အပိုင်း (၈၁)
ရင်ထဲကခံစားချက်
နန်းပေါင်ရီ သစ်ကြားသီးမုန့်ကိုဘေးချပြီး လှောင်ပြောလိုက်သည်။
“ကျွန်မအစ်မသက်သာပြီဆိုရင် ရှင်က ထပ်ပြီးဒေါသထွက်အောင်လုပ်မလို့လား”
“ခယ်မလေးပြောသလိုမဟုတ်ပါဘူး .. ငါက ရုံအာ ကို သနားနေတာလေ .. ဘာလို့သူ့ကိုဒေါသထွက်အောင်လုပ်ရမှာလဲ”
ကျန်းယွမ့်ဝမ် ကသက်ပြင်းချကာ …
“စွန်းရှန့်ရှန့် နဲ့လက်ထပ်ပြီးကတည်းက ငါ့မှာ ရုံအာ ကို နေ့နေ့ညညလွမ်းနေရတော့ တစ်ရက်တစ်ရက် ပိန်တောင်လာတယ် .. စွန်းရှန့်ရှန့် က အနုပညာကိုလည်းတန်ဖိုးမထားတတ်တဲ့အပြင် လေးလေးနက်နက်လည်းမရှိဘူး မိန်းမကောင်းတစ်ယောက်မဟုတ်ဘူး … ‘တောက်ထျန်း’ ကဗျာနဲ့ထိုက်တန်တာဆိုလို့ ရုံအာ တစ်ယောက်ပဲရှိတယ်လို့ ငါထင်တယ်”
နန်းညီအစ်မ သုံးယောက်တို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြန်ပြောလိုသည့်ကိစ္စများ အများကြီးရှိသော်လည်း မည်သည်ကစပြောရမည်ကို မသိကြပေ။
ပထမဆုံးစ၍ ပြန်ပြောသူမှာ နန်းပေါင်ကျူး ဖြစ်သည်။
“ခစ် .. ဘယ်သူက ရှင့်ခယ်မလဲ .. ကျွန်မတို့မိသားစုတွေအကြားမှာ ဘာဆက်ဆံရေးမှမရှိတော့ဘူးလေ .. ကျွန်မတို့ကို အမျိုးတွေလိုမျိုး မခေါ်သင့်ဘူး”
နန်းပေါင်ရီ ကလည်း ယပ်ခတ်နေရင်း သရော်ဟန်နှင့် …
“သခင်လေး ကျန်း လိုခန္ဓာကိုယ်မျိုးကို ပိန်သွားတယ်တဲ့လား .. ရှင့်ကြည့်ရတာ တောင့်တောင့်တင်းတင်းနဲ့ မျက်နှာတောင် တောက်ပနေတာပဲ .. ဘယ်နားများ ပိန်သွားတာပါလိမ့်”
ညီအစ်မနှစ်ယောက်လုံးသည် နှုတ်သွက်လျှာသွက်ရှိပြီး ရက်စက်လှသဖြင့် ကျန်းယွမ့်ဝမ် တစ်ယောက် စိတ်ညစ်သွားကာ ဒေါသထွက်ထွက်နှင့် နန်းပေါင်ရုံ ကိုသာ ကြည့်နိုင်တော့သည်။
“ရုံအာ …”
“သခင်လေး ကျန်း … ယောက်ျားလေးနဲ့မိန်းကလေးဆိုတာ မတူပါဘူးနော် .. ကျွန်မနဲ့ကျွန်မရဲ့ညီမလေးနှစ်ယောက်ကို ထပ်ပြီးမနှောက်ယှက်ပါနဲ့တော့ . တခြားသူတွေမြင်ရင် မကောင်းတဲ့သတင်းတွေပြန့်သွားလိမ့်မယ်”
နန်းပေါင်ရုံ ၏ စိတ်ထားမှာ အလွန်အေးစက်နေပြီး သူမ၏ညီမလေးနှစ်ယောက်နှင့် ထွက်သွားရန်ပြင်လိုက်သည်။
“နပေါဦး”
ကျန်းယွမ့်ဝမ် က သူမကိုတားပြီး အိတ်ထဲမှပန်းပွင့်ပုံစံဆံထိုးတစ်ခု ထုတ်ကာ …
“ရုံအာ ကို ငယ်ငယ်တုန်းက ဘယ်သူကမှ လက်ဝတ်ရတနာတွေ လက်ဆောင်မပေးဖူးဘူးမလား .. ငါဟန်ဆောင်နေတာမဟုတ်မှန်းသက်သေပြတဲ့အနေနဲ့ မင်းကိုဒါလေး ပေးမယ် .. ယူလိုက်ပါ”
နန်းပေါင်ရီ က လှမ်းကြည့်ကာ စစ်ဆေးလိုက်စဉ် ထိုဆံထိုးမှာ ငွေထည်သက်သက်သာဖြစ်ပြီး ခေါင်ရန်းပန်းပွင့်အဖြစ် ထွင်းထုထားသည်။ လက်ရာမြောက်သော်လည်း တန်ဖိုးရှိသည်ဟုမဆိုနိုင်ပေ။ အပျော်မယ်များကို ဆုချရန်အတွက်သာ ကျန်းယွမ့်ဝမ် ယူလာခြင်းဖြစ်ရမည်။
သူမ၏အစ်မက စိတ်ထားဖြူစင်မွန်မြတ်ပြီး လောကကြီးထဲရှိ အကောင်းဆုံးဆိုသောလက်ဝတ်ရတနာများနှင့်သာ ထိုက်တန်သည်။
သူမ ရယ်မောလိုက်ပြီး …
“သခင်လေး ကျန်း … ရှင် လူစကားနားမလည်ဘူးထင်ပါရဲ့ .. မမနဲ့ရှင်နဲ့ကိစ္စက ပြီးသွားပြီလေ ရှင့်မှာလည်းမိသားစုရှိနေပြီ ဘာလို့မမကိုလိုက်ပြီးကပ်တွယ်နေရတာလဲ .. ကျွန်မအစ်မက မွန်မြတ်တဲ့မိသားစုကမွေးလာတဲ့ ဖြူစင်တဲ့အမျိုးသမီးတစ်ယောက်ပဲ ရှင်တို့မိသားစုလိုမဟုတ်ဘူး”
ကျန်းယွမ့်ဝမ် မှာ အရှက်ခွဲခံလိုက်ရသဖြင့် ဒေါသူပုန်ထသွားသည်။
“မင်းရဲ့အစ်မက လက်ထပ်ပွဲကိုဖျက်သိမ်းခဲ့တဲ့မိန်းကလေးတစ်ယောက်ပဲ .. ကျင်ကွမ်း မြို့ထဲက ဘယ်ချမ်းသာပြီးအာဏာရှိတဲ့မိသားစုကများ သူနဲ့လက်ဆက်ချင်မှာလဲ .. သူနဲ့နီးစပ်ဖို့အတွက် ငါ့ကိုယ်ငါတောင် အဆင့်နှိမ့်ထားရတာ .. အခုဆိုသူ့သိက္ခာကိုပြန်ဆယ်နိုင်ဖို့ အခွင့်အရေးရှိနေပြီပဲ .. အရှက်ရှိစမ်းပါ”
ထိုနေရာတွင် လူသိပ်မရှိပေ။ တစ်စုံတစ်ယောက်ကို ဝါးစားတော့မည့် မျောက်ဝံတစ်ကောင်ကဲ့သို့ပင် သူကမျက်နှာရဲကြီးဖြင့် ကြောက်စရာကောင်းအောင် ခြောက်လှန့်နေသည်။
နန်းပေါင်ရုံ လန့်သွားပြီး သူ့ညီမလေးများကို ကာကွယ်၍ထွက်ပြေးမည်အပြုတွင် လေးနက်သောအသံတစ်သံ ရုတ်တရက်ပေါ်ထွက်လာသည်။
“သူ့ကိုဘယ်သူကမှ လက်မထပ်ချင်ဘူးလို့ ဘယ်သူပြောလဲ”
စုန့်ရှစ်နင် က မည်းမှောင်နေသည့်မျက်နှာထားဖြင့် ရောက်လာသည်။
ကျန်းယွမ့်ဝမ် က မျက်ခုံများပင့်ကာ ကြည့်လိုက်သည်။
“ဪ အစ်ကိုစုန့်မဟုတ်လား”
စုန့်ရှစ်နင် က သူ့ကိုအရေးမထားဘဲ လက်ရာမြောက်လှသော ပန်းထိုးသေတ္တာတစ်ခုကို အိတ်ကပ်ထဲမှထုတ်ယူလိုက်ပြီး နန်းပေါင်ရုံ ထံသို့ ရှက်ရှက်နှင့်ကမ်းလိုက်သည်။
“ဒီလထဲမှာ ကိုယ် ကျန်းနန် ကိုသွားဖြစ်ခဲ့တယ် .. ဒီဆံထိုးလေးကိုမြင်ပြီး မင်းကိုသတိရတာနဲ့ ဝယ်လာခဲ့တာလေ .. ဒါပေမယ့်လည်း ဒီလိုသာမန်ရတနာမျိုးက မင်းနဲ့မထိုက်တန်ဘူးလို့ခံစားနေရတုန်းပဲ”
နန်းပေါင်ရုံ ရှက်သွေးဖြာသွားပြီး သေတ္တာလေးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
သေတ္တာက ငန်းအမွေးတောင်များနှင့်ဖုံးထားပြီး အထဲတွင် ပတ္တမြားကိုပန်းပွင့်ပုံစံထွင်းထားသော ဆံထိုးလေးတစ်ချောင်းမှာ ကြည်လင်နေပြီး အဖိုးအနဂ္ဂထိုက်တန်လှသည်။
ကျန်းယွမ့်ဝမ် က လည်ဆန့်၍လှမ်းကြည့်လိုက်ပြီးနောက် ဒေါသပိုထွက်သွားသည်။
ထိုပတ္တမြားသည် ငွေထည်ထက်အများကြီး ပို၍ တန်ဖိုးရှိသည်။ စုန့်ရှစ်နင် က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပဲ။
သူက လှောင်ရုံမှတစ်ပါး တစ်ခြားမပြောတတ်တော့ပေ။
“အို .. အစ်ကို စုန့်.က နန်းပေါင်ရုံ ကို ဒီလောက်မွန်မြတ်တယ်လို့ထင်တယ်ပေါ့ .. သူက ငါငြင်းခဲ့ဖူးတဲ့မိန်းကလေးတစ်ယောက်ပါပဲ .. အစ်ကို စုန့် က သူများမလိုတဲ့ဖိနပ်တွေကိုများ ကောက်စီးရတာသဘောကျလို့လား”
သူ့စကားများက စူးရှ၍အကြင်နာတရားမရှိသည့်အပြင် ယောက်ျားတစ်ယောက်၏ ဆင်ခြင်တုံတရားလည်း လုံးဝမရှိချေ။
စုန့်ရှစ်နင် က သူ့ဘက်သို့လှည့်ပြီး အသံတိုးတိုးနှင့်ပြောလိုက်သည်။
“ပထမဆုံးအချက် မင်းက ရုံအာ ကိုမလိုချင်တာမဟုတ်ဘဲ ရုံအာ ကသာ မင်းရဲ့လက်ထပ်ခွင့်တောင်းထားတာကို ပယ်ချလိုက်တာပါ .. ဒုတိယအချက် .. ရုံအာ က တခြားသူတစ်ယောက်ကိုလက်ထပ်ပြီးသွားရင်တောင် .. ကွာရှင်းထားပြီးရင်တောင် .. တစ်စုံတစ်ယောက်အတွက် ကလေးတစ်ယောက်မွေးပေးပြီးသွားရင်တောင် ငါ့ရင်ထဲမှာတော့ သူက သန့်စင်မွန်မြတ်နေတုန်းပဲ .. အစ်ကို ကျန်း က ဒီလိုမိန်းကလေးမျိုးကို တန်ဖိုးမထားတော့ ကျွန်တော်ကပဲ သူ့ကိုလက်ထပ်ယူပြီး ဖူးဖူးမှုတ်ထားရမှာပေါ့”
ကျန်းယွမ့်ဝမ် ဘာမျှပြန်မပြောနိုင်ခင် သူက ရုတ်တရက်ပြုံးလိုက်ပြီးလက်ခုပ်ပုံပြုကာ ခါးညွှတ်၍ ဆက်ပြောသည်။
“ဒါပေမယ့်လည်းလေ .. အဲဒီလိုတန်ဖိုးမထားဘဲ ရုံအာ ကို ကျွန်တော်နဲ့ လက်ထပ်ခွင့်ရအောင်လုပ်ပေးတဲ့အတွက် အစ်ကိုကျန်း ကို ကျွန်တော်ကျေးဇူးတင်ရဦးမယ်”
ပြုံးနေသည့်သူကို မရိုက်နှက်သင့်ပေ။
ကျန်းယွမ့်ဝမ် စိတ်ထဲတွင်အလွန်ဒေါပွနေသော်လည်း စုန့်ရှစ်နင် က သူ့ကိုပြောစရာစကားမရှိအောင်လုပ်နေသည်။
သူမည်သို့ တုံ့ပြန်ရပါမလဲ။ ဆက်ပြီးသရော်နေလျှင် သဘောထားသိမ်ဖျင်းရာကျပြီး လေးလေးစားစားပြန်ပြောပြန်လျှင်လည်း သူ့ပုံစံက အရူးတစ်ယောက်ဖြစ်သွားလိမ့်မည်။
မျက်နှာကြီးနီရဲလာကာ ဖြူလျော့လာပြီးနောက် မည်းမှောင်သွားသဖြင့် စိတ်တိုတိုနှင့်ပင် ထွက်သွားလိုက်ရသည်။
နန်းပေါင်ကျူး က ပျော်ရွှင်စွာပြော၍ တစ်ခုခုထပ်ပြောရန်ပြုစဉ် နန်းပေါင်ရီ က သူမ၏အင်္ကျီလက်များကိုဆွဲကာ အဆောင်ထဲမှခေါ်ထုတ်သွားပြီး ခေါင်ရန်းပင်အနောက်တွင် ပုန်းလိုက်ကြသည်။
နန်းပေါင်ကျူး က ခပ်တိုးတိုးဖြင့်
“ကျောင်းကျောင်း ငါတို့က ဘာလို့ပုန်းနေတာလဲ .. နင့်ဝမ်းကွဲအစ်ကိုကို ငါပြောစရာရှိသေးတယ် .. အခုလေးတင်သူဒေါသဖြေထားတာလေ”
“ရှူး … ဝမ်းကွဲအစ်ကိုနဲ့မမတို့ကို နှစ်ယောက်တည်းအတူရှိအောင် ငါတို့ကအခွင့်အရေးပေးရမှာပေါ့ .. သူတို့သာ အပြန်အလှန်မေတ္တာမျှသွားကြရင် သိပ်မကြာခင် ငါတို့အိမ်တော်မှာ တစ်ခုခုဖြစ်လာလိမ့်မယ်”
ညီအစ်မနှစ်ယောက် ခေါင်ရန်းပန်းပင်ကိုဖက်ရင်း အဆောင်ထဲသို့ ခိုးကြည့်ကြသည်။
နန်းပေါင်ရုံ က ရှက်နေသဖြင့် သူမ၏မျက်နှာမှာ သွေးကဲ့သို့ ရဲရဲနီနေသဖြင့် ခေါင်းငုံ့ကာ ပန်းထိုးထားသောဖိနပ်အဖျားများကိုစိုက်ကြည့်နေသည်။ ထို့နောက် စုန့်ရှစ်နင် ကို ဦးညွှတ်လိုက်ကာ …
“ယောက်ျားလေးနဲ့မိန်းမလေးက အသက်၇နှစ်ဆို ခွဲနေရပြီဆိုတော့ ကျွန်မတို့နှစ်ယောက်တည်း အတူရှိနေတာ မသင့်တော်ပါဘူး .. ပေါင်ရုံ အရင်ပြန်နှင့်ပါတော့မယ်”
နန်းပေါင်ရုံ အဆောင်ထဲမှ ထွက်လိုက်သဖြင့် စုန့်ရှစ်နင် က သူမအနောက်မှ အပြေးလိုက်ပြီး …
“ရုံအာ !”
နန်းပေါင်ရုံ ရှက်နေသဖြင့် ကြံရမရဖြစ်နေပြီးနောက် မေပယ်ပင်အိုကြီးတစ်ပင်အနောက်သို့ ပြေးပုန်းနေလေသည်။
စုန့်ရှစ်နင် က သူမအားထိတ်လန့်စေမိမည်ကို စိုးရိမ်သဖြင့် မေပယ်ပင်များအကြားတွင် ရပ်နေပြီး ညင်သာစွာဆိုသည်။
“အနောက်ဘက်တောင်တန်းမှာ ကိုယ်တို့တွေနှုတ်ဆက်ပြီးတော့ ကျန်းနန် မှာ ငွေစာရင်းတွေစစ်ဖို့ ကိုယ်ပြန်သွားလိုက်ရတယ် .. မင်းဆီကို လူကိုယ်တိုင်လာမတွေ့နိုင်တာ ကိုယ့်အပြစ်ပါ”
နန်းပေါင်ရုံ က နှုတ်ခမ်းကိုအသာကိုက်မိသည်။
စုန့်ရှစ်နင် ကလည်း အလွန်ရှက်နေသည်။
“ကိုယ် .. ကိုယ် ကျန်းနန် က လမ်းတွေပေါ်လျှောက်သွားရင် ဖြတ်သွားသမျှမိန်းကလေးတိုင်းက မင်းနဲ့တူတယ်လို့ခံစားရတယ် .. စားသောက်ဆိုင်တွေက အလင်းရောင်တွေကလည်း မင်းနဲ့တူတယ် .. ကောင်းကင်ပေါ်က ကြယ်တွေကလည်း မင်းနဲ့တူတယ် .. ရှု ပိုးထည်ပေါ်က ရွှေချည်နဲ့ထိုးထားတဲ့ ခေါင်ရန်းပန်းပွင့်လေးတွေတောင် မင်းနဲ့တူနေတယ် … ၇ရက်နေ့မှာ စပျစ်သီးတွေ အချိုပွဲတွေကို အိမ်ရှေ့မှာတိတ်တိတ်လေးထုတ်ထားလိုက်ပြီးတော့ လက်ထပ်ခွင့်တောင်းဆိုဖို့အတွက်ဆိုပြီး ဘုရားကျောင်းကိုတောင် သွားခဲ့တယ် .. အဲဒီညက လမ်းပေါ်မှာ လူတွေအရမ်းစည်ကားနေပြီး တချို့ကလည်း ကဗျာတွေရွတ်ဖတ်နေကြတယ် .. ကိုယ်အဲဒီလမ်းတွေပေါ်တစ်ယောက်တည်းလျှောက်ရင်း တွေးမိတာတစ်ခုရှိတယ် .. အဲဒါကနောက်နှစ် ၇ရက်နေ့ဆိုရင် ကိုယ်အသေအချာ မင်းနဲ့အတူ ကြယ်တွေကြည့်ပြီး နွေရာသီစာသစ်သီးတွေကို မင်းနဲ့အတူစားဖြစ်အောင်စားမယ်ဆိုတာပဲ … ရုံအာ ကိုယ်မင်းကိုအများကြီးလွမ်းနေတာ .. ဆောင်းဦးရာသီလည်းရောက်တော့မယ်ဆိုတော့ ပြန်လည်ဆုံဆည်းဖို့အချိန်လို့ ထင်တယ် .. ဒါကြောင့် မရပ်မနားနဲ့ တောင်တန်းတွေမြို့တွေဖြတ်ပြီး ခရီးနှင်နေခဲ့တာပါ .. ဒါမှ ကျင်ကွမ်း ကိုအမြန်ပြန်လာနိုင်ပြီး မင်းကိုအမြန်ဆုံးတွေ့နိုင်မှာလေ .. နောက်ပြီး ကိုယ်မင်းနဲ့ အမြန်ဆုံးလက်ထပ်ချင်နေပြီ … ရုံအာ ကိုယ်မင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်”
ဆောင်းဦးလေပြည်လေးက နွေးထွေးလှသည်။
ရွှေအိုရောင်မေပယ်ရွက်လေးများက သူတို့နှစ်ဦးအကြား ဝေ့ဝဲကျလာသည်။
နွေးထွေးသောဆောင်းဦးရာသီ၏ နေ့လယ်ခင်းအချိန်အခါတွင် ရိုးသားဖြူစင်သောကောင်လေးတစ်ယောက်က မေပယ်ပင်ကိုရှက်ရှက်နှင့်မျက်နှာမူကာ ဟန်ဆောင်မူမရှိသောပျော်ရွှင်မှုကို ဖွင့်ဟပြောဆိုနေသည်။
နန်းပေါင်ရုံ က ဝေ့ကျလာသောမေပယ်ရွက်တစ်ရွက်ကို ဖမ်းမိလိုက်စဉ် ရုတ်တရက် သူမ၏လက်ထဲတွင် နွေးထွေးခြင်းကိုခံစားလိုက်ရသည်။
မိန်းကလေးတစ်ယောက်က အိမ်ထောင်ကျပြီးနောက်တွင် ယောက်ျားလေးဘက်မှအမျိုးများကို ခစားရမည်၊ သူမ၏ယောက်ျားနှင့်ကလေးများကို ပြုစုရမည်၊ အိမ်နောက်ဖေးခြံကွက်ကို ဂရုစိုက်ရမည်ဟု သူမထင်သည်။ မိန်းမငယ်လေးဘဝကဲ့သို့ နူးညံ့သိမ်မွေ့နေ၍မရတော့ပေ။
သို့သော် ယောက်ျားကောင်းတစ်ယောက်သည် မိန်းကလေးတစ်ယောက်အတွက် လက်ထပ်ခြင်းကို စိတ်ကူးယဉ်မျှော်ကိုးစရာဖြစ်အောင် ပြုလုပ်ပေးနိုင်ပေသည်။
မိန်းမပျိုလေးက မျက်ရည်များပင်စီးကျလာလေသည်။