အပိုင်း(၉၁)
ရှောင်းယီက အရမ်း ချဉ်းကပ်ရခက်တယ်
နန်းပေါင်ရီသည် သူမ၏ မိုးမခကိုင်းလို လှပသည့် မျက်ခုံးအစုံကို ပင့်မိသွားသည်။
‘အမတ်မင်းမှ ဟုတ်၏လား? အရင်က အရမ်းကြမ်းတမ်းသည့် သူက ဒီလိုမျိုး လုပ်ပေးပါ့မလား’
သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး သူယူလာသည့် ဟင်းပွဲများ၊ အရံဟင်းများနှင့် အချိုပွဲတွေပါ ထည့်ထားသော အစားအသောက်ဘူးကို ဖွင့်လိုက်သည်။
ဘူး၏ ပထမဆင့်တွင် ပန်းပွင့်ပုံစံ ပုံဖော်ထားသည့် နူးညံ့သော ကိတ်မုန့်လေးများရှိပြီး ဒုတိယအဆင့်မှာတော့ သူမကြိုက်သည့် အသားလုံးများနှင့် ပုစွန်ဖက်ထုပ်များ ရှိသည်။ ဂဏန်းနှင့် ဟင်းသီးဟင်းရွက်ဆီ အစပ်ကို တတိယဆင့်၌ ထည့်ထားပြီး စတုတ္ထဆင့်မှာတော့ အရသာရှိသည့် ဘဲသားစွပ်ပြုတ်ကို တွေ့ရသည်။ အရမ်းကောင်းမွန်သည့် ညစာတစ်ပွဲပင်။
သူမမှာ ပင့်ထားသည့် မျက်ခုံးတွေကို ပြန်မချနိုင်တော့သော်လည်း တဒင်္ဂပြုံးလိုက်မိသည့် အပြုံးကိုတော့ ပြန်လည် ထိန်းချုပ်လိုက်သည်။ သူမသည် ရှောင်းယီကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ညီမလေး တစ်ယောက်တည်း ဒါတွေကို အကုန်စားနိုင်မှာ မဟုတ်ဘူး၊ အစ်ကို ၂ လည်း စစ်တန်းလျားက အခုမှ ပြန်ရောက်တာဆိုတော့ အတူတူ စားရအောင်လေ”
ညစာအတူ စားပြီးသည့် အခါမှာတော့ သူတို့နှစ်ယောက်၏ အခြေအနေက ပို၍ ကောင်းမွန်လာသည်။
ညနေဆည်းဆာက တဖြည်းဖြည်း အလင်းရောင် လျော့ကျလာနေပြီး ညဦးပိုင်းသို့ ကူးပြောင်းလုပြီ။ ရှောင်းယီသည် မီးအိမ်ကိုထွန်းလိုက်ပြီး တိုးဖွဖွ ပြောလိုက်သည်။
“ငါဒီည လုပ်စရာ ကိစ္စတွေ မရှိဘူး၊ မင်းနဲ့အတူ စာဖတ်ကြမယ်”
နန်းပေါင်ရီ ပျော်ရွှင်သွားသည်။ စာဖတ် ဝါသနာကြီးသည့်သူမို့ စာအုပ်များက သူမ၏ စာအုပ်စင်ပေါ်တွင် အစီအရီ။ သူမသည် အဖုံးလှလှနှင့် စာအုပ်တစ်အုပ်ကို ယူပြီး ရှောင်းယီကို ပေးလိုက်သည်။
“ဒီစာအုပ်က ကျွန်မကိုယ်တိုင် ရေးထားတာ အစ်ကို ၂ ။ ဒီစာအုပ် ထွက်ထွက်ချင်းပဲ စာအုပ်ဆိုင်တွေမှာ လက်မလည်အောင်ကို ရောင်းရတာ။ ဒီတစ်အုပ်က အစ်ကို့အတွက်”
ရှောင်းယီ စာရွက်အချို့ကို ဟိုလှန်ဒီလှန် ကြည့်လိုက်ပြီး စာအုပ်နာမည်ကို ဖတ်လိုက်သည်။ ‘ဖိနှိပ်ချုပ်ချယ်တတ်သည့် အရာရှိကြီးက ငါ့ကို နောက်တစ်ခေါက် ထပ်ချစ်မိပြန်ပြီ’ စာအုပ်နာမည်ကြောင့် သူပြုံးလိုက်မိသည်။
“ခွေးသွေးတွေများမဲ့ပုံပဲ”
“အစ်ကိုကျန်းက ပြောတယ်၊ ခွေးသွေး များလေလေ လူတွေက ပိုကြိုက်လေလေပဲတဲ့။ ဘဝကြီးက ဘယ်လောက် ပျင်းစရာ ကောင်းလိုက်လဲ။ ဒီလိုပျင်းစရာ ဘဝကြီးမှာ ခွေးသွေးတွေကသာ စိတ်ဝင်စားဖို့ ကောင်းတာ”
နန်းပေါင်ရီက စားပွဲပေါ်မှာ ထိုင်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ဆက်ပြောသည်။
“ညီမလေးက ‘ကိုယ်လုပ်တော်၏ လက်စွဲစာအုပ်’ကို တခြားပုံစံနဲ့ ရေးဖို့ လုပ်နေတယ်။ အဲ့ဒါပြီးသွားရင် အစ်ကို့ကို ပထမဆုံး ပေးဖတ်မယ်”
ဆောင်းဦး၏ မိုးစက်များသည် ပြတင်းကို ရိုက်ခတ်လာကြသည်။ ညသည်လည်း ပို၍နက်လာပြီ။
ရှောင်းယီသည် ခွေးသွေးများကို မကြိုက်သော်လည်း သူမ၏ ဝတ္ထုကိုတော့ အစအဆုံး ဖတ်လိုက်သည်။
သူရေးထားမိသလောက် စာအုပ်မှာ စာလုံးရေ ၂၀၀၀၀ လောက်ပါသည်။ ဇာတ်လိုက် မိန်းကလေးသည် အကြိမ်(၂၀)လောက် သေကြောင်းကြံစည်ပြီး ဇာတ်လိုက်က ‘မင်းသေခဲ့ရင် ငါ့လက်ထဲမှာ ပြာကျစေရမယ်’ လို့ ရှစ်ခေါက်လောက် ပြောသည်။ ဇာတ်လိုက် မိန်းကလေးကို ‘နောက်တစ်ခေါက် ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားရင် ခြေထောက် ရိုက်ချိုးပစ်မယ်’လို့ ဆယ့်ခြောက်ခါတိုင် ခြိမ်းခြောက်သေးသည်။
ခပ်တိုတို ပြောရလျှင် သူတကယ် အံ့အားသင့် သွားခဲ့သည်။ သူကြားမိသလောက် ဒီစာအုပ်မှာ ကျင်းကွမ်မြို့မှာတင် မကဘဲ တောင်ပိုင်း တစ်ခုလုံးအထိပါ ရောင်းရသည့် စာအုပ်တစ်အုပ် ဖြစ်သည်။ မိန်းကလေးများမှာ ဒီလိုပုံစံမျိုးကို ကြိုက်ကြတာလား။ သူ နန်းပေါင်ရီကို လှမ်းကြည့် လိုက်မိသည်။
မီးအိမ် အလင်းရောင်အောက်၌ ထိုင်နေသည့် ကောင်မလေးမှာ အပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက် ပန်ဆင်ရင်း စာရေးနေသည်။ သူမအနမ်းတစ်ခု အကြောင်းကို ရေးနေမှာ သူစိုးရိမ်မိသည်။ တကယ်တမ်းတော့ တခြား ယောကျ်ားတစ်ယောက်ကသာ သူမကို နမ်းရဲမည်ဆိုလျှင် သူရိုက်ပစ်မိမှာပင်။ မိန်းကလေးတွေ၏ အတွေးတွေက အတော် နားလည်ရ ခက်သည်ပင်။
နောက်တစ်နေ့ မနက်ရောက်ချိန်တွင် ညတစ်ဝက်လောက်ထိ ရွာခဲ့သည့်မိုးက တိတ်သွားခဲ့ပြီ။ မြက်ခင်းများနှင့် သစ်ပင်များပေါ်မှာ ပါးလျသည့် ရေခဲပွင့်စက်တချို့ တင်ကျန်နေပြီး ဥယျာဉ်၏မြင်ကွင်းမှာ ကြည်လင်စိမ်းမြ နေသည်။
ရှောင်းယီသည် ဒီမနက် နန်းပေါင်ရီနှင့်တွေ့ရန် ညက ပြောထားခဲ့သည်။ သူ မနက်ပိုင်းမှာ စာဖတ်လေ့ ရှိတာကြောင့် စောစော ထဖြစ်သည်။
သူစာကြည့်ခန်းကို ရောက်ချိန်တွင် စာအုပ်များအနောက် ထိုင်လိုက်ပြီး သမိုင်းစာအုပ်တွေကို ရှာကြည့်နေလိုက်သည်။
အချိန်အတန်ကြာပြီးနောက် နန်းပေါင်ရီက ပြောလာသည်။
“အစ်ကို ၂၊ ညီမလေး ကွန်ဖြူးရှပ်၏ အဆိုအမိန့်တွေနဲ့ ဂန္တဝင်ဇာတ်ကောင် သုံးခုအကြောင်း စာအုပ်နှစ်အုပ်ကို လေ့လာပြီးသွားပြီ။ ဘာစာအုပ် ထပ်လေ့လာရမလဲဟင်”
“မော်ရဲ့ကဗျာစာအုပ်ကို လေ့လာကြည့်။ အိမ်ကြီးရှင် သခင်မလေး တစ်ယောက်က မော်ရဲ့ကဗျာတွေကို နားလည်သင့်တယ်”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ မော်ရဲ့ကဗျာစာအုပ် ဆိုသည်မှာ သီချင်းစာအုပ် တစ်အုပ်လိုပင် ဖြစ်သည်။
နန်းပေါင်ရီ၏ စာအုပ်စင်ပေါ်တွင် မော်ရဲ့ကဗျာစာအုပ် မရှိတာကြောင့် သူမမှာ ရှောင်ရိထံမှ ငှားလိုက်သည်။ စာအုပ်ကို လှန်လိုက်သည့် အခါ စာရွက်တွေ၏ ထောင့်များ၌ မှတ်စုတော်တော်များများ ရေးထားသည်ကို တွေ့ရသည်။ လက်ရေးလက်သားက ငယ်ရွယ်သည့်ဟန် ရှိသည်။ အမတ်မင်း ငယ်ငယ်က ရေးထားဟန် တူ၏။ သူမမှာ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။
“အစ်ကို ၂ ဒီစာအုပ်က အစ်ကိုငယ်ငယ်က လေ့လာခဲ့တဲ့ စာအုပ်လားဟင်”
“အင်း၊ ဟုတ်တယ်၊ ဆရာ ရှင်းပြတဲ့ အကြောင်းတွေကိုလည်း မှတ်စု ချရေးထားသေးတယ်။ ငါ့အတွေ့အကြုံတွေနဲ့ ထင်မြင်ချက်တွေကိုရောပဲ။ မင်းလေ့လာကြည့်ပေါ့”
နန်းပေါင်ရီက အနောက်ဘက် ပြတင်းနားမှာ နေရာယူလိုက်သည်။ သူမသည် မှတ်စုများ၏ ငယ်ရွယ်သည့် အရေးအသားတွင် နစ်မြုပ်သွားမိပြီး အမတ်မင်း ငယ်ဘဝပုံစံကို စိတ်ကူးယဉ် ပုံဖော်ကြည့်မိသည်။
စာသင်ခန်း၏ ထောင့်တွင်ထိုင်ပြီး မျက်နှာတည်တည်ဖြင့် သင်ခန်းစာကို ရေးနေသော်လည်း အမတ်မင်း၏ လေးနက်သည့် စိတ်ထား ထင်ဟပ်နေသည့် သွင်ပြင်ပုံစံက စိတ်ကူးထဲ ဝင်ရောက်လာခဲ့သည်။
နန်းပေါင်ရီ ပြုံးလိုက်မိသည်။ သူမက ခေါင်းခါလိုက်ပြီး ကဗျာကို ဆက်ဖတ်နေသည့် အချိန်တွင် နန်းယန် ရောက်လာခဲ့သည်။
သူမသည် အခန်းထဲကို ညင်ညင်သာသာ ဝင်လာပြီး ရှောင်းယီကို အရိုအသေ ပြုလိုက်သည်။ သယ်လာသည့် အစားအစာဘူးကို စားပွဲပေါ် တင်လိုက်ပြီး သူမ အပြုံးနှင့် ပြောလိုက်သည်။
“အစ်ကို ၂ အတွက်ပါ၊ ယန်အာက အစ်ကို မနက်စောစောထပြီး စာဖတ်တတ်မှန်း သိပါတယ်။ အဲ့ဒါ မနက်စာ မစားမှာစိုးလို့ ဂျုံယာဂုနဲ့ ချက်ထားသည့် ငါးစွပ်ပြုတ်ကို သေချာ ချက်လာပေးတာပါ”
ရှောင်းယီက ဖတ်လက်စ စာရွက်ကို လှန်လိုက်ပြီး သူမကို လျစ်လျှူရှုလိုက်သည်။
သူမ ရှက်သွားသည်။ သူမ အနောက်ဘက် ပြတင်းကို ကြည့်ချိန်တွင် နန်းပေါင်ရီမှာ စာအုပ်တစ်အုပ်ကို ကိုင်ပြီး သေချာဖတ်နေသည်ကို တွေ့လိုက်ရသည်။
“‘သေခြင်း၊ ရှင်ခြင်းဆိုတာက အရမ်းကို ကျယ်ပြန့်ပါတယ်’ ဇီချန်က ပြောလိုက်တယ်။ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး မင်းနဲ့အတူ အသက်ကြီးသွားချင်….”
“ကျောင်းကျောင်းက မော်ရဲ့ကဗျာတွေကို လေ့လာနေတာလား”
သူမက နန်းပေါင်ရီ၏ ကဗျာဖတ်နေသံကို ဖြတ်ပြောလိုက်သည်။ နန်းပေါင်ရီသည် အနှောင့်အယှက် ဖြစ်သွားဟန်ရသည့် မျက်ဝန်းများဖြင့် တစ်ဖက်ကို လှည့်လာပြီး ပြန်မေးလိုက်သည်။
“ဘယ်လိုလုပ် ရောက်နေတာလဲ”
“အခုပဲရောက်တာ၊ အစ်ကို ၂ အတွက် မနက်စာ လာပို့တာလေ၊ ဂျုံယာဂုငါးဆန်ပြုတ်ကို ချက်နည်းသင်ပြီး မမကိုယ်တိုင် တစ်နာရီလောက် သေချာချက်လာတာ”
နန်းယန်က ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ကျောင်းကျောင်းက မော်ရဲ့ကဗျာတွေထဲက ‘ဒရမ်စည်းချက်’ ကဗျာကို ဖတ်နေတာလား? တကယ်ဆို အဲ့ဒီကဗျာက မမတို့ မိန်းကလေးတွေအတွက် မသင့်တော်ဘူးနော်၊ ကဗျာ၏ စကားလုံးတွေက အရမ်း ပွင့်လင်းတာကို ဒီလောက် အကျယ်ကြီး ဖတ်နေတော့ ယောက်ျားတစ်ယောက်ကို ချစ်ကြောင်း ဖွင့်ပြောနေသလိုပဲ၊ ဘယ်လိုတောင် သိမ်ဖျင်းလိုက်သလဲ”
နန်းပေါင်ရီ ပြောစရာ စကားမဲ့ သွားရသည်။ ဘယ်လို ကဗျာအမျိုးအစားတွေကို သူမ ဖတ်သင့်ပါသလဲ?
သူမက အမတ်မင်း၏ ထင်မြင်ချက်တွေကို ဆက်ပြီး ဖတ်လိုက်သည်။ ထိုအရာများသည် ကဗျာ၏ မူလအဓိပ္ပါယ် မဟုတ်ခဲ့ပေ။ သူမ အေးစက်စက် လေသံနှင့် ပြန်ပြောလိုက်သည်။
“မမက ရှုနိုင်ငံ၏ အရည်အချင်းရှိတဲ့ အမျိုးသမီး တစ်ယောက် ဆိုပြီးတော့ ဒီကဗျာရဲ့ အနက်အဓိပ္ပါယ်နဲ့ ဆိုလိုရင်းကို ဘာလို့ နားမလည်တာလဲ၊ ဇီချန်ရဲ့ သေခြင်းနဲ့ရှင်ခြင်း နိယာမတွေဆိုတာ စစ်မြေပြင်က သေအတူ ရှင်မကွာ ရဲဘော်ရဲဘက်တွေရဲ့ ခံစားချက်တွေကို ရေးဖွဲ့ထားတာ၊ အချစ်အကြောင်း ဆိုတာက ဈေးထဲမှာ လျှောက်ပြောနေကြတဲ့ ဟာသတွေသက်သက်ပဲ၊ ဂန္တဝင်စာပေတွေကို မလေ့လာဘဲ ဈေးထဲက ဟာသတွေကိုပဲ နားထောင်နေတာက ရယ်စရာ ကောင်းတယ်”
နန်းယန် တိတ်တဆိတ် အံကြိတ်လိုက်သည်။ သူမက နန်းပေါင်ရီကို ရှောင်းယီအရှေ့မှာ အရှက်ကွဲစေချင်ပြီး အရေးမပါဟန်နဲ့ ထင်မြင်ချက် ပေးချင်ခဲ့သည်။ မထင်ထားမိတာက ရူးမိုက်ပြီး အသိဉာဏ်မရှိသည့် လုပ်ရပ်ကို လုပ်လိုက်သူမှာ သူမဖြစ်နေခြင်းပင်။ သူမ၏မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီး ပြောနေသည့် ခေါင်းစဉ်ကို ပြောင်းပစ်ရန် ကြိုးစားရတော့သည်။
“ကျောင်းကျောင်း၊ မမရဲ့ စွပ်ပြုတ်ကို မြည်းကြည့်မလား”
နန်းပေါင်ရီလည်း မနက်စာ မစားရသေးတာကြောင့် လက်ခံလိုက်သည်။ နန်းယန်သည် နန်းပေါင်ရီအတွက် ငါးစွပ်ပြုတ် တစ်ပန်းကန် ထည့်ပေးလိုက်ပြီး ရှောင်းယီဘက်သို့ လှည့်၍ မေးလိုက်သည်။
“အစ်ကို ၂ ရော တစ်ပန်းကန်လောက် သောက်ကြည့်မလားဟင်၊ ငါးစွပ်ပြုတ်က ကျန်းမာရေးအတွက် ကောင်းတယ်”
ရှောင်းယီက တည်ငြိမ်စွာ စာအုပ်ကို ဖွင့်ဖတ်နေသည်။ သူအား ချဉ်းကပ်ရ အရမ်း ခက်ခဲသောကြောင့် သူမ မျက်မှောင်မကြုတ်မိဘဲ မနေနိုင်ခဲ့။ မျှော်လင့်ထားသည့်အတိုင်း ဗီလိန်တစ်ယောက်၏ ရည်ရွယ်ချက်က အမြင်ကိုပဲကြည့်ပြီး ဦးနှောက်နဲ့ မစဉ်းစားသည်ပင်။
သူမသည် အသက်ရှူမှန်အောင် ကြိုးစားလိုက်ပြီး တိတ်တဆိတ် မတ်တပ် ရပ်လိုက်သည်။ နန်းပေါင်ရီမှာ စွပ်ပြုတ်ပန်းကန်လုံး တစ်ဝက် ကုန်သွားပြီးနောက် ပြောလိုက်သည်။
“ငါးစွပ်ပြုတ်က အရမ်းစားလို့ကောင်းတာပဲ”
“ဒါပေါ့”
နန်းယန်သည် မျက်နှာ အဖတ်ဆယ်စရာ တစ်ခုရသွားခဲ့ပြီး ဆက်ပြောသည်။
“အချက်အပြုတ် ကောင်းခြင်းကလည်း မိန်းမကောင်းတို့ရဲ့ တတ်မြောက်သင့်တဲ့ ပညာရပ်ပဲလေ၊ ကျောင်းကျောင်းလည်း အချက်အပြုတ်ကို ကောင်းကောင်း သင်ယူသင့်တယ်”
နန်းပေါင်ရီ၏ သွင်ပြင်က သပ်ရပ်သန့်ရှင်းပြီး နှစ်လိုဖွယ်ကောင်းသည်။ သူမက အပြုံးနှင့် ပြောလိုက်သည်။
“စီချွမ်၊ ရှန်ဒုံ၊ ဟွားယွဲ့၊ ဖူကျင်း၊ ကျဲကျန်းနဲ့ ဟူနန်က အဓိက အမျိုးအစား ရှစ်မျိုးလောက်ကို ချက်နိုင်တဲ့ စားဖိုမှူးတွေ ကျွန်မတို့ အိမ်မှာရှိတယ်၊ ဘာလို့ ကိုယ်တိုင် သင်နေရမှာလဲ၊ မင်စီးယပ်စ် ကပြောတယ်၊ ‘လူကြီးလူကောင်းတွေက မီးဖိုချောင်ရဲ့ အဝေးမှာပဲ နေသင့်တယ်’ တဲ့”
နန်းယန် နောက်တစ်ခေါက် ထပ်ပြီး စိတ်ဓါတ် ကျသွားရပြန်သည်။ သူမ တစ်ခေါက်ပြောလိုက် နန်းပေါင်ရီကထပ်ပြီး သဘောထားကြီးဟန် မျက်နှာရလိုက် ဖြစ်နေသည်။
“အင်း၊ ကျောင်းကျောင်း ပြောတာလည်း အဓိပ္ပါယ်ရှိပါတယ်”
နန်းပေါင်ရီက ရယ်လိုက်ပြီး “ကျွန်မပြောတာက အဓိပ္ပါယ်ရှိတာ ဟုတ်လို့လား၊ ‘လူကြီးလူကောင်းတွေက မီးဖိုချောင်ရဲ့ အဝေးမှာပဲ နေသင့်တယ်’ ဆိုတာက မီးဖိုချောင်နဲ့ ဝေးဝေးမှာ နေခိုင်းတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ သတ်ဖြတ်မှုတွေကို မလုပ်သင့်ဘဲ ကြင်ကြင်နာနာ ဆက်ဆံသင့်တယ် ဆိုတဲ့ အဓိပ္ပါယ်လေ။ ကျင်းကွမ်က လူတိုင်း မမကို အရည်အချင်းရှိတဲ့ အမျိုးသမီးလို့ ပြောကြတယ်၊ ဒါပေမယ့် ဘာလို့ မမ ဘယ်အရာကိုမှ နားမလည်တာလဲ၊ အရည်အချင်းရှိတဲ့ အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို မမကငွေနဲ့များ ဝယ်ထားတာလား”
နန်းယန် အရမ်းစိတ်ဆိုးသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်လာသည်။ ခွေးမလေးက စကားကို လှည့်ပတ်ပြောသည့် နေရာတွင် အရမ်းကိုတော်သည်။ သူမ၏ပါးစပ်ကို သွေးထွက်အောင် ရိုက်ပစ်လိုက် ချင်ပေမယ့် ရှောင်းယီ၏ရှေ့၌ ဗဟုသုတ ရှိသယောင် သဘောထား ကြီးသယောင် ဟန်ဆောင်ရဦးမည်မို့ သူမ၏စိတ်ကို ထိန်းထားရသည်။ သူမမျက်နှာက တဖြည်းဖြည်း နီရဲလာပြီး စကားကြီး စကားကျယ်တွေ ထပ်မပြောရဲတော့ပါချေ။