အပိုင်း (၈၄)
လက်ထပ်ထိမ်းမြားခွင့်
နန်းပေါင်ရီ သေရည်သောက်ပြီးနောက် ခံတွင်းထဲတွင် ပန်းရနံ့ချိုလေးများ မွှေးပျံ့သွားသည်။
သူမက လက်ဖက်ရည်ခွက်လေးကိုကိုင်ရင်း …
“အစ်ကို ၂ .. ညီမလေးထပ်သောက်ချင်သေးတယ်”
ဟယ်ယဲ့ က သူမအနားကပ်ကာ သတိပေးသည်။
“သခင်မလေး .. သခင်မလေးက နည်းနည်းသောက်တာနဲ့မူးတာနော် .. ထပ်သောက်လို့မဖြစ်ဘူး”
“ဒါပေမယ့် ငါသောက်ချင်သေးတယ်လေ”
ကလေးမလေး၏ မီးငှက်သဖွယ်မျက်လုံးရွဲကြီးများက ကြည်လင်တောက်ပကာ သူမ၏မူပိုသောမျက်နှာထားကြောင့် ရှောင်းယီ မငြင်းနိုင်ဖြစ်သွားလေသည်။
ဟယ်ယဲ့ က ထပ်မံဖျောင်းဖျလိုသော်လည်း ရှောင်းယီ က
“ငါရှိတယ် စိတ်မပူနဲ့ .. မင်းတို့အားလုံးပြန်လို့ရပြီ”
အခန်းထဲရှိအစေခံများလည်း ထွက်သွားကြျလသည်။
ရှောင်းယီ က နန်းပေါင်ရီကို သေရည်တစ်ခွက်ငှဲ့ပေးသည်။
သို့သော် နန်းပေါင်ရီ မှာ သေရည်ကိုထိသည်နှင့်မူးသည့်သူမျိုးဖြစ်သောကြောင့် နောက်တစ်ခွက်သောက်အပြီးတွင် သူမ၏မျက်နှာမှာ နီမြန်းသွားလေသည်။
ဂဏန်းလုံးအချို့ကိုစားချင်သေးသဖြင့် တစ်လုံးလှမ်းယူလိုက်သော်လည်း မူးနေသောကြောင့် အခွံမခွာနိုင်တော့ပေ။
ရှောင်းယီ က သူမလက်ထဲမှ ဂဏန်းလုံးကိုယူကာ ဂရုတစိုက်နှင့် အခွံခွာပေးပြီးနောက် အသားနှင့်အဆီများကို သူမ၏ပန်းကန်လုံးထဲ ထည့်ပေးမည်အပြုတွင် ကလေးမလေးက ပန်းကန်လုံးလေးကိုကိုင်ရင်း သူ့အနားတွင်ရိုကျိုးစွာလာထိုင်နေပုံမှာ ခွံ့ကျွေးခိုင်းနေသည့်ပုံပင်။
ရှောင်းယီ ပြုံးလိုက်ပြီး ဂဏန်အသားများကို သူမပန်းကန်လုံးထဲသို့ထည့်ပေးလိုက်သည့်အခါ ကလေးမလေးက မျက်လွှာချ၍ ငြိမ်သက်စွာဖြင့် ဣန္ဒြေရှိရှိယူစားလေသည်။ သူမက ဂဏန်းလုံးများစားရသည်ကို အလွန်ကြိုက်သည့်ပင်။
ထိုတစ်ခုကိုစားပြီးနောက် သူမအတွက် နောက်တစ်လုံးအခွံခွာပေးဖို့ တောင်းဆိုနေဟန်ဖြင့် တောက်ပသော မျက်လုံးရွဲကြီးများနှင့် သူ့ကိုမော့ကြည့်လေသည်။
ရှောင်းယီ က ဒုတိယတစ်ကောင်ကို အခွံဆက်ခွာပြီး ဂဏန်းအဆီများသူမပန်းကန်ထဲသို့ ထည့်ပေးလိုက်သောအခါ ကလေးမလေးက ရုတ်တရက်မျက်ရည်ကျလာလေသည်။
“ကျွန်မကို ရှင်တစ်ခါမှဂဏန်းအခွံမခွာပေးဖူးဘူး”
ရှောင်းယီ ကမျက်ခုံးပင့်လိုက်မိသည်။
ငယ်စဉ်က နန်းကျောင်းကျောင်း သည် အလွန်မာနကြီးလွန်းသည်။ သူမအတွက် သူတစ်ခါမှ ဂဏန်းအခွံမခွာပေးဖူးသေးပေ။
“နန်းယန်အတွက်ရှင်အမြဲတမ်း ဂဏန်းအခွံခွာပေးတယ် .. အဲဒီတုန်းက ကျွန်မအမြဲတွေးခဲ့တာက မိန်းကလေးတစ်ယောက်အတွက် ဂဏန်းအခွံနွှာပေးတယ်ဆိုတာ အဲဒီယ ောက်ျားလေးက သိပ်ချစ်လို့ဖြစ်ရမယ်လို့ .. ဟုတ်တယ်မလား”
သူမ ရှိုက်ငိုသံများဖြင့် ဆို့နင့်ကာ
“ဒါပေမယ့် ရှင်ကကျွန်မယောက်ျားလေ .. ရှင်နဲ့တစ်ဘဝလုံးအတူကုန်ဆုံးသွားချင်တဲ့သူက ကျွန်မပဲ .. ဘာလို့ ရှင်က ကျွန်မရဲ့အစ်မကို ဂဏန်းအခွံခွာပေးနိုင်ရတာလဲ … သူ့ကို ရှင်ချစ်နေတာမြင်တော့ မနာလိုသွားပြီး ဘုရားမှာဆုတစ်ခုတောင်းခဲ့တယ် .. ချမ်းသာတဲ့သူတွေ ဂုဏ်ရှိတဲ့သူတွေကျွန်မ မလိုချင်ဘူး .. ကိုယ့်ကိုရိုးရိုးသားသားဆက်ဆံပေးမယ့် ယောက်ျားကိုပဲလိုချင်တယ်လို့ဆုတောင်းခဲ့တယ် …. ဒါပေမယ့် ကျွန်မကအရမ်းဆိုးခဲ့တယ်လေ သေတဲ့အထိ ကျွန်မကိုအလိုလိုက်ပေးမယ့်သူနဲ့ မတွေ့ခဲ့ရဘူး … အခုကျွန်မ အကုန်အစကပြန်စလိုက်ပြီ ဆိုးသွမ်းတဲ့ကိစ္စမျိုးတစ်ခုမှမလုပ်တော့ပါဘူး ဘယ်သူ့ကိုမှလည်း အနိုင်မကျင့်တော့ပါဘူး”
သူမကမျက်ရည်များနှင့်နောင်တရနေပြီး ရှောင်းယီ ပခုံးပေါ်တွင် သနားစဖွယ်မှီနေ၏။
ရှောင်းယီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့မျက်လုံးထဲတွင် ခံစားချက်မျိုးစုံပြည့်နှက်သွားသည်။
ထိုကြောက်စရာအိပ်မက်အကြောင်းကို နန်းကျောင်းကျောင်းတစ်ယောက် ပြန်တွေးနေမိခြင်းဖြစ်မည်ကို သူသိသည်။
ထိုအိပ်မက်ထဲတွင် နန်းကျောင်းကျောင်း က ချန်းတယ်ယွီ နှင့်လက်ထပ်ခဲ့ရပြီး ချန်းတယ်ယွီ ကသူမကို ကောင်းမွန်စွာမဆက်ဆံခဲ့ပေ။
ထိုအိပ်မက်မှပြန်နိုးလာသည့်အချိန်အထိ ဝမ်းနည်းနေခဲ့သဖြင့် ချန်း မိသားစုက သူမကိုမည်မျှနာကျင်စေခဲ့ကြောင်း သိသာလှသည်။
ရှန်ကျင်း မြို့တွင်ပညာသွားသင်နေသော ချန်းတယ်ယွီ က ယခုနှစ်ဆောင်းရာသီတွင်ပြန်လာမည်ဟုသတင်းရသည်။
လက်ထပ်ခွင့်တောင်းဆိုခြင်းကို နန်းကျောင်းကျောင်းအတွက် သူငြင်းပေးရမည်ဟု တွေးပြီးကာ ကလေးမလေးကိုဖက်၍ မျက်ရည်များသုတ်ပေးလိုက်ပြီး အသာအယာချော့မော့ကာ …
“အခု နန်းကျောင်းကျောင်း က တော်လည်းတော် ချစ်စရာလည်းကောင်း သတ္တိလည်းရှိတယ် တွေ့ရခဲတဲ့မိန်းကလေးမျိုးပဲ .. ဒီကမ္ဘာကြီးမှာ မင်းအတွက် ဂဏန်းအခွံနွှာပေးမယ့်သူတွေ အများကြီးရှိမှာပါ”
နန်းပေါင်ရီ က မူးဝေနေသောမျက်ဝန်းများဖြင့် မော့ကြည့်သည်။ သူမ၏မျက်ဝန်းထဲတွင် ထင်ဟပ်နေသော ကောင်လေးသည် ချောမောခန့်ညား၍ နူးနူးညံ့ညံ့ရှိလှသဖြင့် ရှက်ကိုးရှက်ကန်းနှင့် …
“ကျွန်မက မိန်းမကောင်းလေးပဲ .. မိန်းမကောင်းလေးအတွက် ဘုရားရှင်က အခက်အခဲတွေနဲ့ကြုံရအောင်လုပ်မှာမဟုတ်ပါဘူး .. ဟုတ်တယ်မလား”
“ဒါပေါ့”
နန်းပေါင်ရီ က အားရကျေနပ်စွာပြုံးလိုက်သည်။
“ရှင်ကကျွန်မအတွက် ဂဏန်းအခွံနွှာပေးတဲ့အတွက် ရှင်လည်း ကြင်နာပြီးသဘောကောင်းတဲ့လူဖြစ်သွားပြီ .. ဘုရားရှင်က ရှင့်ကိုလည်းခက်ခဲအောင်လုပ်မှာမဟုတ်ဘူး .. ကံကောင်းခြင်းတွေပဲတွေ့ရလိမ့်မယ်”
သူမပြောသော မင်္ဂလာရှိသောစကားများကို ချစ်စရာကောင်းလှသည်။
ရှောင်းယီ ၏ အမူအရာ နူးညံ့သွားကာ သူမ၏လှပသောမျက်နှာကလေးကို ကြင်နာစွာပွတ်သပ်ပြီး ညင်သာစွာဖြင့် ….
“ငါ့ရဲ့ကံကောင်းခြင်းတွေကို ငါစောင့်မျှော်နေပါတယ်”
…..
ဆောင်းဦးရာသီ၏ အေးမြသောမနက်ခင်းတစ်ခုတွင် အလွန်အေးမြနေသည်။
ရှောင်းယီ ပြန်ရောက်နေပြီဖြစ်သောကြောင့် နန်းပေါင်ရီ အိပ်ရာပေါ်တွင်အပျင်းမထူရဲတော့ဘဲ မျက်နှာသစ် အဝတ်အစားလဲ၍ အုတ်ဂျုံယာပုတစ်ပန်းကန်သောက်ပြီးနောက် စာဖတ်ခန်းသို့သွားမည်အပြုတွင် ဟယ်ယဲ့ က ရုတ်တရက် အပြုံးနှင့်ရောက်လာသည်။
“သခင်မလေး .. သတင်းကောင်းပါတယ် !”
“ဘာသတင်းကောင်းလဲ”
“ဆုန်းဟယ့် ခြံထဲ ဧည့်သည်ရောင်နေတယ် .. သခင်မလေးရဲ့ဝမ်းကွဲအစ်ကို စုန့် .. သခင်လေး စုန့် လေ … ကျင်ကွမ်း မြို့ရဲ့ဂုဏ်သိက္ခာအရှိဆုံး သခင်မ ချွမ်ဖူ နဲ့ အတူလာတာ .. သခင်လေးစုန့် က ငွေတွေ၊ ပိုးထည်တွေ၊ ရှု ပိုးချည်တွေ၊လက်ဝတ်ရတနာတွေနဲ့ လက်ဆောင်တွေအများကြီးပါလာတယ်တဲ့ .. ငန်းတစ်ကောင်ပါလာတယ်လို့လည်းကြားတယ်”
သခင်မ ချွမ်ဖူ .. ငန်းရိုင်း ..
အရင်ဘဝတွင် နန်းပေါင်ရီလက်ထပ်ဖူးသဖြင့် မင်္ဂလာပွဲတစ်ခုအတွက် ရိုးရာဓလေ့ ၆မျိုးရှိကြောင်း သူမသိသည်။
မင်္ဂလာပွဲကျင်းပတော့မည့်အချိန်တွင် ငန်းကိုအသုံးပြုရခြင်းဖြစ်သောကြောင့် ဝမ်းကွဲအစ်ကိုက လက်ထပ်ခွင့်လာတောင်းခြင်းဖြစ်လိမ့်မည်။
နန်းပေါင်ရီ ပျော်သွားပြီး စာဖတ်ခန်းတွင်စာလေ့လာရန်ကိုပင် ဂရုမစိုက်တော့ဘဲ ဂါဝန်ကိုမပြီးနောက် ဆုန်းဟယ့် ခြံသို့ပြေးသွားသည့်အခါ ဆုန်းဟယ့် ခြံဝင်းတွင် ဝမ်းကွဲအစ်ကို၏လက်ဆောင်များနှင့် ပြည့်နေသည်။
ငန်းကြီးသည်လည်း အလွန်လှပပြီး လည်တိုင်တွင် အနီရောင်ပိုးချည်ပတ်ပေးထားကာ ပျော်ရွှင်နေသည့်ပုံပင်။
နန်းပေါင်ကျူး သည်လည်း ထိုနေရာတွင်ရောက်နေ၏။ သူမက သိချင်စိတ်ဖြင့် ထိုငန်းကိုလှမ်းကိုင်လေသည်။
“ကျူးကျူး .. သတိထား နင့်ကိုပေါက်လိုက်မယ်”
စပ်စုလွန်းသော နန်းပေါင်ကျူး ကို နန်းပေါင်ရီ သတိပေးလိုက်ရသည်။
နန်းပေါင်ကျူး အနည်းငယ်လန့်သွားပြီး လက်ကိုနောက်သို့ပြန်ရုပ်လိုက်ပြီး အစာကြူးစွာ
“ကျောင်းကျောင်း .. ဒီဘဲက အတော်ကြီးတာ အရသာရှိမယ့်ပုံပဲ .. ဘဲစွပ်ပြုတ်သာ လုပ်လိုက်ရရင် ….”
နန်းပေါင်ရီ ရှက်မိသွားသည်။
သူမ၏ဝမ်းကွဲအစ်မသည် ချမ်းသာစွာနေရသဖြင့် လယ်ကွင်းပြင်များ မီးဖိုခန်းများသို့ မသွားဖူးသောကြောင့် ဘဲနှင့်ငန်းကိုပင် မခွဲတတ်တော့သည့်အပြင် စွပ်ပြုတ်လုပ်ရန်ပင် ပြောလိုက်သေးသည်။ လက်ထပ်ခွင့်တောင်းသည့်အခါ သုံးသည့်ငန်းရိုင်းကို ကျူးကျူး က စွပ်ပြုတ်လုပ်စားချင်နေကြောင်း ဘွားဘွားသာသိသွားပါက သူမကျိန်းသေ အရိုက်ခံရလိမ့်မည်။
“ဝမ်းကွဲအစ်ကိုက မမကို လက်ထပ်ခွင့်တောင်းဖို့လာတာလေ”
နန်းကျူးကျူး က နားမလည်သေး။
“လက်ထပ်ခွင့်လာတောင်းတာကို ငန်းကြီးက လိုလို့လား”
“ငန်းရိုင်းတွေက သစ္စာရှိတဲ့တိရိစ္ဆာန်မျိုးလေ .. လက်ထပ်ပွဲအတွက် မယိုင်လဲတဲ့သစ္စာကို ကိုယ်စားပြုတာပေါ့ .. နောက်ပြီး ငန်းရိုင်းတွေက ကတိလည်းတည်တယ် .. ဆောင်းတွင်းဆို တောင်အရပ်ကိုရွှေ့ပြီး ပန်းတွေပွင့်တဲ့ နွေရာသီရောက်ရင် မြောက်အရပ်ကိုပြန်တယ် .. အုပ်လိုက်ပြန်သွားရင် တန်းစီနေပြီး အရှေ့အနောက်လိုက်ဖက်ညီညွတ်တယ်တဲ့ .. ဣန္ဒြေရှိတဲ့ သတ္တဝါမျိုးဖြစ်တဲ့အတွက် မိသားစုလိုက်ဖက်ညီခြင်းနဲ့ ပေါင်းစည်းခြင်းကို ကိုယ်စားပြုတယ”
“ဝိုး ! ကျောင်းကျောင်း .. နင်ကသိလှချည်လား တော်လိုက်တာ!”
နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းနှင့် နန်းပေါင်ကျူး လက်ကိုကိုင်ပြီး
“လာ .. ခန်းမကြီးကိုသွားကြည့်ရအောင်”
ခန်းမမကြီးတွင် လူစည်ကားနေပြီး ပန်းစားပွဲဝိုင်းတွင်လည်း သစ်သီးများအချိုပွဲများဖြင့် ပြည့်နေကာ အစေခံများကလည်း ပျော်နေကြလေသည်။
နန်းပေါင်ရုံ က ဘွားဘွားဘေးတွင်မှီနေပြီး သူမ၏ပါးများမှာရှက်သွေးဖြန်းနေပြီး ခေါင်းပင်မမော့နိုင်တော့ပေ။
ဒေါ်လေးက သခင်မ ချွမ်ဖူ နှင့်စကားပြောကာ ရယ်မောနေသည်။ မကြာမကြာ နန်းပေါင်ရုံ ငယ်ငယ်က ရှက်ဖွယ်အဖြစ်အပျက်များကိုထည့်ပြောလေ့ရှိသဖြင့် နန်းပေါင်ရုံ အလွန်ရှက်လာပြီး တစ်နေရာတွင် ပြေးပုန်းလိုက်ချင်သည်။
စုန့်ရှစ်နင် က ခါးမတ်မတ်ထိုင်နေပြီး သူ့ချစ်သူ၏ငယ်စဉ်ကအကြောင်းများကို နားထောင်ကာ သူမကို အလွန်ချစ်စရာကောင်းသည်ဟုတွေးရင်း နှစ်ခြိုက်စွာပြုံးနေပြီး သူ့အပြုံးတွင် စစ်မှန်သောမြတ်နိုးခြင်းများ ပေါ်လွင်နေသည်။
နန်းပေါင်ရီ နှင့် နန်းပေါင်ကျူး တို့က တံခါးခုံပေါ်တက်၍ သူမကိုနှုတ်ဆက်သည်။
မိန်းမငယ်လေးများထပ်ရောက်လာသဖြင့် ခန်းမကြီးတွင် ပို၍ပင်လူစည်ကားသွားလေသည်။
သခင်မကြီးက ပျော်ရွှင်စွာဖြင့် ..
ဒီနေ့က မင်္ဂလာရှိတဲ့နေ့ပဲ .. ရှစ်နင် .. မင်းဒီမှာနေ့လည်စာစားသွားလိုက်နော်”
စုန့်ရှစ်နင် က ပြုံး၍သဘောတူလိုက်သည်။
ထိုအချိန်တွင် အဒေါ် ကျိ က မျက်နှာပျက်လျက် အပြင်မှဝင်လာကာ …
“သခင်မကြီး .. ကျန်းမိသားစုကလူတွေရောက်နေတယ်”
သခင်မ ချန် နှင့် ကျန်းယွမ့်ဝမ် တို့ ရောက်လာလေသည်။
ကျန်းယွမ့်ဝမ် မှာ မနေ့က ရှ အိမ်တော်မှ အပြန်တွင် ထိုအကြောင်းကိုတွေးလေ နေရထိုင်ရခက်လေဖြစ်နေတော့သည်။
ပူနေသောဗိုက်ကိုကိုင်ရင်း အခြားလူများကိုဟိုဟိုဒီဒီအမိန့်ပေးနေသော စွန်းရှန့်ရှန့် ကိုကြည့်ကာ နန်းပေါင်ရုံ ၏နူးညံ့ညင်သာမှုကို ပို၍ပင် သတိရလာလေသည်။
နန်းပေါင်ရုံ ကို ကျန်းယွမ့်ဝမ် ထိုကဲ့သို့ လက်မလျှော့လိုက်နိုင်ပေ။ စုန့် မိသားစုက နန်း အိမ်တော်သို့ ယနေ့တွင်လက်ထပ်ခွင့်လာတောင်းမည့်အကြောင်း သူသတင်းကြားထားသဖြင့် သူ့အမေကိုလည်း လက်ထပ်ခွင့်တောင်းခိုင်းရန် ပူဆာလိုက်သည်။
အရာရှိမိသားစုနှင့် ကုန်သည်မိသားစုအကြား မည်သူ့ကိုရွေးရမည်ကို အရူးတစ်ယောက်ပင် သိလောက်သည်။