အပိုင်း (၈၂)
အရှက်မဲ့သောအမတ်လောင်း
စုန့်ရှစ်နင် က သူချစ်ရသူ ပြန်ပြောမည်ကို အချိန်အတော်ကြာစောင့်ပြီးနောက် စိုးရိမ်စွာဖြင့် ရှေ့သို့နှစ်လှမ်းတိုးကာ
“ရုံအာ …”
သူမအား စိတ်အနှောက်အယှက်ပြုမိမည်ကို စိတ်ပူသဖြင့် ခြေလှမ်းများကို ရပ်လိုက်သည်။
သူ့မျက်ဝန်းများက အသေအချာမျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နေပြီး ရဲရဲတင်းတင်းမေးလိုက်သည်။
“ရုံအာ .. ဒီလတွေမှာ မင်းကိုယ့်ကို မလွမ်းဘူးလား”
စုန့်ရှစ်နင် အလောသုံးဆယ်မလုပ်ရဲသဖြင့် သူမ၏အဖြေကို စိတ်ရှည်စွာ စောင့်နေရှာသည်။ အချိန်အတော်ကြာပြီးနောက် နန်းပေါင်ရုံ က နောက်ဆုံးတွင် ခေါင်းလေးငုံ့ပြီး မေပယ်ပင်နောက်မှ ထွက်လာလေသည်။
သူမက စုန့်ရှစ်နင် လက်ကို ညင်သာစွာဖြင့်ဆွဲကိုင်လိုက်ပြီး မေပယ်ရွက်လေးတစ်ရွက်ကို သူ့လက်ဖဝါးထဲသို့ထည့်လိုက်သည်။
ထို့နောက်တွင် သူမကမော့ပင်မကြည့်ရဲတော့ဘဲ ရှက်ရှက်နှင့်ထွက်ပြေးသွားသဖြင့် စုန့်ရှစ်နင် က လက်ထဲရှိမေပယ်ရွက်လေးကို မှင်တက်စွာကြည့်နေမိသည်။
တစ်ခဏအကြာတွင် သူကထိုမေပယ်ရွက်လေးကို ရတနာတစ်ခုအလား တင်းကျပ်စွာ ဆုပ်ကိုင်ပြီးနောက် ငိုချမိသွားလေသည်။
ခေါင်ရန်းပန်းပင်အနောက်တွင် နန်းပေါင်ကျူး က တွေဝေလျက် ကလေးဆန်စွာ မေးလိုက်သည်။
“အခုကဘာဖြစ်သွားတာလဲ .. ဘာလို့ငါဘာမှနားမလည်ရတာလဲ .. မမကသူ့ကို လွမ်းတာလား မလွမ်းဘူးလား”
နန်းပေါင်ရီ ၏မျက်ခုံးများ ကွေးတက်သွားလေသည်။
‘တောင်တစ်တောင် တောင်နှစ်တောင် တောင်တွေကမြင့်မားလွန်းတယ် .. ကောင်းကင်ကဝေးကွာလွန်းတယ် .. ရေတွေကအေးစက်လွန်းတယ် .. အချစ်နာကျနေတဲ့ အနီရောင်မေပယ်ရွက်လေးကတော့ ဖြေဆေးဖြစ်တယ်တဲ့ နင်ရော မမက သူ့ကိုလွမ်းနေတယ်လို့ထင်လား”
နန်းပေါင်ကျူး က နှုတ်ခမ်းဆူလိုက်ပြီး မပျော်မရွှင်ဖြင့် နန်းပေါင်ရီ ၏နှဖူးကို တောက်လိုက်သည်။
“နင်နဲ့မမက ငါ့မှာဗဟုသုတမရှိတာကို တမင်အခွင့်ကောင်းယူပြီး ငါ့ကိုအနိုင်ကျင့်နေကြတာပဲ .. ဟင့် .. ငါနင်တို့နှစ်ယောက်လုံးကို မခေါ်တော့ဘူး”
နန်းပေါင်ကျူး ဂါဝန်ကိုမကာ ကိုးရိုးကားရားနှင့်ထွက်ပြေးသွားလေသည်။
နန်းပေါင်ရီ နဖူးကိုကိုင်ကြည့်ပြီးနောက် နောက်သို့လှည့်လိုက်ရာ ရှောင်းယီ နှင့်ဝင်တိုက်မိလေသည်။
သူက မိစ္စာတစ်ကောင်အလား ထိုနေရာတွင် ရပ်နေသဖြင့် နန်းပေါင်ရီ ညည်းညူလိုက်သည်။
“အစ်ကို ၂က လွန်လွန်းတယ် ရောက်နေတာကိုအသံလေးတောင်မပြုဘူး .. ညီမလေးလန့်ဖျပ်သွားမှ ရပ်မှာလား .. နဂိုတည်းက ကြောက်တတ်ပါတယ်ဆို”
ရှောင်းယီ မျက်ခုံးပင့်လိုက်သည်။
ထိုကလေးမသည် လူတစ်ယောက်ကို အင်ပါယာသံတမန်အဖြစ်ပင် ဟန်ဆောင်ခိုင်းပြီး ချမ်းသာသောမိသားစုတစ်ခု၏သမီးတော်ကိုပင်လှည့်စားခဲ့သည်။ ထိုအရာများကို ကြောက်တတ်သည်ဟုဆိုနိုင်ရဲ့လား။
ရှောင်းယီ ကို နန်းပေါင်ရီ ပြန်ကြည့်ကာ …
“အစ်ကို ၂က ညီမလေးကိုတမင်လာရှာတာလား”
ရှောင်းယီက ပေါ့ပေါ့ပါးပါးပင်…
“အိမ်ပြန်ရအောင်”
နန်းပေါင်ရီ အံ့အားသင့်သွားသည်။
“ဟိုမှာစားတော်ပွဲရှိတယ်မဟုတ်ဘူးလား”
“ရှ မိသားစုပြဿနာတက်သွားတယ်”
ရှောင်းယီ စကားလျှောချလိုက်ပြီး ခြံအရှေ့သို့လျှောက်သွားသဖြင့် နန်းပေါင်ရီ အနောက်ကလိုက်ပြီးသိချင်စိတ်ဖြင့် …
“ရှ မိသားစုက ဘာဖြစ်တာလဲ .. ရှချင်ချင် နဲ့ ဝမ်လင် တို့ တစ်ခုခုဖြစ်တာလား .. အဲဒီမိန်းကလေးကိုကြည့်ရတာ စိတ်မရှည်ဘဲ အခွင့်ကောင်းယူချင်နေတဲ့ပုံပဲ”
ရှောင်းယီ ခေါင်းညိတ်ပြသဖြင့် နန်းပေါင်ရီပို၍ပင် အံ့ဩသွားရသည်။ ထိုအကြောင်းကို သာမန်ကာလျှံကာတွေးလိုက်မိသော်လည်း ရှချင်ချင် က တကယ်ပင် စိတ်မထိန်းနိုင်ဖြစ်သွားမည်မှန်း မထင်ထားခဲ့ချေ။
နန်းပေါင်ရီ အံ့သြစိတ်ဖြင့်ရေရွတ်မိသည်။
“ဒါအိပ်ရာပေါ်အတင်းဝင်အိပ်လိုက်တာပဲ .. ရဲတင်းလွန်းတယ် .. သူ့နောက်ကြောင်းကိုတောင်မသိသေးဘဲ အလျှင်စလိုနဲ့ ဒါမျိုးလုပ်လိုက်တယ်လား .. လောဘရှိတာတော့ လောဘရှိတာပေါ့ .. ဒါပေမယ့် မိန်းမပျိုတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှုကိုတောင်ရင်းပြီးတော့ ဘာလို့လုပ်ရတာလဲ .. သူ့မှာသိက္ခာမရှိဘူးလား”
ရှောင်းယီက ဘာမျှပြန်မပြောပေ။
နန်းကျောင်းကျောင်း သည်လည်း အလွန်ရဲတင်းပေသည်။
ထို့အပြင် အရည်အချင်းရှိသည့် ယောက်ျားကောင်းတစ်ယောက်ကိုလည်း လိုချင်သည်။ အနာဂတ်တွင် တစ်စုံတစ်ယောက်၏အိပ်ရာပေါ်သို့ဝင်အိပ်သည်မျိုး လုပ်လာနိုင်သည်။
သူ၏မျက်ဝန်းများနက်မှောင်သွားပြီး ပို၍ခက်ထန်လာကာ အသံတိုးတိုးဖြင့် …
“အိမ်ပြန်ရောက်ရင် ကွန်ဖြူးရှပ်ဝါဒရဲ့ စာပေလေးမျိုးနဲ့ ဂန္တဝင်စာအုပ်ငါးမျိုးကို ဆယ်ခါကူးရေးရုံနဲ့မရဘူး .. မိန်းမသားတို့၏အကျင့်သီလ နဲ့ မိန်းမသားတို့၏အသွင်အပြင် ကိုပါ ဆယ်ကြိမ်စီ ကူးရေးရမယ်”
နန်းပေါင်ရီ ထိတ်လန့်သွားပြီး …
“အစ်ကို ၂ အပြစ်လုပ်တာက ရှချင်ချင် လေ ညီမလေးမဟုတ်ဘူး .. ဘာလို့ညီမလေးကို အပြစ်ပေးရတာလဲ .. ဒါမတရားဘူး”
ရှောင်းယီက သူမကိုတစ်ချက်ကြည့်သည်။
“ကြိုတင်ကာကွယ်ထားရမယ်လေ .. နောင်မှာလည်း မင်းသူ့လို မလုပ်မိအောင်ပေါ့”
နန်းပေါင်ရီ ပြောစရာစကားမရှိဖြစ်သွားလေသည်။
ထိုကဲ့သို့ကိစ္စများသည် စာကူရေးရုံမျှဖြင့် ကာကွယ်နိုင်ပါမလား။
ထိုအာဏာရှိသည့် အမတ်လောင်းသည် အလွန်ပင်အရှက်မရှိပါပေ။
သို့သော် သူမအတွန့်မတက်တော့ဘဲ ရှောင်းယီ အနောက်မှသာ အပြစ်လုပ်မိထားသောဇနီးသည်တစ်ယောက်ကဲ့သို့ သနားစဖွယ်လိုက်လာသည်။
အိမ်တော်၏တံခါးဝန်းသို့ရောက်သော် မင်္ဂလာပွဲလာသည့်ဧည့်သည်များက ရှချင်ချင် ၏ အရှက်မရှိခြင်းကို လှောင်ပြောင်ပြီးနောက် သူတို့ကိုယ်ပိုင်မြင်းလှည်းများဖြင့် ပြန်သွားကြလေပြီ။
နန်းပေါင်ရီ သူမ၏မြင်းလှည်းဆီသို့သွားသည့်အခါ အဒေါ် ၂ကို ခေါင်းညွှတ်နှုတ်ဆက်နေသော ဝမ်းကွဲအစ်ကို စုန့်ရှစ်နင် ကို တွေ့လိုက်ရသည်။
အနီရောင်မေပယ်ရွက်ကလေးဖွက်ထားသော အနက်ရောင်ခေါင်းစည်းကိုပတ်ထားပြီး မေပယ်ရွက်က တစ်ဝက်ပေါ်နေသော်လည်း သူကသတိမပြုမိပေ။ ရယ်ချင်စရာဖြစ်နေပြီး လူအများသတိပြုစရာလည်းဖြစ်နေသည်။
ရှက်ဖွယ်ဖြစ်သော်လည်း ထိုအရာကိုမြင်လိုက်ရသည့် နန်းပေါင်ရီ မှာ ရင်ထဲတွင် နွေးထွေးသွားလေသည်။
သူမ၏ မမပေးသောအရာလေးများကိုပင် တန်ဖိုးထားနေပါက မမကိုဆိုလျှင် ပြောဖွယ်ရာမရှိတော့ပေ။
သူမက မြင်းလှည်းပေါ်သို့တက်လိုက်ပြီး နန်းပေါင်ရုံ အနားသို့ပျော်ရွှင်စွာဖြင့်သွားထိုင်သည်။
“မမ .. ဝမ်းကွဲအစ်ကိုက ဘယ်တော့လက်ထပ်ခွင့်လာတောင်းမယ်တဲ့လဲ .. မစောင့်နိုင်တော့ဘူး”
နန်းပေါင်ရုံ ကရှက်နေပြီး မျက်လွှာချထားကာ ဘာမျှပြန်မပြောချေ။
နန်းပေါင်ကျူး က မုန့်စားနေရင်း ပြုံးဖြီးကာ …
“သူ ငါ့အမေကိုအဲဒီကိစ္စပြောတော့ မေမေတော်တော်ပျော်သွားတယ် .. အိမ်ပြန်ရောက်ရင်ဘွားဘွားနဲ့တိုင်ပင်ချင်သေးတယ်လို့ပြောလိုက်တယ် .. တစ်ခုခုလွဲသွားတာမျိုးမရှိရင်တော့ ငါထင်တာတော့ သိပ်မကြာခင် သူလက်ထပ်ခွင့်ရသွားလိမ့်မယ်”
“ကောင်းလိုက်တာ”
နန်းပေါင်ရီ စိတ်ရင်းအတိုင်းချီးမွမ်းသော်လည်း နန်းပေါင်ကျူး မှာ ခေါင်းကိုအနည်းငယ်စောင်း၍ …
“ဒါပေမယ့် ကျောင်းကျောင်း .. သူသာမမကိုတကယ်လက်ထပ်သွားရင် နင်သူ့ကို ဝမ်းကွဲအစ်ကိုလို့ဆက်ခေါ်မှာလား ခဲအိုလို့ခေါ်မှာလား”
“ဟင် …”
အလွန်ဖြေရခက်သော မေးခွန်းကြောင့် နန်းပေါင်ရီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်မိသွားသည်။
မြင်းလှည်းက နန်း အိမ်တော်သို့ဦးတည်သွားနေပြီး
နန်းပေါင်ကျူး က လိုက်ကာများကိုမ,တင်လိုက်ပြီး လမ်းနံဘေးရှိ ရှုခင်းများကို ကြည့်နေလိုက်သည်။
နွေဦးအလယ်ပွဲတော်သို့ရောက်တော့မည်ဖြစ်သောကြောင့် လမ်းမများတွင် လူစည်ကားနေပြီး ပျံကျဈေးသည်များက ဂန္ဓမာပန်းများ၊ ဂဏန်းလုံးများ၊ တလည်းသီးများနှင့် အခြားပစ္စည်းများကို ရောင်းချနေသဖြင့် သူမက ထိုအရာများကို လိုချင်တပ်မက်စွာဖြင့်ကြည့်နေသည်။
နှုတ်ခမ်းကိုလျှာဖြင့်လျက်လိုက်ပြီး တိုးညင်းစွာပြောသည်မှာ
“ဖူဝေ့ က အမွေးတွေပါတဲ့ဂဏန်းလုံးတွေကို ငါသိပ်ကြိုက်တာ ဂဏန်းအသားတွေက နှင်းလိုဖွေးနေတာပဲ ဥတွေကလည်းအရသာရှိမှရှိ .. လီကျီ က အခွံပါးတဲ့တလည်းသီးတွေဆိုလည်း အရသာရှိတယ် .. အခွံခွာလိုက်ပြီးရင် နီရဲတောက်နေတဲ့တလည်းစေ့တွေက ကြွေပန်းကန်နဲ့အပြည့်ပဲ .. တစ်ဇွန်းစာလောက် ပါးစပ်ထဲသဲ့ယူလိုက်ရင် ချဉ်လည်းချဉ် ချိုလည်းချို အရည်လည်းရွှမ်းတယ်”
နန်းပေါင်ရီ နှင့် နန်းပေါင်ရုံ တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးမိကြသည်။
ကျူးကျူး က အစားမက်ပြီး တစ်နေ့တစ်နေ့ လုံးလုံးလေးဖြစ်လာပြီး ဒေါ်လေးက နောင်တွင်သူမကိုလက်ထပ်မည့်သူ မရှိမည်ကိုစိုးရိမ်သဖြင့် အစေခံများကို သူမအတွက်မုန့်ဝယ်ကျွေးခွင့်မပြုထားသော်လည်း သူမ အလွန်ပင်လောဘကြီးလှသည်။
ထိုသို့ပြောပြီးနောက် နန်းပေါင်ကျူး က သူမအိတ်ထဲမှ ပဝါဖြင့်ထုပ်ထားသော အဝတ်ထုပ်တစ်ထုပ်ကို သူခိုးတစ်ယောက်အလား ထုတ်ယူလိုက်လေသည်။
သူမက ကျန်ညီအစ်မနှစ်ယောက်ကို ဂုဏ်ယူစွာဖြင့် မျက်လုံးမှိတ်ပြလိုက်ပြီး ….
“ဒါငရုတ်ကောင်းရယ် သစ်ကြံပိုးခေါင်ရယ်နဲ့ နှပ်ထားတဲ့မြေပဲတွေလေ .. စားတော်ပွဲမှာဘယ်သူမှမစားတော့ အလဟဿဖြစ်မှာစိုးတာနဲ့ ပြန်ယူလာလိုက်တာ”
“မပြောဘဲယူရင် ခိုးတာပဲ”
နန်းပေါင်ရီက စနောက်လိုက်သဖြင့် …
“ခိုးတာမဟုတ်ဘူး ယူလာတာ ယူလာတာ”
“ခိုးတာပဲ”
“နန်းကျောင်းကျောင်း .. ငါနင့်ကိုရိုက်မယ်”
ပြတင်းပေါက်အပြင်တွင် ရှောင်းယီ က အနက်ရောင်မြင်းပေါ်မှ စီးနင်းလိုက်ပါလာပြီး မျက်လုံးထောင့်စွန်းလေးမှတစ်ဆင့် မြင်းလှည်းကို မသိမသာလှမ်းကြည့်လိုက်သည်။
ကလေးမလေးက ပြုံးဖြီးနေပြီး အပျော်ရွှင်ဆုံးဖြစ်နေပုံပင်။ သူမပြုံးသည့်ပုံစံကို သူသဘောကျသည်။
နန်းပေါင်ကျူး ပြောခဲ့သော မုန့်ပဲသရေစာများကို ပြန်တွေးမိပြီး နန်းကျောင်းကျောင်းလည်း ကြိုက်လိမ့်မည်ဟု ခန့်မှန်းကာ ရှီးခူ ကိုအမိန့်ပေးလိုက်သည်။
“ဖူဝေ့ အိမ်က ဂဏန်းနည်းနည်းရယ် လီကျီ က တလည်းသီးနည်းနည်းရယ် သွားဝယ်လာခဲ့”
သခင်လေးက သူ၏ညီမလေးကိုတကယ်ပင် အလိုလိုက်သည်ဟု တွေးပြီး ရှီးခူ က ပျော်ရွှင်စွာဖြင့် ဈေးသို့သွားလေသည်။
နန်းအိမ်တော်သို့ပြန်ရောက်သော် လူငယ်အာလုံးက ဆုန်းဟယ့် ခြံသို့လာပြီး သခင်မကြီးကို နှုတ်ဆက်ကြသည်။
သခင်မကြီးက ပြုံးပြပြီး ရှ အိမ်တော်အကြောင်း မေးခွန်းအနည်းငယ်မေးပြီးနောက် အားလုံးကို အခန်းထဲသို့ပြန်နားရန် လက်ဝှေ့ယမ်းပြကာ ရှောင်းယီတစ်ယောက်တည်းကိုသာ ခေါ်ထားလိုက်သည်။
ဘွားဘွားကသူ့ကို စစ်မြေပြင်အကြောင်းသတင်းမေးရန်ဖြစ်မည်ဟု နန်းပေါင်ရီ သိသည်။
ကျောက်ဝမ် ခြံသို့ပြန်ပြီးနောက် ရေချိုးကာ သူမ၏ တည်သီးမုန့်များ မည်သို့ဖြစ်နေမည်ကို သိချင်စိတ်တို့ဖြင့် စောင့်ဆိုင်းနေသည်။
စာဖတ်ခန်းအပြင်သို့ရောက်သောအခါ တံစက်မြိတ်အောက်တွင်စီရီထားသော တည်သီးမုန့်များ တစ်ခုသာကျန်ပြီး ကြမ်းပြင်တွင် တည်သီးအကျန်များဖြင့်သာ ပြည့်နေသည်။
ကျန်းဆွေ့ဟန် က လှေကားထစ်များပေါ်တွင်ထိုင်နေပြီး ဗိုက်ကိုပုတ်နေကာ အားရကျေနပ်စွာဖြင့် လေပင်တက်နေသေးသည်။
“နင် ….”
နန်းပေါင်ရီ ဒေါသကြောင့် ဆွံအနေပြီး သူ့ကို လက်ညှိုးထိုးရုံသာ တုံ့ပြန်နိုင်တော့သည်။
သူမ ဒီရက်ပိုင်းတွင် အင်မတန်အလုပ်များခဲ့ရသဖြင့် ညတွင်ကျသောဆီးနှင်းများက တည်သီးမုန့်များကိုစိုမည်စိုးသောကြောင့် ညနေစောင်းတွင် အထဲသို့ပြန်သွင်းပြီး နောက်တစ်နေ့ နေထွက်မှသာ တံစက်မြိတ်အောက်သို့ အမြန် ပြန်လာထားရသည်။
အမတ်လောင်းပြန်အလာကိုစောင့်ပြီးနောက် နွေဦးအလယ်ပွဲတော်တွင် တစ်မိသားစုလုံးကိုဖိတ်ပြီး တည်သီးမုန့်များစားရင်း လမင်းကြီးကို အတူထိုင်ကြည့်ရန်ပင် စီစဉ်ထားသော်လည်း မမျှော်လင့်စွာ ကျန်းဆွေ့ဟန် က အကုန်စားသွားလေသည်။
ကျန်းဆွေ့ဟန် ကမျက်ခုံးများပင့်လိုက်ပြီး
“ငါက စစ်တပ်ထဲမှာ သမားတော်လေ .. ခွေးနောက်မှအိပ်ပြီး ကြက်ထက်ပိုစောစောထရတယ် .. ငါကယ်ခဲ့တဲ့အသက်တွေ ရေတွက်လို့တောင်မရဘူး .. ဘာလို့ တည်သီးမုန့်လေးနည်းနည်းစားတာကို မပျော်မရွှင်ဖြစ်သွားတာလဲ”
“မပျော်ရုံတင်မဟုတ်ဘူးဟဲ့ !”
နန်းပေါင်ရီ စူးစိုက်ကြည့်ကာ …
“တည်သီးတွေက အေးစက်နေတာ .. နင်အများကြီးစားလိုက်ပြီး ခုထိဝမ်းမလျှောသေးတာပဲ ထူးဆန်းတယ်”
ရှောင်းယီ ပြန်ရောက်လာပြီး နောက်ဆုံးစကားကိုကြားလိုက်ရသည်။
နန်းကျောင်းကျောင်း က ကျန်းဆွေ့ဟန် ကို စိတ်ပူနေတာလား။
ကျန်းဆွေ့ဟန် တွင် အန္တရာယ်ရှိသည့်ရောဂါကူးမနေမှန်း သူမသိသွားခြင်း ဖြစ်နေမလား။
________