အပိုင်း (၉၉)
ကျောင်းကျောင်းက တစ်ယောက်ယောက်ကြောင့် ထပ်ပြီး နာကျင်ရမဲ့ ကလေးလေး မဟုတ်တော့ဘူး
သခင်မကျန်းသည် ဒီအခြေအနေများ၌ ငယ်ရွယ်သည့် မိန်းကလေးတွေကို ထိခိုက်စေမှာ စိုးရိမ်ပြီး အေးစက်သည့် အသံနဲ့ ပြောလိုက်သည်။
“ ရုံအာ ညီမလေးတွေကို အပြင်ဘက် ခန်းမကိုခေါ်သွားလိုက်”
ထိုအချိန်တွင် နန်းပေါင်ရီမှာ တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ဒုတိယဒေါ်လေးမှာ လျိုရှောင်မုန့်ကို မျက်ရည်ကျအောင် ပညာပြတော့မည် ဆိုတာကို သူမသိနေတာကြောင့် သူမကလည်း ဒီမှာပဲနေပြီး ဒီစီးချင်းထိုးပွဲကို ကြည့်ချင်သည်။ သူမ၏ ဒုတိယဒေါ်လေးမှာ ကိုယ်ရံတော်မျိုးရိုးမှ ဖြစ်သည်လေ။ အပြင်ဘက်ခန်းမမှာ ထိုင်နေရင် ဒုတိယအဒေါ်က ဘယ်လို ပညာပြနေမလဲ ဆိုသည်ကို သူမ သိလိုက်ရမှာ မဟုတ်ပေ။
သိပ်မကြာခင်မှာပဲ လျိုရှောင်မုန့်၏ ဆွဲဆွဲငင်ငင် ငိုကြွေးသံကို သူတို့ကြားလိုက်ရသည်။
နန်းပေါင်ကျူးက ပန်းပွင့်ကိတ်ကိုစားရင်း မျက်လုံးကိုစိုက်ပြီး ကြည့်လိုက်သည်။
“နန်းယန် နင့်အမေငိုနေတာထင်တယ်”
နန်းယန်သည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှပြောမလာပါချေ။ သူမ၏ မျက်ဝန်းမှာ မျက်ရည်များဖြင့် ပြည့်နေပြီး မခံချိမခံသာ ဖြစ်နေသည်။ သူမ အသက် ၁၃ နှစ်ရှိပြီဖြစ်ပြီး ဒါက ဘယ်လောက် ရှက်စရာကောင်းလဲဆိုသည်ကို သူမသိသည်။ သူမမှာ ဒီလိုသိမ်ဖျင်းသည့် အမေမျိုးရှိတာ ဘယ်လောက်တောင် ကံမကောင်း လိုက်သလဲ။
နောက်ဆုံးတော့ နေ့လယ်စာ စားချိန်သို့ ရောက်လာပြီဖြစ်ပြီး လူအားလုံး၏ စိတ်အခြေအနေမှာ အဆင်ပြေပုံ မရပါချေ။
အကြောင်းရင်းမှာ နန်းကွမ်၏ တစ်ဇွတ်ထိုး နိုင်မှုကြောင့်သာ ဖြစ်သည်။ အစေခံများ လာပို့သည့် ဟင်းပွဲတွေ အားလုံးကို သခင်မကြီးက မစားရသေးခင်မှာပဲ သူဟာ တူနှစ်စုံကို ဦးအောင် ယူလိုက်ပြီး တစ်စုံကို လျိုရှောင်မုံ့ကို ပေးလိုက်ရင်း ပြောသည်။
“အမေ ၊ ဒုတိယမရီး၊ ရှောင်မုံ့နဲ့ယန်အာက အိမ်တော်ရဲ့ အပြင်မှာ နှစ်တွေအကြာကြီး နေခဲ့ရတာ တကယ် မလွယ်ဘူး။ ကံကောင်းလို့ အခုတော့ အိမ်တော်ထဲမှာ ရနေခွင့်ရပြီ။ ဒါကို ကျွန်တော်တို့ မိသားစု ပေါင်းစည်းသည့် မိတ်ဆုံစားပွဲလို့ မှတ်ယူကြရအောင်။ ယန်အာ သမီးက အဘွား၏ခြံကို နောက်ကျရင် အမြဲလာရမယ်။ ဒီက အသားလုံးတွေနဲ့ လတ်ဆတ်တဲ့ ပုစွန်တွေက အပြင်ကထက် အရသာရှိတယ်။ ကျောင်းကျောင်းလည်း အရမ်းကြိုက်တာ”
သူများက ယူသွားမှာ စိုးသည့်အတွက် သူသည် သေးငယ်သည့် ပန်းကန်လုံး တဝက်စာ ပုစွန်ထုပ်ကြော်ကို နန်းယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ နန်း ယန်မှာ ထမင်းပန်းကန်လုံးကို ကိုင်ရင်း နန်းပေါင်ရီကို ကြည့်လိုက်သည်။ ဒီအိမ်မှာ အကြီးတွေက အငယ်တွေကို ဘယ်လိုပုံစံမျိုး အလိုလိုက်ကြလဲ။ သူမ အဖေကတော့ နန်းပေါင်ရီကို လုံးဝ မျက်နှာသာမပေး။ ထို့နောက် သူမက ညင်သာစွာ ပြောလိုက်သည်။
“ကျောင်းကျောင်း ဖေဖေက ညီမလေးကို ချစ်ပါတယ်။ ဖေဖေက မမအတွက် ဟင်းတွေ
အများကြီး ထည့်ပေးထားတယ်။ ညီမလေး နည်းနည်းလောက် ယူမလား”
နန်းပေါင်ရီက မွေးပွဂဏန်းကိုစားဖို့ အပြင်းအထန် ကြိုးစားနေရင်း အလိုမကျစွာ ပြောလိုက်သည်။
“မမရဲ့ပန်းကန်နဲ့ တူတွေက တံတွေးတွေနဲ့ ပေနေတယ်။ အရမ်းညစ်ပတ်တာပဲ။ ညီမက သူများပန်းကန်ထဲက အစားအစာကို စားရတာ မကြိုက်ဘူး။ မမဘာသာပဲစားပါ”
နန်းယန် မရှုနိုင်မကယ်နိုင် ဖြစ်သွားသည်။ နန်းပေါင်ရီသည် တကယ်ဆို အမေလည်း မရှိသလို ရှိသည့်အဖေကလည်း တခြား ကလေးကို ပိုချစ်ပြီး ဂရုစိုက်နေသည်။ သူမ ဒါကို ဝမ်းနည်းနေသင့်သည်လေ။ သို့သော်လည်း ဘာကြောင့် သူမ၏မျက်နှာက ဘာမှမဖြစ်ရတာလဲ။ သူမသည် နန်းပေါင်ရီ၏ စိတ်ဆင်းရဲနေသည ့်မျက်နှာကို တကယ် မြင်ချင်မိတာကြောင့် ဆက်ပြောလိုက်သည်။
“ဖေဖေက ထည့်ပေးတဲ့ဟင်းနဲ့ ကိုယ့်ဘာသာ ထည့်စားသည့်ဟင်းက အရသာ ဘယ်တူနိုင်ပါ့မလဲ။ မမက ညီမလေးအပေါ် တကယ် ကောင်းကောင်း ဆက်ဆံချင်တာပါ။ အဲ့ဒါကြောင့် ဟင်းတွေ ခွဲကျွေးချင်တာ။ အဲ့ဒါဆိုရင် ညီမလေးလည်း ဖေဖေ့ရဲ့အချစ်ကိုရ…..”
စကားမဆုံးခင်မှာ ရှောင်းယီက ရုတ်တရက် ထရယ်လိုက်သည်။
“အဘွား ကျွန်တော်တို့ စီးပွားရေးမှာ ပြဿနာ တစ်ခုခုများ ရှိနေလား”
“ကျိန်းသေပေါက် မရှိဘူး”
“စီးပွားရေးမှာ ပြဿနာမရှိဘူးဆိုရင် ကျွန်တော်တို့မိသားစုက ချမ်းသာပြီး ဂုဏ်သိက္ခာရှိတဲ့ မိသားစုပေါ့။ အဲ့ဒါဆို ကျွန်တော်တို့ ဘာလို့ဟင်းပွဲတွေကို မျှဝေစားနေရမှာလဲ၊ အပြင်လူတွေလို အရမ်းဆင်းရဲမွဲတေ နေတာမှ မဟုတ်တာ”
ရှောင်းယီသည် အသားလုံးများအား နန်းပေါင်ရီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရင်း ဆက်ပြောသည်။
“ဦးလေး ၃ရဲ့ သမီးနဲ့ အပြင်လူတွေလိုမျိုး ဝေမျှစားနေစရာ မလိုဘူး”
နန်းကွမ်ဟာ အရမ်းစိတ်ဆိုးသွားပြီး အော်ဟစ်တော့သည်။
“ဘာ!!!! ငါက မင်းရဲ့ ဦးလေး ၃၊ ရှောင်မုန့်က မင်းရဲ့ ဒေါ်လေး ၃၊ ယန်အာက မင်းရဲ့ ညီမလေးလေ၊ ဘာလို့ အပြင်လူတွေလို့ ပြောရတာလဲ”
ရှောင်းယီက သူ့ကိုပျင်းရိစွာ ကြည့်လိုက်ပြီး “ဦးလေးတို့ ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပြီး ကန်တော့တာကို ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးဘူး၊ ဒါကြောင့် အဲ့ဒါကို ဇနီးလို့ မမှတ်ယူဘူး၊ ကျွန်တော်က သူမကို ဘယ်တုန်းကမှ လက်ဖက်ရည်နဲ့ ဂုဏ်မပြုဖူးဘူး၊ အဲ့ဒါကြောင့် ကိုယ်လုပ်တော် တစ်ယောက်လို့ မယူဆဘူး၊ ဇနီးတစ်ယောက်လည်း မဟုတ်ဘူး၊ ကိုယ်လုပ်တော်လည်း မဟုတ်ဘူး ဆိုမှတော့ သူမက အပြင်လူ မဟုတ်လို့ဘာလဲ”
ထိုစကားကို ကြားလိုက်သည့် အချိန်တွင် လျိုရှောင်မုံ့နဲ့ နန်းယန်တို့၏ မျက်နှာသည် ရက်ရက်စက်စက် ပါးနှစ်ချက် အရိုက်ခံရသလို ခံစားလိုက်ရပြီး အရှက်ရသွားရသည်။
“အာ ကျွန်တော်သိပြီ”
ရှောင်းယီက အဓိပ္ပါယ်ရှိရှိ ထပ်ပြောပြန်သည်။
“ကျွန်တော်က မိန်းကလေးလျိုကို ဖိတ်ခေါ်ချင်ပါတယ်… ဦးလေး ၃ ရဲ့ အများသုံး အခန်းကိုလေ၊ အများသုံး အခန်းဆိုရင်တော့ အစေခံတွေလည်း စားပွဲမှာ ထိုင်စားလို့ရတယ်၊ လာကြ၊ သူမရဲ့ ဟင်းတွေကို လာရွှေ့ပေးလိုက်ကြ”
တစ်ချိန်လုံး စိတ်ဆင်းရဲနေရသည့် ဒုတိယ သခင်မကျန်းသည် လျိုရှောင်မုံ့၏ ပန်းကန်တွေကို ကိုယ်တိုင် ဖယ်ထုတ်ပစ်လိုက်ပြီး အစေခံတွေကိုလည်း သူမ၏ ကုလားထိုင်ကို လာယူဖို့ စေခိုင်းလိုက်သည်။
လျိုရှောင်မုံ့၏မျက်နှာသည် ရှက်လွန်း၍ နီရဲနေပြီး သူမ၏ထိုင်ခုံကို ဖယ်ထုတ်နေတာကို ခုခံဖို့ ကြိုးစားသည်။ နန်းကွမ်မှာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩသွားရပြီး စိတ်တိုလာတော့သည်။ သူသည် သူ၏အမေကို မျက်ထောင့်နီနဲ့ ကြည့်ရင်း ပြောလိုက်သည်။
“အမေ၊ ရှောင်းယီက ကျိုးကြောင်းမသင့်ဘူး ဘာမှမမြင်တော့ဘူး၊ အမေ ဒါကိုဒီတိုင်း ကြည့်နေတာလား”
သခင်မကြီးက ရှောင်းယီကို ဂုဏ်ပြုလက်ခုပ်တောင် တီးပေးချင်နေတာ ဖြစ်သည်။ ဘာကြောင့်များ သူ့ကို တားရမသည့်လဲ။ သူမက ကြင်ကြင်နာနာ ပြောလိုက်သည်။
“ယီအာ၏ စကားတွေက အရမ်း အဓိပ္ပါယ်ရှိတယ်၊ ငါတို့အိမ်မှာ အပျော်မယ်တွေနဲ့ တစ်စားပွဲတည်း ထိုင်စားရိုး ထုံးစံမရှိဘူး၊ လျိုရှောင်မုန့်ကို အပြင်ဘက် ခြံဝန်းကို ခေါ်သွားရင် ခေါ်သွားလို့ ရတယ်၊ ငါတို့က မင်းတို့ မိသားစုကို မနှောင့်ယှက်ဘူး”
နန်းကွမ်ဟာ မူးမေ့လဲတော့မတတ် ဖြစ်သွားရသည်။ သူ့အမေက ရှောင်းယီကို တကယ် ဘက်လိုက်၊ မျက်နှာသာ ပေးထားပြီး သူ့လို သားအရင်းကိုတော့ ပစ်ပယ်သည်။ သူမက သူ့အပေါ် ဘယ်လိုတောင် လုပ်ရက်ရတာလဲ။ သူစကား ပြန်မပြောနိုင်သေးခင်မှာပဲ လျိုရှောင်မုံ့က ထငိုတော့သည်။
“ဒီကိုယ်လုပ်တော်က သူရဲ့ အဆင့်အတန်း နိမ့်ကျမှုကို သိပါတယ်၊ သခင် ၃နဲ့ မထိုက်တန်ဘူး ဆိုတာလည်း သိပါတယ်၊ ဒါပေမယ့် သခင် ၃နဲ့ ဒီကိုယ်လုပ်တော်က ချစ်နေခဲ့ကြတာ ကြာပါပြီ၊ ဘာလို့ ဝိုင်းပြီး အနိုင်ကျင့်နေကြတာလဲ”
သူမကပြောပြီး ငိုရင်း ဆုန်းဟယ့်ခြံကနေ ပြေးထွက်သွားတော့သည်။ သူမ၏ မျက်ရည်များက နန်းကွမ်ကို စိတ်သောက ရောက်စေပြီး သူက “မုန့်အာ!…” လို့ခေါ်ရင်း အပြေး လိုက်သွားတော့သည်။
နန်းယန်လည်း ဒီနေရာမှာ ဆက်နေဖို့ မရဲတော့ပါချေ၊ သူမ၏ မျက်လုံးတွေက နီရဲလာပြီး ထွက်သွားတော့သည်။
အိမ်ထဲမှ မိသားစုများသည် အခုမှပဲ စိတ်အေးသွားရပြီး မိတ်ဆုံစားပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲရ တော့သည်။ နန်းသခင်မကြီးက ပြုံးလိုက်ရင်း အမိန့်ပေးလိုက်သည်။
“ဒီတူတွေကို လွှင့်ပစ်လိုက်ကြစမ်း၊ ဒီဟင်းပွဲတွေကိုလည်း လဲပစ်လိုက်ကြ”
အစေခံများသည် စားပွဲပေါ်မှ အစားအသောက်များနှင့် ပန်းကန်များ၊ တူများအားလုံးကို လာရောက် ယူဆောင်ကြသည်။ နန်းပေါင်ရီသည် သူမ၏ ပန်းကန်လေးကို ကိုင်ထားပြီး အစေခံတွေကို သိမ်းခွင့်မပေးချေ။ သူမသည် ထမင်းထဲက အသားလုံးလေးတွေကို ကြည့်ပြီး နှလုံးသားထဲမှ ချိုမြိန်မှုကို ခံစားနေရသည်။
ဒါက အမတ်မင်း သူမကို ထည့်ပေးထားသည့် အသားလုံးများ ဖြစ်သည်။ သူမ၏အဖေကြောင့် သူမ စိတ်ထိခိုက်နေမှန်း ရှောင်းယီက သိတာကြောင့် သူမကို အထူးတလည် ဂရုစိုက်ပေးခဲ့ခြင်း ဖြစ်သည်။ အရာရှိမင်းက သူမကို ညီမလေးတစ်ယောက်လို စောင့်ရှောက်ပြီး ဂရုတစိုက် ချစ်ခင်ပေသည်။
နေ့လယ်စာ စားပြီးချိန် မိသားစုများ ရယ်မောပျော်ရွှင် နေကြသည်။ နန်းပေါင်ရီနှင့် နန်းပေါင်ကျူးသည် ခြံဝန်းထဲ၌ ကစားနေကြပြီး သိပ်မကြာခင် အဘွား၏ခြံမှ စာကြည့်ခန်းထဲမှာ အိပ်ပျော်သွားကြသည်။
ကျန်းဆွေ့ဟန်သည် ပန်းပွင့်ခန်းမ၌ ကတ်ကစားရင်း နန်းသခင်မကြီးနဲ့ ဒုတိယသခင်မတို့ကို စိတ်ပျော်ရွှင်အောင် ဖန်တီးပေးနေသည်။
ရှောင်းယီမှာ နန်းချန်ရှူးကို စာရှင်းပြနေသည်။ ရှောင်းယီ နှစ်ခေါက် ရှင်းပြတာတောင် သူဟာ နားမလည်နိုင်သေး။ ရှောင်းယီ စိတ်မရှည်တော့ သူသည် နန်းချန်ရှူးကို စကားလုံး ဆယ်လုံးအထိသုံးပြီး ရှင်းပြတာတောင်နားမလည်သေးချေ။
ရှောင်းယီသည် ဗီဒိုအနားသို့ လျှောက်သွားလိုက်ပြီး လိုက်ကာကို လှပ်ကြည့်လိုက်သည့်အခါ ညီအစ်မနှစ်ယောက်မှာ ညောင်စောင်းပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
နန်းပေါင်ကျူးက အအိပ်ကြမ်းသည်။ သူမက “သိုးသားကင်!..”လို့ယောင်နေပြီး နန်းပေါင်ရီ၏ မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်သည်။ ရှောင်းယီသည် မျက်လုံးထောင့်မှ မြင်လိုက်ပြီး နန်းပေါင်ကျူးကို ချီကာ ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။
သူသည် ညောင်စောင်းပေါ်၌ ထိုင်လိုက်ပြီး နန်းပေါင်ရီ၏ ပွနေသည့် ဆံပင်များကို သပ်ပေးနေသည်။ သူ့လက်ချောင်းထိပ်လေးများမှာ ကလေးမလေး၏ မျက်ခုံးပေါ်ကို ဖွဖွ ထိတွေ့နေသည်။ သူက သူမ၏ တခြား မျက်နှာ အစိတ်အပိုင်းတွေကို ထပ်ပြီး မထိတွေ့ရသေးခင် ဗီဒိုအပြင်ဘက်က ခြေသံကို ကြားလိုက် ရသည်။
ရှောင်းယီ၏အစေခံ ယွီဝေ့က ဝင်လာပြီး တီးတိုးပြောလိုက်သည်။
“ဟုန်းအာက အပြင်ခြံဝန်းကနေ အစီရင်ခံလာပါတယ်၊ နန်းယန် မနေ့က ပယင်းသေတ္တာနဲ့ လက်ဖက်ရည်ခွက်တွေ လက်ဆောင် ရလာပါတယ်တဲ့၊ သူက သံသယရှိတာနဲ့ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်တော့ ရှချင်းချင်းဆီက ရတဲ့ လက်ဆောင် ဖြစ်နေပါတယ်၊ ရှချင်းချင်းရဲ့ အဆုတ်ယောင် ရောဂါရှိတဲ့ တဝမ်းကွဲ ရှကျင်းချန် သုံးထားပြီးသား ခွက်တွေပါတဲ့၊ နန်းယန်ကို သူမက ရောဂါဆိုး ကူးစေချင်နေတာ ဖြစ်နေမှာ စိုးရပါတယ်၊ သခင်၊ မမလေးကို ဒီကိစ္စ ပြောလိုက်ရမလား”
ရှောင်းယီက သူ၏လက်ကို မြှောက်လိုက်ပြီး ငြင်းဆန်လိုက်သည်။ သူသည် နန်းပေါင်ရီ၏ အိပ်နေသည့် မျက်နှာလေးကို စိုက်ကြည့်နေရင်း ပြောလိုက်သည်။
“အဲ့ဒါတစ်ခုတည်းနဲ့ နန်းယန်ကို ရောဂါကူးအောင် လုပ်လို့မရဘူး”
ယွီဝေ့က နားလည်သွားပြီး တစ်ချက်ပြုံးရင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့ သခင်လေး၊ ကျွန်တော်မျိုးမ ဆောင်ရွက်လိုက်ပါ့မယ်”
သူမ ထွက်သွားသည့်အခါ ရှောင်းယီသည် နန်းပေါင်ရီ၏ သေးသွယ်သည့် လက်လေးကို ကိုင်လိုက်ပြီး ခေါင်းကိုငုံ့၍ နမ်းရှိုက်လိုက်သည်။ သူမ၏လက်က ခေါင်းရမ်းပန်းနံ့ သင်းသင်းလေးကို ရသည်။ သူ၏မျက်နှာသည် ချိုမြိန်ခြင်းများနှင့် ပြည့်နှက်သွားပြီး မျက်ဝန်းများ နူးညံ့သွားသည်။ သူက သူမ၏ လက်ထိပ်လေးတွေကိုသာ ဖွဖွနမ်းရှိုက်နေပေမယ့် သူ၏မျက်လုံးများမှာ ကြမ်းတမ်းသည့် သားရဲတစ်ကောင်လို စိတ်အား ထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။
နမ်းရှိုက်လို့ဝမှ သူက သူမ၏ လက်လေးတွေကို ညောင်စောင်းပေါ်သို့ အသာအယာ ပြန်တင်လိုက်သည်။ သူက မိန်းမငယ်လေး၏ နားနားကိုကပ်ပြီး လေသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။
“နန်းကွမ်က နန်းယန်ကို မျက်နှာသာပေးတယ်၊ ဒါပေမယ့် ကိုယ်ရဲ့ ကျောင်းကျောင်းကတော့ ဘယ်သူကမှ မချစ်ဘဲ မနေနိုင်တဲ့ ကလေးလေးပါ”
………..