက သီးခြားနေရလိမ့်မယ်၊ အိမ်မှာသူ အရမ်းပျင်းနေမှာစိုးလို့ သူဖတ်တတ်တဲ့ စာအုပ်နှစ်အုပ်လောက်ကို ယူလာပေးဖို့ အစေခံတွေကို ပြောလိုက်တာ”
နန်းပေါင်ရီက ပြုံးလိုက်ပြီး “သမီးလည်း ဖေဖေနဲ့အတူ သူ့ကို လိုက်ကြည့်မယ်လေ”
သွားကြည့်မယ်လို့ ပြောပေမယ့် ကျန်းဆွေ့ဟန်က အရမ်းတင်းကြပ်ပြီး သူတို့ကို အပြင်ဘက်မှသာ စကားပြောစေသည်။
“ယန်အာ၊ သမီးရဲ့အမေက သမီးကို အရမ်းစိတ်ပူနေတယ်၊ သူက ကိုယ်ဝန်ဆောင်သည် ဖြစ်နေတော့ သမီးကို ပြုစုစောင့်ရှောက်ပေးလို့ မရဘူး၊ သမီးပြန်ကောင်းလာရင် သမီးအမေနဲ့ အတူပြန်နေလို့ရပြီ၊ သမီးက စာဖတ်ရတာ ကြိုက်တော့ သမီးဖတ်တတ်တဲ့ စာအုပ်လေးတွေကို သမီးကိုပေးဖို့ အစေခံတွေကို ဖေဖေ ယူလာခိုင်းလိုက်တယ်၊ စာအုပ်ဖတ်နေတော့ အချိန်ကုန်လွယ်တာပေါ့”
သူသည် သူ၏ ဝန်စည်စလွယ်များကို ထုတ်ပြီး ပြောနေသည်။
နန်းပေါင်ရီက ကြည့်ပြီး စူးစမ်းလိုက်သည်။ ‘အမတ်မင်း’ နဲ့ ‘သစ္စာဖောက်မ’ ဆိုသည့် စာအုပ်နှစ်အုပ်က သူမရေးထားသည့် စာအုပ်များဖြစ်သည်။
“မမက သူ့ကိုယ်သူ ချောမောလှပတဲ့ မိန်းမပျိုလေးဆိုပြီး ဂုဏ်ယူနေတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ ဝတ္တုမျိုးကို ကြိုက်ရတာလဲ”
ကန့်လန့်ကာ၏အနောက်မှ နန်းယန်မှာ ရှက်သွားရသည်။ သူမ၏အဖေသည် နန်းပေါင်ရီရှေ့တွင် သမိုင်းစာအုပ်တွေလိုမျိုး၊ ရှုဝမ်ကျဲဇီနှင့် ကျောက်မင်း၏ ရွေးချယ်ထားသော အမှုများ စသည့် စာအုပ်တွေကိုသာ ယူလာခဲ့သင့်သည်။
အခုယူလာသည့် စာအုပ် အမျိုးအစားတွေကိုတော့ တိတ်တိတ်လေးသာ ယူလာသင့်တာဖြစ်သည်။ သူမက စိတ်လျှော့လိုက်ပြီး ပြောသည်။
“ဒီလိုစာအုပ်မျိုးတွေက ပုံမှန်ဆို အသုံးမဝင်ပေမယ့် မမက အခု အကျပ်အတည်းတွေကို ခဏမေ့ထားချင်တယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ မမတို့က မိန်းကလေးတွေ၏ ကျင့်ဝတ်တွေနဲ့ အကျိုးသက်ရောက်မှု ရှိတာတွေကိုလည်း ဖတ်သင့်တယ်လေ”
နန်းကွမ်ဖြည့်ပြောလိုက်သည်။
“ဒါပေမယ့် ယန်အာ သမီးအစေခံတွေ ပြောတာတော့ ဒီရက်တွေမှာ သမီးက ဒီစာအုပ်နှစ်အုပ်ကို သဘောကျနေတယ်တဲ့ ဒါကိုဖတ်ပြီး သမီးငိုတောင်ငိုတယ်ဆို။ တကယ်ကို မလွယ်ဘူး”
နန်းယန်က မျက်နှာနီရဲသွားပြီး အံကြိတ်လိုက်သည်။
“ဖေဖေ အထင်မှားနေပြီ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သမီးက အစေခံတွေကို ပြောသေးတယ်၊ သမီးလည်း စာအုပ်ရေးဖို့ စီစဉ်နေတယ်ဆို ပြီးတော့ အဲ့ဒီစာအုပ်ထက် ပိုပြီး ရောင်းရမှာ သေချာတယ်လို့ ပြောသေးတယ်တဲ့။ ယန်အာက ဒီလောက် ကောင်းတဲ့အတွေးကို ဘယ်လိုများ ရတာလဲ။ အဖေ့ကိုဘာလို့ အဲ့လို အကြံမပေးခဲ့ တာလဲ။ ချင်းချောင်တောင်ရဲ့ ဂန္ဒဝင်မြွေဖြူလေးဆိုတဲ့ ဇာတ်လမ်း ဒီမှာ မရှိသေးဘူး။ သမီး ဒီလိုရေး ၊အရင်တုန်းက မြွေဖြူတစ်ကောင်ရှိတယ်။ သူမကို ခေါင်းဆောင် ယောက်ျားလေး တစ်ယောက်က ကယ်လိုက်ပြီး သူမက ကျေးဇူးပြန်ဆပ်တဲ့ ဇာတ်လမ်းလေးလေ။ အဖေခေါင်းစဉ်တောင် စဉ်းစားပြီးပြီ။ ‘ဂန္ဓဝင်မြွေဖြူလေး’ အရမ်းကို အောင်မြင်မှာပဲ”
နန်းယန် စိတ်ညစ်သွားသည်။ အဲ့ဒီလို ဇာတ်လမ်းမျိုးက ဘယ်လိုလုပ် ကောင်းမှာလဲ။ သူမအဖေက အရမ်း ပျင်းဖို့ကောင်းသည်။ သူမ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဖေဖေ သမီးက ရောဂါဖြစ်နေတာ အဲ့ဒါကြောင့် ဖေဖေဒီမှာ အကြာကြီး မနေသင့်ဘူး။ ပြန်ပြီးတော့ မေမေ့ကိုသာ ဂရုစိုက်လိုက်ပါ”
နန်းကွမ်က ထွက်သွားပေမယ့် နန်းပေါင်ရီသည် သွားဖို့ အလျင်လို မနေပါချေ။
ရှချင်ချင်၏ အဓိပ္ပါယ်မရှိသည့် လုပ်ရပ်မှာ သူမ အမတ်မင်းနဲ့ လက်ထပ်နိုင်ဖို့ပင်။ သူမဒီအတွက် ပြန်ပေးဆပ်ရမည်။
သူမက ကန့်လန့်ကာ အနောက်က အရိပ်ကို ကြည့်လိုက်သည်။ နန်းယန်သည် ကြည့်ကောင်းသည့် ရုပ်ရည်ရှိပြီး ပါးနပ်သည့်အပြင် ရက်စက်သည့် အကြံအစည်တွေလည်း ထုတ်နိုင်သည်။ တကယ်လို့ နန်းယန်၏ ရောဂါက ရှချင်ချင်ကြံစည်တာပါလို့ သိသွားရင် နန်းယန် ဘာနည်းလမ်းတွေ သုံးမလဲ ဆိုတာ သူမသိချင်သည်။ သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အစ်ကိုကျန်းသာ မရှိဘူးဆိုရင် မမဘဝလည်း ကျိန်းသေပေါက် မရှိနိုင်တော့ဘူး။ ဒါက ရှချင်ချင်၏ လက်ရေးနဲ့ ပို့လိုက်သည့်စာပဲ သူမက တကယ် ရက်စက်တယ်။ ‘နန်းယန် ငါသာနင့်နေရာမှာ ဆိုရင် ခံစားနိုင်မှာ မဟုတ်ဘူး’ အဲ့လိုလေသံနဲ့လေ”
ကန့်လန့်ကာ၏ နောက်မှ နန်းယန်သည် မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်တော့သည်။ နန်းပေါင်ရီကသည် သူမတို့နှစ်ယောက်ကို ပျက်စီးအောင် ဆွပေးနေသည်ကို သူမသိသည်။
ပြီးတော့ ဒီခွေးမလေးက သူတစ်ပါးကို ဓါးတစ်ချောင်းလို အသုံးချပြီး ရှချင်းချင်းကို လက်တုံ့ပြန်ချင်နေတယ် ဆိုတာကိုလည်း သူမသိသည်။
ဒါပေမယ့် သူမသည် နန်းပေါင်ရီ၏ လက်ထဲက ဓါးဖြစ်ကို ဖြစ်မှရတော့မည်။ ဘာကြောင့်လဲဆိုတော့ သူမရှချင်ချင်ကို မုန်းလို့ပင်။
ပြီးတော့ ရှသခင်မက ဒီတစ်ခေါက် မအောင်မြင်ဘဲ တပ်ဆုပ်ပြန်သွားခဲ့ရပြီး သူမ၏ အကြံကလည်း မအောင်မြင်ခဲ့ပေ။ ရှချင်ချင်က သူမကို ပိုပြီး မုန်းတော့မည်မှာ သေချာသည်။
ရှချင်ချင်က အသုံးမဝင်တော့ရုံမျှမက သူမအတွက် လျှို့ဝှက်အန္တရာယ် တစ်ခုလည်း ဖြစ်လာခဲ့ပြီ။ သူမက မျက်လုံးတွေကို ဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။
‘ကျောင်းကျောင်းက ဒီမမရဲ့ နည်းလမ်းတွေကို တကယ်မြင်ချင်တာလား”
နန်းပေါင်ရီက အလွန်စိတ်ဝင်စားသွားပြီး “မမက တုံ့ဆိုင်းမနေဘဲ ညီမလေးကို ဉာဏ်အလင်း ဖွင့်ပေးဖို့ ညီမလေးလည်း မျှော်လင့်ပါတယ်”
နန်းယန်က လက်ဖက်ရည်တစ်ငုံကို မျှင်းသောက်လိုက်ပြီး နွေးထွေးသည့် အသဖြင့် “စောင့်ကြည့်လိုက်၊ ရှချင်ချင်နဲ့ သူ၏မိသားစုပြိုကွဲပြီး သေကြေပျက်စီးအောင် မမက ဒီနေရာကနေ တဖဝါးမှ မခွာဘဲနဲ့ လုပ်ပြမယ်”
သူမ၏အသံက ချိုမြနေပြီး ကြင်နာဟန်စွက်ပေမယ့် သစ္စာမဲ့မှု၊ ရက်စက်မှုနဲ့ ပြင်းပြသည့်သတ်ဖြတ်လိုစိတ်တွေက သူမ၏မျက်လုံးထဲ၌ နက်ရှိုင်းစွာ ထင်ဟပ်လို့နေသည်။
………………………..