အပိုင်း (၈၆)
မှူးမတ်ကြီး ရှောင်းယီ (၂)
နန်းပေါင်ရီ သည် ပန်းထိုးထားသောခုံပေါ်တွင်ထိုင်ကာ ကျန်းယွမ့်ဝမ် ကို စိမ်ပြေနပြေကြည့်၍ ….
“စောင့်နေရတာပျင်းရာကြီး သခင်လေး ကျန်း .. ကျွန်မတို့လည်းလောင်းရအောင်လား”
အရင်ဘဝနှင့်ယခုဘဝနှစ်ခုလုံးတွင် ကျန်းယွမ့်ဝမ် က သူမ၏အစ်မကို ဝမ်းနည်းအောင်လုပ်ခဲ့သဖြင့် နှစ်ဘဝလုံးအတွက် သူတောင်းပန်ဖို့ရန် လိုသည်။
ကျန်းယွမ့်ဝမ် က မျက်ခုံးပင့်ကာ …
“ဘာကိုလောင်းမှာလဲ”
“ကျွန်မတို့မိသားစုအခွန်ရှောင်ထားတာရှိရင် မမကရှင်နဲ့လက်ထပ်လိုက်မယ် .. မရှိရင် ရှင်မမကို တောင်းပန်ရမယ်”
သူနှင့်အလောင်းအစားလုပ်ရဲသည့် သတ္တိမျိုး နန်းပေါင်ရီ ဘယ်ကရလာသလဲလို့ ကျန်းယွမ့်ဝမ် တွေးတောရင်း နားမလည်နိုင်ဖြစ်နေသည်။
နန်း အိမ်တော်ကအခွန်ရှောင်ထားမည်မှာ ကျိန်းသေဖြစ်သည်။ နန်း အိမ်တော်ကဲ့သို့ ကုန်သည်မျိုးကို မဆိုထားနှင့် သူတို့ ကျန်း မိသားစုသည်ပင် အခွန်ရှောင်ရန်ကြိုးစားနေတုန်းပင်။
မဟုတ်လျှင် ဝင်ငွေဘယ်လိုလုပ်ရှာနိုင်မှာလဲ။
ဒီကလေးမလေးက အလောင်းအစားလုပ်ရပုံကိုမသိခြင်းဖြစ်ရမည်ဟုတွေးပြီး လောင်းရန်ဆုံးဖြတ်ကာ ယပ်တောင်ကိုခါလိုက်ပြီး ပြုံးလျက်
“လောင်းမယ်လေ”
သုံးနာရီကြာခဲ့သည့် စစ်ဆေးခြင်းပြီးဆုံးသွားချိန်တွင် စာရင်းစစ်အဘိုးအိုက မတ်တတ်ရပ်၍ လူအများကို ဦးစွာခါးညွှတ်နှုတ်ဆက်သည်။ ထို့နောက် သခင်မ ချန် နှင့် သခင်မကြီး နန်း ရှိရာသို့ ရိုရိုသေသေ လှည့်လိုက်ပြီး ကျယ်လောင်စွာကြေညာလေသည်။
“နန်း အိမ်တော်ရဲ့ နှစ်အလိုက်စာရင်းတွေကို ကျွန်တော်တို့စစ်ပြီးပါပြီ .. တကယ်ပဲပြဿနာအချို့တွေ့ရပါတယ်”
သခင်မ ချန် ပျော်သွားသည်။
ယနေ့တော်ဝင်မိသားစုသည် အခွန်ကိစ္စကို အလွန်အရေးထားသည်။ တစ်စုံတစ်ယောက်အခွန်ရှောင်ပါက စစ်ဆေးပြီးသည့်အခါ သတင်းပေးပို့သူကို ချီးမြှင့်ငွေတစ်ဝက်ပေးသည်။
နန်း အိမ်တော်ကနှစ်ပေါင်းများစွာ ငွေမည်မျှစုဆောင်းထားသည်ကို သူမ မသိသော်လည်း တစ်ဝက်မျှရလျှင်ပင် ကျန်း မိသားစုအတွက် ဝင်ငွေအတော်များများရလိုက်မည်ဖြစ်သည်။
သူမက စိတ်လှုပ်ရှားစွာထလိုက်ပြီး …
“နန်းမိသားစုက အခွန်သန်းနဲ့ချီပြီး ရှောင်ထားတယ်ပေါ့”
ငွေစသန်းပေါင်းများစွာ …..
သူမကြောင့် သူတို့မိသားစု ဂုဏ်ယူရတော့မည်။
ပုလဲဆံထိုး၊ လက်ဝတ်ရတနာများ၊ နောင်တွင် လိုချင်သည့်အရာတိုင်း သူမဝယ်နိုင်တော့မည်။
ကျန်းယွမ့်ဝမ် က နန်းပေါင်ရုံ ဘက်သို့ တက်ကြွစွာလှည့်လိုက်သည်။
“ပေါင်ရု ံ .. ကြည့်ရတာ ငါတို့လက်ထပ်ရမယ့်အရေးကို မင်းလွတ်မြောက်နိုင်မယ်မထင်ဘူး”
မြို့ရှိလူများပင် ထိုအကြောင်း ပြောနေကြပြီး အလွန်ကြင်နာတတ်သော နန်း မိသားစုက အခွန်ဖုံးထားသည့်ကိစ္စမျိုး လုပ်ရက်နိုင်လေခြင်းဟု တွေးနေကြသည်။
ထိုစွပ်စွဲသံများအကြား စာရင်းစစ်အဘိုးကြီးက မျက်ရည်ကျသွားကာ အော်ပြောလေသည်။
“သခင်မ ချန် ပြောတာအမှားကြီးပါ .. နန်း မိသားစုက အခွန်စာရွက်တွေမဖွက်ထားပါဘူး .. လွန်ခဲ့တဲ့သုံးနှစ်လုံး နန်း မိသားစုက အမှန်အတိုင်းအခွန်ဆောင်ရုံမက လမ်းဖောက်ဖို့ တံတားဆောက်ဖို့နဲ့ သာရေးနာရေးအတွက် ငွေစ ၅သိန်းတောင်ခွဲဝေးပေးထားသေးတယ် .. ပညာရေးမှာရော ဒုက္ခဘေးမှာရော လှူတယ် .. နန်း အိမ်တော်က ကောင်းမြတ်တဲ့အိမ်တော်ပါ”
အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။
သခင်မကြီးက လက်ဖက်ရည်ခွက်ကိုချပြီး ပြုံးလျက်
“အဘိုးပြောနေတာ မှားသေးတယ်ရှင့် .. ကျွန်မတို့ နန်း မိသားစုက ဒီသုံးနှစ်မှာပဲ ကောင်းတာတွေလုပ်ခဲ့တာမဟုတ်ဘူး .. လွန်ခဲ့နှစ်ပေါင်း၂၀၀ကျော်ကတည်းက လုပ်ခဲ့တာ .. နှစ်တိုင်း ငွေစ ၅သိန်းပေးဝေတယ် … ဆင်းရဲသားတွေအတွက် ရိက္ခာ .. ဆောက်လုပ်ရေးလုပ်ငန်းတွေ .. အကုန်လှူခဲ့တယ် .. နန်း မိသားစုမှာ ဘယ်သူကမှ ကျော်ကြားလာတာမျိုးမရှိပေမယ့် ကျွန်မတို့ဘိုးဘွားတွေရဲ့ ဆောင်ပုဒ်က အိမ်တော်မှာ အဆောက်အအုံပေါင်းထောင်ချီနေရင် လောကကြီးပျော်ရွှင်လိမ့်မယ်တဲ့”
တစ်ခါက တုဖူ သည် စိတ်ဓာတ်ပြိုလဲပြီး ကျင်ကွမ်း မြို့ရှိ ဘုရားကျောင်းတွင် နေခဲ့ရသည်။ ထိုစဉ်က သူသည် ‘သက်ငယ်အမိုးဟာ ဆောင်းဦးလေပြည်ကြောင့် ပျက်ဆီးသွားခဲ့” စာအုပ်တွင် ရေးခဲ့သည်မှာ ကွင်းပြင်ကျယ်ကြီးထဲမှာ အဆောက်အအုံပေါင်းထောင်နဲ့ချီရှိနေတယ် .. လောကကြီးမှာ ပျော်ရွှင်မှုအပြည့်လွှမ်းလို့ပေါ့’ဟူ၍ ဖြစ်သည်။
ယနေ့အချိန်တွင် နန်း အိမ်တော်သည် ချမ်းသာကြွယ်ဝနေလေပြီ။ အဆောက်အအုံပေါင်းထောင်ချီရှိနေပြီဖြစ်သောကြောင့် သိက္ခာရှိသူများက လောကကြီးကိုအမိုးအကာပေးနိုင်သည်မှာ သဘာဝပင်။
လာရောက်ကြည့်ရှူနေသူများသည် မငိုဘဲမနေနိုင်ကြတော့ပေ။
နှစ်စဉ် ငွေစ ၅သိန်းလှူဒါန်းခဲ့သည်။ နှစ်ပေါင်း၂၀၀ကျော်ဆိုပါက ငွေစပေါင်းမည်မျှလှူဒါန်းခဲ့ပြီးပြီလဲ။
ကိုယ်ပိုင်ကျောင်းဆရာတစ်ယောက်က ခံစားမှုမျိုးစုံဖြင့် သက်ပြင်းချမိသည်။
“ကွန်ဖြူးရှပ်စာအုပ်မှာရေးထားတာ ကောင်းမြတ်တဲ့အိမ်တော်မှာ ကံကောင်းခြင်းတွေရှိလိမ့်မယ်တဲ့ .. နန်း အိမ်တော်က ကောင်းမှုကုသိုလ်တွေစုဆောင်းလာခဲ့တာဆိုတော့ အခုလိုချမ်းသာသင့်ပါတယ်လေ .. ရှု တိုင်းပြည်ရဲ့အချမ်းသာဆုံးဟာ နန်း အိမ်တော်ကလွဲပြီးတခြားမဖြစ်နိုင်တော့ဘူး .. ဒါကို လူတိုင်းမငြင်းနိုင်ပါဘူး”
အခြားသူများလည်း ခေါင်းညိတ်သဘောတူကြသည်။
သခင်မ ချန် ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး တစ်ကိုယ်လုံးတုန်ယင်နေလေသည်။
နန်း မိသားစုက အခွန်မရှောင်ဘဲ ဘာကြောင့်များ ဒီလောက် ချမ်းသာနေရတာလဲ၊
နန်း မိသားစုက နှစ်စဉ်ဝင်ငွေများစွာရရှိသော်လည်း အခွန်ပေါင်းများစွာကိုပေးရမည်ဖြစ်သောကြောင့် သူတို့နှမြောတသမဖြစ်ကြဘူးလား၊
လူအများလေးစားရသော ကွန်ဖြူးရှပ်ဝါဒီတစ်ဦးက သခင်မ ချန် ကို အထင်သေးစွာ တစ်ချက်ကြည့်သည်။
“ပြောင်းလဲမှုများစာအုပ်မှာပြောထားတယ် . ဆိုးသွမ်းတဲ့မိသားစုရှိရင် လူပိုလူလျှံတွေပဲဖြစ်လိမ့်မယ်တဲ့ .. နောက်ထပ်မတရားတာထပ်လုပ်ရင် သေရလိမ့်မယ်နော် ကျန်း မိသားစု .. ဟမ့်”
အားလုံးက တစ်ခွန်းမျှဝင်မပြောဘဲ အထင်သေးစွာ ဝိုင်းရယ်ကြသည်။
သခင်မ ချန် ၏မျက်နှာမှာ ရှက်ရွံ့ခြင်းတို့ကြောင့်နီရဲလာပြီး နေရာတွင်သူမ မနေရဲတော့ပေ။ ထို့ကြောင့် စိတ်တိုတိုနှင့် …
“ယွမ့်ဝမ် သွားရအောင်”
“နေဦး”
နန်းပေါင်ရီ က ကျန်းယွမ့်ဝမ် ကိုတားလေသည်။ သူမ၏မျက်ဝန်းများက လခြမ်းကဲ့သို့ကွေးနေသည်။
“သခင်လေး ကျန်း မမကို တောင်းပန်ရဦးမယ်လေ”
ကျန်းယွမ့်ဝမ် က နန်းပေါင်ရုံ ကိုတစ်ချက်ကြည့်ကာ ရင်ထဲတွင်ဒေါပွလာပြီး ရိုင်းပျစွာဖြင့် ..
“အရင်က စိတ်အနှောက်အယှက်ပေးမိတဲ့အတွက် .. ငါတောင်းပန်ပါတယ်”
စိတ်ထဲမှမပါဘဲတောင်းပန်ပြီးနောက် သခင်မ ချန် နှင့်အတူ အိမ်ပြန်တော့မည့်ဟန်ပြင်လိုက်စဉ် ပတ်ပတ်လည်မှ ရဲမက်ခြေသံများထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော စစ်သည်များပေါ်လာပြီး သားအမိနှစ်ယောက်သွားမည့်လမ်းကို ပိတ်ထားလိုက်သည်။
ထို့နောက် မြင်းခွာသံထွက်ပေါ်လာသည်။
နန်းပေါင်ရီ က မြင်းပေါ်တွင် ခန့်ညားစွာ ထိုင်နေသော လူငယ်လေးကို ကြည့်လိုက်သည်။ သူက ရဲမက်များဝတ်ဆင်သောဖိနပ်များဝတ်ထားပြီး အရာရှိဝတ်စုံတွင် အနီရင့်ရောင်ပန်းထိုးထားသော အမွေးထူထူသားရဲတစ်ကောင်၏အရေကို ခြုံထားသဖြင့် အရပ်ပိုမြင့်ဟန်ထင်ရပြီး ခံညားထည်ဝါနေသည်။
ရှောင်းယီ မှာ နန်း အိမ်တော်ဂိတ်တံခါးသို့ရောက်လာပြီး မြင်းပေါ်မှဆင်းလာကာ မြင်းဇက်ကြိုးကို ရှီးခူ ထံပစ်ပေးပြီးနောက် လက်ထောက်တစ်ယောက်ယူလာသော ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
သူ၏ခြေထောက်ရှည်ကြီးများကို သဘာဝကျကျချိတ်ထိုင်ကာ အင်္ကျီလက်ရှည်ကိုခေါက်တင်ပြီးနောက် နှုတ်ခမ်းများကွေးညွတ်သွားအောင် ပြုံးလိုက်သည်။
“ဒီနားမှာ ဆူဆူပူပူဖြစ်နေတယ်ဆိုလို့ စစ်ဆေးဖို့ ရောက်လာတာပါ”
သခင်မ ချန် ကအလွန်ရှက်နေသဖြင့် အိမ်အမြန်ပြန်ချင်နေလေသည်။
သူမက ဒေါသကြီးစွာဖြင့် …
“အဆင့်၆အရာရှိတစ်ယောက်ကများ ငါ့ကိုတားရဲတယ်လား .. ငါက စစ်ရေးအရာရှိရဲ့ ဇနီးပဲ !”
ကျန်းယွမ့်ဝမ် လည်းအနေရခက်လာသည်။
“ရှောင်းယီ .. စစ်တပ်ကိုအမိန့်ပေးလှုပ်ရှားဖို့ မင်းမှာဘယ်ကသတ္တိရှိလို့လဲ .. မြန်မြန်ပြန်ခေါ်သွားစမ်း .. ငါ့အဖေကိုသတင်းပို့ပြီး မင်းကိုစစ်ဆေးဖို့ ရာထူးဖြုတ်ခိုင်းရမယ်”
ရှောင်းယီက သွားများပင်ပေါ်အောင်ပြုံးလိုက်သည်။
“မင်းကသာ နန်း အိမ်တော်ကို အခွန်ရှောင်တယ်ဆိုပြီး စွပ်စွဲခဲ့တာလေ .. အဲဒါကအဓိကကိစ္စမဟုတ်ဘူးလား”
“ငါ နန်းပေါင်ရုံ ကို တောင်းပန်ပြီးပြီပဲ .. ဘာထပ်လုပ်ပေးရဦးမှာလဲ”
ကျန်းယွမ့်ဝမ် စိတ်မရှည်တော့ပေ။
“အစောင့်သာသာ စာရင်းစစ်ကများ .. ငါတို့ကိုစစ်ဆေးဖို့ မင်းမှာဘာသတ္တိရှိလို့လဲ”
ကျန်းယွမ့်ဝမ် စကားပြောဆိုမပြီးဆုံးခင်မှာပင် လမ်းမကြီးတစ်ဖက်မှ မြင်းခွာသံများကြားရပြီး စူးဝါးကျယ်လောင်သောအသံတစ်ခု အဝေးမှထွက်ပေါ်လာသည်။
“တော်ဝင်အမိန့် !!”
ရှောင်းယီ မှလွဲ၍ အားလုံးထိတ်လန့်သွားကြသည်။
ရှန်ကျင်း မြို့မှ မိုင်သုံးရာကွာဝေးသော ကျင်ကွမ်း မြို့သို့ ဘယ်လိုတော်ဝင်အမိန့်ပြန်တမ်းရောက်လာရတာလဲ၊
ဘယ်သူ့အတွက်လဲ၊ ဆုချီးမြှင့်ခြင်းလား၊ အပြစ်ပေးခြင်းလား။
နားမလည်လိုက်ခင်မှာပင် အဝါရောင်တောက်ပနေသောအောင်လံတံခွန်နှင့် မြင်းစီးအဖွဲ့ကိုမြင်လိုက်ရသောအခါ အားလုံးက အလိုအလျောက် ဒူးထောက်လိုက်ကြသည်။
နန်းပေါင်ရုံ ကူတွဲပေးထားသော သခင်မကြီးသည်ပင် လေးစားသမှုဖြင့် ဒူးထောက်နေသည်။
လူအုပ်အကြားမှတစ်ဆင့် ရှောင်းယီ ကို နန်းပေါင်ရီ လှမ်းကြည့်လိုက်သည်။
အမတ်ကြီးက ဂရုမစိုက်သည့်ဟန်နှင့်၊ ယနေ့ တော်ဝင်အမိန့်ပြန်တမ်းရောက်လာမည်ကို သူကြိုသိထားသည်မှာ အသေအချာပင်။
သူမ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုပေါ်လာသည်။
ယဲ့လန် တိုင်းပြည်နှင့်စစ်ပွဲတွင် အမတ်ကြီးက အရေးကြီးသောတာဝန်များစွာ ကျေပွန်ထမ်းရွက်ခဲ့သည်။ ယခုတော်ဝင်အမိန့်သည် သူ့အား တရားဝင်အရာရှိအဆင့် ချီးမြှင့်ခြင်းဖြစ်နေမည်လား။
မည်သည့်အဆင့်ချီးမြှင့်မည်ကိုသာ သူမ,မသိရပေ။
အမိန့်ပြန်တမ်းကြေညာသူက မြင်းပေါ်မှဆင်းလာကာ အမိန့်တော်လွှာကိုဖြန့်၍ လည်ချောင်းသံဖြင့် ပြောသည်။
“ကြီးမြတ်သော ရှင်ဘုရင်ဧကရာဇ်က မိန့်ဆိုလိုက်သည် .. ယဲ့လန် တိုက်ပွဲမှာ ရှောင်းယီ ဟာ ရန်သူထောင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့တယ် .. အယောက်၂၀ဖမ်းဆီးဆက်သခဲ့တယ် .. တိုက်ပွဲ၁၆ပွဲအောင်နိုင်ဖို့ စီစဉ်ခဲ့တယ် .. ယဲ့လန် မြို့တော်ကိုထိုးဖောက်နိုင်မယ့် အံ့အားသင့်ဖွယ်ရာအကြံအစည်တစ်ခု ပြုလုပ်ခဲ့တယ် .. အဲဒီတိုက်ပွဲမှာလည်း ပထမနေရာက အောင်မြင်မူရယူခဲ့တယ် .. ရှောင်းယီ က ရှားရှားပါးပါး အသက်ငယ်ငယ်ပဲရှိသေးတယ် .. ငါကိုယ်တော် သူ့ကို မှူးမတ်ကြီးရာထူးအား ဝမ်းမြောက်စွာ အပ်နှင်းလိုသဖြင့် နန်းတွင်းရဲ့ဒုတိယအဆင့်မှူးမတ်ရာထူးအပြင် ရွှေစတစ်ထောင်နဲ့ အိမ်ခြေတစ်သောင်း ချီးမြှင့်လိုက်သည် .. တော်ဝင်အမိန့်တော် !”
ထိုသူက အမိန့်ပြန်တမ်းဖတ်ပြီးနောက် ရှောင်းယီ အား ပြုံး၍ကြည့်လိုက်သည်။
လူငယ်ကခန့်ညားပြီး ကျောက်စိမ်းကဲ့သို့ချောမောလှပသည်။
ထိုကဲ့သို့ လူငယ်လေးက စစ်မြေပြင်တွင် အနိုင်မခံအရှုံးမပေးတိုက်ခိုက်ခဲ့ကြောင်း တွေးကြည့်ဖို့ရန်ပင်ခက်ခဲသည်။
ရှောင်းယီ က သူ့ကို တည်ငြိမ်စွာကျေးဇူးတင်စကားဆိုသဖြင့် တိတ်တဆိတ်ခေါင်းညိတ်ပြသည်။
အသက်၁၈နှစ်အရွယ်တွင် ရဲမက်ဦးစီးအဖြစ်ဂုဏ်ပြုခံရပြီး မာနမကြီး၊ဆင်ဆင်ခြင်ခြင်ရှိသူမျိုး တကယ်ပင်ရှားပါးသည်။ နောင်တွင် ယခုထက်ပိုမြင့်သောရာထူးမျိုး ရလာနိုင်သေးသည်၊
သူ၏အပြုံးက စိတ်ကျေနပ်ဖွယ်ရှိနေပြီး လှိုက်လှဲစွာ …
“အဲဒီနေ့က ဘုရင်မင်းမြတ်က မနက်စောစောအိပ်ရာထပြီး ယဲ့လန် မြို့တော်ကို အမတ်မင်းထိုးဖောက်သွားနိုင်ကြောင်းသတင်းကြားလိုက်ရတယ် .. သူ့မှာ အပျော်လွန်ပြီးခြေအိတ်တောင်မဝတ်နိုင်ဘူး .. ခန်းမထဲမှာ ကျွမ်းနှစ်ခါပစ်ပြီး အမတ်မင်းရဲ့အကြောက်တရားမရှိတဲ့အနာဂတ်အတွက် အမွှမ်းတင်နေသေးတယ် .. နောင်တစ်ချိန်မှာ တောင်ပိုင်းရဲ့ ထောက်တိုင်ဖြစ်လာနိုင်တာပေါ့”
ရှောင်းယီ ဘာမှပြန်မပြောပေ။
သခင်မကြီး ကပြုံး၍ အရှေ့သို့ထွက်ပြီး နှုတ်ဆက်သည်။
“အမတ်ကြီးက ခရီးဝေးကလာရတာ လမ်းခရီးမှာပင်ပန်းလာမှာပေါ့ .. အိမ်ထဲကိုဝင်နားပါဦး .. ကျွန်မတို့လည်း ကောင်းကောင်းဧည့်ခံရတာပေါ့”
“သခင်မကြီးက သဘောကောင်းလွန်းပါတယ်”
အနက်ရောင်လူအုပ်က အိမ်ခြံဝင်းထဲသို့ အတူဝင်သွားကြသည်။
သခင်မ ချန် နှင့် ကျန်းယွမ့်ဝမ် တို့၏ မျက်နှာတို့မှာ အမျိုးမျိုးပျက်ယွင်းနေလေသည်။
နန်းတွင်း၏ဒုတိယအဆင့်မှူးမတ်ဟူသည့်တရားဝင်ရာထူးသည် အဖွဲ့ခေါင်းဆောင်ရာထူးထက် အများကြီးပိုမြင့်သည်။
လူဦးရေသောင်းနှင့်ချီသော အိမ်ထောင်စုများအားလုံးအတွက် မြေပိုင်ဆိုင်ခွင့်ရရှိသည့်အပြင် ပြည်သူများထံမှလည်း အခွန်ကောက်ခံခွင့်ရရှိမည်။
အဓိပ္ပာယ်မှာ သူ၏ရာထူးသည် တကယ့်အာဏာအစစ်တည်ရှိသည်ဟု ဆိုလိုသည်။
သခင်မ ချန် က ကျန်းယွမ့်ဝမ် ၏အင်္ကျီစကို ဆောင့်ဆွဲကာ ပြေးရန်ပြောသည်။
တစ်လှမ်းမျှ မပြေးရသေးခင် စစ်သည်များဝန်းရံခြင်းခံလိုက်ရသဖြင့် စိတ်မကောင်းစရာပင်။
သခင်မ ချန် အားယူပြုံးကာ …
“ဂုဏ်ပြုပါတယ် သခင်လေး ရှောင်း .. ငယ်ငယ်လေးနဲ့ ရှင်ဘုရင်ကတောင် နန်းတွင်းမှူးမတ်လို့ ရာထူးပေးရတယ် .. ဘိုးဘေးတွေအတွက် ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုပါပဲ”