အပိုင်း (၈၇)
အမတ်ကြီး၏ ငဲ့ညှာမှု
ရှောင်းယီ က ကုလားထိုင်ပေါ်တွင် ပျင်းရိစွာထိုင်နေလျက် သခင်မ ချန် မြှောက်ပင့်ပြောနေသည်ကို နားထောင်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ တန်ဖိုးမရှိသော အလောင်းကောင်နှစ်ကောင်ကို ကြည့်နေသည့်အလား သူ့မျက်လုံးများက အေးစက်နေသည်။
သခင်မ ချန် ကကြောက်လန့်နေသဖြင့် ဖော်ရွေသောဟန်ပန်နှင့် …
“အမတ်မင်းရယ် ဒီနေ့ဖြစ်ခဲ့တာအတွက် ကျွန်မတို့ကိုအပြစ်တင်လို့မရဘူးလေ .. ကျွန်မတို့က ကျင်ကွမ်း မြို့ကအရာရှိတွေကို ကူညီပေးချင်ရုံသက်သက်ပါ .. အကျင့်ပျက်ခြစားပြီးတော့ ဥပဒေချိုးဖောက်နေတဲ့သူတိုင်းကို အပြစ်ကမလွတ်မြောက်နိုင်အောင်လို့လေ .. နန်း အိမ်တော်က အခုအပြစ်ကင်းတယ်ဆိုတာ သေချာသွားပြီဆိုတော့ ကျွန်မတို့လည်းစိတ်အေးသွားပါပြီ”
ရှောင်းယီ အပြုံးတုနှင့်ပြုံးပြလိုက်ပြီး …
“ကောင်းမွန်တဲ့သူတစ်ယောက်အနေနဲ့ သတင်းပို့တယ်ဆိုတာ သဘာဝပါပဲ .. ဒါပေမယ့် နန်း အိမ်တော်က ကျုပ် အမတ်မင်းရဲ့ အိမ်တော်ဖြစ်နေတယ်လေ .. နန်း အိမ်တော်ကိုမတရားအမှုဆင်တာဟာ ကျုပ်ကိုအမှုဆင်စွပ်စွဲတာနဲ့ အတူတူပဲ .. ကိုယ့်နေရပ်ကမင်းသားကိုစွပ်စွဲတာဟာ တော်ဝင်နန်းတွင်းကအရာရှိကိုစွပ်စွဲတာနဲ့အတူတူပဲ .. တော်ဝင်နန်းတွင်းအရာရှိကိုစွပ်စွဲတာဟာ ပြစ်မှုမြောက်တယ်”
ပြစ်မှုတိုင်းကို အသေအချာ စီရင်ရမည်။
သခင်မ ချန် နှင့် ကျန်းယွမ့်ဝမ် တို့မှာ ကြောက်လန့်ကာ အသားများပင်တုန်နေပြီး မျက်နှာများမှာလည်း ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။
ရှောင်းယီ က ထိုင်ခုံကိုလက်တစ်ဖက်နှင့်ထောက်ကာ
“ငါ့အမိန့်အရ သခင်မ ချန် နဲ့ ကျန်းယွမ့်ဝမ် တို့က နန်းတွင်းအရာရှိကို စွပ်စွဲခဲ့တဲ့တာကြောင့် ဒီအပြစ်ကို ခွင့်လွှတ်လို့မရနိုင်ဘူး .. ဒါပေမယ့်လည်း ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကျန်းတချန် ကိုပဲ ရာထူးကထုတ်ပြီးတော့ သူ့ဇနီးနဲ့သူ့သားကိုထိန်းကွပ်ဖို့ အစိုးရကိုပို့ရမယ် .. ငါ့ဘက်က နောက်ထပ် ညှာတာထောက်ထားမှုရှိမှာမဟုတ်ဘူး”
ကျန်းတချန် သည် ကျန်းယွမ့်ဝမ် ၏အဖေဖြစ်ပြီး ကျင်ကွမ်း မြို့၏ အဆင့် ၄ စစ်သူကြီးဖြစ်သည်။
သခင်မ ချန် မှာ သူမအပြုအမူကြောင့် သူမခင်ပွန်း၏ ရာထူးကို ဆုံးရှုံးလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အိမ်သို့ပြန်ရောက်ပါက သူမ၏ခင်ပွန်းက သူမကို ခြေထောက်ကျိုးအောင် ရိုက်ချိုးပေလိမ့်မည်။
သခင်မ ချန် မြေပေါ်သို့ထိုင်လျက်ကျသွားပြီး ရင်ထဲတွင်လည်း အလွန်နောင်တရနေလေသည်။
ကျန်းယွမ့်ဝမ် လည်းထို့နည်းတူစွာ ထိတ်လန့်နေသည်။
ရှောင် းယီ သာ နန်းတော်၏အမတ် အဖြစ်ရာထူးရရှိလာမည်ကို သိခဲ့မည်ဆိုလျှင် နန်း အိမ်တော်ကိုပြဿနာရှာခဲ့မည်မဟုတ်ပေ။
ယခုမှာ သူ့အဖေ၏ရာထူးလည်း ဆုံးရှုံးသွားသည့်အပြင် ရှု တိုင်းပြည်တွင် ကျန်း မိသားစုသည် အများရယ်စရာဖြစ်ပေတော့မည်။
သားအမိနှစ်ယောက် ငိုကြွေးရင်းဖြင့် လှောင်နေသောလူများကြားမှ အိမ်သို့ပြန်သွားတော့သည်။
နန်းပေါင်ရီ က ရှက်ရှက်နှင့်ထွက်ပြေးသွားသော သူတို့ကို အိမ်တံစက်မြိတ်အောက်မှ လှပစွာရပ်ကြည့်နေပြီး မပြုံးဘဲမနေနိုင်တော့ပေ။
ကျားကွက်ကစားပွဲတွင် ကျန်း မိသားစုကို ပထမဆုံး ရှင်းထုတ်နိုင်ခဲ့ပြီ။
နောက်ထပ်ရှင်းထုတ်ရမည်မှာ ရှချင်ချင် ၏မိသားစုအလှည့်ပင်။
နန်းပေါင်ရီ ကို ရှောင်းယီ အေးတိအေးစက်နှင့် ဝေ့ကြည့်လိုက်ပြီး
“မင်းက ဒီမှာဘာလုပ်နေတာလဲ”
နန်းပေါင်ရီ က သူ့ကိုမော့ကြည့်လိုက်သည်။
သူမပြန်လည်မွေးဖွားလာခဲ့သည့်အချိန်မှစ၍ ပထမဆုံးကြိုးစားကာကွယ်ခဲ့သည့် အရေးကြီးကိစ္စမှာ သခင်မ လျို ကိုအိမ်သို့အဝင်မခံခြင်း၊ ဒုတိယမှာ နွေဦးရာသီပန်းပွဲတော်တွင် နန်း မိသားစု၏ ဂုဏ်သတင်းကိုပြန်လည်ဆယ်ယူခြင်း၊ တတိယမှာ ဝမ်းကွဲအစ်မကြီးကို လက်ထပ်ပွဲငြင်းဆန်စေခဲ့ပြီး သူမနှင့်ဝမ်းကွဲအစ်ကိုတို့အား အောင်သွယ်ပေးခြင်းဖြစ်သည်။
အရာရာအဆင်ပြေနေသည့်အပြင် ယခုလည်း အမတ်လောင်းက နန်းတွင်းသို့စောစောဝင်ခွင့်ရသွားပြီး ဒုတိယအဆင့်အမတ်မင်းအဖြစ်ပင် ချီးမြှင့်ခံရသည်။
သူသာ နန်း မိသားစုကိုစောင့်ရှောက်လိုပါက ရှု တိုင်းပြည်တွင် ဘုရင်ခံ ချန်း ၏ မိသားစုနှင့် ရွှယ် မိသားစုမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမှ နန်း မိသားစုကို အန္တရာယ်ပြုရဲတော့မည်မဟုတ်ပေ။
သူမ အလွန်ပျော်သွားပြီး မျက်ရည်များပင်စီးကျလာလေသည်။
နန်းပေါင်ရီ ငိုသည်ကို ရှောင်းယီ မကြိုက်သဖြင့် အသံကိုနှိမ့်ချကာ ..
“မငိုနဲ့လေ”
ကလေးမလေး၏မျက်တောင်များတွင် ပုလဲမျက်ရည်များတွဲခိုနေပြီး ချစ်စဖွယ်အမူအရာဖြင့် ပြုံးပြပြီး ခါးညွှတ်ကာ အရိုအသေပြုလိုက်သည်။ အမတ်မင်း ! ခမ်းနားတဲ့လမ်းခရီးနဲ့ တစ်လောကလုံးကိုအုပ်စိုးနိုင်မယ့် အာဏာမျိုးရဖို့ အမတ်မင်းအတွက် ကျောင်းကျောင်းဆုတောင်းပေးပါတယ်”
သိမ်မွေ့နူးညံ့သောဆုတောင်းများသည် ရှောင်ယီ့အတွက် တခြားသောလက်ဆောင်များထက် ပိုတန်ဖိုးရှိသည်။
သူကဘာမျှပြန်မပြောဘဲ သူမ၏လက်ကို တည်ငြိမ်စွာကိုင်လိုက်၏။ “အိမ်ထဲဝင်ရအောင်”
နန်းပေါင်ရီကသူ့အနောက်မှပါလာသည်။ သို့သော်သူ့ရင်ထဲတွင် အလွန်အမင်းလုံခြုံနေသည်။
…
မိန်းမစိုးကို ဧည့်ခံပြီးနောက်မှသာ နန်း အိမ်တော်တစ်ခုလုံး နားရသည်။ နန်းပေါင်ရီက စာဖတ်ခန်းကျယ်ကြီးထဲတွင်နေ၍ ရှောင်းယီ ပေးသောအိမ်စာများကို နေ့စဉ်လုပ်နေရသည်။
စာအုပ်ငါးအုပ်နဲ့ဂန္တဝင်ငါးပုဒ်ကိုလည်း ကူးရေးမပြီးသေးသည့်အပြင် အချိန်ဘယ်လောက်ကြာဦးမည်ကိုလည်း သူမမတွေးတတ်ပေ။
နန်းပေါင်ရီ စုတ်တံကိုကိုက်ကာ ပြတင်းပေါက်အပြင်သို့လှမ်းကြည့်လိုက်ပြီးနောက် ကျူးကျူးကိုခေါ်၍ ကြက်တောင်ကန်ခြင်းကို ဆော့ကစားချင်လာသည်။
ထိုအချိန်တွင် ရှောင်းယီ က တန်းလျားတွင်ပင်ရှိနေဦးမည်ဟု ခန့်မှန်းလိုက်ပြီးနောက် စာအုပ်များကိုပစ်ချ၍ ကြက်တောင်ရိုက်ရန် ကျူးကျူးအား သွားရှာလေသည်။
ညီအစ်မနှစ်ယောက်ဥယျာဉ်ထဲသို့သွားပြီးနောက် ကစားရတော့မည့်အတွက်ပျော်ရွှင်နေစဉ် ခြံစည်းရိုးအပြင်ဘက်မှ တရှဲရှဲလှုပ်ရှားသံများ ရုတ်တရက်ကြားလိုက်ရသည်။
လှမ်းကြည့်လိုက်သည့်အခါ နံရံပေါ်သို့ အတင်းကုတ်တွယ်တက်လာသော နန်းကွမ် ကိုတွေ့လိုက်ရသည်။ သူကဖင်ထောင်၍ အောက်သို့ကုန်းနေပြီး …
“ရှောင်မုံ့ လာ လှေကားပေါ်တက်လိုက် .. မင်းတက်နိုင်ပါတယ် .. မင်းကိုယ်မင်းယုံကြည်မှုရှိရမယ်”
နန်းပေါင်ကျူး အံ့ဩတကြီးနှင့်
“ကျောင်းကျောင်း .. ကြည့်ရတာ ဦးလေး ၃ထင်တယ် .. သူအဲဒီပေါ် ဘာတက်လုပ်နေတာလဲ”
နန်းပေါင်ရီ လည်း နားမလည်နိုင်ဖြစ်နေသည်။ သခင်မ လျို ကကိုယ်ဝန်လွယ်ထားသဖြင့် သူမ၏အဖေ အိမ်သို့ပြန်မလာသည့်အပြင် သူမကလည်း သွားရောက်မတွေ့ဖြစ်တော့ပေ။
အခုတော့ တွေ့ရခဲ့ပြီ။ အခြေအနေများမှာ ထိုသို့ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုအချိန် နံရံအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
“သခင်ကြီး .. ဒီလှေကားက တက်ရခက်တယ်”
“ဘာမှကြောက်နဲ့ ရှောင်မုံ့ .. ငါမင်းကိုကိုင်ထားပေးမယ်”
“သခင်ကြီး .. ရှင်ကတကယ်ငတုံးငအပဲ .. စဉ်းစားဉာဏ်ဒီလောက်ကောင်းတဲ့အတွက် ကျေးဇူးတင်ရမယ် .. အိမ်ထဲမှာနေခွင့်ရဖို့အတွက် ကျွန်မနဲ့ ယန်အာ ကို ခြံစည်းရိုးခွကျော်ခိုင်းပြီး အိမ်ထဲခေါ်သွင်းဖို့ တွေးပေးတဲ့အတွက်ရောပဲ”
“ဟဲဟဲ .. ဒါကို နောင်ခါလာ နောင်ဈေးလို့ခေါ်တယ် .. မင်းမှာက ကိုယ်ဝန်ကြီးနဲ့လေ .. အိမ်ထဲရောက်လာပြီးရင် ဘယ်သူကမင်းကိုမောင်းထုတ်ရဲမှာလဲ .. ဗိုက်ထဲက ကလေးကိုထိခိုက်မှာမျိုး သူတို့လုပ်ရဲမှာလား”
နန်းပေါင်ရီ မျက်နှာပျက်သွားသည်။
သူမ၏အဖေက လျိုရှောင်မုံ့ ကို သူတို့မိသားစုထဲသို့ တကယ်ပင်ခေါ်သွင်းချင်နေသည်။
နံရံကိုကျော်တက်၍ ခြံထဲသို့ခိုးဝင်သည့်နည်းမျိုးကိုပင်ကြံစည်ခဲ့သည့် သူမ၏အဖေ အလွန်တော်ပါပေသည်။
နန်းပေါင်ကျူး က သူမလက်ကိုကိုင်ပြီး ..
“ကျောင်းကျောင်း စိတ်မကောင်းမဖြစ်နဲ့ .. ဦးလေး ၃ လိုလူမျိုးအတွက် ဝမ်းနည်းဖို့မတန်ဘူး”
“အဆင်ပြေပါတယ်”
နန်းပေါင်ရီ ပြုံးလိုက်ပြီး သူမက ခြံစည်းရိုးကိုစိုက်ကြည့်နေသည်။
ခဏအကြာတွင် သူမ၏အဖေက လျိုရှောင်မုံ့ နှင့် နန်းယန်တို့ကိုခေါ်၍ နံရံပေါ်သို့ အတူရောက်လာလေသည်။
နန်းကွမ် က တစ်ဖက်မှလှေကားကို ခြံအတွင်းသို့အတော်အားစိုက်၍ ဆွဲချလိုက်ရသည်။
နေရာချပြီးသည်နှင့်တစ်ပြိုင်နက် မော့ကြည့်လိုက်သော် မလှမ်းမကမ်းတွင်ရပ်၍ တိတ်တဆိတ်ကြည့်နေသော သူ့သမီးငယ်လေးကိုမြင်လိုက်ရသဖြင့် ရင်ထိတ်သွားပြီး သူမကိုအမြန်လက်ပြကာ
“ကျောင်းကျောင်း .. ဒီကိုလာ ဒီကိုလာ”
နန်းပေါင်ရီ က အေးအေးလူလူလျှောက်သွားသည်။
“အဖေ ဘာလုပ်နေတာလဲ”
“သမီးရဲ့ အဒေါ်လျို ကလေ အပြင်မှာကလေးနဲ့နေဖို့က အဆင်မပြေတော့ ကလေးမွေးဖို့အတွက်အိမ်ကိုအဖေခေါ်လာလိုက်တာ .. အစေခံတွေလည် လာဘ်ထိုးပြီး ဖယ်ထားလိုက်တော့ သူတို့ပါလာတာကို အိမ်ကဘယ်သူမှမသိကြဘူး .. ကျောင်းကျောင်း လျှောက်မပြောရဘူးနော် .. ဘွားဘွားကိုပြောလိုက်ရင် အဖေစိတ်ဆိုးမှာ”
ထို့နောက် နန်းပေါင်ကျူး ဘက်သို့လှည့်ပြီး အားတက်စွာဖြင့်
“ကျူးအာ သမီးလည်းအတူတူပဲ .. မင်းအမေကိုသွားပြောရင် ငါကဦးလေးဖြစ်နေရင်တောင် နှစ်သစ်ကူးမုန့်ဖိုးမပေးဘဲနေလိုက်မှာ”
နန်းပေါင်ကျုး မျက်နှာကိုမဲ့လိုက်သည်။ နှစ်စဉ် ဦးလေး ၃ ပေးသည့် နှစ်သစ်ကူးမုန့်ဖိုးသည် ရွှေစ ၂စသာ ပါဝင်ပြီး အားလုံးထဲတွင် အနည်းဆုံးပင်ဖြစ်သည်။
သူမသည် ထိုငွေနှစ်အောင်စလေးကိုမက်မောနေသလို အခြိမ်းခြောက်ခံရသဖြင့် အလွန်ရှက်သွားသည်။
နန်းပေါင်ရီ က လျိုရှောင်မုံ့ နှင့် နန်းယန် တို့ကို တစ်ချက်လှမ်းကြည့်သည်။
ထိုသို့ကြည့်လိုက်သည့်အခါ သူမတို့နှစ်ယောက် အလိုလို မျက်နှာငယ်ကာ အနေရခက်သွားသည်။
နန်းပေါင်ရီ ကအသာပြုံး၍ ရုတ်တရက် လှေကားကိုကန်ချလိုက်သည်။
နန်းကွမ် အလွန်စိတ်တိုသွားပြီး …
“ကျောင်းကျောင်း ဘာလုပ်တာလဲ .. သမီးရဲ့ အဒေါ် လျို က အသက်လေးဆယ်ရောက်မှ ပုံမှန်ထက် နောက်ကျပြီး ကိုယ်ဝန်ဆောင်ထားရတာ .. သမီးမှာမောင်လေးတစ်ယောက်ထပ်ရမှာ မကောင်းဘူးလား .. အပြင်မှာနေရတာ အခြေအနေတွေက သိပ်မကောင်းဘူး .. ဘယ်လိုလုပ် ကလေးမွေးနိုင်မှာလဲ .. ဘာလဲ .. ကလေးမွေးဖို့တော့အိမ်ပြန်လာရမှာပေါ့ .. သမီးကအရွယ်ရလာပြီးပဲ .. နည်းနည်းတော့ အသိရှိလေ”
“ဒီတစ်ခေါက်မှ ဘာကြောင့် အိမ်ကိုလာဖို့ တွေးကြတာကာလိမ့် …”
နန်းပေါင်ရီက မျက်ခုံးပင့်လိုက်ပြီး …
“အခုကတော့ ကလေးမွေးချင်လို့ အိမ်ပြန်လာတယ်လို့တော့ သမီးမထင်ဘူး .. အစ်ကို ၂ က မှူးမတ်ဖြစ်သွားပြီမလို့ အိမ်ပြန်လာတာလို့ထင်တယ် .. နန်းယန် က မိသားစုဆွေမျိုးကိစ္စဘာညာနဲ့ ပက်သတ်ပြီးစကားပြောရမယ့်အရွယ်ရောက်နေပြီလေ .. အစ်ကို ၂ သာ သူ့နောက်မှာရှိနေရင် သူကအရာရှိပုံစံနဲ့ တရားဝင်ဇနီးရဲ့ပထမသားကို လက်ထပ်လမ်းကြောင်းဖို့အတွက် ချောချောမွေ့မွေ့စကားပြောပေးမှာပေါ့ … နန်းယန် .. ငါပြောတာဟုတ်တယ်မလား”