အပိုင်း (၁၀၂)
ကျောင်းကျောင်းနဲ့ ထပ်မတွေ့ဖို့ တားမြစ်တယ်
ရှသခင်မက ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါသာမှားတယ်ဆိုရင် ငါက ငါ့သမီးကို မင်းကို အလကားပေးလိုက်မယ်”
“အဲ့ဒါဆိုလည်း သဘောအတိုင်းပါပဲ”
ရှောင်းယီက ပြုံးရင်း သူမကို ကြည့်လိုက်ပြီး သူ၏ဝတ်ရုံလက်ကို ပေါ့ပေါ့ပါးပါး လှည့်ပြလိုက်သည်။ ညာဘက် လက်ကောက်ဝတ်ရော ဘယ်ဘက် လက်ကောက်ဝတ်မှာပါ ဘာဆိုဘာမှ မရှိပါချေ။
“မဖြစ်နိုင်ဘူး”
ရှသခင်မက မျှော်လင့်ချက်များ ကုန်ဆုံးသွားရပြီး “ချင်ချင်က သေချာပြောလိုက်တယ်…၊ ဒါနဲ့ ပန်းထိုးအိတ်၊ ပန်းထိုးအိတ်ကိုပြစမ်း”
ရှောင်းယီက အေးစက်စွာနဲ့ သူ့ခါးပတ်မှာ ချည်ထားသည့် ပန်းထိုးအိတ်ကို သူမဆီ ပစ်ပေးလိုက်သည်။ ရှသခင်မက အလောတကြီး ယူလိုက်ပြီး အနီးကပ် ကြည့်လိုက်သည့်အခါ ပန်းထိုးအိတ်က ဖူရုံလမ်း ဆိုင်မှ ဝယ်ထားသည့် ပန်းထိုးအိတ် ဖြစ်နေပြီး ဆိုင်၏ အမှတ်တံဆိပ် တပ်ထားသည်။ ဘယ်လိုဖြစ်ရတာလဲ။ ရှောင်းယီသည် နန်းပေါင်ရီကို သဘောကျနေတယ်လို့ ချင်ချင်က သူမအား ခိုင်ခိုင်မာမာ ပြောလိုက်တာဖြစ်သည်။ သူမ မှားနေတာများလား?
ရှောင်းယီက သူ၏စူးရှသည့် မျက်လုံးတွေကို စောင်းကြည့်လိုက်ပြီး “ခင်ဗျားက အမတ်တစ်ယောက်နဲ့ သူ့နှမကို မကျေမနပ်ဖြစ်ပြီး သွားပုပ်လေလွှင့် ပြောခဲ့တယ်၊ အမတ်မင်း တစ်ယောက်ကို စော်ကားတာက ဘယ်လို ပြစ်မှုမျိုးလဲ”
ရှသခင်မ၏မျက်နှာသည် နီရဲသွားပြီး သူမ၏အိတ်ကို စိတ်လှုပ်ရှားစွာ ဆုတ်ကိုင် ချေမွနေသည်။ သူမ၏မျက်နှာပေါ်က အပြုံးတွေဟာ လုံးဝကို ကွယ်ပျောက်သွားရပြီး ပြောလာသည်။
“နားလည်မှု လွဲတာပါ၊ အားလုံးက နားလည်မှု လွဲသွားရုံပါ၊ ကျွန်မက အမတ်မင်းရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှာ စိုးတဲ့စိတ်နဲ့ပါ၊ တမင်ရည်ရွယ်တာ မဟုတ်ရပါဘူး၊ လူကြီးတစ်ယောက် အနေနဲ့ သက်ညှာပေးပါ၊ ကျွန်မ အနားယူဖို့ ပြန်လိုက်ပါဦးမယ်၊ နှုတ်ဆက်ပါတယ်”
သူမဒီနေရာမှ အလျင်အမြန် ထွက်သွားချင်နေပြီသည်။
ရှောင်းယီက သူ၏နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ရင်း “ခုနကပဲ ခင်ဗျား ပြောတယ်လေ၊ ခင်ဗျားသာ မှားတယ်ဆိုရင် ရှချင်ချင်ကို အလကား ပေးမယ်ဆို၊ အဲ့ဒါကို ထည့်တွက် ရဦးမယ်လေ”
ရှသခင်မက သူမ၏နှုတ်ခမ်းတွေကို စိတ်မသက်မသာနဲ့ ကိုက်လိုက်သည်။
‘ခြေမနဲ့ စဉ်းစားရင်တောင် ဒါက သာမာန်ကာလျှံကာ ပြောလိုက်မှန်း သိသာနေသည့် စကားပဲလေ၊ ရှောင်းယီက ဘာလို့ အတည်မှတ်နေတာလဲ’
‘သူမ၏သမီးက ဘာလို့ အိမ်စေတစ်ယောက် ဖြစ်ရမတဲ့လဲ’
သူမက တွန့်ဆုတ်နေပြီး ပြုံးရင်း ပြောလိုက ်သည်။
“အမတ်မင်း အဲ့ဒါက အရင်က ကိစ္စတွေပါ၊ အမတ်မင်းက အိမ်စေ ဘယ်လိုချင်ပါ့မလဲ၊ ဘာလို့ချင်ချင်ကို ဂရုစိုက်နေတာလဲ၊ တကယ်လို့ အပြင်လူတွေသာ သိသွားကျရင် ကျွန်မတို့ ချင်ချင်အပေါ်မှာ အမတ်မင်းက စိတ်ရှိနေတယ်လို့ ထင်နေကြဦးမယ်”
ရှောင်းယီက ကြွေပန်းကန်လုံးလေးကို လှည့်ပတ် ကစားနေရင်း မျက်တောင်ဖျားတွေကို ပင့်ပြီး ရှသခင်မကြီးကို လှောင်ပြောင်သရော် လိုက်သည်။
“ရှသခင်မကြီး သေချာလည်း စဉ်းစားပါဦး၊ ရှချင်ချင်က လှလည်းမလှ၊ အရည်အချင်းလည်း မရှိသည့်အပြင် ရောဂါဆိုးပါ ရှိနေသေးတယ်၊ ဒီအမတ်မင်းက သူ့ကို သဘောကျဖို့ဆိုတာ စိတ်ကူးထဲမှာတောင် ထည့်မတွက်လေနဲ့၊ သူမက ကျုပ်ရဲ့အိမ်စေဖြစ်လာရင် ကျုပ်က ဆန်တောင် ကုန်သေးတယ်”
ရှသခင်မသည် အံ့အားသင့် သွားတော့သည်။ သူမ၏သမီးမှာ အပြောဆိုးတာမှန်သော်လည်း တစ်ပါးသူက သူမကို တန်ဖိုးမရှိသလို နှိမ်ချပြောလိုက်သည်မှာ သူမကို စိတ်ဆင်းရဲစေသည်။ သူမသည် အသံပြင်းပြင်းဖြင့် ပြောလိုက်သည်။
“အမတ်မင်း ချင်ချင်ကို ဒီလိုမနှိမ်ပါနဲ့၊ သူများတွေက သူ့ကို ဘယ်လိုပဲမြင်မြင် ကျွန်မတို့အတွက် ကတော့ ချင်ချင်က အရမ်းကောင်းတဲ့ သမီးပါ၊ သူမက အနာဂါတ်မှာ အိမ်ကောင်းကောင်းက သခင်လေးနဲ့ အိမ်ထောင်ပြုနိုင်မှာပါ”
ပြောပြီး စိတ်ဆိုးဒေါသကြီးစွာဖြင့် သူမထွက်သွားတော့သည်။
ခန်းမမှာ တိတ်ဆိတ်သွားသည်။
အချိန်အတန်ကြာမှ အဘွားအိုနန်း၏မျက်နှာမှာ စိတ်အေးသွားဟန်ဖြင့် ဖြည်းဖြည်းချင်း ထလိုက်ပြီး “ရှောင်းယီ၊ ဒီအဘွားနဲ့အတူ လိုက်ခဲ့”
ရှောင်းယီသည် သူမနဲ့အတူ နန်းမိသားစု၏ ဘိုးဘွား ကမ္ဗည်းတိုင် အဆောင်ကို ရောက်လာခဲ့သည်။ ဘိုးဘွားကမ္ဗည်းတိုင်အဆောင်သည် ခြံဝင်း၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ခန်းမသည် သန့်ရှင်းတောက်ပြောင်နေပြီး အထွတ်အမြတ်ထားသည့် ဘိုးဘေးများ၏ ကမ္ဗည်းတိုင်များ ရှိသည်။
ကမ္ဗည်းတိုင်များကို မျက်နှာမူလျက် အဘွားအိုသည် ကြမ်းပြင်က ထိုင်ဖုံပေါ်မှာ ဒူးထောက်ပြီး ဦးခေါင်းကိုညွှတ်၍ အရိုအသေ ပြုလိုက်သည်။
ရှောင်းယီကိုလည်း သူမဘေးမှာ နေရာယူစေရင်း “ဒူးထောက်ပြီး ဦးညှွတ်လိုက်”
ရှောင်းယီ မျက်ခုံးများ ပင့်လိုက်မိသည်။ ကွယ်လွန်သွားပြီဖြစ်သည့် နန်းသခင်ကြီးနှင့် ဇနီး၏ ကမ္ဗည်းတိုင်တွေက သူ့ရှေ့မှာ ရှိနေသည်။ ထိုသူတို့သည် သူ၏မွေးစားမိဘများ ဖြစ်သည်။ သူသည် ဘာခံစားချက်မှ မရှိသည့်မျက်နှာဖြင့် ထိုင်ဖုံပေါ်မှာ ဒူးထောက်လိုက်သည်။ အဘွားအိုမှာ အသံကျယ်ကျယ်ဖြင့် ပြောသည်။
“မင်းကို သားအကြီးဆုံး ခေါ်လာတုန်းက နို့မဖြတ်ရသေးတဲ့ နို့စို့ကလေးလေးပဲ ရှိသေးတယ်၊ ချွေးမကြီးက မင်းအတွက် ကလေးထိန်းကိုခေါ်ပြီး ကျွေးမွေး စောင့်ရှောက်ခဲ့ရတယ်၊ နန်းမိသားစုက မင်းကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို မမေ့ပါနဲ့”
ရှောင်းယီက တိတ်ဆိတ်သွားသည်။
“မင်းက အမတ်မင်း တစ်ယောက်ဖြစ်နေပြီ၊ ဒီအဘွားကြီးက မင်းကို ထိန်းချုပ်ဖို့ မတတ်နိုင်တော့ဘူး၊ ဒါပေမယ့် မင်းက ငါတို့နန်းမိသားစုက ကလေးတစ်ယောက် ဖြစ်နေတုန်းပဲ၊ အဲ့ဒါကြောင့် အဘွားတစ်ယောက် အနေနဲ့ မင်းကို ထိန်းပေးရလိမ့်မယ်”
“ကျောင်းကျောင်းက မင်းရဲ့ညီမလေးပါ၊ မင်းက သူ့အပေါ် တစ်မျိုးတွေးလို့ မရဘူး၊ ဒီသတင်းသာ အပြင်ကို ပြန့်သွားရင် ငါတို့အိမ်တော်ကို တခြားသူတွေက ဘယ်လို ထင်ကြမလဲ၊ ကျောင်းကျောင်းကို ဘယ်လို ထင်ကြမလဲ၊ ရှောင်းယီ၊ ဒါကလောကမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပဲ”
ရှောင်းယီသည် တိတ်တဆိတ်သာ တုံ့ပြန်လိုက်သည်။ သူတို့မိသားစု၏ မကောင်းသတင်း အပြင်ကို မပေါက်ကြားဖို့အတွက် ရှသခင်မကို ဖုံးကွယ် လိုက်နိုင်သည်။ ဒုတိယသခင်မက သူ့ကို ပြောပြခဲ့သောကြောင့် လတ်မှာပတ်ထားသည့် အနီရောင် ခေါင်းစည်းကွင်းလေးကို ချွတ်ခဲ့ပြီး ပန်းထိုးအိတ်ကို လဲခဲ့တာဖြစ်သည်။ ဒါပေမယ့် အဘွားအိုကိုတော့ ဖုံးကွယ်လို့ မရနိုင်ပါချေ။
သူ ကျောင်းကျောင်းကို တကယ် နှစ်သက်သည်။ တခြားသူများက ဒါကိုလှောင်ရယ်ကြပြီး လူပျိုပေါက်အရွယ် စိတ်ကူးယဉ်ဆန်တာလို့ ပြောကောင်း ပြောကြမည်။ ကျောင်းကျောင်းမှာ သာမာန် မိန်းကလေး တစ်ယောက်သာ ဖြစ်သော်ငြားလည်း ကမ္ဘာပေါ်မှာရှိသည့် ယောက်ျားတိုင်းသည် သူတို့ မိန်းကလေးတွေအတွက် ရက်စက် တတ်ကြသည်ပင်။
“အခုကစပြီး ကျောင်းကျောင်းကို မင်းနဲ့အတူ ကျောက်ဝမ်ခြံမှာ မထားတော့ဘူး၊ ပြီးတော့ မင်းလည်း သူနဲ့ ထပ်မတွေ့ရတော့ဘူး၊ ရှောင်းယီ ဘိုးဘွားကမ္ဗည်းတိုင်ဆောင်မှာ ဒူးထောက်ပြီး ပြန်စဉ်းစားနေ၊ ဒီကနေ အပြင်ကို ထွက်သွားတာနဲ့ မင်းရဲ့စိတ်တွေကို ဖျောက်ပစ်လိုက်တော့”
အဘွားအိုသည် အေးစက်သည့် မျက်နှာထားဖြင့် အပြင်ကို ထွက်သွားတော့သည်။ ရှောင်းယီမှာ ထိုင်ဖုံပေါ်၌ ဒူးထောက်နေဆဲ။ ကမ္ဗည်းတိုင်ရှေ့ ထွန်းညှိပူဇော်ထားသည့် အမွှေးတိုင်၏ အနံ့က ခန်းမထဲ ပျံ့နှံ့နေသည်။
သူသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ကောင်မလေး၏ သိမ်မွေ့နူးညံ့သည့် အထိအတွေ့နှင့် အပြုံးများက သူ့နှလုံးသားထဲတွင် ထင်ဟပ်လာသည်။ အစ်ကို ၂ ဟု ခေါ်တတ်သည့် သူမ၏အသံကို သူအမြဲ ကြားချင်သည်။ ပွဲတော်ရက်တိုင်းကို သူမနဲ့အတူ ဖြတ်သန်းချင်သည်။ သူမကလွဲပြီး သူ့ကို စိတ်ပူရအောင် လုပ်နိုင်သည့် မိန်းကလေး ကမ္ဘာပေါ်မှာ နောက်ထပ်မရှိချေ။ သူ သူမကို လက်ထပ်ချင်သည်။
အရိပ်တစ်ခုက သူ့ရှေ့ကို ရောက်လာသည်။ ကျန်းဆွေ့ဟန်သည် ဘိုးဘွားကမ္ဗည်းတိုင် အဆောင်ကို ခိုးဝင်လာပြီး ပျင်းရိစွာ ထိုင်လိုက်သည်။ သူသည် ရှောင်းယီ၏ တင်းမာနေသည့် မျက်နှာကို ကြည့်လိုက်သည်။
သူ မြေပဲကို အခွံခွာလိုက်ပြီး သူ၏ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း “ကျွန်တော် အခုလေးတင်ပဲ အစ်ကိုရဲ့ သတင်းကို ကြားလာခဲ့တယ်၊ အစ်ကို ဘာဆက်လုပ်မှာလဲ”
ရှောင်းယီသည် သူ့ကို လျစ်လျှူရှုလိုက်သည်။ ကျန်းဆွေ့ဟန်မှာ ကိုင်တွယ်ရခက်ပြီး အကူအညီ မရသည့်ပြင် စကားများပြီး ပေါက်ကရ ပြောတတ်သည်။
“ကျွန်တော် အကြံပေးချင်တာက အစ်ကိုရဲ့ လက်ရှိအခြေအနေကို မြန်မြန် ပြောင်းလဲသင့်တယ်၊ ပြီးတော့ နန်းအိမ်ကနေ အမြန်ဆုံး ထွက်သွားသင့်တယ်၊ မိသားစု ဆက်နွှယ်မှု အထောက်အထားတွေ အရဆိုရင် အစ်ကို နန်းသခင်မလေး ၅ ကို လက်ထပ်လို့ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် အခု သခင်မလေးက အရမ်း ငယ်သေးတယ်၊ သူ့ဘာသာ ဘာကို သဘောကျတယ်ဆိုတာ သိသေးမှာ မဟုတ်ဘူး၊ လက်ထပ်ဖို့ဆိုတာက ပိုတောင် ဝေးသေးတယ်၊ အစ်ကိုကသာ ဒီမှာထိုင်နေပြီး ဟော့ပေါ့အိုးထဲက ပုရွက်ဆိတ်လို စိတ်သောက ရောက်နေတာ။ သူကအစ်ကို့ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားနေတာ၊ အစ်ကို အဲ့ဒီလောက် အဝေးကြီး တွေးမနေနဲ့”
ရှောင်းယီက မျက်လုံးတွေကို ရုတ်တရက်ဖွင့်လိုက်ပြီး “မင်းဘာပြောတာလဲ”
သူ၏အသံက အေးစက်ပြီး ကြောက်စရာ ကောင်းနေသည်။ ကျန်းဆွေ့ဟန် ကြောက်လန့်သွားသည်။ သူသည် လက်ထဲမှ ပြန့်ကျဲကျသွားသည့် မြေပဲများကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ပြောလိုက်သည်။
“နန်းအိမ်တော်က အစ်ကိုလေး၊ အရမ်း စိတ်မလှုပ်ရှားပါနဲ့၊ အစ်ကိုက ရှုနိုင်ငံရဲ့ အရမ်းကို ချောမော ခံ့ညားပြီး ယောက်ျားပီသတဲ့သူပါ၊ မမလေး ၅ က အစ်ကို့ကို စိတ်ထဲမှာ ရှိနေမှာ အသေအချာပါပဲ၊ တကယ်လို့ ကျွန်တော်သာ သူဆိုရင် အစ်ကို့လို လူမျိုးကို လက်မထပ်ချင်ဘဲ နေနိုင်မှာမဟုတ်ဘူး”
ပြောပြီး အသက်ရှင်နေသေးတာကြောင့် ပျော်ရွှင်ဝမ်းမြောက် သွားသလို သူ၏နဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။
သူသည် ရှောင်းယီကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်မိမှာစိုးသောကြောင့် ထွက်ပြေး သွားတော့သည်။
ဘိုးဘွား ကမ္ဗည်းတိုင်ဆောင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ ရှောင်းယီသည် ရှင်းလင်းနေသည့် ခန်းမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ကျောင်းကျောင်းကို သူတကယ် သဘောကျသည်။ ဒါပေမယ့် ကျောင်းကျောင်းက သူ့အပေါ် ဘယ်လို သဘောထားလဲ သူမသိ။ သူဖွင့်ပြောလိုက်မယ် ဆိုရင်ရော ကျောင်းကျောင်းက သူ့ကိုပြန်ပြီး သဘောကျပါ့မလား?….
………….
ကျောက်ဝမ်ခြံတွင်….
အဒေါ်ကျိက အိမ်စေတွေကို နန်းပေါင်ရီ၏ ပစ္စည်းတွေကို ဆုန်းဟယ့်ခြံသို့ ရွှေ့ရန် အမိန့်ပေးနေသည်။ နန်းပေါင်ရီသည် တံစက်မြိတ်အောက်၌ မတ်တပ်ရပ်ရင်း သိလိုစိတ် ပြင်းပြစွာ မေးလိုက်သည်။
“အဒေါ်ကျိ၊ သမီးကဘာလို့ အဘွား၏ခြံကို ပြောင်းနေရမှာလဲဟင်”
အဒေါ်ကျိက သူမ၏ ခေါင်းလေးကို ညင်သာစွာထိလိုက်ပြီး “ဆောင်းတွင်း ဝင်တော့မှာဆိုတော့ သခင်မကြီးက အထီးကျန်နေလို့ မမလေး သူ့ကို အဖော်ပြုစေချင်တာ၊ မမလေးက လိမ္မာသိတတ်တဲ့ ကလေးပါ၊ အဘွားနဲ့ နေချင်တယ်မှလား၊ ဟင်?”
နန်းပေါင်ရီက မျက်ခုံးတွေကို ပင့်လိုက်ပြီး “နေချင်တာပေါ့၊ အဘွားနဲ့ နေရမှာကို သမီး သဘောကျပါတယ်၊ အဒေါ်ကျိ၊ ခဏလေးနော်၊ သမီး အစ်ကို ၂ ကို သွားနှုတ်ဆက် လိုက်ဦးမယ်”
“ဒုတိယ အစ်ကိုလေးက ဒီရက်ပိုင်း အလုပ်များနေတယ်၊ သခင်မလေးကို တွေ့ဖို့ အချိန်မရှိလောက်ဘူး၊ သူရုံးတော်က ပြန်လာရင် သူဆုန်းဟယ့်ခြံကို လာပြီး အဘွားကို လာနှုတ်ဆက်လိမ့်မယ်”
နန်းပေါင်ရီသည် ခဏစဉ်းစားလိုက်ပြီး တိတ်တဆိတ် သဘောတူလိုက်သည်။ အဒေါ်ကျိက သူမကို ဆုန်းဟယ့်ခြံသို့ ခေါ်သွားသည်။ သူမ နေရမည့် အခန်းကို သေသပ်ကျနစွာ ပြင်ဆင်ပေးထားသည်။ စန္နကူးဖြင့် လုပ်ထားသည့် ပရိဘောဂများ၊ ပြတင်းပေါက် ခန်းဆီးလိုက်ကာများဖြင့် အထူးကောင်းမွန်စွာ တန်ဆာဆင်ထားသည်။
မီးဖိုချောင်သုံး ပစ္စည်းများဖြင့် ကစားနေရင်း သူမသည် အိပ်ရာပြင်ဆင်နေသည့် ဟယ်ယဲ့ကို ကြည့်ပြီး ပြောလိုက်သည်။
“ဟယ်ယဲ့ ဘာဖြစ်လို့ အဘွားက ရုတ်တရက်ကြီး သူနဲ့လာနေဖို့ ငါ့ကို ခေါ်တာလဲ မသိဘူး၊ သူတို့ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ ငါခံစားမိတယ်”
ရှသခင်မ ရောက်လာသည့် အချိန်မှာ ဟယ်ယဲ့က သခင်မကြီးကို ပျားလိမ္မော်တွေ သွားပို့ပေးတာဖြစ်သည်။ ထို့ကြောင့် သူမသည် အဖြစ်အပျက်များကို ကိုယ်တိုင် တွေ့လိုက်ရသည်။ သူမသည် ‘ရှသခင်မ နောက်ထပ် လာရဲလာကြည့်’ လို့တောင် စိတ်ဆိုးဆိုးနဲ့ ကြိမ်းဝါးလိုက်သေးသည်။
“အစ်ကိုလေး ၂ က မမလေးကို မောင်နှမလိုထက် ပိုပြီးချစ်နေတယ်၊ မဖြူစင်ဘူးဆိုပြီး သွားပုပ်လေလွင့် ပြောကြတယ်လေ၊ ကျွန်မ အထင်ပြောရရင် သခင်မကြီးက အဲ့ဒီလို လျှောက်ပြောကြတာတွေ ရပ်သွားအောင် ဆုန်းဟယ့်ခြံကို ပြောင်းခိုင်းတာ နေမယ်”
……………………..