အပိုင်း (၉၀)
အမတ်ကြီးနှင့် အဆင်ပြေရမည်
နန်းယန် သည် အိပ်ရာအစွန်းတွင်ထိုင်ပြီး ပန်းထိုးနေသည်။
“မေမေ သမီးပိုက်ဆံအိတ်လုပ်နေတာ.. မောင်နှမတွေအကြား ရွှေတွေငွေတွေပေးတယ်ဆိုတာ အပေါစားဆန်လွန်းတယ် .. အစ်ကို ၂ ကို လေးစားကြောင်းပြဖို့ သမီးသူ့အတွက် အထူးတလည် ပိုက်ဆံအိတ်လုပ်ပေးရမယ်”
“သမီးရဲ့ အစ်ကို ၂ က အရင်နှစ်တွေကလည်း အပစ်ပယ်ခံထားရပြီး ဆယ်နှစ်ကျော်လောက် အခက်အခဲတွေဖြတ်သန်းခဲ့တာတဲ့ .. သမီးသူ့ကိုစိတ်ပါပါနဲ့ ဂရုစိုက်ပေးပြီး ဘယ်လောက်သဘောကောင်းသလဲဆိုတာ သူသိအောင်ပြထားရမယ် .. သမီးသာ သူ့ရင်ထဲမှာ နန်းပေါင်ရီ ထက်ပိုအရေးပါသွားရင် သမီးအိမ်ထောင်ရေးကိစ္စ ဘာမှပူစရာမလိုတော့ဘူး”
နန်းယန် ပို၍ပင်ပြုံးရွှင်လာသည်။
“သမီးကြိုးစားပါ့မယ်”
လျိုရှောင်မုံ့ ကရေသောက်ချင်လာသဖြင့်
“လက်ဖက်ရည်ယူခဲ့စမ်း ”
ဟုန်းအာ က လက်ဖက်ရည်ပူပူတစ်ခွက်ယူလာပေးသည်။ သို့သော် သူမက ခွက်ကိုယူကြည့်ပြီးနောက် ချက်ချင်းပစ်ခွဲလိုက်ပြီးနောက် ဒေါသတကြီးနှင့် …
“ငါမမြင်ဘူးထင်နေတယ်ပေါ့ .. လက်ဖက်ရည်ကို လက်ဖက်ရွက်လေး ၅ရွက်၆ရွက်ပဲထည့်ရလား .. ဘာလဲ ငါ့ကိုအထင်သေးတာလား”
ဟုန်းအာ လည်း အလန့်တကြား ဒူးထောက်လိုက်ပြီး …
“ကိုယ်ဝန်ဆောင်မိခင်တွေ လက်ဖက်ရည်ပြင်းပြင်းမသောက်ရဖူးလို့ သမားတော်ကမှာသွားပါတယ် .. အဲဒါကြောင့် …”
“အဆင့်မရှိတဲ့အိမ်ဖော် !”
လျိုရှောင်မုံ့ က ရှင်းပြသည်ကို နားမထောင်ဘဲ အိပ်ရာပေါ်မှထ၍ ဟုန်းအာ ကို ပါးရိုက်လိုက်ပြီး သူမ၏လက်ကိုလည်း အားနှင့်ဆွဲလိမ်ကာ နှုတ်မှလည်း ဆဲဆိုလိုက်သည်။
“နင်က သခင်ကြီးရဲ့အဆောင်တော်က အိမ်ဖော်လို့ငါကြားတယ် .. ဒါပေမယ့် သခင့်ကိုမြှူဆွယ်တာတွေပဲလုပ်နေတယ်တဲ့ .. ဒီညငါနင့်ကို သင်ခန်းစာကောင်းကောင်းပေးရမယ် .. သခင်မဖြစ်တဲ့ငါ ဘယ်လောက်တော်ကြောင်းပြပေးရတာပေါ့”
“ကျွန်မ .. ကျွန်မ …”
ဟုန်းအာ က ရိုးသားသူဖြစ်သောကြောင့် ငိုပြီးရှောင်ပုန်းသော်လည်း ချောင်ပိတ်ခံလိုက်ရသည်။
လျိုရှောင်မုံ့ က ပါးရိုက်နေပြီး နန်းယန် က ဂရုမစိုက်ဟန်ဖြင့် …
“မေမေ .. မေမေရိုက်တာသူ့မျက်နှာယောင်သွားလိမ့်မယ် .. အဖေမြင်ရင် စိတ်ဆိုးဦးမယ်”
“ဒါပေမဲ့လည်း …”
လျိုရှောင်မုံ့ က သူမ၏ဗိုက်ကို ဂုဏ်ယူစွာပွတ်သပ်လိုက်ပြီး …
“တစ်ဆင့်ချင်း သွားရမယ် .. ဒီအိမ်မှာဘယ်မြေခွေးမကများ ငါ့ယောက်ျားကို မြှူဆွယ်ရဲမလဲ ကြည့်ရသေးတာပေါ့”
နန်းယန် က အသာပြုံးလိုက်၍ အပ်ချည်အဖျားကို ကိုက်ဖြတ်လိ ုက်ပြီး ပန်းထိုးလက်စကို ဘေးတွင်ချကာ ငွေအပ်ကိုယူပြီး ဟုန်းအာ ဆီသို့လျှောက်လာကာ …
“မေမေ .. ပါးရိုက်တာတွေ လက်ချိုးလိမ်တာတွေက ဒဏ်ရာတွေကျန်နေခဲ့တတ်တယ် .. သူများတွေမြင်ရင် သမီးတို့စိတ်ရင်းကို အထင်လွဲပြီး ရက်စက်တယ်ထင်ကုန်ပါဦးမယ် .. အပ်ကိုသုံးတာ ပိုကောင်းတာပေါ့ .. ကျွန်တွေကိုမှတ်လောက်အောင် သင်ခန်းစာပေးလို့ရတယ် .. ဒဏ်ရာကျန်ခဲ့မှာလည်းစိတ်မပူရဘူး”
ထိုသိုပြောပြီးနောက် ဟုန်းအာ ၏ ပခုံးကိုဖိ၍ တစ်လက်မကျော်ရှည်သောငွေအပ်ဖြင့် အသားထဲသို့ ဗြုန်းစားကြီးထိုးသွင်းလိုက်လေသည်။
“အာ့ .. အာ့ .. အား .. အား”
Hong’erက ရုတ်တရက်ထအော်ကာ နာကျင်မှုကြောင့်အသားများတုန်နေပြီး မျက်ရည်များရွှဲကာ အတင်းတောင်းပန်လေသည်။
နန်းယန် က ဂရုမစိုက်ဘဲ ချုပ်ရိုး၁၂ချက်မက ထပ်ထိုးပြီး နေ့ခင်းက ခြံစည်းရုံနံရံပေါ်တွင်အရှက်ကွဲခဲ့ရသဖြင့် မကျေနပ်ချက်များကို တစ်ခါတည်းစု၍ ဒေါသဖြေနေလိုက်သည်။
နောက်ဆုံးတွင် ကျေနပ်သွားသောအခါ ချည်ထိုးသည့်အပ်ကိုလွှင့်ပစ်လိုက်ပြီး …
“ဘယ်သူ့ကိုမှပြန်မပြောမိစေနဲ့ … ပါးစပ်ပေါက်ကိုသေချာပိတ်ထား .. သွားတော့”
မျက်ရည်များရွှဲလျက် ဒူးထောက်ရာမှအမြန်ထကာ အခန်းထဲမှထွက်သွားပြီး ခြံဝင်းထဲသို့ပြေးသွား၍ သစ်ပင်တစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်ငိုနေလေသည်။
ထိုအချိန်တွင် ယွိဝေ့ က ကိုယ်ဝန်ဆောင်အားတိုးဆေးလာပို့သည့်အခါ သူမငိုနေသည်ကို မြင်သွားသဖြင့် အံ့အားသင့်ကာ …
“အစ်မ ဟုန်းအာ .. ဘာလို့ငိုနေတာလဲ”
ဟုန်းအာ က အမှန်အတိုင်းမပြောရဲသဖြင့် နာကျင်နေသောလက်မောင်းကိုသာ ဆုပ်ကိုင်၍ ဆက်ငိုနေသည်။
မီးအိမ်မှအလင်းကြောင့် သူမမျက်နှာပေါ်ရှိ လက်ဝါးရာနှစ်ခုကို ယွိဝေ့ မြင်သွားလေသည်။
သူမက အလိုလိုသိလိုက်ပြီး နွေးထွေးစွာဖြင့်
..
“သခင်မ လျိုက စိတ်ဓာတ်ယုတ်မာတယ် .. အိမ်တော်က သူ့ကိုကြာကြာလွှတ်ပေးထားမှာမဟုတ်ဘူး .. အစ်မ ဟုန်းအာ ခဏလေးပဲ ဆက်ပြီးသည်းခံပေးပါနော် .. တစ်ခုခုဖြစ်ရင် ကျောက်ဝမ် ခြံဝင်းကိုသွားပြီး သခင်မလေး ၅ ကို ပြောပြလိုက် … နော် . တစ်နေ့ကျရင် အဲဒီသားအမိနှစ်ယောက်ကို သခင်မလေး ၅ က ပြင်းပြင်းထန်ထန်အပြစ်ပေးလိမ့်မယ်”
ထိုသို့ပြောပြီး သူမက ငွေတုံးတစ်တုံးထုတ်ယူကာ ဟုန်းအာ ကို ပေးလိုက်သည်။
ဟုန်းအာ လည်း အလွန်ပျော်ရွှင်သွားပြီး ကျေးဇူးတင်စကားပြောလိုက်လေသည်။
ယွိဝေ့ အခန်းထဲသို့ဝင်လိုက်သည့်အခါ သည် ရှောင်းယီ အနားရှိအစေခံဖြစ်သည်ကို နန်းယန် မှတ်မိသဖြင့် ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုလိုက်ပြီး နူးညံ့စွာပင် …
“မှောင်နေပြီကို .. အစ်မ ယွိဝေ့ က ဒီကို ဘာကိစ္စများရှိလို့ ရောက်လာတာပါလဲ”
ယွိဝေ့ နှစ်ခြိုက်စွာပြုံးပြပြီး …
“သခင်မလေး လျို အတွက် ဆေးလာပို့တာပါ”
သခင်မ လျိုက ထိုသို့ခေါ်သည်ကို ကြားလိုက်ရသောအခါ ချက်ချင်းမျက်နှာပျက်သွားလေသည်။
ဒီအစေခံသည် စကားကောင်းကောင်းမပြောတတ်ပေ။ သူမအား သခင်မဟုခေါ်၍ မသင့်တော်လျှင် ဒေါ်လေးဟုခေါ်နိုင်သေးသည်။ အသက်လေးဆယ်ကျော်နေသောသူ့ကို ကလေးမတစ်ယောက်ကဲ့သို့ ခေါ်စရာမလိုပေ။
သူမက အေးတိအေးစက်ဖြင့် ..
“ဆေးပေးစမ်း .. ဘာဆေးလဲ”
“အမတ်မင်းက သခင်မလေး လျို ကို ကလေးအားတိုးဆေးလာပေးခိုင်းလိုက်တာပါ .. ပူနေတုန်းလေး သောက်လိုက်ပါလား”
သခင်မ လျို နှင့် နန်းယန် နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
ရှောင်းယီက တကယ်ပင် ကလေးအားတိုးဆေးပေးရန် လူလွှတ်လိုက်တာလား။
ထိုအပြုအမူမှာ ရှောင်းယီ ရင်ထဲတွင် သူတို့သားအမိနှစ်ယောက်ကို အဆင့်တန်းမြင့်မြင့်ထားသေးသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။
သူတို့ကို ဆွေမျိုးများကဲ့သို့ အလေးအနက်ထားခြင်းပင်။
သခင်မ လျို ကမျက်ခုံးပင့်လိုက်ပြီး ကိုယ်ဝန်ဆောင်ကာကွယ်ဆေးကို အမြန်ယူလိုက်သည်။
“အမတ်မင်းက အခက်တွေ့အောင်လို့ကွယ် .. ငါတောင်အလုပ်များတဲ့ကြားက ဗိုက်ထဲက ကလေးဖို့တွေးနေတုန်းရှိသေး … အမတ်မင်းကိုပြောပေးပါလား .. တို့သားအမိနှစ်ယောက်က အမတ်မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်လို့”
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ဆေးတစ်ငုံသောက်လိုက်သော်လည်း …
“ထွီ !”
ချက်ချင်းပြန်ထွေးထုတ်လိုက်ရသည်။
ပါးစပ်ကိုလက်ဖြင့်ကာလိုက်ပြီး မျက်နှာမှာလည်း အလွန်မဲ့ရွဲ့သွားသည်။
အသက်လေးဆယ်ရှိပြီဖြစ်သော်လည်း ယခုကဲ့သို့ ဆိုးရွားသောဆေးမျိုး တစ်ခါမျှမသောက်ဖူးပေ။ အလွန်ခါးလန်နေပြီး အော်ဂလီဆန်စရာကောင်းလှသည်။
လာပို့သောဆေးသည် ပန်းကန်လုံးအပြည့်ဖြစ်ပြီး အကုန်သောက်ရပါက သူမအသက်ထွက်သွားပေလိမ့်မည်။
ယွိဝေ့ က အပြုံးမဟုတ်သောအပြုံးမျိုး ပြုံးပြကာ …
“ဘာလို့လဲ .. အမတ်မင်းချီးမြှင့်လိုက်တဲ့ဆေးကို သဘောမကျဘူးလား”
သခင်မ လျို ၏အပြုံးက ငိုသည်ထက်ပင် ပိုဆိုးနေသေးသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး !”
“ဒါဆို အမြန်သောက်လိုက်လေ”
ယွိဝေ့ က မီးရောင်အောက်တွင် အသာရပ်နေပြီး ဖြူဆွတ်နေသောပါးပြင်တွင် ဂရုမစိုက်ခြင်းနှင့် အထင်သေးခြင်းကို အတိုင်းသာမြင်နေရသည်။
“အမတ်မင်းက အမှာပါးလိုက်သေးတယ် … နောက်မကြာခင်လည်း တစ်ယောက်ယောက်ကို ကလေးအားတိုးဆေးပို့ခိုင်းလိုက်မယ်တဲ့ .. ဒီလိုသဘောထားကြီးကြီနဲ့ ဂရုစိုက်ပေးတာ ဝမ်းမသာဘူးလား”
“ဝမ်းသာတာပေါ့ …”
သခင်မ လျိုက ငိုတော့မတတ် ကြေကွဲနေသော်လည်း အတင်းလုပ်ယူ၍ ဝမ်းသာပြလိုက်သည်။
ဆေးတစ်ငုံစာကပင် သူမကိုပြန်အန်ထွက်စေသည်။ ဒီတစ်ပန်းကန်လုံးသာသောက်ရပါက သူမဆက်၍ အသက်ရှင်နိုင်ပါဦးမလား။
ဖြည်းဖြည်းချင်းသောက်ရမည် .. သေသွား၍မဖြစ်။
သို့သော် ယွိဝေ့မှာ မပြန်သေးဘဲ သူမအကုန်သောက်ပြီးသည်အထိ စောင့်နေပြီးမှ ပန်းကန်လုံးအလွတ်ကိုယူ၍ အပြုံးလေးနှင့်ပြန်သွားလေသည်။
နန်းယန်က အန်နေသော သခင်မ လျို ကို ကူတွဲပေးရင်း စိတ်ပူသွားကာ ..
“မေမေ ..သမီးစိတ်ထဲ အစ်ကို ၂ က သမီးတို့ကို တမင်တိုက်ခိုက်နေတယ်လို့ ခံစားရသလိုပဲ”
“သမီးဘာသိလို့လဲ”
သခင်မ လျို က ခက်ခဲစွာ ခေါင်းမော့လိုက်ပြီး …
“ဒါက ကျင်ကွမ်း မြို့ရဲ့ဂုဏ်ယူရတဲ့အမတ်မင်းဆီက လက်ဆောင်ပဲ .. သေရင်သေသွားပါစေ .. ကြိုးစားပြီးသောက်ရမှာပေါ့ .. သမီး ကျောက်ဝမ် ခြံဝင်းကိုသွားတဲ့အခါ အမတ်မင်းနဲ့ဆက်ဆံရေးကောင်းအောင် လုပ်ထားရမယ် … ပြောလို့မရဘူးလေ .. သမီးလည်း ကျောက်ဝမ် ခြံမှာ နေခွင့်ရရင်ရမှာပေါ့ …”
နန်းယန် လည်း တိတ်ဆိတ်သွားလေသည်။
သခင်မ လျို ကိုပြုစုရန်အစေခံတစ်ယောက်ကိုခေါ်ပြီးနောက် ဘေးအခန်းသို့ပြန်သွားလေသည်။
မီးအိမ်အောက်တွင်ထိုင်၍ ပိုက်ဆံအိတ်ကို ချည်ဆက်ထိုးနေသော်လည်း သူမ၏မျက်ဝန်းများက အကြင်နာကင်းမဲ့နေသည်။
ရှောင်းယီ က သူမအပေါ်မည်သည့်စိတ်မျိုးပင်ထားထား သူ့ကိုပိုင်ဆိုင်နိုင်မည့်နည်းတစ်ခု ရှာကိုရှာရမည်။
သူ့ကို နန်းပေါင်ရီ ၏ ငွေထုတ်ဖြစ်သွားခွင့် မပေးနိုင်ပါ။
ဘုရားရှင်က သူမကို နန်းပေါင်ရီနှင့်တန်းတူ မွေးဖွားခွင့်မပေးခဲ့သဖြင့် ကိုယ်တိုင်သာလုပ်ယူရတော့မည်။
နန်းပေါင်ရီ ၏ အဖေ၊ အစ်ကို၊ ခင်ပွန်းလောင်း .. သူမအားလုံးကိုလိုချင်သည်။
အစေခံက အခန်းတံခါးကိုဖွင့်၍ အပြုံးနှင့်ပြောသည်။
“သခင်မလေး … ကျွန်မ စုံစမ်းခဲ့ပြီးပါပြီ .. မနက်ဖြန် အမတ်မင်းက အိမ်မှာပဲအနားယူလိမ့်မယ် .. တန်းလျားကိုမပြန်သေးဘူး”
နန်းယန်က ပိုက်ဆံအိတ်အသစ်ကို သဘောကျသွားသည်။
“အိပ်ရာသွားပြင်ချေ .. ဒီညစောစောအိပ် … မနက်ဖြန်မနက် ငါ အစ်ကို ၂ဆီ သွားလည်ရမယ်”
….
ကျောက်ဝမ် ခြံထဲရှိ ကျယ်ဝန်းသော စာဖတ်ခန်းထဲတွင် မီးအရောင်များ လင်းထိန်နေသေးသည်။
နန်းပေါင်ရီ မှာ ထိုင်ခုံတွင်ထိုင်ပြီး အသက်မပါဘဲ စာအုပ်များကူးရေးနေသည်။
ရှောင်းယီ က သူမအနောက်မှ တိတ်တဆိတ်ပေါ်လာပြီး စာရွက်ပေါ်တွင်ရေးထားသည်များကို ငုံ့ကြည့်သည်။
ကလေးမလေး၏ပုံမှန်လက်ရေးက တစ်ဖန်တိုးတက်လာပြန်ပြီး အိမ်တွင်းပုန်းမိန်းမပျိုကဲ့သို့ နူးညံ့၍ အားပျော့ခြင်းမရှိဘဲ ရှင်းလင်း၍လှပသည့်လက်ရာမျိုးဖြစ်သည့်အပြင် ကြည့်ရသည်မှာ တစ်မူထူးခြားလှသည်။
ရှောင်းယီ သည် လက်ထဲရှိထမင်းဘူးကို စာအုပ်စင်ပေါ်တင်၍ တိတ်တဆိတ်ပင် အပြင်သို့ပြန်ထွက်သွားသည်။
နန်းပေါင်ရီ က ထမင်းဘူးကိုကြည့်၍ မှင်တက်သွားပြီး နောက်သို့လှည့်ကာ …
“အစ်ကို ၂ .. ဒါဘာအဓိပ္ပာယ်လဲ”
ရှောင်းယီ လေသံမှာ နူးညံ့နေသည်။
“ညစာစားလိုက် .. ပြီးမှ အိမ်စာဆက်လုပ်”