အပိုင်း (၈၈)
ငွေနှိုက်သော နန်းကျောင်းကျောင်း
နန်းယန် က နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
သူမ၏လှပသောမျက်နှာလေးသည် ခံနိုင်ရည်မရှိသည့် အဖြူရောင်ပန်းတစ်ပွင့်ကဲ့သို့ဖြစ် ဖြူဖျော့နေသည်။
နန်းပေါင်ရီ ပြောသည်များမှာ အားလုံးမှန်ကန်နေသည်။ သူမ၏အဖေ ယခုကဲ့သို့အကြံပေါက်ခြင်းမှာလည်း သူမအကြံကြောင့်သာဖြစ်သည်။
နှစ်သစ်ကူးပြီးပါက သူမသည် ၁၄နှစ်ပြည့်တော့မည်ဖြစ်ပြီး အိမ်ထောင်ရေးအတွက် သေချာမသတ်မှတ်ရသေးသဖြင့် အလောတကြီးဖြစ်နေလေသည်။
ယခုအခါ ရှောင်းယီ က ဒုတိယအဆင့်အမတ်မင်းအဖြစ် ရာထူးရသွားပြီဖြစ်သောကြောင့် နန်းအိမ်တော်၏ဂုဏ်ကပိုမြင့်သွားပြီး အိမ်တော်ထဲတွင်နေထိုင်နေသမျှကာလပတ်လုံး သူမသည် ရှောင်းယီ ၏ ညီမလေးတစ်ယောက်ြဖစ်မည့်အပြင် ချမ်းသာကြွယ်ဝသော မိသားစုနှင့်လက်ဆက်နိုင်လိမ့်မည်။
ထိုအချက်ကြောင့် နံရံကိုခွကျော်၍ အိမ်ထဲသို့ဝင်ရမည်ဆိုလျှင်ပင် ဝင်ရဲပေသည်။
သူမမျက်လုံးများ ညိုမှိုင်းနေရာက တောက်ပလာပြီး နွေးထွေးစွာဖြင့်
“ကျောင်းကျောင်း .. ငါ့အမေကကိုယ်ဝန်သုံးလရှိနေပြီ ဘဝကလည်းတကယ်ခက်ခဲတယ် .. ဖေဖေ့ရဲ့သမီးတစ်ယောက်အနေနဲ့ ဖေဖေ့အတွက် နောက်ထပ်ကလေးတစ်ယောက်ထပ်ရအောင်လို့ နင်သူ့ကိုဂရုစိုက်ပေးသင့်တယ်လေ .. ဒါငါတို့က သမီးရယ်လို့ဖြစ်လာရင် ကျေပွန်ရမယ့် တာဝန်ပဲ ..သားသမီးကျင့်ဝတ်ပေါ့”
သူမက အခြားသူများကိုနှိပ်ကွပ်ရန်အတွက် သားသမီးကျင့်ဝတ်ကို ခုတုံးလုပ်၍ဆိုသည်။
နန်းပေါင်ရီ က နားထောင်ရမည်ကိုပင် အာရုံနောက်လာသည်။
သူမက ငှက်မွှေးကြက်တောင်နှင့်ကစားနေရင်း ပြုံးပြကာ ..
“မမ .. ညီမလေးက ဒီအိမ်မှာအငယ်ဆုံးလေ ရိုးလည်းရိုးသားတယ် ဘာကိုမှလည်း မသိနားမလည်သေးဘူး .. ဒီတော့ မမပြောတာကို ညီမလေးသိပ်သဘောမပေါက်ဘူးဖြစ်နေတယ် လှေကားအတွက်တော့ တောင်းပန်ပါတယ် ညီမလေးက ဒီလိုပဲခေါင်းမာတတ်တယ်လေ .. ဒီလိုအရွယ်မျိုးမှာပဲ ဆိုးလို့ရတာဟ .. နံရံပေါ်မှာဆံပင်အခြောက်ခံရင်း ဥယျာဉ်ရှူခင်းလေးကိုခံစားပေါ့ .. ငါတော့ အဖော်မလုပ်ပေးတော့ဘူးနော်”
ထိုသို့ပြောပြီးနောက် နန်းပေါင်ကျူး ၏ လက်ကိုဆွဲ၍ စိတ်မရှည်စွာပြေးသွားလေတော့သည်။
နန်းယန် အသက်ရှူရပ်မတတ်ဖြစ်သွားသည်။
ရိုးသား၍လူမှုရေးကိစ္စများနားမလည်ခြင်းကို ကမ္ဘာပေါ်ရှိဘယ်မိန်းကလေးမျိုးကများ ဂုဏ်ယူပြောဆိုနေတာပါလဲ၊
ဘယ်မိန်းကလေးမျိုးကများ အကျိုးအကြောင်းသင့် ရှင်းပြရာတွင် ကျီစယ်တတ်သောကြောင့်ဟု ဆင်ခြေပေးနိုင်ပါမလဲ။
အရှက်မဲ့လိုက်တာ၊ နန်းပေါင်ရီ က တော်တော်အရှက်မဲ့တာပဲ။
သူမ နန်းကွမ် ဘက်သို့လှည့်၍ စိတ်တိုတိုနှင့် …
“ဖေဖေ .. ကျောင်းကျောင်းက နုံအလွန်းတယ်”
မထင်ထားစွာပင် နန်းကွမ် က ပီတိဖြစ်လျက် ပြုံးလိုက်ပြီး …
“ဖေဖေသိပါတယ် .. ကျောင်းကျောင်းက အဲ့လိုပဲ .. သိပ်ခေါင်းမာတာ! ယန်အာ အဖေဆူတာတော့မဟုတ်ဘူးနော် .. သမီးအခု အရမ်းရင့်ကျက်ပြီး ခေတ်နောက်ကျပုံစံနဲ့မနေနဲ့ .. ကျောင်းကျောင်းဆီကသင်ထား .. ဒီမိသားစုရဲ့သမီးငယ်ဆိုတာ အဲ့လိုဆိုးပြီးချစ်စရာကောင်းနေရမယ်”
နန်းယန် က ရင်ဘတ်ကိုဖိလိုက်မိသည်။
သူမက ရင့်ကျက်နေသည်လား။
သူမက မွန်မြတ်ပြီးသိက္ခာရှိနေသည်ကို သူမအဖေ၏မျက်လုံးများ ဘယ်လိုများဖြစ်နေတာပါလဲ။
လျိုရှောင်မုံ့ ၏မျက်လုံးများ နီရဲသွားပြီး …
“သခင်ကြီး .. ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ .. ဒီပေါ်မှာပဲ တစ်နေကုန်နေရမှာလား .. ဒီလိုနဲ့ တစ်ယောက်ယောက်များ မြင်သွားရင် ရှက်စရာကောင်းတယ်”
ထိုစကားပြောပြီးသည်နှင့် နံရံအပြင်ဘက်တွင်တစ်စုံတစ်ယောက်က ဖြတ်လျှောက်သွားလေသည်။
“ဒါ နန်းမောက် နဲ့ သူ့ရဲ့အမြှောင်မယားမလား .. ဟိုကောင်မလေးလည်းပါတယ်”
“ဟားဟား နံရံပေါ်ဘာတက်လုပ်နေကြတာလဲ .. ရှုခင်းကြည့်နေတာများလား”
“တခြားလူတွေပါ ကြည့်ဖို့သွားခေါ်ဦးမယ်”
နံရံအပြင်ဘက်တွင် လူများစွ္ရောက်လာကြပြီး သူတို့သုံးယောက်ကို လက်ညှိုးထိုးနေကြည့်ကြသည်။
နံရံပေါ်တွင် တစ်နာရီကြာအောင်ထိုင်လျက် လူအများဝိုင်းကြည့်လှောင်ပြောင်သည်ကိုခံလိုက်ရပြီးနောက် အိမ်တော်ထိန်းကတွေ့သွားပြီး အချိန်မီကယ်လိုက်သည်။
သခင်မ လျို ကအလွန်ရှက်နေပြီး နန်းကွမ် ကိုသာအော်ဟစ်၍ နန်းပေါင်ရီကိုဆူရန်ပြောလေသည်။
နန်းကွမ် က သူမအတွက်စိတ်မကောင်းဖြစ်သွားပြီး အိမ်အကူတစ်ယောက်ကို ခေါ်ခိုင်းလေသည်။
နန်းပေါင်ရီ သည် စာများဆက်ကူးရေးရန် ကျောက်ဝမ် ခြံဝင်းသို့ပြန်သွားနေသည့်လမ်းတစ်ဝက်တွင် အစေခံ ဟုန်းအာ ရောက်လာပြီး
“သခင်မလေး .. သခင် ၃ က သခင်မလေးကို ခေါ်ခိုင်းလိုက်ပါတယ်”
သူမ ခဏရပ်လိုက်ပြီး အသံတိုးကာ …
“ကျွန်မအထင် ဟိုသခင်မနဲ့ ဆိုင်မယ်ထင်တယ် .. အရှေ့ခြံဝင်းကို သမားတော်လာသွားတယ် .. လေအေးမိသွာလို့တဲ့ သန္ဓေသားအခြေအနေက မတည်ငြိမ်ဘူးလို့ပြောသွားတယ် .. သခင်မကြီးကို အရင်သွားပြောရင်ကောင်းမယ်ထင်တယ် ဒါမှ သခင်မလေးကို အနိုင်မကျင့်ကြမှာ”
နန်းပေါင်ရီ ခဏတွေးပြီးနောက် ပြန်ပြောလေသည်။
“ဘွားဘွားကို သွားမနှောက်ယှက်နဲ့ .. ဒေါသထွက်နေဦးမယ် .. အဒေါ် ကျိ ကို အရင်သွားခေါ်လိုက် … ငါ့ကိုကူပြောပေးမယ့်သူရှိသွားတာပေါ့”
အဆောက်အအုံမျက်နှာစာတွင် ဖြစ်၏!
အခန်းထဲတွင်ဆေးအနံ့များပြည့်နေသည်။
အဒေါ် ကျိ အနောက်မှ နန်းပေါင်ရီ လိုက်လာပြီး အခန်းထဲရှိ အိပ်ရာပေါ်တွင်ထိုင်နေသော အဖေဖြစ်သူကိုတွေ့ရသည်။ သူမ၏အဖေကဆေးကျိုပြီး သခင်မ လျို ကိုတိုက်ရန်ပြင်နေသဖြင့် သူမက အဓိကအကြောင်းအရာကိုသာ စပြောလိုက်သည်။
“ဖေဖေ သမီးကိုရှာနေတယ်ဆို”
နန်းကွမ် က အလွန်ဒေါသဖြစ်ကာ
“ကျောင်းကျောင်း သမီးကျီစယ်တာလွန်သွားပြီ ! အဒေါ် လျိုက နံရံပေါ်မှာနာရီဝက်လောက် လေအေးသင့်ပြီးတော့ ကလေးဒုက္ခရောက်မလိုပါဖြစ်သွားတယ် !”
နန်းယန် ကလည်း …
“ကျောင်းကျောင်း .. မေမေ့ဗိုက်ထဲက ကလေးပုံစံက မတည်ငြိမ်လို့ နေရာအပြောင်းအရွှေ့မလုပ်ရဘူးလို့ သမားတော်က မှာသွားတယ် .. ဒီတော့ နောင်မှာကလေးမွေးပြီးစောင့်ရှောက်ဖို့ ဒီအိမ်မှာပဲဆက်နေရတော့မယ်ထင်တယ် .. ငါတို့မိသားစုက နှစ်တိုင်း ငွေစ ၅သိန်းတောင်လှူနေကျဆိုတော့ ကိုယ့်မိသားစုအချင်းချင်းကိုအသာထားဦး အပြင်လူတွေကိုတောင် စေတနာရှိရှိဆက်ဆံခဲ့တာပဲလေ”
နန်းပေါင်ရီ က ထိုင်ခံပေါ်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူသောက်လိုက်သည်။
“သမီးအတွက်က ပြဿနာမရှိပါဘူး .. ဒါပေမယ့် ဘွားဘွားကိုတော့ ရှင်းပြလို့ရမှာမဟုတ်ဘူး .. ဘွားဘွားက အဒေါ် လျို ကို သဘောမကျတာ အဖေလည်းသိတာပဲ”
“သမီးကဘာဖြစ်စေတာလဲ .. လူတွေကအိမ်ပေါ်ရောက်နေပြီပဲ .. အချိန်ကြာသွားရင် သူသဘောကျသွားမှာပေါ့”
နန်းကွမ် စိတ်မရှည်တော့ပေ။
“ကျောင်းကျောင်း .. အဖေက သမီးကိုအပြစ်တင်တာမဟုတ်ဘူးနော် .. သမီးကြောင့်သာမဟုတ်ရင် ယန်အာ လည်း ဒီမှာနေတာကြာလောက်ပြီ .. မိန်းမပျိုတစ်ယောက်အနေနဲ့ တစ်ကိုယ်ကောင်းဆန်ပြီး မရက်စက်ရဘူးလေ .. သမီးအစ်မဆီက သင်ယူရမယ်”
လျိုရှောင်မုံ့ က နာကျင်နေဟန်ဖြင့် သူမ၏ဗိုက်ကိုကိုင်ရင်း …
“ကျောင်းကျောင်း .. ဘာလို့လဲမသိဘူး .. သမီးရောက်လာတော့ အဒေါ့်ဗိုက်ထဲနေလို့မကောင်းတော့ဘူး .. ကလေးကလည်း မတည်ငြိမ်တော့တဲ့ပုံပဲ”
နန်းကွမ် စိတ်ပူသွားပြီး နန်းပေါင်ရီကို လက်ယမ်းပြကာ
“သွားတော့ .. အဒေါ်လျို က ကလေးကိုဂရုစိုက်ရဦးမယ် .. သမီးရှိနေရင် အတားအဆီးဖြစ်တယ် .. မောင်လေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ”
“ရပါတယ် .. ဒါပေမယ့် အရင်ဆုံး ရှင်းအောင်တော့လုပ်ရဦးမယ်”
နန်းပေါင်ရီ က လက်ဖက်ရည်ခွက်ကို အေးအေးလူလူ ပွတ်သပ်၍ တည်ငြိမ်စွာပင် …
“အဒေါ်လျို က ဆွေမျိုးလဲမဟုတ် ဧည့်သည်လည်းမဟုတ် အစေခံလည်းမဟုတ်ပြန် မယားကြီးလည်းမဟုတ် အမြှောင်မယားလည်းမဟုတ်ဆိုတော့ အိမ်မှာ အလကားထိုင်စားမှာလား”
နန်းကွမ် မျက်မှောင်ကြုတ်လိုက်သည်။
“ကျောင်းကျောင်း သမီးပြောတာ မဟုတ်သေးဘူးလေ”
“အစ်ကိုတွေက ဘဏ္ဍာစာရင်းနဲ့ပတ်သက်ရင် ပြတ်သားတယ်နော် .. သူတို့ကိုပဲ ချွင်းချက်ပေးပါ့မလား .. အိမ်တော်မှာနေချင်ရင်တော့ နေလို့ရပါတယ် .. ဒါပေမယ့် စားစရာဖိုး၊ အဝတ်အစားဖိုး၊ သယ်ပို့စရိတ်အကုန်လုံးအတွက် ပိုက်ဆံပေးရမယ်”
အဒေါ် ကျိ ကို နန်းပေါင်ရီ လှည့်ကြည့်လိုက်သည်။
“ဒါပေါ့ အကုန်လုံးက သခင်မကြီးပြောချင်တာတွေပဲ”
သခင်မ လျို နှင့် နန်းယန် တို့ မျက်နှာများ နီရဲသွားလေသည်။
ပိုက်ဆံပေးရမည်ဆိုလျှင် တည်းခိုခန်းတွင်နေခြင်းနှင့် ဘာများကွာခြားတော့မလဲ။
သူတို့ကိုအပြင်လူများကဲ့သို့ ဆက်ဆံနေခြင်းပင်။
နန်းကွမ် အလွန်ဒေါသထွက်ကာ …
“ကျောင်းကျောင်း .. သူတို့ မိသားစုဝင်တွေပဲ .. ဘာလို့ပိုက်ဆံအတွက် စိတ်မကောင်းဖြစ်အောင်ပြောနေရတာလဲ”
“ဖေဖေ အဲဒါဘွားဘွားပြောလိုက်တာလေ .. ဘွားဘွားစကားကို နားမထောင်ဘူးပေါ့”
နန်းကွမ် က အဒေါ် ကျိ ကို ကြည့်လိုက်သည်။
သူ၏အမေဘေးတွင် အမြဲရှိနေသည့် မိန်းမက မျက်နှာကိုမှုန်ကုပ်လျက် ခံစားချက်မဲ့စွာကြည့်နေသည်က အလွန်ကြောက်စရာကောင်းလှသည်။
နန်းကွမ် အမြန်ချောင်းဟန့်လိုက်ပြီး …
“မဟုတ်ပါဘူး ပိုက်ဆံပေးရမှာပေါ့ .. ပေးရမှာပေါ့ .. အခုက အဖေ့မှာ ပိုက်ဆံသိပ်မရှိသေးလို့ပါ .. ရက်နည်းနည်းကြာမှာ ပေးရင်ပိုအဆင်ပြေတာပေါ့”
“ဖေဖေပိုက်ဆံမပေးလိုက်ရင် ဘွားဘွားကိုရှင်းပြလို့ရမှာမဟုတ်ဘူးနော်”
နန်းကွမ် အသက်အောင့်လိုက်ပြီး ငွေတုံးနှစ်တုံးကို မပေးချင်ပေးချင်နှင့်ထုတ်ပေးလိုက်ရသည်။
နန်းပေါင်ရီ ကထိုငွေတုံးများကို ပစ်မြှောက်ကစားနေပြီး ရုတ်တရက်သူမအဖေတွင် ငွေမည်မျှကြောင်းကို သိချင်လာသည်။
“ဒီလောက်ငွေလေးနဲ့ တည်းခိုခန်းမှာတောင် သွားနေလို့မရဘူးနော်”
နန်းကွမ် က အံကြိတ်ပြီး အခန်းထောင့်သို့သွားကာ ကြမ်းပြင်မှအုပ်ကြွပ်တစ်ချပ်ကို ဆွဲလှန်လိုက်ပြီး ထိုအောက်မှ ရွှေစ ၂၀၀တန်သော ငွေလက်မှတ်ကို ယူထုတ်လိုက်သည်။
“ကျောင်းကျောင်း .. ဒါသမီးအဖေ့မှာ ရှိသမျှပဲ”
“ဖေဖေ .. ငွေစ ၁၀၀တည်းနဲ့ ဘယ်လိုလုပ်ပြီး အဒေါ်လျို အတွက် ခွန်အားရှိစေမယ့်ဆေးမျိုးဝယ်တိုက်နိုင်မှာလဲ .. အခုက ဈေးတွေတက်နေတာကို .. ငှက်သိုက်တစ်ခွက်တောင် ငွေဆယ်စပေးရတယ် .. မပေးချင်လို့များ တွန့်တိုနေတာလား”
နန်းကွမ် အလွန်ပင်ဒေါသထွက်သွားသည်။
ဘယ်သူကများငှက်သိုက်တစ်ခွက်ကို ငွေဆယ်စဖြင့် ရောင်းနေတာလဲ။
နန်းပေါင်ရီ တမင်ငွေနှိုက်နေကြောင်း သူသိသော်လည်း သခင်မ လျို ၏ကိုယ်ဝန်အတွက်တွေး၍ သည်းခံလိုက်ပြီး ဖိနပ်ချွတ်လိုက်ကာ ဖိနပ်ခုံအောက်မှ ငွေလက်မှတ်အခေါက်တစ်ခု ထုတ်ယူကာ ငိုသံနှင့် …
“ကျောင်းကျောင်း .. ဒါအဖေ့မှာရှိသမျှ အကုန်ပဲ .. နောက်တစ်လနှစ်လဆို ဆောင်းတွင်းရောက်တော့မယ် .. သမီးရဲ့ အစ်ကို ကျင်အာ က ဟိုမှာခက်ခက်ခဲခဲစာကြိုးစားနေရတာ .. ဒီပိုက်ဆံက သူ့အတွက်အနွေးထည်နဲ့အသုံးစရိတ်ဖိုးပေးဖို့ စုထားတာပဲ .. ဟုတ်တယ် အရင်တုန်းကတော့ ငါ့မိန်းမကိုလက်ဆောင်တွေ ဝယ်ပေးခဲ့ရတယ် .. အခုသမီးကိုပေးရပြန်ပြီ”
နန်းကျင် သည် ဝမ်ချွင်း ရှိကျောင်းတွင် စာလေ့လာနေသော နန်းယန် ၏ အစ်ကိုဖြစ်သည်။ သို့သော်နန်းပေါင်ရီ က သူ့ကိုအစ်ကိုတစ်ယောက်အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပေ။
နန်းကွမ် ထံမှ ငွေစများသိမ်းလိုက်နိုင်သဖြင့် သူမပျော်နေသည်။
နန်းကွမ် ၏ ခြေထောက်နံ့က အလွန်ဆိုးသောကြောင့်သာ ထိုငွေများကိုလက်မခံလိုက်ပေ။
ဟယ်ယဲ့ကရေတွက်လိုက်ပြီး အပြုံးနှင့်ပြောသည်။
“သခင်မလေး .. စုစုပေါင်း ရွှေစ၂ထောင်ပါ”
“တကယ်ရက်ရောတာပဲ ..”
နန်းပေါင်ရီ ပြုံးပြကာ နူးညံ့သောလေသံဖြင့်
“အဒေါ် လျို .. မမ .. အခုတော့ ဒီအိမ်တော်မှာပဲ နေလိုက်ဦးနော် .. တစ်ခုခုလိုရင် ကျ့န်မကတော့ မကူညီပေးနိုင်ပေမယ့် အိမ်တော်ထိန်းကိုသာခေါ်လိုက်ပါ .. အဖေ သမီးပြန်နားပါတော့မယ်”
“သွား! သွား!” နန်းကွမ် က အလွန်စိတ်ပျက်နေသည်။
နန်းပေါင်ရီ က လှေကားခုံပေါ်မှဆင်းပြီးနောက်တွင် ရုတ်တရက် နောက်ပြန်လှည့်ကြည့်၍ ပြုံးပြကာ …
“စကားမစပ် .. ပိုက်ဆံသုံးလို့ကုန်သွားရင် သမီးနောက်တစ်ခေါက်ပြန်လာခဲ့ပါ့မယ်”
နန်းကွမ် က ရင်ကိုဖိလိုက်မိပြီးအသက်ရှူရပ်မတတ်ဖြစ်သွားလေသည်။