အပိုင်း (၉၇)
ရှောင်းယီနဲ့ ဘယ်လိုလက်ထပ်ရမလဲ?
ရှောင်းယီသည် နန်းကွမ်၏ ဆီတဝင်းဝင်း ပေနေသည့်လက်နှင့် သူ့ကို စားဖို့တိုက်တွန်းနေသည့် ဝက်ပေါင်ကိုက်ထားသည့် ပါးစပ်ကို ကြည့်လိုက်သည်။ ကျောင်းကျောင်းမှာ ဒီလိုဖြစ်လာလိမ့်မည် ဆိုသည်ကို တွက်ဆထားဟန် ရသည်။
ဝေါယာဉ်ပေါ်မှ အခြေအနေသည် ဆန့်ကျင်ဘက်သို့ ကူးပြောင်းသွားသည်။ နန်းပေါင်ရီသည် ဝါးလိပ်ကို တင်လိုက်ပြီး လမ်းမပေါ်ကိုကြည့်ရင်း နန်းယန်အကြောင်းကို စဉ်းစားမိလိုက်သည်။ ရှချင်ချင်ကို စိတ်ရူးပေါက်နေရာမှ ရပ်သွားအောင် နန်းယန် ဘာများပြောလိုက်သလဲ? နန်းယန်သည် နောက်တစ်လှမ်းပြင်ဖို့ ကြံရွယ်နေသည်ဟု သူမ ခံစားမိနေသည်။
ထိုအချိန်တွင် နန်းယန်သည် ဆေးခန်းတွင် ဆေးထည့်နေပြီး သူမ၏ပါးပြင်မှ ယောင်ရမ်းနေသည့် အရာများ နောက်ဆုံး သက်သာသွားသည်။ သူမသည် ဝေါယာဉ်တစ်ခုကို ငှားလိုက်ပြီး ရှအိမ်တော်ကို သွားခဲ့သည်။ သူမ ရှချင်ချင်၏ အဆောင်ကို ဝင်ဝင်ချင်းမှာပဲ ကျောက်စိမ်းဖလား တစ်လုံးမှာ သူမဆီကို ပျံဝဲလာသည်။
သူမသည် ကျောက်စိမ်းဖလားကို ဖမ်းလိုက်ပြီး ဒေါသစိတ် မပြေသေးပဲ ပစ္စည်းများဖြင့် ကောက်ပေါက်နေသည့် ရှချင်ချင်ကို ကြည့်ရင်း ပြုံးလိုက်သည်။ သူမ ဖလားကို စားပွဲပေါ် တင်လိုက်ရင်း နူးညံ့သည့်အသံနဲ့ ပြောသည်။
“မမချင်ချင်၊ ညီမပြောခဲ့တယ်မှလား၊ မမက အခုလို နေမကောင်းနေတာတောင်မှ အမတ်မင်းနဲ့ လက်ထပ်ပြီး အမတ်မင်းကတော် ဖြစ်နိုင်တဲ့ နည်းလမ်းကို ညီမသိတယ်လို့လေ၊ ညီမတို့ အေးအေးဆေးဆေး ထိုင်ပြီး ပြောကြရအောင်၊ ဟုတ်ပြီလား”
ရှချင်ချင်မှာ မျက်နှာထား ပြောင်းသွားပြီး ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ရင်း ပြောလာသည်။
“နင်ထပ်ပြီး မကောင်းသည့်အကြံတွေ ငါ့ကိုပေးရဲရင် ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်”
“မမချင်ချင်ကလည်း၊ စိတ်မပူပါနဲ့”
နန်းယန်သည် လက်ဖက်ရည် တစ်ခွက်ငှဲ့ပြီး ချင်ချင်ကို ကမ်းပေးရင်း ပြောသည်။
“နှင်းကျချိန် မတိုင်ခင် မမနဲ့ အမတ်မင်း၏ လက်ထပ်သတင်းကို ကြားစေရမယ်၊ သူငြင်းတယ်ဆိုတာက သူ့မှာ သဘောကျသည့် မိန်းကလေးရှိနေလို့”
“ဘယ်သူလဲ”
“ညီမလေး၊ နန်းပေါင်ရီ”
ရှချင်ချင်က ထိတ်လန့်သွားပြီး “သူတို့က မောင်နှမတွေလေ”
“မောင်နှမအရင်းတွေမှ မဟုတ်တာ၊ သွေးသားမတော်စပ်ကြဘူးလေ”
“ဒါပေမယ့် ဒီသတင်းသာ အပြင်ကိုပြန့်သွားရင် သိက္ခာကျပြီး သူများပြောစရာ ဖြစ်သွားမှာပေါ့။ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော် နန်းယန်၊ နင့်မှာ ဘယ်လို သက်သေ ရှိလို့လဲ”
“သက်သေမရှိဘဲနဲ့ အဓိပ္ပါယ် မရှိတာတွေ ညီမက ပြောရဲပါ့မလား၊ ရှောင်းယီခါးပတ်မှာ ချိတ်ထားတဲ့ ပန်းထိုးအိတ်က နန်းပေါင်ရီ ကိုယ်တိုင် ပန်းထိုးပေးထားတာ၊ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ခေါင်းစည်းကြိုး အနီရောင်နဲ့ ချည်ထားတဲ့ ကံကောင်းစေတဲ့ အကြွေစေ့လေးကလည်း နန်းပေါင်ရီရဲ့ ပစ္စည်းတွေပဲ၊ စဉ်းစားကြည့်ပါဦး မမ၊ သူသာ ကျောင်းကျောင်းကို သဘောကျမနေဘူးဆိုရင် ဒီပစ္စည်းတွေကို သူ့ကိုယ်ပေါ်မှာ ဝတ်ထားစရာ အကြောင်းမရှိဘူးလေ၊ ပြီးတော့ နန်းပေါင်ရီနဲ့ ညီမက သူ့ညီမတွေပဲ၊ ဘာလို့ နန်းပေါင်ရီကိုပဲ ကောင်းကောင်း ဆက်ဆံရတာလဲ”
ရှချင်ချင်၏မျက်နှာမှာ ရှုပ်ထွေးသွားသည်။ နန်းယန်က ဆက်ပြီး အားပေးအားမြှောက် ပြုလိုက်သည်။
“မမချင်ချင်၊ မမက ဒီလျှို့ဝှက်ချက်နဲ့ နန်းအိမ်တော်ကို ခြိမ်းခြောက်လိုက်ရင် အိမ်တော် ဂုဏ်သိက္ခာကို ငဲ့ပြီး အဘွားတောင်မှ မမနဲ့အစ်ကို ၂ ရဲ့ င်္ဂလာပွဲကိုလက်ခံသွားရလိမ့်မယ်”
ရှချင်ချင်က လက်ဖက်ရည် ဖန်ခွက်တစ်ဝက်လောက်ကို သောက်လိုက်ပြီး သရော်ပြုံး ပြုံးရင်း ပြောလိုက်သည်။
“ငါက ငါ့ဘဝကတော့ သွားပြီလို့ထင်ထားတာ၊ မမျှော်လင့်ထားတာက နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေး ရှိသေးတာပဲ၊ ငါသာ အမတ်မင်းနဲ့ လက်ထပ်ရမယ်ဆိုရင် အောင်မြင်ဖို့ ကံဇာတာ ပါလာတာပဲ၊ ငါက တစ်ယောက်ယောက်နဲ့ လက်ထပ်နိုင်သေးတယ်၊ ငါက သူရဲ့မိန်းမ ဖြစ်နိုင်သေးတယ်၊ ဒါငါ့ရဲ့အောင်မြင်မှုပဲ”
နန်းယန်က ပြုံးလိုက်ပြီး “မမချင်ချင်က အရမ်းလှပြီး အမြင်ရှိတယ်၊ အစ်ကိုရှောင်းယီက အာဏာရှိသည့် အမတ်မင်း တစ်ယောက်ဆိုတော့ မမတို့နှစ်ယောက်က နတ်ဖက်တဲ့ဖူးစာပဲ၊ ဟိုအမတ် ယောင်ဆောင်တဲ့ကောင် သေချင်သေပါစေ၊ ဘယ်သူကမှ ဂရုစိုက်မနေဘူး”
ရှချင်ချင်သည် နန်းယန်ကို စိုက်ကြည့်လိုက်သည်။ နန်းယန်က မကောင်းသည့်သူ တစ်ယောက်ပင်။ နန်းပေါင်ရီသည် သူမကို ရောဂါဆိုးကြီး ကူးစက်အောင် ကြံစည်ခဲ့သည်။ နန်းပေါင်ရီမှာ အရမ်း မုန်းစရာကောင်းသည်။ ထို့အတူ နန်းယန်သည်လည်း မုန်းစရာပင်။ သူမက ပြုံးလိုက်ပြီး အစေခံကို ပြောလိုက်သည်။
“ငါ့၏ ပယင်းသေတ္တာကို ယူလာခဲ့”
အစေခံသည် အတွင်းခန်းထဲမှ ပန်းထိုးထားသည့် သေတ္တာငယ်တစ်လုံးကို ယူလာခဲ့သည်။
“ဒီပယင်းသေတ္တာက အနောက်တိုင်းကနေ ဈေးကြီးပေးပြီး ငါ့အဖေက ဝယ်လာခဲ့တာ၊ ရွှေစတစ်ထောင်တန်တယ်၊ မင်းက ငါ့အတွက် စဉ်းစားပေးလို့ မင်းကိုဆုချတာ”
နန်းယန်က သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာထဲက လက်ဖက်ရည်ခွက်များမှာ ပါးလွာပြီး ထွင်းဖောက်မြင်ရအောင် ကြည်လင်နေသည်။ ကြည့်လိုက်သည်ဣှင့် ပထမတန်းစား ပစ္စည်းမှန်း သိသာသည်။ သူမက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ငြင်းပယ်လိုက်သည်။
“မမချင်ချင်ရယ်၊ မမကိုကူညီဖို့က ညီမ၏တာဝန်ပါ၊ ညီမက ဒီလိုလက်ဆောင်ကို မယူရဲပါဘူး”
“ငါတို့အိမ်က ချမ်းသာတယ်၊ ဒါက လက်ဖက်ရည်ခွက်လေးတင်ပါ၊ မင်းယူသွားပြီး သုံးလို့ ရပါတယ်”
နန်းယန်က လက်ဆောင်ကို လက်ခံလိုက်ပြီး ရှချင်ချင်ကို ပြုံးပြနှုတ်ဆက်ကာ ပြန်သွားတော့သည်။
ရှချင်ချင်က သူမ၏နောက်ကျောပြင်ကို စိုက်ကြည့်ပြီး လှောင်ပြောင် သရော်ရင်း သူမ၏ လက်သည်းတွေကို ဖဲ့နေသည်။
အစေခံက ရှချင်ချင်ကို ရိုရိုသေသေ ပြောလိုက်သည်။
“သခင်မလေး၏ အဆုတ်ရောင် ရောဂါရှိတဲ့ မောင်ဝမ်းကွဲက အဲ့ဒီခွက်တွေကို သုံးရတာ သဘောကျလို့ အမြဲသုံးတာ။ နန်းယန်သာ အဲ့ဒီခွက်တွေကို သုံးလိုက်မယ်ဆိုရင် သူလည်းရောဂါ ကူးတော့မှာ။ သခင်မလေးက ဉာဏ်ကောင်းလိုက်တာ”
“နန်းယန်က ပကာသနတွေကို မက်မောတယ်၊ ပြီးတော့ သူဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ခွက်ကို တစ်ခါမှ သုံးဖူးမှာ မဟုတ်ဘူး၊ သူအိမ်ကို ပြန်ရောက်တာနဲ့ သူ အဲ့ဒီခွက်တွေကို သုံးဖို့ မစောင့်နိုင်လောက်ဘူး၊ သူက ငါ့ကို ဟွားလျိုရောဂါရအောင် လုပ်လို့ ငါက သူ့ကို အဆုတ်ရောင်ရောဂါ ရအောင် ပြန်လုပ်တယ်၊ ကျေသွားပြီမှလား”
ရှချင်ချင်ဟာ အရမ်းကို အားရနေပြီး ဆက်ပြောသည်။
“ငါ့အမေကို သွားမေးလိုက်၊ အမေ နန်းအိမ်တော်ကို သွားဖို့ အချိန်ရမလားလို့၊ ဒုတိယအဆင့်အမတ်နဲ့ လက်မထပ်ရဘူး ဆိုရင်တောင် အမတ်မင်းနဲ့တော့ လက်ထပ်နိုင်ရမယ်၊ ငါ ရှချင်ချင်က အရာရှိကတော် တစ်ယောက် ဖြစ်ကိုဖြစ်စေရမယ်”
………
နန်းအိမ်တော်တွင်….
ဈေးကြီးပြီး လှပခမ်းနားသည့် ရထားလုံးတစ်စီးက အိမ်သို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာသည်။ ဆောင်းဦးရာသီမှာ နေရောင်က လျင်မြန်စွာ ကွယ်ပျောက်သွားတာကြောင့် ကောင်းကင်က တဖြည်းဖြည်း မည်းမှောင်စ ပြုလာပြီဖြစ်သည်။ နန်းပေါင်ရီက ရထားလုံး အပြင်ဘက်ကို ထွက်လိုက်သည့်အခါ အစေခံ ဟယ်ယဲ့က နားနားကပ်ပြီး တီးတိုး သတိပေးလာသည်။
“သခင်မလေး၊ မနက်ဖြန်က ဆောင်းဦးလယ်ပွဲတော်ပါ။ ထုံးတမ်း အစဉ်အလာအရ နေ့လယ်မှာ သခင်မကြီးတို့နဲ့ နေ့လယ်စာ စားရပါမယ်။ ညနေကျရင်တော့ မိသားစုဝင်တွေနဲ့ အတူတူ ရှိရပါမယ်၊ မမလေးက သခင် ၃ နဲ့ အတူတူမရှိတာ နှစ်နှစ်ရှိပါပြီ၊ အဲ့ဒါကြောင့် ဒီနေ့သူ့ကို ကျောက်ဝမ်ခြံကို လာဖို့ ဖိတ်လိုက်ပါလား”
နန်းပေါင်ရီလည်း ထိုသို့တွေးမိသည်။ သူမသည် သူမ၏ဖခင်ဖြင့် အားလပ်ရက်တွေကို အတူမကုန်ဆုံးဖြစ်သည်မှာ သူမအမေ ဆုံးပါး သွားကတည်းကပင်။ သူမအဖေ ညည်းညူနေလျှင်တောင် သူမသည် သူနဲ့အတူရှိဖို့ ဆန္ဒရှိနေတုန်းပဲ ဖြစ်သည်။ သူမက နန်းကွမ်၏ ဝတ်စုံလက်ကို ကလေးတစ်ယောက်လို ဆွဲရင်း ပြောလိုက် သည်။
“ဖေဖေ၊ မနက်ဖြန်ကျရင် ဆောင်းဦးလယ် ပွဲတော်ရောက်ပြီ၊ ညနေကျရင် ဖေဖေက ကျောက်ဝမ်ခြံကို လာပြီး ညစာစားရင်း လပြည့်ည၏အလှကို သမီးနဲ့အတူ ကြည့်ရအောင်လေ၊ နော်၊ သမီးကို ချမ်းနဲ့ ယုတုတို့ရဲ့ ပုံပြင်ကိုလည်း ပြောပြနော်”
မိန်းကလေးငယ်လေးမှာ နူးညံ့သည့် ဖော့ဖယောင်းလေးလို ချစ်စရာကောင်းနေသည်။ နန်းကွမ်၏ မျက်လုံးများက လက်သွားကြသည်။ နန်းကွမ်၏စိတ်သည် ရေလို ပျော့ပျောင်းသွားပြီး သူမ၏ခေါင်းလေးကို သပ်ပေးပြီး ပြောလာသည်။
“ကျောင်းကျောင်း၊ မပူနဲ့၊ အဖေက ကျောင်းကျောင်းနဲ့တူတူ မနက်ဖြန်ည ညစာ လာစားမယ်နော်၊ ဒါနဲ့၊ စကားမစပ် သမီးအမေ၏ ကဗျည်းတိုင်ကို ဖယ်ထုတ်လိုက်မယ်နော်၊ ဟုတ်ပြီလား”
နန်းပေါင်ရီ ဆွံ့အသွားမိသည်။ အရှေ့ကစကားက သက်သောင့်သက်သာ ရှိသလောက် နောက်ကစကားက ဘာအဓိပ္ပါယ်ကြီးလဲ?
‘သူမအမေ၏ ကဗျည်းတိုင်ကို ဖယ်ထုတ်ရမယ်’ ဆိုတာကဘာကြီးလဲ?
သူမသည် အဖေ့၏ဂရုစိုက်မှုကို မရတာကြာပြီ ဖြစ်တာကြောင့် စကားလုံး အချို့ကို ပြောဖို့ ထိန်းချုပ် ထားလိုက်တော့သည်။
ကျောက်ဝမ်ခြံကို ပြန်ရောက်သည့်အခါမှာ သူမသည် အစေခံ ဟယ်ယဲ့ကို ပြောလိုက်သည်။
“မနက်ဖြန်ည ညစာအတွက် မနက်ကတည်းကစပြီး ပြင်ဆင်ထားလိုက်၊ ဖေဖေ ကြိုက်တတ်တဲ့ ဟင်းတွေ ပိုပြီးချက်ခိုင်း၊ သူက ပဲပိစပ်နဲ့ချက်တဲ့ ဝက်ခြေထောက်ဟင်းကို ကြိုက်တယ်၊ မီးဖိုချောင်ကို နှစ်နာရီလောက် ပိုချက်ပေးဖို့ပြော၊ အဲ့ဒါမှ ကြွပ်ရွပြီး အရသာရှိမှာ၊ ပြီးတော့ ကုန်လှောင်ရုံကိုသွားပြီး အနံ့မွှေးတဲ့ ပန်းတွေိ ထည့်ထားတဲ့ ဖန်ပုလင်းတစ်လုံးလည်း ယူလာခဲ့၊ ဈေးကြီးတာ ယူဖို့မမေ့နဲ့”
ဟယ်ယဲ့ကပြုံးလိုက်ပြီး “မမလေးက သားသမီးတာဝန် တကယ်ကျေတာပဲ”
နန်းပေါင်ရီက ခဏစဉ်းစားလိုက်ပြီး ပြောသည်။
“လမုန့်တွေလည်းလုပ်ပေး၊ ဖေဖေက ကြက်ဥအနှစ်နဲ့ လုပ်ထားတဲ့ လမုန့်ကိုကြိုက်တယ်၊ မီးဖိုချောင်ကို အများကြီး လုပ်ပေးဖို့ ပြောလိုက်”
ဟယ်ယဲ့က စေခိုင်းသမျှကို တစ်ခုချင်း မှတ်သား ထားလိုက်သည်။
ရှောင်းယီသည် သူမ၏အနောက်ကနေ ကြည့်နေရင်း တွေးမိသည်။ ညစာလေးတစ်နပ် အတူစားဖို့ကို ကောင်မလေးသည် အရမ်းကို ပျော်ရွှင်နေပြီး နူးညံ့သည့် လေပြည်လို နှစ်လိုဖွယ်ရာ ကောင်းလှသည်။ သူက လသာဆောင်ကို လှမ်းကြည့်လိုက်သည်။ ညက တဖြည်းဖြည်း အမှောင်ရိပ် သန်းလာပြီး ဥယျာဉ်ထဲမှ ဖားအော်သံကို ကြားနေရသည်။
ကန်ရေပြင်ပေါ်မှာ မပြည့်သေးသည့် လ၏အရိပ်က ထင်ဟပ်နေသည်။ ဆောင်းဦးလယ် ပွဲတော်ညကျမှ ပြီးပြည့်စုံအောင် လုံးဝန်းနေသည့်လကို တွေ့ရလိမ့်မည်။ ကျောင်းကျောင်းသည် သူမ၏အဖေနဲ့ ညစာစားမှာမို့ ပျော်ရွှင်နေတာကို သူစိတ်ထဲမှ လှောင်ပြောင် နေမိသည်။ ဒါပေမယ့် သူကတော့ သူ့ဆွေမျိုးများနှင့် မိတ်ဆုံစားဖို့ အခွင့်မရခဲ့။ တကယ်တော့ တကယ် သနားစရာကောင်းသည့် သူမှာ သူဖြစ်နေသည်။ သူ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ပြောင်လိုက်ပြီး အံကိုကြိတ်လိုက်သည်။ သူ၏အမူအရာသည် တဖြည်းဖြည်း အေးစက်ပြီး မည်းမှောင်လာသည်။
“အစ်ကို ၂”
နန်းပေါင်ရီက ရုတ်တရက် နောက်ကို လှည့်လာပြီး သူ၏ဝတ်ရုံလက်ကို ဆွဲကာပြောလိုက်သည်။
“အစ်ကို ၂ မနက်ဖြန်ည ညီမတို့ မိသားစု မိတ်ဆုံစားပွဲလေး ရှိတယ်၊ အစ်ကိုလည်း ညီမလေးတို့နဲ့ တူတူစားရင်း လပြည့်ညအလှကို ခံစားရအောင်လေ၊ နော်?”
အာဏာရှိသည့် အမတ်မင်း၏ မိဘတွေဟာ သူငယ်ငယ်လေး ကတည်းက ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး နေ့ရက်တွေကို အထီးကျန်စွာ နေထိုင်ခဲ့ရသည်။ သူက သူမထက်ပို၍ သနားချင်စဖွယ် ကောင်းသည်။ သူမက သူ့ကို ဂရုစိုက်ပေးသင့်သည်လေ။