အပိုင်း (၈၃)
မိန်းကလေးကိုဦးစားပေးသည့် အစ်ကို ရှောင်း
ရှောင်းယီ ၏ခန့်ညားသောမျက်နှာက ပို၍ရက်စက်သည့်ပုံပေါက်နေသည်။
“ငါမင်းကို ကွန်ဖြူးရှပ်ဝါဒစာပေလေးမျိုးနဲ့ ဂန္တဝင်ငါးပုဒ်ကူးခိုင်းထားတယ်လေ .. ဒီမှာဘာလုပ်နေတာလဲ”
နန်းပေါင်ရီ က အမှားမလုပ်ဘဲအဆူခံရသည်ဟုမှတ်ယူလိုက်ပြီး …
“ကျန်းဆွေ့ဟန် က ညီမလေးကိုယ်တိုင်လုပ်ထားတဲ့ တည်သီးမုန့်တွေစားပစ်လိုက်တယ် ညီမလေးတောင် မစားရက်တာကို … အစ်ကိုနှစ် ညီမလေးကိုကူညီပေးဦး”
ဒီတော့ အစားအသောက်ကိစ္စပါလား။
ရှောင်းယီ စိတ်အေးသွားပြီး ကလေးမလေးကိုင်ထားသော တည်သီးမုန့်များကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့ ဒီမုန့်လုပ်ထားတာလဲ”
နန်းပေါင်ရီ က တည်သီးပင်ကို လက်ညှိုးထိုးပြကာ …
“ညီမလေးတို့ခြံထဲက တည်သီးပင်တွေမှာ တည်သီးတွေအများကြီးသီးနေတယ်လေ .. အစ်ကိုလည်းအိမ်မှာရှိရင်စားချင်မှာပဲလို့ ညီမလေးတွေးလိုက်ပေမယ့် အစ်ကိုပြန်လာတာနောက်ကျတော့ တည်သီးတွေကို လတ်လတ်ဆတ်ဆတ်မစားရလိုက်မှာစိုးလို့ မုန့်လုပ်လိုက်တာ အချဉ်တွေတောင်စပ်ထားသေးတယ် … အစ်ကို ၂ ပြန်လာရင် တည်သီးတွေအတူစားမယ်တွေးပြီး ညီမလေးမှာနေ့တိုင်းအလုပ်ရှုပ်နေခဲ့တာ .. ဒါပေမယ့် ကျန်းဆွေ့ဟန် က ခွင့်မတောင်းဘဲ အကုန်စားပစ်လိုက်တာ တစ်ခုပဲကျန်တော့တယ် ..”
သူမ၏အားထုတ်မှုများ အလဟဿဖြစ်သွားသည်ဟု ခံစားနေရလောက်မည်။ ကလေးမလေးက မတရားသလိုခံစားနေရပြီး စကားပြောရင်းပင် ဒေါကန်လာသည်။
သူမသည် အလွန်သိမ်မွေ့ပြီး ရိုးသားလွန်းလှသည်။
ရှောင်းယီ က သူမလက်ထဲမှမုန့်ကိုယူကာ နှစ်ပိုင်းပိုင်းလိုက်ပြီး တစ်ပိုင်းကို နန်းပေါင်ရီ အားပေးလျက် …
“အတူမျှစားကြတာပေါ့”
ရှောင်းယီ မှာ ဖရဲသီးနှင့်အခြားချိုသောမုန့်များကိုမကြိုက်သော်လည်း ထိုတည်သီးမုန့်သည် သူမကိုယ်တိုင်လုပ်ထားခြင်းဖြစ်သောကြောင့် သူမစိတ်မပျက်သွားစေရန် နည်းနည်းတော့စားပေးရမည်။
နန်းပေါင်ရီ က တည်သီးမုန့်ကိုကိုင်ပြီး ဂရုတစိုက်ဖြင့် တစ်ကိုက်လိုက်လိုက်သည်။
ထိုတည်သီးမုန့်မှာ ကျန်းဆွေ့ဟန် စားပြီးသား အကျန်ဖြစ်နေသောကြောင့် သေးသေးလေးဖြစ်ပြီး ချိုလည်း မချိုသည့်အပြင် အနည်းငယ်ပင် ခါးနေသေးသည်။
သူမ ရှောင်းယီကိုစိတ်ပူစွာဖြင့် မော့ကြည့်သည်။
အမတ်လောင်းမှာ ယခင်က အရသာရှိသောမုန့်များစွာ စားဖူးသော်လည်း ယခုကဲ့သို့မုန့်မျိုးကျွေးခြင်းသည် သူ့ကိုအရှက်ခွဲသလိုဖြစ်နိုင်သည်။
သို့သော် သူက ထိုမုန့်ကို ကမ္ဘာပေါ်ရတွင် အရသာအရှိဆုံးမုန့်တစ်ခုအလား သေသေ ချာချာဖြင့် ဖြည်းဖြည်းချင်းစားနေသောကြောင့် သူမ ပြောရခက်သွားသည်။
“အစ်ကိုနှစ် နည်းနည်းခါးတယ်လို့မထင်ဘူးလား”
ရှောင်းယီ က ပေါ့ပေါ့ပါးပါးနှင့် …
“ငါ့အတွက် မင်းကိုယ်တိုင်လုပ်ပေးထားတာဆိုတော့ တခြားမုန့်တွေနဲ့တော့ဘယ်ယှဉ်လို့ရမလဲ .. ငါကကြင်နာတဲ့စိတ်ကိုအရသာခံနေတာ .. မုန့်ကိုအရသာခံနေတာမဟုတ်ဘူး”
နန်းပေါင်ရီ အသက်ရှူမှားသွားသည်။
အရင်ဘဝတွင် သူမက နန်းယန် ဆီမှ ဟင်းချက်သင်ခဲ့ပြီး ချန်းတယ်ယွီ ကြိုက်သောဝက်နံရိုးဟင်းကို ကိုယ်တိုင်ချက်ကျွေးခဲ့သည်။ ဟင်းတစ်ပွဲပြင်ရန် တစ်ညနေလုံးကြိုးစားခဲ့ရပြီး စားပွဲပေါ်သို့ယူသွားသောအခါ ချန်းတယ်ယွီ က လှည့်ပင်မကြည့်ဘဲ အစေခံများကို သွန်ပစ်ခိုင်းခဲ့သဖြင့် သူမနားမလည်နိုင်ဖြစ်ခဲ့ရသည်။
ထိုကဲ့သို့ဟင်းလျာများသည် သူ့ကိုစော်ကားခြင်းနှင့်တူသည်ဟု ပြောကာ ယန်အာ နှင့်တန်းတူဖြစ်စေရန်ကြိုးစားခဲ့သဖြင့် ကိုယ့်နေရာကိုယ်မသိဟုပင် အဆူခံခဲ့ရ၏။
ထိုစကားများသည် ကြေကွဲဖွယ်ရာဖြစ်ပြီး ယခုပြန်တွေးလျှင်ပင် နှလုံးကိုအတင်းဆွဲညှစ်နေသကဲ့သို့ ခံစားရသည်။
သူမယနေ့လုပ်ထားသော တည်သီးမုန့်မှာ တကယ်ပင်ခါးသက်နေသော်လည်း အမတ်လောင်းက ထိုခါးသည်ကို ဂရုပင်မစိုက်ပေ။
နန်းပေါင်ရီ က ရှောင်းယီ ကိုကြည့်ပြီးနောက် မျက်ရာ်များ စီးကျလာလေသည်။
အတိတ်တွင်လူတိုင်းက သူ့ကိုရက်စက်သည်ဟု အပြစ်တင်ကြသော်ငြား သူကစိတ်ရင်းကောင်းသူများကို သစ္စာမဖောက်ခဲ့သဖြင့် သူသည် သစ္စာရှိသူတစ်ယောက်သာဖြစ်သည်။
ရှောင်းယီ က မျက်မှောင်ကြုတ်ကာ …
“ဘာလို့ငိုနေတာလဲ .. အရူးလား”
ရှောင်းယီ ဆူငေါက်သော်လည်း သူမကိုဖက်၍ နှစ်သိမ့်ပေးပြီး မျက်ရည်များကိုသုတ်ပေးလိုက်သည်။
နန်းပေါင်ရီက မျက်လုံးမှိတ်ပြီးသူ့လက်မောင်းကို တယုတယမှီနေလေသည်။
“အစ်ကိုနှစ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအစ်ကိုပဲ”
ကျန်းဆွေ့ဟန် က အလိုမကျသောမျက်နှာထားဖြင့် လှေကားပေါ်တွင်ထိုင်နေသည်။
သူ့အတွက်အရာရာမလွယ်ကူခဲ့ချေ။ အစ်ကို ရှောင်းက သူ့ကို စစ်မြေပြင်သို့ဆွဲခေါ်သွားပြီး လုံလုံလောက်လောက်ဒုက္ခခံပြီးမှသာ ပြန်လာခဲ့ရသည်။ ယခုလည်းသူတို့မောင်နှမနှစ်ယောက်ဖက်ပြီး ကြင်နာပြနေသည်ကို သူ့ကိုကြည့်စေပြန်သည်။
ဒေါသထွက်ထွက်နှင့် သစ်ကိုင်းခြောက်တစ်ခုကောက်ပြီး မြေကြီးပေါ်တွင် စက်ဝိုင်းပုံများဆွဲနေလိုက်သည်။
သူတို့နှစ်ယောက်ကို တစ်သက်လုံးမောင်နှမဖြစ်စေရန် ကျိန်စာတိုက်ရမည်။
စက်ဝိုင်းများဆွဲ၍မပြီးသေးခင်မှာပင် သူ့ခေါင်းပေါ်မှ အသည်းထိတ်စရာအအေးဓာတ်တစ်မျိုးရလိုက်သဖြင့် မော့ကြည့်လိုက်သောအခါ အစ်ကို ရှောင်း ၏ အေးစက်စက်အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။
“ခွင့်မတောင်းဘဲယူတာက ခိုးတာပဲ .. ကျန်းဆွေ့ဟန် .. မင်း ကျောင်းကျောင်း ကို မုန့်အလုံးနှစ်ဆယ် ပြန်လျော်ပေးရမယ်”
ရှောင်းယီ စကားကြောင့် ကျန်းဆွေ့ဟန် ဆွံ့အရလေသည်။ ပုပ်သိုးမတတ်ဖြစ်နေသော တည်သီးအနည်းငယ်ကိုသာ သူစားမိခဲ့သည်ကို တကယ်ပင် လျော်ကြေးတောင်းနေသည်။
အစ်ကို ရှောင်း က သူငယ်ချင်းများနှင့်ယှဉ်လျှင် မိန်းမများအပေါ် ပိုမျက်နှာလိုက်လေသည်။ တကယ်ပင် မလွယ်ကူချေ။
ထို့နောက် တည်သီးဝယ်ရန် စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်သွားလေတော့သည်။
နန်းပေါင်ရီ က စာဖတ်ခန်းထဲသို့ ရှောင်းယီ အနောက်မှလိုက်သွားကာ သူမကိုစာအုပ်များကူးရေးရန် အပြစ်ပေးခံထားရသော်လည်း စိတ်ထဲတွင်မကျေမနပ်မဖြစ်ပေ။
စာရွက်နှင့် မင်အိုးကိုချပြီး စားပွဲနောက်တွင်ရိုရိုသေသေထိုင်လိုက်ကာ မသိမသာ မျက်လုံးပင့်ကြည့်လိုက်သည်။
ရှောင်းယီ မှာ ညတွင်းချင်း ကျင်ကွမ်း သို့ အမြန်ပြန်လာရသော်လည်း အနားမယူဘဲ စားပွဲတစ်ဖက်ခြမ်းတွင်စာဖတ်နေသည်။
သမိုင်းစာအုပ်များကို အသေအချာဖတ်နေပြီး မျက်နှာထားက အေးတိအေးစက်နှင့် တည်တည်တံ့တံ့ရှိကာ မျက်ခုံးများကလည်း လေးလေးနက်နက်ရှိနေသည်။
စစ်မြေပြင်တွင် စစ်သည်ထောင်ပေါင်းများစွာကို အမိန့်ပေးစဉ်ကလည်း ထိုအမူအရာမျိုးဖြစ်ရမည်။
သူသည် တကယ်ပင်အစွမ်းထက်သောသူရဲကောင်းတစ်ယောက်ဖြစ်ပေသည်။
နန်းပေါင်ရီ က စုတ်တံကိုကိုက်ရင်း ချိုမြိန်စွာပြုံးမိသည်ကို ရှောင်းယီ က မျက်မှောင်ကြုတ်လျက် ….
“စာကူးရေးဖို့အပြစ်ပေးထားတယ်လေ .. ဘာတွေရူးကြောင်ကြောင်ရယ်နေတာလဲ .. ဆယ်ခါက နည်းသေးတယ်ထင်တယ်”
နန်းပေါင်ရီ အမြန်မျက်နှာပိုးသတ်ကာ နောက်ဆုံးတွင် အရယ်ရပ်သွားပြီးနောက် တိုးညင်းစွာပြောသည်။
“ဆယ်ခါနဲ့လုံလောက်ပါပြီ”
ပြောပြီးနောက် ခေါင်းငုံ့ကာ စာနှစ်လုံးထပ်ရေးလိုက်သည်။ ထို့နောက် အမတ်ကြီးက မည်သည့်စာအုပ်ဖတ်နေမလဲဟု ခန့်မှန်းရင်း ရှောင်းယီ ကိုထပ်မံခိုးကြည့်မိသည်။
အရည်အချင်းရှိသော၊ စစ်မက်ရေးရာတွင်ထူးချွန်သော ချောမောလှသည့် ထိုလူငယ်သည် အနာဂတ်တွင် လောကကြီးကိုအုပ်စိုးနိုင်သော အာဏာရရှိလာလိမ့်မည်။
သူမက ကောင်းကင်၏အလိုကိုဆန့်ကျင်၍ အလွန်တော်သော အစ်ကို ၂နှင့် တွေ့ခွင့်ရသည်မှာ အင်မတန်ကံကောင်းလွန်းလှပေသည်။
ရှောင်းယီ စာရွက်တစ်ရွက်လှန်လိုက်ကာ မျက်မှောင်ကြုတ်ရင်း မော့ကြည့်သည်။ ကလေးမလေးက သူမ၏အူကြောင်ကြောင်အပြုံးကို ဖုံးကွယ်ရန်ပင် အချိန်မရလိုက်ဘဲ တန်းမိသွားလေသည်။
ရှောင်းယီ အေးစက်စက်ဖြင့် …
“အိမ်စာကို လေးလေးနက်နက်မထားဘူးဆိုရင် အခုလုပ်သမျှအကုန် နှစ်ဆထပ်လုပ်လိုက်”
နန်းပေါင်ရီ ကြောင်အမ်သွားလေသည်။
စာများကိုဆယ်ကြိမ်ကူးရန်ပင် မည်မျှကြာမည်မှန်း မသိသေးသည်ကို ၂ဆသာ ကူးရပါက လက်ကောက်ဝတ်ပင် အကောင်းအတိုင်းရှိတော့မည်မဟုတ်ပေ။
သူမ၏မျက်နှာတွင် နာကျင်မှုများပြည့်သွားကာ စုတ်တံကိုကောက်ကိုင်လိုက်ပြီး လေးလေးနက်နက်စာကူးရေးရန် ကြိုးစားတော့သည်။
ပြတင်းပေါက်အပြင်တွင် ရွှေရောင်နေလုံးကြီးက အနောက်အရပ်သို့ နစ်ဝင်သွားပြီး ငှက်များလည်း အိပ်တန်းတက်ကာ ဂန္ဓာမာပန်းများကိုလည်း ဆီးနှင်းများဖုံးလွှမ်းနေသည်။
ရှောင်းယီ သမိုင်းစာအုပ်ကိုပိတ်လိုက်ကာ နန်းပေါင်ရီကိုကြည့်လိုက်စဉ် ကလေးမလေးက လိမ်လိမ်မာမာဖြင့် စာများကူးရေးနေသည်။ စာလုံးများမှာ သပ်ရပ်ပြီး ပုံစံကျနေသဖြင့် အရင်လများကထက် ပို၍လက်ရေးလှလာပြီး သူမ၏ လက်ရေးလှစွမ်းရည်ကို သိသိသာသာပင် ထိန်းထားနိုင်သေးသည်။
စားသောက်ဖွယ်ရာများပြင်ရန် ယွိဝေ့ ကို တီးတိုးပြောလိုက်သည်။
ဟယ်ယဲ့ က နန်းပေါင်ရီ ကို လာခေါ်သောအခါ သူမက စိတ်ဝင်တစားဖြင့် အသည်းအသန် စာရေးနေသေးသည်။
“ဒုသခင်လေးက ရှောင်ဟွား အဆောင်တော်ထဲမှာ ညစာစားဖို့ သခင်မလေးကိုဖိတ်လိုက်တယ် .. မှောင်နေပြီ သခင်မလေး .. မျက်လုံးကိုထိခိုက်မိလိမ့်မယ်”
နန်းပေါင်ရီ သဘောတူကာ စုတ်တံကိုချပြီး ပျင်းရိစွာအကြောဆန့်လျက် ရှောင်ဟွား အဆောင်ထဲသို့ ထွက်သွားကြလေသည်။ စားပွဲဝိုင်းပေါ်တွင် စားသောက်ဖွယ်ရာများ ပြည့်နေပြီး ဂဏန်းလုံးနီပန်းကန်နှင့် တောင်ငယ်လေးတစ်လုံးကဲ့သို့ တလည်းသီးစေ့အနီးများကို ထည့်ထားသော ပန်းကန်လုံးကြီးတစ်လုံးမှာ ထင်းခနဲမြင်သာလှသည်။
ထိုပန်းကန်နှစ်ချပ်လုံးမှာ ကျူးကျူးပြောသည့် အရသာရှိသည်ဟူသော စားသောက်ဖွယ်ရာများပင်ဖြစ်လေသည်။
ရှောင်းယီ က ရနံ့သင်းနေသော ပင်လုံးကြိုင်သေရည်ခွက်ကို ငှဲ့ရင်း
“ဘာရပ်လုပ်နေတာလဲ .. ဒီကိုလာ”
နန်းပေါင်ရီက သူနှင့်ဆန့်ကျင်ဘက်တွင်ထိုင်ပြီး မျက်လုံးများ တောက်ပလာလေသည်။
“အစ်ကိုနှစ် .. ဒီနေ့ဘာလို့ ဂဏန်းလုံးတွေ တလည်းသီးတွေရှိနေတာလဲ .. ကျူးကျူးပြောတာကိုခိုးနားထောင်ပြီး ကျွန်မကိုပျော်အောင်လို့ ဒါတွေဝယ်ထားတာလား”
“ငါ့ဘာသာ ဒီအတိုင်းစားချင်လာလို့”
အမတ်ကြီးက တကယ်ပင်ပြောရခက်လှသည်။
နန်းပေါင်ရီ နားလည်သွားပြီး တပြုံးပြုံးနှင့် တလည်းစေ့များကို ဇွန်းအပြည့်ခပ်ယူလိုက်သည်။
မကြာသေးခင်ကမှခူးထားဟန်တူသော တလည်းသီးက အလွန်ပင်ချိုမြိန်လှသည်။
နန်းပေါင်ရီ မှာ လေထဲမှမွေးပျံ့နေသော ချိုမြိန်စူးရှသည့် ပင်လုံးကြိုင်သေရည်ရနံ့ကိုရသဖြင့် မေးလိုက်မိသည်။
“အစ်ကို ၂ .. ဒါအိမ်တော်က အသစ်ကျိုထားတဲ့ ပင်လုံးကြိုင်သေရည်မလား .. ညီမလေးလည်းသောက်ချင်တယ်”
“ကလေးပဲရှိသေးတာ .. ဘာလို့သောက်မှာလဲ”
နန်းပေါင်ရီက သွက်သွက်လက်လက်ပြန်ဖြေသည်။
“ဒါပေမယ့် ဒီသေရည်ကအဲ့လောက်မပြင်းဘူးလေ .. မိန်းကလေးတွေသောက်လို့ရတယ် .. နောက်ပြီး နွေဦးအလယ်ပွဲတော်နီးလာတော့ ပင်လုံးကြိုင်သေရည် သောက်သင့်တယ်လို့ ထင်တယ် ဂဏန်းနီနှစ်လုံးလောက်စားပြီး ခေါင်ရန်းနဲ့ဂန္ဓမာပန်းတွေကိုရှူစားလိုက်ရရင် ဒီနှစ်နွေဦးရာသီက လုံးဝပြည့်စုံသွားပြီလို့ဆိုလို့ရတယ်”
ရှောင်းယီ ခဏစဉ်းစားပြီးနောက် အစေခံတစ်ယောက်ကို အဖြူရောင်ကျောက်စိမ်းထည်ခွက်လေးတစ်ခွက် ယူခိုင်းပြီးနောက် သူမအတွက် ရေအနည်းငယ်ရောပေးလိုက်သည်။