အပိုင်း (၉၄)
ဘယ်လိုလုပ်ပြီး ရှောင်းယီလိုအစ်ကိုမျိုး ရှိရတာလဲ?
နန်းယန်၏ မြှောက်ပင့် စကားများကြောင့် အမတ်မင်းက သူ၏နှုတ်ခမ်းများကို ပြုံးသယောင် ပြုသည်။
“မောင်းမ၏သားက အရမ်း ဉာဏ်ကောင်းတာပဲ၊ တခြားသူတွေ၏ လေးစားမှုကိုရဖို့ ထိုက်တန်ပါတယ်”
နန်းယန်ဟာ တိတ်ဆိတ် သွားရသည်။ ရှောင်းယီက နှိမ်လိုက်သည်မှာ ထင်ရှားလွန်းသည်။ သူမ ဒီမေးခွန်းကို ဘယ်လိုဖြေရပါ့မလဲ။
နန်းပေါင်ရီသည် မရယ်မိဘဲ မနေနိုင်တော့၊ သူမက နန်းယန်၏ သွေးဆုတ်နေသည့် မျက်နှာကို ကြည့်လိုက်သည်။ နန်းယန်၏ အတွေးထဲမှာ ‘အစ်ကို ၂ နှင့် အရင်ရင်းနှီးအောင်လုပ်ပြီး နန်းကျင်ကို ငယ်ရွယ်ပြီး အရည်အချင်းရှိသည့် သူတစ်ယောက်အဖြစ် သူမက မြှောက်ပင့်ထားမည်၊ သူမ အခု သဘာဝကျကျ တောင်းဆိုမှုတစ်ခုကို လုပ်ထားမည်၊ နှစ်ကုန်ရက်၌ နန်းကျင်ပြန်လာလျှင် သူမ အစ်ကို ၂ ကို သူမ၏အစ်ကိုကို ကူညီပေးဖို့ပြောမည်’ ဆိုသည့် အတွေးကို နန်းပေါင်ရီသိသည်။
သို့သော် အစ်ကို ၂ သည် သူမ၏အကြံအစည်ကို ဖြစ်မြောက်ခွင့် မပေးခဲ့ချေ။
နန်းပေါင်ရီလည်း မောင်းမမှ မွေးသည့် သားသမီးများ၏ မျိုးရိုးနှင့်နိမ့်ကျသည့် ဘဝမှာ ပြောင်းလဲ နိုင်လိမ့်မည်ဟု မထင်ပေ။
‘ဘာကြောင့်များ အစ်ကို ၂ က နန်းကျင်ကို အလကား ကူညီပေးရမတဲ့လဲ’
သူတို့ နန်းကျင်ကို အသုံးချ၍ မရနိုင်။ သူမသည် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဖြည်းဖြည်းချင်း အရသာခံ သောက်နေလိုက်သည်။ သို့သော် နန်းယန်သည် အရှက်မရှိ ထပ်ပြီး ပြောပြန်သည်။
“အစ်ကို ၂ ရဲ့ စာကြည့်ခန်းမှာ စာအုပ်တွေ အများကြီးပဲ၊ အစ်ကို ၂ က စာပေကျမ်းဂန်တွေကို နှံ့နှံ့စပ်စပ် သိတာပဲနော်၊ ညီမကြားမိတာတော့ အစ်ကို ၂ က ကျောင်းကျောင်းကို တစ်ခါတလေ စာပေတွေနဲ့ လက်ရေးလှ သင်ပေးတယ်ဆို၊ ညီမရဲ့အစ်ကိုလည်း နားမလည်တဲ့ အိမ်စာတေွရှိရင် သူနှစ်ကုန် ပြန်လာတဲ့အခါ အစ်ကို ၂ က ကူညီပေးမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ။ အစ်ကို ၂ ရဲ့ အကူအညီနဲ့ဆို အစ်ကိုကျင် စာပေအရည်အချင်းက တစ်နေ့ကို မိုင်ပေါင်း များစွာအထိ တိုးတက်မယ်ဆိုတာ သေချာတယ်”
နန်းပေါင်ရီ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အိမ်စာတွေ ကူညီပေးဖို့ဆိုတာက ဟန်ပြသက်သက်သာ၊ တကယ်တမ်းက အစ်ကို ၂ နဲ့ ရင်းနှီးလိုခြင်းဖြစ်သည်။
ရှောင်းယီ၏ အမူအရာက ပြောင်းလဲခြင်းမရှိ တည်ငြိမ်လျက်။ သူကပြောသည်။
“နန်းကျင်က သူ့ရဲ့အိမ်စာတွေိကို မလုပ်နိုင်ဘူးဆိုတာ ညံ့ဖျင်းလို့ပဲ၊ ငါ့မှာ သူ့လို လူညံ့တစ်ယောက်ကို ကူညီပေးဖို့ အချိန်မရှိဘူး”
ဝေါယာဉ်ဟာ ချောက်ချားစရာ ကောင်းအောင် တိတ်ဆိတ်သွားသည်။ နန်းပေါင်ရီသည် သောက်လက်စ လက်ဖက်ရည်တွေကို ဖူးခနဲ မှုတ်ထုတ်မိလုနီးပါး ဖြစ်သွားပြီး ပြုံးနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။ အရာရှိမင်း၏ စကားလုံးများက အဆိပ်ပြင်းလှသည်။
နန်းကျင်သည် ဝမ့်ချွင်းကျောင်း၏ နံပါတ် ၁ ကျောင်းသား ဖြစ်နေပါစေဦး သူဟာ အသုံးမဝင်သေး။
နန်းယန်၏ အမူအရာမှာ အနည်းငယ် မည်းမှောင်ပြီး အေးစက်လာသည်။ နန်းယန်မှာ သူမ၏ အနေခက်မှု လျော့လိုလျော့ငြား သူမပဝါကို ယူလိုက်ပြီး မျက်နှာကို သုတ်လိုက်သည်။ သူမ၏မျက်နှာသည် ပုစွန်ကင်ကဲ့သို့ နီရဲနေတော့သည်။ ကမ္ဘာပေါ်မှာ အစ်ကိုရှောင်းယီလို လူမျိုးကို ဘယ်လိုအရာနဲ့ ခိုင်းနှိုင်းပြရမလဲတောင် မသိတော့။ သူက အမတ်မင်း တစ်ယောက်ဖြစ်ပြီး သူမ၏အစ်ကိုကို အကူအညီလေး တစ်ခုပေးဖို့ နည်းနည်းလေးတောင် အားထုတ်မပေးနိုင်ချေ။
‘ဘာလို့သူက ငြင်းရက်ရတာလဲ? သူဟာ ဒီနှစ်တွေမှာ နန်းအိမ်တော်မှာနေပြီး နန်းအိမ်တော်က ကျွေးမွေးသည့် အစားအသောက်တွေကို စားပြီးတောင် ဘာလို့ သူမ၏အစ်ကိုကို ကူညီပေးဖို့ ငြင်းဆန်ရတာလဲ?’
သူမဟာ ရှက်လွန်း၍ စိတ်ဆိုးပြီး ငိုတော့သည်။
နန်းပေါင်ရီဟာ အံ့ဩမှင်သက် သွားရသည်။ ဒုတိယယှဉ်ပြိုင်သူဟာ လုံးဝကို ရှုံးနိမ့်သွားရပြီ ဆိုတော့ ပထမယှဉ်ပြိုင်သူက ပြန်ပြီး အစားထိုး ရပေတော့မည်။ သူမ တွေးထားသည့် အတိုင်း နန်းကွမ်က ကစားပွဲထဲကို ဝင်လာခဲ့သည်။ သူသည် နန်းယန်ကို ဖက်လိုက်ပြီး တင်းမာစွာ အပြစ်တင်လိုက်သည်။
“ကောင်းပြီ၊ မင်းကဘာလို့ မင်းရဲ့ညီမကို နှိမ်နေရတာလဲ ရှောင်းယီ၊ မင်းက ကြီးမြတ်တဲ့ အရာရှိတစ်ယောက်လို့ မင်းကိုယ်မင်း ထင်မနေနဲ့၊ မင်းက မင်းရဲ့ ဦးလေး ၃ ကို မျက်စိထဲ မထားတော့တာလား”
ရှောင်းယီက ပြုံးလိုက်ပြီး
“မျက်စိထဲမထားဘူးဆိုရင်ရော?”
“မင်း!..”
နန်းကွမ်သည် သူ့ကို ရိုက်လို့လည်းမရ၊ စကားများ ရန်ဖြစ်လို့လည်းမရ ဖြစ်နေသောကြောင့် သူ၏ပေါင်ကိုရိုက်ပြီး ကြမ်းပြင်ပေါ် လူးလှိမ့်၍ ငိုတော့သည်။
“အမလေးလေး၊ မင်းလိုမြေခွေးဖြူကို ငါတို့နန်းအိမ်တော်က နှစ်တွေအကြာကြီး ဘယ်လိုများ ပြုစုပြိုးထောင် ပေးလိုက်မိတာလဲ၊ သနားစရာ ကောင်းလိုက်တဲ့ ငါတို့နန်းအိမ်တော်၊ မင်းကို ခက်ခက်ခဲခဲ….”
နန်းပေါင်ရီမှာ ဆက်ပြီး နားမထောင်နိုင်တော့ချေ။ နန်းအိမ်တော်သည် နှစ်ပေါင်းများစွာ ရှောင်းယီကို အစာရေစာပြတ်ပြီး သေအောင် ထားခဲ့ကြသည်။ သူသည် သူ့အစွမ်းအစနဲ့ အမတ်မင်း ဆိုသည့်ဂုဏ်ကို ရယူခဲ့တာဖြစ်သည်။ အခုကျမှ သူမ၏အဖေက သူ့ကို မျက်နှာသာပေးဖို့၊ နန်းကျင်နဲ့ နန်းယန်တို့ကို ထောက်ပံ့ပေးဖို့ ကူညီပေးဖို့ ပြောသည်မှာ အရမ်းကို ရုပ်ဆိုးလွန်းလှသည်။ သူမ၏အဖေ ငိုချင်းချ၍ မပြီးခင်မှာပင် ဝေါယာဉ် ရပ်သွားသည်။ နန်းပေါင်ရီ နွေးနွေးထွေးထွေး ပြောလိုက်သည်။
“ဖေဖေ၊ သမီးတို့ ရှအိမ်တော်ကိုရောက်ပြီ”
“ငါ မသွားတော့ဘူး”
နန်းကွမ်က စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ငါအရမ်းစိတ်ဆိုးတယ်၊ မင်္ဂလာသေရည်ကို မသောက်ချင်တော့ဘူး၊ ရှောင်းယီသာ ငါ့ကို မတောင်းပန်ဘူးဆိုရင် ငါဒီမှာ အစာအငတ်ခံပြီး သေလိုက်တော့မယ်၊ ဒီဝေါယာဉ်ပေါ်က ခြေတစ်လှမ်းမှ ဆင်းမှာမဟုတ်ဘူး”
နန်းပေါင်ရီ မျက်ခုံးပင့်သွားသည်။ သူမ၏ပန်းထိုးအိတ်ထဲက ငွေလက်မှတ်ကို ထုတ်ယူလိုက်ပြီး နန်းကွမ်ကို တမင် ပေးလိုက်သည်။
“မသွားခင် အဘွားက မှာလိုက်တယ်၊ တကယ်လို့ ဖေဖေသာ ရှအိမ်တော်ကို ရောက်ခဲ့ရင် ဒီငွေစတစ်ထောင်ကို ရှအိမ်တော်ကို လက်ဖွဲ့ပေးပါလို့ မှာလိုက်တယ်၊ ငွေစတစ်ထောင်ဆိုတာ အရမ်းကို သဘောထားကြီးပြီး ရက်ရောတာပဲ”
နန်းကွမ်က ငွေလက်မှတ်ကို ခိုးကြည့်လိုက်သည်။ ငွေစတစ်ထောင်! သူတို့အိမ်တော်နဲ့ ရှအိမ်တော်၏ ခင်မင်မှုက သာမန်အသိမိတ်ဆွေ အဆင့်မျှသာ ရှိသော်လည်း ငွေစတစ်ထောင်ကို ငွေသားဖြင့် လက်ဖွဲ့နိုင်သည်။
‘သူ့အမေက တကယ်ကို ချမ်းသာတာပဲ။ သူမရဲ့သားအရင်း သူ့ကိုကျတော့ ဘာလို့ အဲ့လိုချမ်းသာအောင် မထားတာလဲ’
သူအရမ်း စိတ်သောက ရောက်သွားရသည်။ သူကနန်းယန်ကို စိတ်အား ထက်သန်စွာနဲ့ ဆုံးမတော့သည်။
“သမီး မင်္ဂလာပွဲရောက်ရင် ယန်အာက များများစားရမယ်၊ ပန်းပွင့်ပုံ ကိတ်မုန့်တွေနဲ့ အသီးတွေလို ဈေးပေါတဲ့ အစားအစာတွေကို ထိကိုမထိနဲ့တော့၊ ပင်လယ်ခရုတွေလိုမျိုး ဈေးကြီးတဲ့ အစားအစာတွေကိုပဲ စားရမယ်၊ ပိုက်ဆံအများကြီး ပေးထားတာ တန်အောင်စားရမယ်”
စကားပြောနေရင်းပင် သူသည် နန်းယန်ကို ဝေါယာဉ် အပြင်ဘက်ကို ဦးဆောင်ပြီး ခေါ်သွားခဲ့သည်။ သူသည် နန်းယန်၏ ရှက်နေသည့် မျက်နှာကိုမမြင်ဘဲ ဆက်ပြောသည်။
“မင်္ဂလာပွဲကို ရောက်ရင် သမီးက မိန်းကလေးတွေဘက်က ထိုင်ခုံမှာ ထိုင်ပြီးစားနေ၊ ပြီးရင် အဖေ့ဆီလာခဲ့၊ အဖေက သမီးကို တခြားစားပွဲတွေက ကောင်းတဲ့ အစားအသောက်တွေကို စားဖို့ ခေါ်သွားပေးမယ်၊ အဖေ့မှာ စက္ကူအိတ်တွေ ပါသေးတယ်၊ စားပြီးသွားရင် သမီးရဲ့မေမေကို ကျွေးဖို့ စားကောင်းတာလေးတွေကို အဖေတို့ ယူသွားလို့ ရတယ်”
နန်းယန်၏မျက်နှာမှာ မည်းမှောင် သွားတော့သည်။ သူမသည် နန်းကွမ်နှင့်ဝေးဝေးသာ နေလိုတော့သည်။
‘ ဘာလို့သူမမှာ ဒီလိုအရှက်မရှိသည့် ဖခင်မျိုး ရှိနေရတာလဲ’
နန်းပေါင်ရီမှာ နောက်မှလျှောက်လာပြီး သူတို့နား မရောက်ခင်မှာပင် နန်းကွမ်က သူမဘက်သို့ လှည့်ပြီး ပြောသည်။
“သမီးရောပဲ၊ သမီးကပိုပြီး ဈေးကြီးတဲ့ အစားအစာတွေကို ယူလာခဲ့ရမယ်၊ ငွေစတစ်ထောင်တောင် လက်ဖွဲ့ထားတာ၊ သမီးတို့နှစ်ယောက်လုံး ယူလာရမယ်”
နန်းပေါင်ရီသည် သူမ၏နှာခေါင်းထိပ်ကို လက်ဖြင့် အနည်းငယ် ပွတ်လိုက်ပြီး ဘာမှပြန်မပြောချေ။
……..
တော်ဝင်မိသားစုသည် ကျင်းကွမ်၌ မနေထိုင်ကြတာကြောင့် မင်္ဂလာပွဲကို ရှအိမ်တော်မှာသာ ကျင်းပသည်။ ရိုးရာဓလေ့အတိုင်း ရှိခိုးကန်တော့ပြီးသည့် အခါတွင် သတို့သမီးမှာ မင်္ဂလာမဏ္ဍပ်မှ အိမ်အသစ်ကို သွားရသည်။ နန်းပေါင်ရီနဲ့ နန်းယန်တို့ ရောက်သည့်အချိန် အိမ်အသစ်မှာ လှပစွာ တန်ဆာဆင်ထားသည်ကို တွေ့ရသည်။
ရှချင်းချင်းက ပန်းထိုးထားသည့် အနီရောင် အိပ်ရာခင်းပေါ်တွင် ထိုင်နေပြီး သူမ၏ခေါင်းဆောင်းပဝါကို ချွတ်ထားလျက် တခြား မိန်းကလေးများဖြင့် စကားပြောနေသည်။ သတို့သမီးသည် သူတို့ညီအစ်မကို တွေ့သည့်အခါ ပြုံးပြီး နှုတ်ဆက်လာသည်။
“နင်တို့ညီအစ်မက နောက်ကျလိုက်တာ၊ ငါ့ခင်ပွန်းပေးတဲ့ အန်ပေါင်း ကိုတောင် မရလိုက်တော့ဘူး၊ အဲ့ဒါက သာမန်အန်ပေါင်းတွေလို မဟုတ်ဘူးနော်၊ ပေကျင်း၏ ဒုတိယအဆင့် အမတ်ကပေးတဲ့ အန်ပေါင်း”
နန်းပေါင်ရီသည် ထိုင်ခုံတစ်ခုမှာ ပျင်းရိစွာ ထိုင်လိုက်ပြီး ပန်းကန်ပြားထဲက ပန်းပွင့်ပုံ ကိတ်မုန့်တစ်ခုကို စားဖို့ယူလိုက်သည်။
နန်းယန်က နွေးထွေးသည့် လေသံဖြင့် ပြောလိုက်သည်။
“ရှအိမ်တော်မှာက အဆောင်တွေ အများကြီးပဲနော်၊ ညီမလေးနဲ့ ကျွန်မက ခဏလောက် လမ်းပျောက်နေသေးတာ၊ အဲ့ဒါကြောင့် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အန်ပေါင်းကို မရလိုက်ဘူး၊ တောင်းပန်ပါတယ်နော်၊ မမချင်ချင်”
ရှချင်ချင်က ဒီနေ့ သူမ၏မင်္ဂလာပွဲနေ့ ဖြစ်သောကြောင့် သက်သောင့်သက်သာရှိပြီး ပျော်ရွှင်နေသည်။
“လက်ထပ်ပွဲပြီးရင် ငါ့ခင်ပွန်းနဲ့အတူ မြို့တော်ကို လိုက်သွားရမယ်၊ အဲ့ဒီအချိန်ကစပြီး ငါက ရှန့်ကျင်းမြို့ရဲ့ ဒုတိယအဆင့် အမတ်ကတော် ဖြစ်သွားပြီ။ ငါတို့တွေက အတူကြီးပြင်းခဲ့ကြတာတာ၊ ကြီးတဲ့သူနဲ့ ငယ်တဲ့သူတွေက ညီအစ်မတွေလို ချစ်ခင်ကြခဲ့ကြတာ၊ အခုတော့ ငါနင်တို့နဲ့ ခွဲရတော့မယ်၊ ငါတကယ်ပဲ မခွဲချင်ဘူး”
မိန်းကလေးများသည် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်လိုက်ပြီး ညီအစ်မ သံယောဇဉ် အကြောင်းကိုပြောကြရင်း မျက်ရည်ကျ လာကြသည်။
ရှချင်ချင်က နန်းပေါင်ရီကို ကြည့်လိုက်ရင်း ပြုံး၍ပြောလာသည်။
“အရင်တုန်းက ပေါင်ရီက ငါတို့ထဲမှာ လက်ထပ်တဲ့ကံ အကောင်းဆုံးလို့ ငါတွေးခဲ့တာ၊ မမျှော်လင့်ထားတာက ငါရှချင်ချင်က ဒုတိယအဆင့်အမတ်နဲ့ လက်ထပ်ရလိမ့်မယ်လို့ပေါ့၊ ပေါင်ရီရော ဘယ်လိုထင်လဲ”
“အင်း၊ ပန်းပွင့်ပုံကိတ်မုန့်က ကောင်းသားပဲ”
နန်းပေါင်ရီက ပြုံးပြီးပြောသည်။
ရှချင်ချင်က မပျော်မရွှင်ဖြစ်သွားပြီး လေးနက်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
“နန်းပေါင်ရီ၊ နင်က ငါ့လောက် ကံမကောင်းပါဘူး၊ နင်ရှက်ပြီး ငါ့ကို မနာလိုနေတာမှလား၊ နင့်၏စိတ်တွေကို ထိန်းချုပ်မနေပါနဲ့၊ နင်ကငါ့ကို မနာလိုဘူးဆိုရင် ပြောလိုက်လေ၊ ဒီညီအစ်မတွေက နင့်ကို သက်သာသွားအောင် လုပ်ပေးလိမ့်မယ်”
နန်းပေါင်ရီစိတ်တွင်းမှ ကဲ့ရဲ့လိုက်မိသည်။ ဘာကို သက်သာ သွားအောင်လဲ၊ ရှချင်ချင်က အရှက်ကွဲဖို့ကို မစောင့်နိုင်တော့ဘူးပဲ။
ထိုအချိန်တွင် အစေခံတစ်ယောက်က ဝင်လာပြီး ငို၍ပြောသည်။
“မမလေး၊ မကောင်းတော့ဘူး၊ အရာရှိတချို့နဲ့ ရဲမက်တွေက ကျွန်မတို့ အိမ်တော်ကို လာဖျက်ဆီးနေကြပြီ၊ သူတို့ပြောတာက သခင်လေး အသစ်က အစိုးရအရာရှိ အတုတဲ့၊ သူတို့က ဧည့်ခန်းမှာ ပြဿနာ ရှာနေကြတယ်”
နန်းပေါင်ရီက သူမ၏ပဝါနဲ့ လက်ချောင်းတွေကို သုတ်လိုက်ပြီး ရှချင်ချင်၏ မျက်နှာကို လေဆင်နှာမောင်းလို အရှိန်နဲ့ လျင်မြန်စွာ ရိုက်ချလိုက်တော့သည်။