အပိုင်း (၉၂)
ကျောင်းကျောင်း၏ အလွန်စိတ်ထိခိုက်ဖို့ ကောင်းလှသည့် ပန်းထိုးပညာ
သူမ ထပ်ပြီးတော့ နန်းပေါင်ရီကြောင့် အကျဉ်းအကျပ်ထဲ မရောက်လိုတော့သဖြင့် သူမ၏ လက်မောင်းကြားက ပန်းထိုးအိတ်ကို ထုတ်ယူလိုက်သည်။ နန်းပေါင်ရီသည် နန်းယန်ကို ကြည့်လိုက်သည်။ ပန်းထိုးအိတ်မှာ ချည်တွေကို လှလှပပ ထိုးထားပြီး အထူးကောင်းမွန်သည့် ပထမတန်းစား ပစ္စည်းဖြစ်သည်။ သူမသည် သစ်သီးပန်းကန်ထဲမှ လိမ္မော်သီးကို အခွံခွာနေလျက် ရှေ့က စိတ်လှုပ်ရှားစရာ တစ်ခုကို ရယ်သံသဲ့သဲ့ပြုရင်း စောင့်ကြည့်နေလိုက်သည်။ နန်းယန်သည် ရှောင်းယီကိုကြည့်ပြီး ပြောလိုက်သည်။
“အစ်ကို ၂ ၊ အစ်ကိုက အခုဆို ရာထူးကြီးတဲ့ သူတစ်ယောက်ဖြစ်နေပြီး တခြား အသုံးအဆောင်တွေလည်း မသုံးဘူး၊ ဒီအိတ်က အစ်ကို့အတွက် ညီမထိုးထားတာပါ။ ဈေးထဲက တခြားအိတ်တွေလို မဟုတ်ဘူး၊ အစ်ကိုသာ ဒါကို သုံးမယ်ဆိုရင် တခြားသူတွေနဲ့ တွေ့တဲ့အခါ တကယ် မျက်နှာလှမှာပဲ”
“ကျွတ်!”
နန်းပေါင်ရီက စုတ်သတ်ပြီး မညှာမတာ ထေ့ငေါ့လိုက်သည်။
“မမက အခုလေးတင် ညီမလေးကို သိမ်ဖျင်းတယ်လို့ ပြောပြီး မမကတော့ ယောကျ်ားလေး တစ်ယောက်ကို ပန်းထိုးအိတ် လက်ဆောင်ပေးနေတယ်၊ အဲ့ဒါက အရမ်း သိမ်ဖျင်းတာပဲ၊ မမရဲ့အပြုအမူက မိန်းကလေး တစ်ယောက်နဲ့ တူသေးရဲ့လား”
နန်းယန်၏ မျက်နှာသည် ပြာနှမ်းပြီး ဖြူဖျော့လာသည်။ သူမ တကယ့် တကယ်ကို နန်းပေါင်ရီ၏ ပါးစပ်အား ရိုက်ပစ် လိုက်ချင်နေပြီ ဖြစ်သည်။ သူမ အားတင်းပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကျောင်းကျောင်းကလည်း မောင်နှမတွေကြားမှာ အဲ့ဒီလို ကန့်သတ်ချက်တွေ အများကြီး ထားဖို့မလိုပါဘူး၊ ရင်းနှီးလို့ လက်ဆောင်ပေးတယ် ဆိုတာက ဘာမှမဖြစ်ဘူး”
“သိပါပြီ၊ အဲ့ဒါဆိုလည်း ဆက်ပြီး ရင်းနှီးကြပါ”
နန်းယန်က ပန်းထိုးအိတ်ကို ကိုင်ထားပြီး ဆက်ပြောလိုက်သည်။
“အစ်ကို ၂ ကြည့်ပါဦး၊ ညီမက မြင်းရှစ်ကောင် ပြေးနေတဲ့ပုံကို ထိုးထားတာ၊ မြင်းဆိုတာက ဦးဆောင်နိုင်မှုနဲ့ အောင်မြင်မှုဆိုတဲ့ အဓိပ္ပါယ်လေ၊ ယောက်ျားလေး တစ်ယောက်က ပန်းပုံတွေ သစ်ပင်ပုံတွေ ထိုးထားတဲ့ ပုံစံမျိုးထက် ဒီလိုပုံစံမျိုးနဲ့ ပိုလိုက်တာ”
နန်းပေါင်ရီက သူမ၏လည်တိုင်ကို အနည်းငယ် ဆန့်ထုတ်လိုက်ပြီး စပ်စုလိုက်သည်။ ကုန်သည် အိမ်တော်မှာ ကြီးပြင်းခဲ့ပြီး ချည်အကောင်းစားတွေ သုံးခဲ့သည့် သူမတောင် နန်းယန်၏ ပန်းထိုးထားသည့် လက်ရာက အရမ်းကောင်းတယ် ဆိုတာကို အသိအမှတ် ပြုမိသည်။ မြင်းရှစ်ကောင်ပုံကို အိတ်အသေးလေးမှာ လက်ရာမြောက်အောင် ထိ ုးနိုင်ဖို့ဆိုတာ အရည်အချင်းမရှိဘဲ မရနိုင်။ ဒါပေမယ့်လည်း အမတ်မင်းက နန်းယန်ထိုးပေးသည့် အိတ်ကို သုံးမယ်လို့ စဉ်းစားလိုက်မိတာနဲ့ သူမစိတ်က နာကျင် ထိတ်လန့်လာသည်။
သူမ လိမ္မော်သီးကို အခွံခွာနေပြီး အေးစက်စက် ပြောလိုက်သည်။
“မြင်းပုံကို ချည်ထိုးရတာက လွယ်ပါတယ်”
“ထပ်ပြီး ဘာဖြစ်ပြန်တာလဲ”
နန်းယန်၏ မျက်လုံးတွေက အေးစက်စက် အငွေ့အသက်များ ပြည့်နေပြီဖြစ်သည်။ သူမ နန်းပေါင်ရီ၏ပါးစပ်ကို ပိတ်ထားလိုက်ချင်သည်။ သူမ၏သည်းခံနိုင်မှုတွေက ကျိုးပျက်ခါနီး ဖြစ်နေလေပြီ။ အပြုံးတွေကလည်း မပီပြင်နိုင်တော့ချေ။
“ဒါပေါ့ တကယ်လို့ အစ်ကို ၂ က မြင်းရှစ်ကောင်ပုံကို မကြိုက်ဘူးဆိုရင် ညီမ အခန်းကိုပြန်ပြီး နောက်ထပ် ပုံစံနှစ်မျိုးလောက် ချည်ထိုးပေးလို့ ရပါတယ်”
“မမက အရမ်း သဘောကောင်းတာပဲ ညီမလေးအတွက်ရော ပုံစံနှစ်မျိုးလောက် ထိုးပေးလို့ရမလား”
နန်းပေါင်ရီက လိမ္မော်သီးကို အခွံဆက်ခွာနေရင်း ပြုံးပြီးမေးလိုက်သည်။ နန်းယန်၏ မျက်နှာအမူအရာမှာ တောင့်တင်း သွားသည်။ သူမက အိမ်ဖော် တစ်ယောက်မဟုတ်။ ဘာကြောင့် သူမ နန်းပေါင်ရီကို ပန်းထိုးအိတ် ထိုးပေးရမည်နည်း။ သို့သော့်လည်း ရှောင်းယီ၏အရှေ့ သူမ၏ ယဉ်ကျေးသိမ်မွေ့သည့် ပုံရိပ်ကို ထိန်းသိမ်းဖို့ လိုတာကြောင့် အဆင်ပြေပြေ ပြန်ဖြေလိုက်သည်။
“ကျောင်းကျောင်း သဘောကျတယ်ဆိုရင် မမပန်းထိုး သင်ပေးလို့ ရပါတယ်”
“မဟုတ်ဘူး၊ ရတယ် ညီမလေးက ဒီတိုင်း ပြောလိုက်တာပါ”
နန်းပေါင်ရီက သူမကို လက်ခါပြပြီး ငြင်းဆန်လိုက်သည်။
“မမ၊ အစ်ကို ၂ နဲ့ ဆက်ပြီး စကားပြောမယ်ဆို ပြောပါ၊ ညီမလေး မနှောင့်ယှက်တော့ဘူး”
နောက်ဆုံးတော့ သူမက စကားဆက် မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်မို့ နန်းယန် အရမ်းကို ပျော်ရွှင်သွားတော့သည်။ သူမသည် ရှောင်းယီဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်။
“အစ်ကို ၂ က ဘယ်လိုပုံစံ ပန်းထိုးတာကိုကြိုက်မှန်း ညီမ မသိလို့ပါ၊ အစ်ကိုကြိုက်တဲ့ ပုံစံကို ပြောပြပါလား၊ ညီမ ထိုးပေးမယ်လေ”
နန်းပေါင်ရီက လိမ္မော်သီးတွေကို စားလိုက်သည်။ သူ့သွားတွေနဲ့ နှုတ်ခမ်းကြားမှာ လိမ္မော်သီး၏ ချဉ်ပြီးချိုသည့် အရသာကို ခံစားမိသည်။ သူမ စိတ်အခြေအနေ ကောင်းလာပြီး ပြောလိုက်သည်။
“စကားမစပ်၊ မမ၊ ညီမလေး တစ်ခုသတိရပြီ၊ မမခုနက ပြောခဲ့တယ်လေ၊ မောင်နှမတွေက ရင်းရင်းနှီးနှီး နေရမယ်ဆို? ဒါပေမယ့် အစ်ကို ၂ အမတ်မင်း မဖြစ်ခင်ကကျတော့ ဘာလို့ ရင်းရင်းနှီးနှီး မနေခဲ့တာလဲ၊ ညီမအထင်တော့ မမက သာသည့်ဘက်ကို ယိမ်းနေတာပဲ”
နန်းယန်ဟာ ချည်ထိုးအိတ်ကို လက်ချောင်းတွေနဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
‘ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်လဲ?’
သူမ နန်းပေါင်ရီကို မုန်းသည်။ တကယ်ကို မုန်းသည်။ အဲ့ဒါကိုသာ လက်ခံလိုက်ရင် ဆက်ပြီး စကားဆိုခွင့် မရှိတော့။ ဘာလို့ ဒီခွေးမက အရမ်းရက်စက်ရတာလဲ။
“မမ ၊ မမရဲ့ မျက်နှာက ပြာလိုက်၊ ဖြူလိုက်၊ နီလိုက်၊ မည်းလိုက် ဖြစ်နေတယ်၊ အရမ်းထူးဆန်းတာပဲ၊ မမက နတ်ဆိုးများလား? ခွေးသွေး နည်းနည်းလောက် ဖြန်းပေးရမလား? အိုး.. မမ မသွားနဲ့ဦးလေ”
နန်းယန်သည် အစားအသောက်ဘူးကို ဂရုစိုက်မနေနိုင်တော့။ သူမ၏အိတ်ကိုယူကာ ခေါင်းကို ချာခနဲလှည့်ပြီး စာကြည့်ခန်းထဲမှ ထွက်ပြေးသွားသည်။ နန်းယန်၏ နောက်ကျော မြင်ကွင်းထဲက မပျောက်ခင်မှာပဲ နန်းပေါင်ရီက သူမ၏ဗိုက်ကိုဖိပြီး ရယ်တော့သည်။
သူမရယ်လို့ ဝသွားတော့မှ ရှောင်းယီကို ကြည့်လိုက်သည်။ အမတ်မင်းက သူမကို တိတ်တဆိတ် ကြည့်နေသည်။ သူမက နှာခေါင်းထိပ်လေးကို ပွတ်လိုက်ပြီး ပြောလာသည်။
“ညီမလေးက သူ့ကို သင်ခန်းစာ နည်းနည်း ပေးလိုက်ရုံပါ၊ အဲ့ဒါကြောင့် နောက်ဆို သူအကို့ကို မနှောင့်ယှက်ရဲလောက်တော့ဘူး”
ရှောင်းယီက ခပ်လေးလေး ပြောလိုက်သည်။
“ငါ အဲ့ဒီအိတ်ကိုကြိုက်တယ်”
“ဟင်!”
ရှောင်းယီက ပြုံးရိပ်ထင်မနေသည့် အပြုံးနဲ့ ထပ်ပြောလိုက်သည်။
“ငါအဲ့ဒီအိတ်ကို တကယ်ကြိုက်တယ်”
နန်းပေါင်ရီက မျက်ခုံးကို ပင့်လိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါက အိတ်လေး တစ်အိတ်ပဲကို၊ ညီမလေးလည်း ထိုးတတ်ပါတယ်၊ ခဏစောင့် ညီမလေး အပ်နဲ့အပ်ချည် သွားယူလိုက်ဦးမယ်”
ဒါပေမယ့် တကယ်တမ်းတော့ သူမ၏ ပန်းထိုး အရည်အချင်းက အရမ်းကိုညံ့လှသည်။
နောက်တစ်နေ့ မနက်မှာတော့ သူမက ပိုးထည်ခုနစ်ထည်၊ ရှစ်ထည်လောက်နဲ့ ချည်လုံးရောင်စုံကို ဖြုန်းတီးလိုက်သည်။ သူမတကယ်ကို စိတ်ဓါတ်ကျမိသည်။ နန်းပေါင်ရီ၏ အစေခံ ဟယ်ယဲ့က ပြောလိုက်သည်။
“သခင်မလေး၊ အိမ်မှာ ပန်းထိုးတဲ့သူ အများကြီး ရှိနေတာကို ကိုယ်တိုင် ဘာလို့ထိုးနေတာလဲ? ပန်းထိုးရင်းနဲ့ လက်ကိုလည်း အပ်နဲ့ထိုးမိတယ်မှလား၊ အဲ့ဒါက တန်ရောတန်၏လား သခင်မလေးရယ်”
“ဘယ်လိုလုပ်သိလဲ?”
နန်းပေါင်ရီက ပန်းထိုးနေသည့် အပ်ကို ပျင်းရိစွာ ပစ်ချလိုက်သည်။
“အိတ်ကို ပန်းထိုးတယ် ဆိုတာက အဓိကမဟုတ်ဘူး၊ အဓိကက အစ်ကို ၂ ငါ့ကို အကောင်း မြင်လာဖို့ပဲ၊ သူ့အတွက် ငါဘယ်လောက်တောင် ပေးဆပ်ထားရလဲ၊ တွေးကြည့်ပါဦး၊ ငါက သူ့အတွက် ကိုယ်တိုင်ထိုးထားတဲ့ ပန်းထိုးအိတ်ကို ပေးမယ်ဆိုရင် အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းမှာမှလား”
“သခင်မလေးက အရမ်း ဉာဏ်ကောင်းတာပဲ၊ ဒါကြောင့်မို့ အမတ်မင်းက သခင်မလေးကို ပိုပိုပြီး ချစ်လာတာ”
နန်းပေါင်ရီက ကောင်းမွန်သည့် အနာဂါတ်နေ့တွေ အကြောင်းကို တွေးမိပြီး မရယ်ဘဲ မနေနိုင်တော့ ။
“ဟား…ဟား..ဟား.”
ရယ်သံကြောင့် အစေခံမှာ ကြက်သီးထသွားမိသည်။ ရယ်သံမှာ သူခိုးများရယ်သံလို ကြောက်ဖို့ ကောင်းလှသည်။
နေ့လယ်ခင်း၌ နန်းပေါင်ရီ၏ ပန်းထိုးအိတ်မှာ ပန်းထိုး၍ ပြီးသွားခဲ့သည်။ သူမ ပျော်ရွှင်စွာ ရယ်မောပြီး ရှောင်းယီဆီ ပန်းထိုးအိတ်ကို ယူလာခဲ့သည်။
“အစ်ကို ၂၊ ညီမလေး အစ်ကို့အတွက် ပန်းထိုးပေးထားတာ၊ ကြိုက်ရဲ့လား?”
ရှောင်းယီက ညင်ညင်သာသာ လှည့်ပြီး တစ်ချက်ကြည့်လိုက်သည်။ အနက်ရောင်ပေါ်မှာ ငွေရောင်ချည်နဲ့ ထိုးထားသည့် ပန်းထိုးအိတ်တစ်အိတ်၊ ထိုးထားသည့်ပုံက အဝေးကကြည့်ရင် ကြက်နဲ့တူပြီး အနီးကပ် ကြည့်ရင် ဘဲနဲ့တူနေသည်။ သူဟာ တဒင်္ဂ တွန့်ဆုတ်နေပြီး နန်းပေါင်ရီ၏ မျှော်လင့်နေသည့် မျက်နှာကို ကြည့်လိုက်သည်။
သူမ၏ ပထမဆုံး ပန်းထိုးလက်ရာဖြစ်ကြောင်း သူမ၏မျက်လုံးတွေက ဖော်ပြနေသည်။ သူ သူမကို ချီးမွမ်းသင့်သည်။ သူမ၏ စိတ်အားထက်သန်မှု ကိုလည်း မဆုံးရှုံးစေချင်။ ဒါ့ကြောင့် သူက အနည်းငယ် ချီးမွမ်းလိုက်သည်။
ဒီတရုတ်ဘဲတွေပုံကို ထိုးထားတာ အရမ်းလှတာပဲ”
“ဘာကို တရုတ်ဘဲလဲ? ညီမလေးက မြင်းရှစ်ကောင်ပုံကို ထိုးထားတာ”
နန်းပေါင်ရီပေါက်ကွဲတော့သည်။
“ဒါကမြင်းရဲ့လည်ပင်း၊ ဒါက ခြေထောက်၊ ဒါကအမြီး၊ ဘာလို့များ အစ်ကို ၂ က တရုတ်ဘဲလို့ မြင်ရတာလဲ ဒါကို တကယ် အဲ့ဒီလိုမြင်နေတာလား”
ရှောင်းယီ၏ မျက်နှာမှာ ရှုပ်ထွေးသွားဟန် ရသည်။
‘ ဒါက မြင်းရဲ့လည်ပင်း?’
သူကတော့ဘဲ၏ အစာအိမ်လို့ပဲ မြင်သည်။ ဒါကြီးက အရမ်းကို ထူးခြားလွန်းသွားပြီ။ ဒါက တော်တော်ဆိုးသည့် ပန်းထိုးလက်ရာပဲ။ နန်းပေါင်ရီက ရှောင်းယီ၏ ခါးပတ်မှာ ပန်းထိုးအိတ်ကို ချည်ပေးလိုက်သည်။ ရှောင်းယီက စိတ်ထဲမှ ငြင်းပယ်လိုက်သည်။
“ကျောင်းကျောင်း၊ ဒီအိတ်က မင်းကိုယ်တိုင် ထိုးထားတာဆိုတော့ သုံးလိုက်ရင် ညစ်ပတ်သွားမှာ စိုးရတယ်၊ အဲ့ဒါကြောင့် သိမ်းထားတာ ကောင်းမယ်ထင်တယ်”
နန်းပေါင်ရီက နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး ပြောလာသည်။
“စိတ်မပူပါနဲ့၊ ညစ်ပတ်သွားရင်လည်း ညီမလေး အစ်ကို့အတွက် နောက်တစ်အိတ် ထပ်ထိုးပေးပါ့မယ်၊ အားမနာပါနဲ့၊ အစ်ကိုသာ ညီမလေး ပန်းထိုးတာကို ကြိုက်တယ်ဆိုရင် ခေါင်းအုံးတွေ စောင်တွေနဲ့ အင်္ကျီတွေမှာပါ နောက်ကျရင် ထိုးပေးပါ့မယ်”
ရှောင်းယီ စိတ်ထဲက ပြောလိုက်မိသည်။
“ဘယ်တော့မှမထိုးပေးပါနဲ့တော့”
နန်းပေါင်ရီ စာကြည့်ခန်းထဲမှ ထွက်သွားချိန်မှာတော့ ရှောင်းယီသည် သူမ၏ ပန်းထိုးအိတ်ကို တုံ့ဆိုင်းမနေဘဲ လွှင့်ပစ်လိုက်တော့သည်။
ရုပ်ဆိုးလိုက်တာ သူတကယ် မုန်းတယ်။