အပိုင်း (၈၀)
တန်ဖိုးထားခြင်းနှင့်ထိုက်တန်သူ
ဥယျာဉ်ထဲတွင် ထိုင်ခုံများ စားပွဲများ အများအပြားရှနေပြီး ထိုင်ခုံတစ်လုံးပေါ်တွင် ရှောင်းယီ ပျင်းရိဟန်နှင့် ထိုင်လိုက်သည်။
“ရှီးခူ”
ရှောင်းယီ ခေါ်သည်ကို ရှီးခူ ချက်ချင်းနားလည်လိုက်ပြီး ၁၅မိနစ်အတွင်း ခေါင်ရန်းပန်းအိုးတစ်လုံးကို ယူလာခဲ့သည်။
အပင်မှာ လူအရပ်တစ်ဝက်မျှမြင့်မားပြီး ရွှေရောင်ဝင်းဝါနေသည့် ခေါင်ရန်းပန်းများ ပွင့်လန်းနေသည်။ ပွင့်ဖတ်များမှာလည်း ကျက်သရေအပြည့်နှင့် အလွန်လှပနေသည်။
ရှောင်းယီ လက်တစ်ဖက်နှင့် မေးထောက်လိုက်ပြီး …
“ဒါက ရွှေခေါင်ရန်းလို့ခေါ်တယ် .. ယဲ့လန် တိုင်းပြည်က တော်ဝင်မျိုးရိုးရဲ့ ရှားပါးတဲ့ပန်းပင်ပဲ .. ဘယ်လိုထင်ပါသလဲ သခင်မလေး ရှ”
လူအများ အံ့အားသင့်ကုန်ကြလေသည်။
ယဲ့လန် တိုင်းပြည်၏ တော်ဝင်မိသားစုပိုင်ဆိုင်သည့် အလွန်ရှားပါးတန်ဖိုးကြီးလှသော ခေါင်ရန်းပန်းမှာ ရှောင်းယီ လက်ထဲ ရောက်နေလေသည်။
ထိုအဖြစ်ကိုမြင်ပြီးနောက် တစ်ခုခုကိုသတိရသွားကာ မျက်နှာအမူအရာများ ပြောင်းလဲသွားလေသည်။
ယဲ့လန် တိုင်းပြည်ကိုနှိမ်နင်းရန် စစ်ထို့လင်း အား အမိန့်ပေးစေလွှတ်သည်ကို အများကြားသိထားကြသည်။
ရှောင်းယီ က ယဲ့လန် နန်းတွင်းမှ ရွှေခေါင်ရန်းပင်ကို ရခဲ့သည်ဆိုလျှင် အခုတိုက်ပွဲတွင် ကြီးမားသောအောင်မြင်မှုကို အရယူနိုင်ခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော်လည်း ရှောင်းယီ မှာ အသက် ၁၈နှစ်သာရှိသေးသော လူငယ်တစ်ယောက်ပင်။
ယခုအခြေအနေ၏ဆိုလိုရင်းကို လူတချို့ နားလည်သဘောပေါက်နေနှင့်ကြပြီးဖြစ်သည်။
နန်း မိသားစုက ကြီးမားသော လျို့ဝှက်ဖဲကို ထုတ်ဖော်ပြသလိုက်လေပြီ။
ရှချင်ချင် မျက်နှာမှာ နက်မှောင်နေသည်။
သူမသည် အပြင်လောကအကြောင်း သေချာနားမည်သေးသဖြင့် ရှောင်းယီ မည်မျှကြောက်စရာကောင်းသည်ကို သူမမသိပေ။
သူမ သိသည်က နန်းပေါင်ရီ ကိုယ်စား ရှောင်းယီ က သူမကို နှိမ်ချလိုက်ခြင်းဖြစ်သည်။
သို့သော် အဆိုးဝါးဆုံးသောအခြေအနေထိ မရောက်လာသေးပေ။
ရှောင်းယီ က ရွှေခေါင်ရန်ပန်းပွင့်ကို ခူးယူလိုက်ပြီး နန်းပေါင်ရီ ခြေရင်းနားသို့ ပစ်ပေးလိုက်သည်။
“ရော့ မင်းအတွက်”
ရှောင်းယီ ၏ အလေးအနက်မရှိ ပေါ့တန်တန်အပြုအမူမှာ ရှချင်ချင် ကို အလွန်အရှက်ရစေသည်။
သူမမျက်ဝန်းများတွင် မျက်ရည်များပြည့်နှက်သွားပြီး ဝမ်လင် ကို အကူအညီတောင်းဟန်နှင့် မော့ကြည့်လေသည်။
ဝမ်လင် က ရှချင်ချင် ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး …
“မကြာခင် အခမ်းအနားစတော့မယ်လေ .. ပွဲတော်စားပွဲမှာ မင်းကိုအဖော်ပြုပေးမယ် .. ဒီလိုပြိုင်နေတာ အဓိပ္ပါယ်မရှိတဲ့ကိစ္စပဲ”
“ဟုတ်တယ် !”
ရှချင်ချင် သူမနေရာအမှန်ကို သိသွားပုံရသည်။
“ဒီလိုပြိုင်နေတာ ပျင်းစရာကောင်းတယ် .. အမတ် ဝမ် .. သွားကြရအောင်”
နန်းပေါင်ရီ နိုင်သွားလျှင်လည်း အရေးမကြီးပေ၊ သူမက ကုန်သည်မိသားစုမှ သမီးတစ်ယောက်အနေအထားသာရှိသည်။
သို့သော် သူမ ရှချင်ချင် မှာ ဒုတိယအဆင့် သံအမတ်နှင့် လက်ထပ်လမ်းကြောင်းတော့မည့်သူဖြစ်ပြီး အရာရှိအိမ်တော်၏ သခင်မတစ်ယောက် ဖြစ်လာမည့်သူပင်။
နန်းပေါင်ရီ ကို သူမစိုက်ကြည့်လိုက်ပြီး ဝမ်လင် အနောက်သို့ ချစ်စဖွယ်ဟန်ပန်နှင့် လိုက်သွားလေသည်။
ဧည့်သည်များက ရွှေခေါင်ရန်းပန်းကို ခေတ္တကြည့်နေကြပြီးနောက် ပွဲတော်စားပွဲသို့သွားရန် ရှချင်ချင် အနောက်မှ လိုက်သွားကြသဖြင့် လူအုပ်မှာ ကင်းရှင်းသွားလေသည်။
လှပစွာပွင့်လန်းနေသော ရွှေရောင်ခေါင်ရန်းပန်းကို ရှောင်းယီ ခူးယူကာ နန်းပေါင်ရီ ကို ကြည့်လိုက်ပြီး …
“ဒီနားလာခဲ့”
နန်းပေါင်ရီ သိချင်စိတ်များနှင့် အနားကပ်လာပြီး …
“ဘာလုပ်မလို့လဲ”
ရှောင်းယီ သည် ခေါင်ရန်းပန်းလေးကို နန်းပေါင်ရီ ၏ ဦးခေါင်းထက် လှပစွာ ပန်ဆင်ပေးလိုက်သည်။
ယဲ့လန် နန်းတော်သို့ ကျူးကျော်တိုက်ခိုက်ချိန်တွင် နန်းတော်ထဲမှ များပြားလှသော အလွန်လှပသည့် ရွှေရောင် ခေါင်ရန်းပန်းပွင့်များကို ရှောင်းယီ တွေ့လိုက်သည်။
ခေါင်ရန်းပန်းရာသီမဟုတ်သေးသော်လည်း နန်းပေါင်ရီ ကို သတိရမိလိုက်ပြီး ကလေးမလေးမှာ ထိုပန်းပွင့်များကဲ့သို့ အလွန်လှပသဖြင့် ခေါင်ရန်းပင်များကို တူးယူကာ ကျောက်ဝမ် ခြံထဲသို့ ပြောင်းရွေ့စိုက်ပျိုးမည်ဟု ရှောင်းယီ တွေးခဲ့သည်။
ကလေးမလေးက ယှဉ်ပြိုင်ရသည်ကို နှစ်သက်ပြီး နန်း အိမ်တော်တွင် တန်ဖိုးကြီးသော ခေါင်ရန်းပန်းမရှိပေ။ ထိုပန်းပင်များနှင့်ဆိုလျှင် ကလေးမလေးသည် အခြားသောမိန်းကလေးများနှင့် ယှဉ်ပြိုင်ရန် မကြောက်လန့်ရတော့ပေ။
သူမသည် တန်ဖိုးထားအလိုလိုက်ခံရခြင်းနှင့် ထိုက်တန်သည်။
ရှောင်းယီ ၏ အပြုအမူကြောင့် နန်းပေါင်ရီ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
အမတ်လောင်းက သူမ၏ဆံထိုးကို ပြန်လည်တပ်ဆင်ပေးနေသည်။
နန်းပေါင်ရီ စိတ်ကျေနပ်သွားပြီး ရှက်နေဟန်နှင့် …
“အစ်ကို ၂ .. ညီမလေး ကြည့်လို့ကောင်းရဲ့လား”
ကလေးမလေးမှာ လှပစွာမွေးဖွားလာခဲ့ပြီး သူမခေါင်းထက် ပန်ဆင်ထားသော ခေါင်ရန်းပန်းပွင့်သည်ပင် သူမ၏အလှတရားကို မကျော်လွှားနိုင်ပေ။
ရှောင်းယီ တွန့်ဆုတ်နေမိသည်။
ကလေးမလေးမှာ အလွန်လှပနေပြီး အခမ်းအနားတွင် သူမကို အခြားသောယောကျ်ားများ မြင်သွားကြလျှင် သူမအား ပိုးပန်းကြမည်ကို စိုးရိမ်သဖြင့် ခေါင်ရန်းပန်းကို ဖြုတ်ယူလိုက်ပြီး …
“မကောင်းဘူး ပေါလွန်းတယ် .. နန်းကျောင်းကျောင်း မင်းတစ်နေ့ထက်တစ်နေ့ ပိုပြီးရုပ်ဆိုးလာတယ်”
နန်းပေါင်ရီ အလျင်အမြန်ပင် သူမကြေးမုံကို ထုတ်ယူကာကြည့်လိုက်သည့်အခါ လှပနေသေးကြောင်း တွေ့ရလေသည်။
ရှောင်းယီ နောက်ကျောကိုကြည့်ရင်း နန်းပေါင်ရီ ပြေးရိုက်ချင်စိတ်တို့ဖြစ်သွားလေသည်။
….
ပန်းဥယျာဉ်ထဲတွင် ယောကျ်ားနှင့်မိန်းမတို့မှာ ခွဲခြားလျက်ထိုင်နေကြပြီး တစ်ဖက်နှင့်တစ်ဖက်ြား ပန်းတံခါးချပ်များနှင့် ကာရံထားလေသည်။
နန်းပေါင်ကျူး က နန်းပေါင်ရီ ကို ထိုင်ရန် အချက်ပြသဖြင့် နန်းပေါင်ရီ ထိုင်လိုက်ပြီးနောက် တစ်ခုခုမူမမှန်သည့်အနေအထားကို သတိထားမိလိုက်သည်။
သူမသေချာကြည့်တော့မှ ကျန်းယွမ့်ဝမ် ၏ အစေခံဖြစ်သူလည်း ရောက်နေကြောင်း သိလိုက်ရသည်။
အနောက်ဘက်တောင်တန်းများမှ အဖြစ်အပျက်များနောက်ပိုင်းတွင် ကျန်း မိသားစုမှာ အလွန်မျက်နှာပျက်ခဲ့ရပြီး အခြားသောအိမ်တော်များမှ သခင်မလေးများသည်လည်း ကျန်းယွမ့်ဝမ် ကို လက်မထပ်လိုကြတော့ပေ။
ထိုသူနှင့်လက်ထပ်လိုက်လျှင် တစ်ပါးသူမွေးဖွားသော ကလေး၏မိခင်အဖြစ် ဘယ်လိုမိသားစုက ဖြစ်စေချင်မှာလဲ။
အလွန်စက်ဆုပ်ဖွယ်ပင်။
ထို့အပြင် ကျန်းယွမ့်ဝမ် ၏ ညာဘက်လက်မှာလည်း ကျိုးပဲ့နေပြီး နန်းတွင်းစာမေးပွဲကို ဖြေဆိုနိုင်မည်မဟုတ်သောကြောင့် သူ့ကို တစ်ဦးတစ်ယောက်မှပင် လက်မထပ်လိုကြပေ။
ရွေးချယ်စရာမရှိတော့ ကျန်း မိသားစုမှာ ကျန်းယွမ့်ဝမ် ကို စွန်းရှန့်ရှန့် နှင့် ထိမ်းမြားပေးလိုက်ရသည်။
အစေခံဘဝမှ သခင်မဘဝသို့ကူးပြောင်းလာသည့် စွန်းရှန့်ရှန့် မှာ ဘဝမေ့ပြီး အလွန်အမင်းမာန်တက်နေသည်။
သူမသည် ကိုယ်ဝန် ၈လရှိနေပြီး မည်သည့်အိမ်တော်က အခမ်းအနားကျင်းပနေသည်ကို ဂရုမစိုက်ဘဲ သူမ၏ဝမ်းဗိုက်ကို ထင်သာမြင်သာအောင်ပြကာ သူမအခြေအနေကို ကြွားလုံးထုတ်နေလေသည်။
ထိုအချိန်တွင် စွန်းရှန့်ရှန့် က သူမ၏ဗိုက်ကိုကိုင်လျက် အရှေ့တွင်ရှိသော စွပ်ပြုတ်ခွက်ကို လက်ညိုးငေါက်ငေါက်ထိုးကာ ရွံရှာဟန်နှင့် …
“ဒီချဉ်တဲ့ဆီးသီးစွပ်ပြုတ်က မကောင်းတဲ့အပြင် ငါပျို့အန်တာကိုလည်း မသက်သာစေဘူး .. ငါ့ဗိုက်ထဲကကလေး တစ်ခုခုဖြစ်သွားရင် နင်တို့ ရှ အိမ်တော်က အလျော်ပေးနိုင်လို့လား !”
ရှ အိမ်တော်၏ အစေခံများ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြလေသည်။
သူမတို့အိမ်တော်၏ ဆီးသီးစွပ်ပြုတ်က အကောင်းဆုံးသော အစားအစာတစ်ခွက်အဖြစ် အများက ချီးမွမ်းရသည်ကို ဘာကြောင့်များ မကောင်းမွန်ရမှာလဲ။
အစေခံတစ်ယောက်က လေးစားရိုကျိုးစွာဖြင့် …
“ဒါဆိုရင် စားဖိုဆောင်ကို နောက်တစ်ခွက်ထပ်ချက်ပေးဖို့ ပြောလိုက်ရမလား”
“ထားလိုက် .. ဒါကို နင်ပဲသောက်လိုက်တော့”
စွန်းရှန့်ရှန့် စိတ်မပါဟန်နှင့် တူတစ်စုံကိုကိုင်ယူလိုက်ပြီး စားပွဲပေါ်ရှိ ဟင်းပွဲများကို ရွံရှာဟန် ထိုးဆွနေလျက် …
“ငါးကြင်းဟင်းခွက်ကလည်း ဆူးတွေနဲ့ .. အဲဒါတွေ ငါ့လည်ချောင်းမှာစူးနေရင် နင်အစားခံပေးမှာလား .. ပြီးတော့ ဒီဝက်နံရိုးကလည်း အရိုးတွေချည်းပဲ .. ငါဘယ်လိုစားရမှာလဲ !”
အစေခံခမျာ ဆွံ့အသွားရလေသည်။
ငါးကြင်းက အရိုးမပါလျှင် ငါးတစ်ကောင်ဖြစ်နိုင်ပါဦးမလား။
နံရိုးဟင်းမှာလည်း ချိုချဉ်သည့်အဆီအသားအနည်းငယ်ပါဝင်ပြီး နံရိုးဟင်းဖြစ်သောကြောင့် အရိုးမပါသည်က ဖြစ်နိုင်ပါမလား။
စားပွဲပေါ်ရှိ ဟင်းခွက်များကို စွန်းရှန့်ရှန့် အမျိုးမျိုးအတွန့်တက်ပြောဆိုနေသည်။
ပြောနေရင်းနှင့် တံတွေးစိုစွတ်နေသော တူတစ်စုံကို ဟင်းခွက်များထဲ အမျိုးမျိုးမွှေနှောက်ထိုးဆွနေပြီး အခြားသူများကို စားချင်စိတ်ပျောက်အောင် ပြုမူနေလေသည်။
နောက်ဆုံးတွင် ရှ အိမ်တော်မှ သူမအတွက် ဟင်းပွဲအသစ်များပြင်ဆင်လိုက်ရပြီး ကာထားသော တံခါးချပ်များကိုလည်း ဖယ်ပေးလိုက်လေသည်။
စွန်းရှန့်ရှန့် မှာ စားပွဲတစ်ခုလုံးကို နေရာယူထားပြီး လူအများကြား မသင့်တော်စွာပင် ထိုင်နေသည်။
ထိုအနေအထားမှာ ကျန်း အိမ်တော်မှ သခင်မတစ်ယောက် ရသင့်သည်ဟု သူမတွေးမှတ်ပြီး သူမ၏အစေခံကို အမျိုးမျိုးပြင်ဆင်ပေးရန် ပြောဆိုနေလေသည်။
လူအများကလည်း ကျန်းယွမ့်ဝမ် ကို အဓိပ္ပါယ်အမျိုးမျိုးရှိသော အကြည့်များနှင့်ကြည့်လိုက်ကြသည်။
အစေခံတစ်ယောက်ကို လက်ထပ်ရုံတင်မကဘဲ သူမကို ဒီနေရာအထိပင် ခေါ်လာခဲ့သည်လား။ အခုတော့ အစေခံမမှာ စည်းကမ်းမဲ့စွာပြုမူနေသည်က အလွန်ရှက်ဖွယ်မကောင်းပေဘူးလား။
ကျန်းယွမ့်ဝမ် မျက်နှာ အလွန်ပျက်ယွင်းနေသည်။
စွန်းရှန့်ရှန့် ကို သူ မခေါ်လာချင်ပေ။ သို့သော်လည်း သူမက ကလေးကိုအကြောင်းပြလျက် အမျိုးမျိုးပြောဆိုနေသည့်အပြင် အခြားသောမိန်းကလေးအစေခံများနှင့်လည်း မတွေ့ရန်တားမြစ်ထားလေသည်။
စွန်းရှန့်ရှန့် ကို ကျန်းယွမ့်ဝမ် ရွံရှာစက်ဆုပ်စွာကြည့်လိုက်ပြီးနောက် နန်းပေါင်ရုံ ကို ပြန်ကြည့်လေသည်။
သူ၏ သတို့သမီးလောင်းဖြစ်ခဲ့ဖူးသော မိန်းကလေးက ကျက်သရေရှိစွာ စားသောက်နေလေသည်။
သူမ၏အပြုအမူတို့မှာ မြင်ရသူအဖို့ ဘဝင်အေးစေပြီး ကြည့်လိုက်သည်နှင့် ကောင်းမွန်စွာ ထိန်းကွပ်ထားသူပီသကြောင်း သိနိုင်လေသည်။
ထိုမိန်းကလေး လက်ထပ်သည့်အခါ သူမ၏အိမ်ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ခြင်း၊ သူမ၏ခင်ပွန်းယောကျ်ားကိုလည်း လမ်းညွှန်ထိန်းကွပ်ပေးနိုင်ခြင်း၊ ခင်ပွန်း၏မိဘများကိုလည်း ပြုစုပေးနိုင်ခြင်း၊ ခင်ပွန်းအတွက် မောင်းမများကို ရှာဖွေပေးနိုင်သည့်အပြင် မောင်းမ၏သားသမီးများကိုလည်း မိမိ၏သားသမီးကဲ့သို့ပင် ဂရုစိုက်ပေးနိုင်လိမ့်မည်။
သူ နန်းပေါင်ရုံ ကိုသာ လက်ထပ်သင့်သည်။
သို့သော်လည်း သူနောက်ထပ် လက်ထပ်၍မရတော့ပေ။ နန်းပေါင်ရုံ ကို အသနားခံတောင်းပန်ရမည်ဆိုလျှင်လည်း သူသေချာပေါက် လုပ်မည်ဖြစ်သည်။
နေ့လယ်စာစားကြပြီးနောက် ဥယျာဉ်ထဲသို့သွားရန် ရှ အိမ်တော်က ဖိတ်ကြားသော်လည်း အလွန်ဆူညံနေသဖြင့် နန်း ညီအစ်မ ၃ယောက်က ခြံထောင့်ရှိ လေသာဆောင်သို့သွားကာ စကားပြောဆိုနေကြလေသည်။
သူမတို့မထိုင်ရသေးခင်မှာပင် တစ်နေရာမှ ကဗျာရွတ်သံကို ကြားလိုက်ရသည်။
“မက်မွန်ပန်းတို့ ပွင့်လန်းချိန် .. သားလိမ္မာတစ်ယောက် အိမ်ပြန်လာခဲ့တယ်”
နန်းပေါင်ရီ လှည့်ကြည့်သည့်အခါ ခြုံများအကြားမှထွက်လာသော အဖြူရောင်ဝတ်စုံဝတ်ထားပြီး သေးငယ်သော မကိုဋ်ဆင်ထားသည့် ကျန်းယွမ့်ဝမ် ကို တွေ့လိုက်ရသည်။
ကျန်းယွမ့်ဝမ် ယပ်တောင်ကို အသာခတ်ကာ လေသာဆောင်ထဲသို့ ဝင်လာခဲ့ပြီး နန်းပေါင်ရုံ ကို ဦးညွှတ်ဟန်ဆောင်လိုက်ပြီး …
“အတော်ကြာခဲ့ပြီနော် .. သခင်မလေး နန်း .. ဒီရက်တွေထဲ ကျန်းမာပါရဲ့လား”