အပိုင်း (၁၀၃)
ကျောင်းကျောင်းပေးသည့် စာတစ်စောင်
ဟယ်ယဲ့မှာ ပြောပြီးသွားသည့်တိုင် ဆက်ပြီး စိတ်ဆိုးနေသေးသည်။
နန်းပေါင်ရီသည် ညောင်စောင်းပေါ်ကို လှဲလိုက်ပြီး သူမ၏ ခေါင်းကို ငုံ့လိုက်သည်။ အဘွားသည် သူမကို ဆုန်းဟယ့်ခြံသို့ ပြောင်းရွှေ့ခိုင်းခြင်းမှာ အဲ့ဒီကောလာဟလကြောင့်သာ ဖြစ်မည်။ သို့သော် အမတ်မင်းမှာ အရမ်းဂျီးများသည့်သူ ဖြစ်သည်။ အရင်ဘဝတုန်းက မင်းသမီးကိုတောင် သူသဘောမကျခဲ့ပေ။ ဒီဘဝမှာလည်း သူဘယ်လိုဖြစ်ဦးမည် မသိနိုင်ပေ။ ထိုအရာ အားလုံးမှာ မဖြစ်နိုင်သည့် ကောလာဟလများသာ ဖြစ်သည်။
ဒါပေမယ့်………
သူမက ကြေးမုံပြင်ကို ကြည့်လိုက်သည်။ သူမသည် အခုမှ ဆယ့်နှစ်နှစ်သာ ရှိသေးပြီး အမတ်မင်းနဲ့ လိုက်ဖက်သည့် အသက်အရွယ်ကို မရောက်သေး။
‘ဘာပဲဖြစ်ဖြစ် အခုလိုပဲ နောက်ကျရင်လည်း အဲ့ဒီလူကြီးဆီကို များများ သွားလည်ရမယ်’
ဆောင်းဦးရာသီ၏ မိုးက ဖွဲဖွဲလေး ကျနေပြီး အေးစိမ့်နေသည်။
သူမသည် မနက်စောစော နိုးလာပြီး ပြတင်းအပြင်က သစ်ရွက်ကြွေများ၊ မိုးစက်များကို ငေးနေမိသည်။ သူမသည် အလှပြင်ခုံ၏ မှန်ရှေ့တွင်ထိုင်လိုက်ပြီး အစေခံများက သူမ၏ခေါင်းကို ဖြီးသင်ပေးနေသည်။
“ငါအစ်ကို ၂ ကို မတွေ့ရတာ တစ်ပတ်ရှိပြီ၊ ဟယ်ယဲ့ သူက ဘာလို့ ဒီလောက် အကြာကြီး စစ်တန်းလျားမှာပဲ နေနေရတာလဲ” ဟု ဟယ်ယဲ့အား မေးလိုက်သည်။
“မသိပါဘူး မမလေး၊ စစ်မက်ရေးရာတွေက အရမ်း အလုပ်များနေလို့ ထင်ပါတယ်”
ဟယ်ယဲ့က သူမ၏ခေါင်းပေါ်ကို ပုလဲဆံထိုး ထိုးပေးရင်း ပြောလိုက်သည်။
“ကိုးလပိုင်း ကိုးရက်နေ့မှာ ကျင်းပမဲ့ ချွန်းယန်းပွဲတော်က ရောက်တော့မယ်၊ မမလေးက တောင်ပေါ်တက်ပြီး ဂန္နမာပန်းတွေကို သွားကြည့်မှာလား”
နန်းပေါင်ရီသည် အိမ်တော် အပြင်ဘက်သို့ မထွက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမက စိတ်တက်ကြွစွာ ပြောလိုက်သည်။
“အင်း၊ ငါသွားချင်တယ်၊ ပြီးတော့ အစ်မကြီးနဲ့ ကျူးကျူးကိုလည်း ခေါ်သွားရမယ်၊ ငါတို့ ညီအစ်မတွေ အတူတူ သွားကြမယ်”
“သခင်မလေးက မေ့နေတာလား၊ မမလေး ၁ နဲ့ ဆုန်းသခင်လေးက လက်ထပ်ခါနီးပြီ ဆိုတော့ သူတို့ အပြင်ထွက်လို့ မရဘူးလေ၊ ကျွန်မ ကြားမိတာတော့ မမလေး ၄ နဲ့ ဒုသခင်မက ချွန်းယန်းပွဲတော်ကျရင် ဒုသခင်မ ဘက်က အဘိုးအဘွားတွေနဲ့ ဆွေမျိုးတွေဆီ အလည်ပြန်ကြမလို့တဲ့”
နန်းပေါင်ရီမှာ အနည်းငယ် စိတ်ပျက်သွားသည်။ သူမ ခဏ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ငါ့အတွက် မင်အိုးနဲ့ စာရွက်ယူပေး၊ ငါစာတစ်စောင်ရေးပြီ း စစ်တန်းလျားကို ပို့လိုက်မယ်၊ အစ်ကို ၂ က ငါနဲ့အတူ တောင်တက်ပြီး ဂန္ဓမာပန်းတွေ သွားကြည့်မလားလို့ မေးကြည့်မယ်”
သူမ စာရေးပြီးသည့်အခါ ဟယ်ယဲ့က အိတ်ထဲကိုထည့်ပြီး ကျောက်ဝမ်ခြံသို့ သွားပေးလိုက်သည်။ သူမသည် ယွီဝေကိုတွေ့သည်နှင့် ပြုံးပြီးပြောလိုက်သည်။
“ကျွန်မတို့ မမလေးက အကိုလေး ၂ ကို စာတစ်စောင် ပေးခိုင်းလိုက်ပါတယ်၊ သူမက ဒီစာကို စစ်တန်းလျားက အစ်ကိုလေးဆီကို ပို့ပေးလို့ ရမလားလို့ မေးခိုင်းလိုက်ပါတယ်”
ယွီဝေ့က ပျော်ရွှင်သွားတော့သည်။ ဟယ်ယဲ့ ထွက်သွားပြီးနောက် သူမသည် စာနဲ့ အစားအသောက်ဘူးကို ယူပြီး ခြံဝင်း၏ အရှေ့တောင်ဘက်က ဘိုးဘေး ကမ္ဗည်းတိုင်ဆောင်ဆီသို့ သွားလိုက်သည်။ ဘိုးဘေးကမ္ဗည်းတိုင်ဆောင်က တိတ်ဆိတ်နေသည်။
သူမ၏သခင်လေးသည် နန်းသခင်မကြီး၏ ခုနစ်ရက်တာ အပြစ်ပေးမှုကို ခံရပြီး ခန်းမ၏ဘေးမှ အခန်းငယ်ထဲတွင် နေ့တိုင်း ကျမ်းစာများကို ကူးရေးနေရသည်။ မြင့်မြတ်ပြီး ဂုဏ်သရေရှိသည့် အမတ်မင်း တစ်ယောက်မှာ ဒီလို အပြစ်ပေးခြင်းမျိုး မခံရသင့်ပါချေ။ သူမသည် နေ့လယ်စာကို စားပွဲပေါ် တင်လိုက်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဘာလို့သခင်က ဟိုအဘွားကြီး ပြောတာကို နာခံနေရတာလဲ၊ အခုဆို ရာသီဥတုကလည်း ပိုအေးလာပြီ၊ ဘိုးဘေး ကမ္ဗည်းတိုင်ဆောင်မှာက အရမ်းအေးတယ်၊ သခင် ဘာမှမခံစားရဘူးလား”
ရှောင်းယီသည် စုတ်တံကို လက်မှ ချလိုက်သည်။ ဆောင်းဦးရာသီ၏ လေအေးများက ပြတင်းကိုဖြတ်၍ တိုက်ခတ်လာပြီး စာရွက်ပေါ်မှ မှင်တွေကို အလျင်အမြန် ခြောက်သွားစေသည်။ ထို့နောက် တည်ကြည်လေးနက်သော အသံဖြင့် သူက ပြောလိုက်သည်။
“ငါ နန်းကျောင်းကျောင်းကို တကယ် သဘောကျနေတယ်ဆိုတာ သူ သိအောင်လို့”
ယွီဝေ့က စွပ်ပြုတ်ကို ထည့်ပေးနေရင်း တွေးနေသည်။ တိတ်တိတ်လေး လူမသိသူမသိ သဘောကျနေတာက ဘာလုပ်လို့ရမှာလဲ၊ ဘာကိုမှလည်း မပြောင်းလဲနိုင်ဘူး၊ တကယ်ပဲ အရမ်းကို အာဏာရှိသည့် အမတ်မင်း တစ်ယောက်၏ပုံစံနဲ့ သွေဖည်နေပြီ။
သူမက သူမ၏လက်မောင်းကြားမှ စာကို ထုတ်ယူလိုက်ပြီး “သခင်၊ သခင်မလေး ၅ က ပေးလိုက်တဲ့စာပါ”
ရှောင်းယီက ယူပြီး ဖတ်ကြည့်လိုက်သည်။ မိန်းမငယ်လေးသည် သူမရှိသည့် အတောအတွင်း ချက်ချင်းကို စာရေးရတာ ပျင်းသွားပုံပင်၊ စာက ပုံမှန်ဆန်ပြီး အရေးအသား တိုးတက်မလာပါခေျ။ စာသားတွေကတော့ ပို၍ဆိုးဝါးပြီး ရက်စက်နေသည်။
‘အစ်ကို ၂
ညီမလေး စာရေးလိုက်ပါတယ်၊
သီချင်းတွေထဲမှာ ရေးကြတာက ‘မင်းကို တစ်ရက် မတွေ့ရရင် ဆောင်းဦးသုံးလီ မတွေ့ရသလိုပါပဲ’ တဲ့၊ အစ်ကို ၂ နဲ့ ညီမလေးက မတွေ့ရတာ ခုနစ်ရက်ရှိပြီ၊ တကယ်လို့ အစ်ကိုသာ သေချာ ရေတွက်ထားမယ် ဆိုရင် ဆောင်းဦး နှစ်ဆယ့်တစ်လီ ရှိနေပြီ၊ သိရဲ့လား။
ချွန်းယန်းပွဲတော်က ရောက်တော့မယ်၊
ညီမလေးက ရှေးကဗျာ တစ်ပုဒ်ကို ကိုးကားပြီး ရေးထားတာ ရှိတယ်၊ အစ်ကို ဖတ်ကြည့်ချင်မလား မသိဘူး။
‘နန်းအိမ်တော်၏ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ညီမလေးသဘောကျတယ်၊
အစ်ကိုလည်း စစ်တန်းလျားကနေ ခံစားမိမှာပါ၊
ချွန်းယန်း ပွဲတော်မှာ တောင်ပေါ်တက်လို့
နေရာတိုင်းမှာ ပြန့်ကျဲနေတဲ့ ဂန္နမာပန်းတွေရဲ့ အလှကို ရူစားကြတာပေါ့’
ညီမလေးရဲ့ အစ်ကို ၂ အပေါ် လွမ်းဆွတ်တမ်းတမှုက မြစ်ရေလို တသွင်သွင် စီးနေပါတယ်၊ ချွန်းယန်းပွဲတော်နေ့မှာ အစ်ကိုက ညီမလေးနဲ့အတူ တောင်တက်ပြီး ဂန္နမာပန်းတွေကို ရှုစားနိုင်ဖို့၊ ပွဲတော်ရက်တွေမှာ ညီမလေးနဲ့ အတူတူရှိဖို့ မျှော်လင့်နေပါတယ်။
ညီမလေး၊ အစ်ကို ၂ ကို ဖိတ်ခေါ်ရတယ် ဆိုတာက အစ်မ အကြီးဆုံးက လက်ထပ်တော့မှာမို့လို့ဖြစ်ပြီး ကျူးကျူးကလည်း သူ့အမေဘက်က အဘိုးအဘွားတွေနဲ့ ဆွေမျိုးတွေဆီ သွားလည်မှာမို့လို့ မဟုတ်ပါဘူး၊ အစ်ကိုနဲ့ ညီမလေးက ရင်းနှီးတဲ့ ဆက်ဆံရေးရှိလို့သာ ဖိတ်ခေါ်တာပါ၊ အစ်ကို ၂ အထင်မလွဲပါနဲ့’
“ကျောင်းကျောင်းတော်တော့”
ရှောင်းယီ၏ ပါးလှပ်သည့် နှုတ်ခမ်းများ တွန့်ကွေးသွားကြပြီး အပြုံးက တဖြည်းဖြည်း အေးစက်လာသည်။ နန်းကျောင်းကျောင်းက သူ့ကို ဖိတ်ခေါ်တယ်ဆိုတာ သူ၏ ညီအစ်မကောင်းတွေက မအားလို့ ဖိတ်ခေါ်လို့ မရလို့သာဖြစ်သည်။ သူ၏နှလုံးသားက ထိခိုက်သွားရပြီး အေးစက်စွာ ပြောလိုက်သည်။
“သွားပြန်ပြောလိုက်၊ စစ်တန်းလျားက အလုပ်တွေနဲ့ ငါမအားဘူးလို့ ချွန်းယန်းပွဲတော်ကို သူနဲ့အတူ မဆင်နွှဲနိုင်ဘူးလို့ ပြောလိုက်”
……………..
ဆုန်းဟယ့်ခြံတွင်….
ရှောင်းယီသည် ချွန်းယန်းပွဲတော်ကို သူမနှင့်အတူ မဆင်နွှဲနိုင်သောကြောင့် နန်းပေါင်ရီ အရမ်း ဝမ်းနည်းနေသည်။ သူမသည် ခဏစဉ်းစားလိုက်ပြီး ဟယ်ယဲ့အား လှပသည့် အစားအစာဘူးကို ယူလာရန် စေခိုင်းလိုက်သည်။
သူမသည် အစားအစာဘူးအား ယွီဝေ့ကို ပေးလိုက်ပြီး ပြောလိုက်သည်။
“ချွန်းယန်းပွဲတော် ရောက်တော့မယ်၊ ထုံးတမ်း အစဉ်အလာအရ ရေနွေးငွေ့ ကိတ်မုန့်လေး တွေကို ရင်းနှီးတဲ့ သူတွေကို ပေးကြတယ်လေ၊ စားဖိုမှူးက ဒီကိတ်မုန့်တွေကို သေချာဖုတ်ထားတာ၊ ဒါတွေက စစ်တန်းလျားက အစားအစာတွေထက် ပိုပြီးစားကောင်းတယ်၊ အစ်ကို ၂ ကို ပေးပေးပါ”
ယွီဝေ့ မျက်လုံး ပြူးသွားသည်။ ဖဲပြားပုံစံ အလံတိုင်သေးလေးတွေကို မုန့်တွေမှာ စိုက်ထားပြီး သလဲသီးစေ့၊ အဝါရောင် သစ်အယ်သီး၊ ထင်းရူးသီးစေ့များရောပြီး ကိတ်မုန့်ကို လုပ်ထားသည်။ အရမ်းကို လှလှပပ တန်ဆာဆင်ထားသည်။ ထို့နောက် သူမက ယဉ်ယဉ်ကျေးကျေး ပြန်လည် ပြောလိုက်သည်။
“မမလေးရဲ့ စေတနာကို သခင်က နားလည်မှာပါ”
ယွီဝေ့သည် အစားအစာသေတ္တာကို ဘိုးဘေးခန်းမဆောင်သို့ ပို့လိုက်သည်။ ရှောင်းယီသည် ခန်းမ၏ဘေးက အခန်းထဲမှာ ကျမ်းစာတွေကို ကူးရေးနေဆဲပင်။ သူမက ကိတ်မုန့်တွေကို စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
“သခင်မလေး ၅ က ပို့လိုက်တာပါ၊ သခင်က စစ်တန်းလျားမှာ အလုပ်များပြီး ပင်ပန်းနေရင် နည်းနည်းလောက် နားပါဦးတဲ့”
ရှောင်းယီက ကိတ်မုန့်တွေကို စိတ်ဝင်စားခြင်း မရှိဘဲ တစ်ချက် ကြည့်လိုက်သည်။ ဒီလို အချိုတွေကို သူဘယ်တုန်းကမှ မကြိုက်ခဲ့ချေ။ ယွီဝေ့က ဖျောင်းဖျလိုက်သည်။
“သခင် စားတာ မစားတာက အရေးမကြီးပါဘူး၊ ဒါပေမယ့် သခင်မလေး ၅ ကိုတော့ လက်ဆောင် ပြန်ပေးသင့်တယ်တယ် ထင်တယ်၊ သူမက စာတစ်စောင် ပို့လာပေမယ့် သခင်က စာမပြန်ဘူး၊ အခု သူမက ထပ်ပြီး လက်ဆောင် ပို့လာတယ်ဆိုတော့ သခင်က သူမကို တစ်ခုခု ပြန်ပေးသင့်တယ်၊ အဲ့ဒါမှ ယဉ်ကျေးမှု ရှိမှာပေါ့”
“လက်ဆောင် ပြန်ပေးရမယ်”
ရှောင်းယီသည် မျက်လုံးများကို အောက်ချလိုက်ပြီး စုတ်တံကို ကိုင်ထားရင်း
“လက်ဆောင်ပြန်ပေးဖို့ လိုလို့လား”
ယွီဝေ့မှာ ဆွံ့အသွားရသည်။
“ဟား! ဟား! ဟား!”
ကျန်းဆွေ့ဟန်သည် သူ၏ယပ်တောင်ကို လှုပ်ယမ်းလျက် လှမ်းဝင်လာပြီး “ရှောင်းသခင်လေးရယ်၊ အဲ့ဒီလို ပုံစံမျိုးနဲ့ မိန်းကလေးတွေကို ဆက်ဆံလို့ မရဘူးလေ၊ အဲ့ဒီနေရာမှာ ကျွန်တော်က အတွေ့အကြုံ အရှိဆုံးပဲ၊ မိန်းကလေးတွေက မျက်နှာချေမှုန့်တွေ၊ ပိုးထည်စတွေ၊ ပုလဲဆံထိုးတွေနဲ့ အဖိုးတန်သည့် ကျောက်စိမ်းတွေကို သဘောကျကြတယ်၊ နန်းသခင်မလေးကို ရက်တွေ အကြာကြီး ပျော်အောင် လုပ်ပေးဖို့ဆိုရင် ပေးချင်တဲ့ပစ္စည်းကို ပေးလိုက်လို့ရတယ်၊ ဘယ်လောက်ပဲ ခက်ခဲနေနေ၊ ပန်းတွေလည်း ပို့ပေးလို့ရတယ်”
ရှောင်းယီက နှာခေါင်းကိုရှုံ့လိုက်ပြီး “မလိုဘူး”
ကောင်မလေးသည် သူ့ကိုစိတ်ထဲရှိမနေပေ၊ လူအများကြီးကို ဖိတ်ထားပြီး ထိုသူများ ငြင်းလိုက်မှ သူ့အား သတိရခြင်းဖြစ်သည်။
‘ ဘာကြောင့် သူမကို လက်ဆောင်ပေး ရမှာလဲ’
“ကျွန်တော် အစ်ကို့ကို ထပ်မပြောတော့ဘူး”
ကျန်းဆွေ့ဟန်သည် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး သူ၏မျက်နှာမှာ တည်ငြိမ်နေသည်။
“တစ်ခုကြားထားတယ်၊ ကျင်းကွမ်မြို့ကို ချွန်းယန်းပွဲတော်မှာ ရှန်းရိချောင် ရောက်မယ်တဲ့၊ ငါထင်တာတော့ ဒါက မင်း ရီလန်ကို အနိုင်ပိုင်းလိုက်တာကို ကြားသွားတဲ့ မင်းအမေရဲ့ အကြံဖြစ်ရမယ်၊ မင်းက သူမ သိမှာကို စိုးတယ်လေ၊ အဲ့ဒါကြောင့် သူမက သူ့ကို ဒီကိုလည်ဖို့ လွှတ်လိုက်တာနေမယ်”
ရှောင်းယီ၏ အမူအရာမှာ အနည်းငယ် အေးစက်သွားပြီး “ဒါက လည်ပတ်တာ မဟုတ်ဘဲနဲ့ လာစစ်ဆေးတာ ဖြစ်နေမှာစိုးရတယ်”
“မဟုတ်ဘူးလို့ ဘယ်သူပြောလဲ၊ ရှန်းရီချောင်က အစ်ကို့ရဲ့ တစ်ဝမ်းကွဲညီ ဖြစ်နေပေမဲ့ သူက ရေနံဆီမီးအိမ် တစ်လုံး မဟုတ်ဘူးလေ၊ သူရောက်လာလို့ ကျွန်တော်တို့အတွက် ကောင်းတာ ဘာမှမရှိဘူး”
ကျန်းဆွေ့ဟန်မှာ စိတ်တထင့်ထင့်ဖြင့် “သူက ဘယ်လောက်သေးတဲ့ အကြောင်းအရာပဲဖြစ်ဖြစ် စာပို့ပြီး တိုင်တတ်တယ်၊ အစ်ကို့ရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးက အစ်ကို့အမေဆီကို ပြန်ရောက်မှာပဲ၊ အစ်ကိုရှောင်း၊ ကျွန်တော် စကား အရမ်းများနေလို့ အပြစ်မတင်ပါနဲ့၊ တကယ်လို့ ရှန်းရိချောင်က နန်းပေါင်ရီအပေါ် အစ်ကို့ရဲ့ ခံစားချက်တွေကိုသာ သိသွားခဲ့ရင် သခင်မလေး ၅ အတွက် လုံးဝမကောင်း နိုင်ဘူး”
“အစ်ကို့အမေ၏ ဆုံးဖြတ်ချက် ခိုင်မာတာရယ်၊ ဉာဏ်ကောင်းတာရယ်နဲ့ဆိုရင် နန်းသခင်မလေး ၅ ကို အစ်ကို ကာကွယ် မပေးနိုင်လောက်ဘူး၊ ကျွန်တော် အစ်ကို့ကို နောက်ဆုံးပြောမယ်၊ အစ်ကို့အမေက နန်းတွင်းကိုတောင် ချုပ်ကိုင်နိုင်သည့် အာဏာရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး ကျုံးလိုင်မှာ အခြေချနိုင်တယ်၊ ကျွန်တော်တို့ ဦးလေးထန်ရဲ့ အမှတ်အသားကိုလည်း ရှာမတွေ့သေးဘူး၊ အစ်ကို့အဖေ အကူအညီနဲ့တောင် အခုချိန်ထိ တိုက်ခိုက် နေရတုန်းလေ၊ ဒီအချိန်အတောအတွင်း အစ်ကိုက ဖုံးကွယ်ထားဖို့ လိုတယ်၊ သူမကို မထိခိုက်အောင် နန်းသခင်မလေး ၅ နဲ့ ရင်းရင်းနှီးနှီး မနေနဲ့၊ အဲ့ဒါကပဲ အစ်ကို့ရဲ့ အဖြစ်မှန်ကို ဖုံးကွယ်ထားဖို့ အကောင်းဆုံး အကြံဖြစ်မယ်လို့ ကျွန်တော်ထင်တယ်”
မိဖုရားက ဘယ်လောက် အာဏာရှိလဲ ဆိုတာကို ယွီဝေ့ သိသည်။ သူမ ဖြူဖျော့လာသည်။ ဒီလို မည်းမှောင်သည့် ခံစားချက်မျိုး သူမတစ်ခါမှ မခံစားရဖူးပေ။ သူမက တီးတိုး ပြောလိုက်သည်။
“သခင်၊ ကျွန်မ… ကျွန်မ… သခင်က သခင်မလေး ၅ အပေါ် ခံစားချက်တွေ မရှိတော့ပါဘူးလို့ သခင်မကြီးကို ကျွန်မ သွားပြောလိုက်မယ်၊ သခင့်ကို ဘိုးဘေး ခန်းမဆောင်ကနေ ထွက်ခွာခွင့် ပေးလို့ရမလားလို့ ကျွန်မ သွားမေးလိုက်မယ်၊ အဲ့ဒါဆိုရင် ရှန်းသခင်လေးရဲ့ရှေ့မှာ သခင်လေး ဖုံးကွယ်ထားလို့ရပြီ”
ပြောပြီး သူမက တုန်တုန်လှုပ်လှုပ်ဖြင့် ထွက်သွားတော့သည်။ ရှောင်းယီသည် ကျမ်းစာတွေကို ဆက်ပြီး ကူးရေးနေသည်။ ဆယ့်ရှစ်နှစ်အရွယ် ကောင်လေး၏ မျက်နှာမှာ အေးစက်ပြီး တည်ကြည်နေသည်။ သူ၏ ကျဉ်းမြောင်းသော မျက်ဝန်းများက မည်းမှောင်သည့် မှင်နက်များထဲတွင် နစ်မြုပ်သွားသလို ခံစားရသည်။
စာပိုဒ်က သန့်ရှင်းနေပြီး ရေးသည့် လက်က ခိုင်ကြည်နေသည်။ စုတ်တံထိပ်ဖျားက သန်မာနေပြီး အင်အားကြီးသည့် သားရဲသည် သူ၏ အစွယ်တွေနဲ့ လက်သည်းတွေကို ဖျစ်ညှစ်နေသလို ကြောက်စရာ ကောင်းနေတော့သည်။
………………..