အပိုင်း (၇၈)
ဒုက္ခိတဖြစ်သွားသည့်အစ်ကို ၂
ရှချင်ချင် ရွံရှာမုန်းတီးဟန်ဖြင့် ကြည့်လိုက်သည်။
နန်းပေါင်ရီ ကဲ့သို့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို ပညာတတ်ဟု ခေါ်ဝံ့သည်လား။
ရှချင်ချင် သူမအင်္ကျီလက်ကို ဆောင့်ချလိုက်ပြီး နန်းပေါင်ရီ အနား လူသူကင်းသည့်အချိန်ကို စောင့်ကာ ခြေဆောင့်နင်းလျက် နန်းပေါင်ရီ ရှေ့သို့ရောက်လာပြီး သူမအင်္ကျီလက်ကို ဆွဲတင်လိုက်လေသည်။
သူမ၏သွယ်လျသောလက်မောင်းမှာ ဖြူဝင်းကာ သန့်စင်နေသည်။
ရှချင်ချင် မယုံကြည်နိုင်ဖြစ်သွားသည်။
သူမကို ပြန်ပေးဆွဲရန် လှည်းမှူးနှင့် ရှပေါဝမ် ကို သေချာပေါက်မှာကြားခဲ့သည်။ ဘာကြောင့်များ ထိုနှစ်ယောက်က ပျောက်ဆုံးနေပြီး နန်းပေါင်ရီ က ဒဏ်ရာပင်မရဘဲ သူမရှေ့မှာ အကောင်းပကတိအတိုင်း ရပ်နေနိုင်ရတာလဲ။
နန်းပေါင်ရီ သူမဝတ်ရုံကို ပြန်ဆွဲလိုက်ပြီး …
“သခင်မလေး ရှ .. ဒါဘာလုပ်တာလဲ … နင့်ရဲ့အစ်ကိုကို တွေ့မတွေ့မေးနေတဲ့အပြင် ငါ့ကိုလည်း စစ်ဆေးနေသေးတယ် .. မသိတဲ့လူတွေမြင်ရင် ငါ့ကို တစ်ခုခုလုပ်ဖို့ နင့်အစ်ကိုဝမ်းကွဲကို ခိုင်းထားတယ်လို့ ထင်ကုန်လိမ့်မယ်”
“နင် အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ .. ငါအဲဒီလိုမလုပ်ခဲ့ဘူး !”
ရှချင်ချင် အမြန်ပင်ငြင်းဆန်လေသည်။
သူမတို့စကားပြောနေကြချိန် စင်္ကြံလမ်းပေါ်မှ ခြေသံကိုကြားလိုက်ရသည်။
နန်းပေါင်ရီ လည်း လှည့်ကြည့်လိုက်ပြီး ရှ အိမ်တော်မှ လူများလည်း ရောက်လာသော အရာရှိလူငယ်တစ်ယောက်ကို အကဲခတ်နေလေသည်။
ထိုအရာရှိမှာ ဒုတိယအဆင့်ရာထူးရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာအသားအရေမှာလည်း အချိုးအစားမျှတကာ သွားများလည်းဖြူဖွေးနေသဖြင့် အလွန်ပင်ခန့်ညားနေသည်။
လူငယ်၏ခါးပေါ်ရှိ ရှန့်ဖန်း ဟု စာလုံးနှစ်လုံးရေးထွင်းထားသော ဓါးတစ်လက်က လူအများအကြည့်ကို ဆွဲဆောင်ဖမ်းစားထားလေသည်။
ထိုဓါးမှာ ဘုရင်ဧကရာဇ်က ချီးမြှောက်ထားသော ဓါးတစ်လက်ပင်ဖြစ်သည်။
နန်းပေါင်ရီ နှုတ်ခမ်းထောင့်မှာ ပြုံးသယောင်တွန့်သွားပြီး ချက်ချင်းပြန်တည်လိုက်သည်။ သူမက စိတ်ရှုပ်ထွေးနေပုံဖြင့် …
“သခင်မလေး ရှ .. အဲဒါဘယ်သူလဲ”
ရှချင်ချင် က ဂုဏ်ယူစွာဖြင့် …
“သူက လွန်ခဲ့တဲ့သုံးရက်က ကျင်ကွမ်း မြို့ကို ရောက်လာခဲ့တဲ့ နိုင်ငံရေးရာ သံအမတ်တစ်ယောက်ပဲ .. မျိုးရိုးက ဝမ် .. အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒုတိယအဆင့်အမတ်တောင်ဖြစ်သွားပြီ … သူက ဧကရာဇ်ကိုယ်စား ရှု တိုင်းပြည်ကို စစ်ဆေးဖို့ထွက်ခဲ့တာ .. ပြီးတော့ ငါ့အိမ်မှာအိပ်တာနော် .. ကျင ်ကွမ်း တစ်မြို့လုံးမှာ ငါ့အိမ်ကပဲ သံအမတ်ကြီး လာနေသွားတယ်လို့ဂုဏ်ယူရတော့မည်။
နန်းပေါင်ရီ ပါးချိုင့်တို့ ဖြစ်ပေါ်လာပြီး ..
“ဒါဆိုရင် ကောင်းတာပေါ့ .. သံအမတ်က ငယ်ရွယ်တဲ့အပြင် ထူးချွန်ဟန်လည်းရှိတော့ မိန်းကလေးတွေအတွက် သင့်တော်တယ်”
ဆောင်းဦးလေပြည်လေးက ညင်သာစွာ တိုးဝှေ့တိုက်ခတ်သွားသည်။
အလှမ်းမဝေးလှသောနေရာတွင် လက်နောက်ပစ်ကာ ရပ်နေသော လူငယ်တစ်ယောက်ရှိသည်။
ထိုလူငယ်မှာ ရွှေနက်ရောင်ချည်ကြိုးများဖြင့် ချုပ်လုပ်ထားသော အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ချောမောကာ အရပ်လည်းမြင့်သည့်အပြင် သူ၏မီးငှက်သဏ္ဍာန်မျက်လုံးမှာလည်း နက်မှောင်အေးစက်နေသည်။
စစ်ပွဲကို ကိုယ်တိုင်တွေ့ကြုံထားသဖြင့် သူ၏ဟန်ပန်မှာ အေးစက်နေသော်လည်း ဒေါကင်းမဲ့နေသည်။
သူ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော အကြွေစေ့လေးကို ထိကိုင်ထားပြီး ကလေးမလေးကို လှမ်းကြည့်နေသည်။
သူသည် ကျင်ကွမ်း မြို့ကို ပြန်လာခဲ့ပြီး နန်း အိမ်တော်သို့သွားရန် ပြင်ထားခဲ့သော်လည်း လမ်းတစ်ဝက်ရောက်သည့်အချိန်တွင် ကလေးမလေးက ရှ အိမ်တော်သို့သွားသည်ဟု ကြားလိုက်သဖြင့် ရှ အိမ်တော်သို့ ရောက်လာခဲ့လေသည်။
လအနည်းငယ်ကြာအောင် မတွေ့ခဲ့ရသဖြင့် ကလေးမလေးမှာ အရပ်ရှည်လာသည့်ပုံပင်။
သို့သော် သူမ အခု ယောကျ်ားလေးတွေအကြောင်း ပြောနေသည်လား။
အမှောင်ထဲမှ သူမကို စောင့်ကြည့်နေသည်ကို နန်းပေါင်ရီ သတိမထားမိသေးဘဲ …
“သံအမတ်မှာ ဇနီးရှိလားမသိဘူး .. ပြီးတော့ ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတတ်လဲသိချင်မိပါရဲ့”
ရှချင်ချင် က အမြီးကိုနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားပြီး …
“နင် ဘာလုပ်ချင်နေတာလဲ !”
“ငါက သိချင်ရုံပါ .. သံအမတ်က ငယ်ရွယ်ပြီးအလားအလာကောင်းတယ်လေ .. ငါ့အစ်ကို ၂ ထက်တောင် သာလွန်နေတယ်”
ရှချင်ချင် မှင်သက်သွားသည်။
သူမမျက်လုံးထဲတွင် ရှောင်းယီ မျက်နှာကိုမြင်ယောင်လိုက်မိသည်နှင့် အနည်းငယ်ရှက်ရွံ့သွားလေသည်။
“သခင်လေး ရှောင်း က ပိုပြီးထက်မြက်တဲ့အသွင်ရှိပါတယ် .. ယဲ့လန် နဲ့ တိုက်ပွဲမှာ အနိုင်ရခဲ့ပြီး မကြာခင် ကျင်ကွမ်း ကို ပြန်လာတော့မယ်လို့ ကြားထားတယ် .. သခင်လေး ရှောင်း နဲ့ သံအမတ် ဝမ် က မတူညီတဲ့အနေအထားတွေနဲ့လေ .. သခင်လေး ရှောင်း ကို ဒီလိုမပြောပါနဲ့”
“သံအမတ် ဝမ် နဲ့ ယှဉ်ရင်တော့ ငါ့အစ်ကို ၂က တကယ်ဆိုးတာ ”
နန်းပေါင်ရီ လက်ချောင်းထောင်ကာ သေချာပြောလေသည်။
“တစ် ငါ့အစ်ကိုက တိုက်ပွဲမှာ မျက်လုံးတစ်ဖက်ထိသွားတော့ အခု မျက်တစ်ဖက်ကန်းဖြစ်နေပြီ .. နှစ် .. အစ်ကို ၂က ခြေထောက်လည်း ကျိုးသွားတော့ အခုချိုင်းထောက်နဲ့ပဲ လမ်းလျှောက်ရတော့မယ် .. ဒီလိုဒုက္ခိတဖြစ်သွားရတဲ့ အစ်ကို ၂ထက် သံအမတ် ဝမ် က ပိုကောင်းတာပေါ့”
ရှချင်ချင် အံ့အားသင့်သွားသည်။
ရှောင်းယီ မှာ အကျိုးအကန်းဖြစ်သွားပြီး အသုံးမဝင်သောသူတစ်ယောက်ဖြစ်သွားသည်။
သစ်ပင်အရိပ်နောက်တွင် ပုန်းကွယ်နေသော ရှောင်းယီ မှာ သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်သည်။
မျက်ကန်းခြေကျိုးပြီး သုံးစားမရသည့်ဘဝသို့ ပြောင်းသွားသည်ကို သူဘာကြောင့်မသိလိုက်ရတာလဲ။
နန်းပေါင်ရီ ကိုကြည့်ကာ ရှောင်းယီ ပြေးရိုက်ချက်စိတ်တို့ဖြစ်လာသည်။
နန်းပေါင်ရီ သတိမထားမိသေးဘဲ ရှချင်ချင် လက်ကို ကြင်နာစွာ ဆုပ်ကိုင်လျက် ..
“အစ်မ ချင်ချင် က အရင်ကတည်းက ငါတို့မိသားစုနဲ့ လက်ဆက်ချင်နေတာမလား .. အစ်ကို ၂ ပြန်လာတဲ့အခါ သူကိုယ်တိုင် လက်ထပ်လမ်းကြောင်းပြောဖို့ ပြောပေးထားမယ်နော်”
“အို မလိုပါဘူး !”
ရှချင်ချင် အလန့်တကြားနှင့် လက်ကိုခါယမ်းကာ တစ္ဆေသရဲတွေ့လိုက်ရသကဲ့သို့ နောက်ဆုတ်သွားပြီး …
“သုံးစားမရတဲ့သူက ငါ့နဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ ! .. ငါက အရာရှိရဲ့ဇနီးပဲဖြစ်ချင်တာ !”
နန်းပေါင်ရီ ဝမ်းနည်းစွာဖြင့် …
“အင်းပါ .. ဟုတ်လည်းဟုတ်ပါတယ်လေ .. သံအမတ်ကြီးက အစ်မ ချင်ချင် လို လှပပြီး အရည်အချင်းရှိတဲ့သူနဲ့ပဲ ထိုက်တန်တာပါ .. အစ်ကို ၂ ကတော့ ဇနီးကောင်းတစ်ယောက်တောင် ရှာလို့ရပါတော့မလား”
ရှချင်ချင် စိတ်ကူးပြောင်းစေရန်အတွက် ညည်းတွားပြောဆိုလေသည်။
ဟုတ်သည်၊ အကယ်၍ ရှောင်းယီ သာ ဒုက္ခိတဖြစ်သွားပြီဟု ရှချင်ချင် တွေးမိသွားလျှင် သူမသေချာပေါက် အခြားသူတစ်ယောက်ကို ရွေးချယ်ရတော့မည်။ နိုင်ငံရေးရာသံအမတ်ကြီးက သူမတို့အိမ်တွင် နေထိုင်နေသဖြင့် ထိုအခွင့်အရေးကို သူမအရယူရမည်။
သံအမတ်က သူမကို နူးညံ့စွာပြောဆိုပုံကို ပြန်တွေးမိသွားသည့်အခါ ရှချင်ချင် မျက်နှာရဲသွားပြီး ထိုလူငယ်ကို စိတ်ကျေနပ်အောင် ပြောဆိုရန် လှည့်ထွက်သွားလေသည်။
နန်းယန် က သူမထက် ပိုမိုထက်မြက်သဖြင့် အမြန်ပြေးလာပြီး ဖျောင်းဖျပြောဆိုလေသည်။
“အစ်မ ချင်ချင် .. သံအမတ်ရဲ့ပုံစံက ထူးဆန်းနေတယ် .. သေချာဂရုစိုက်ဖို့တော့လို…”
“တိတ်စမ်း !”
နန်းပေါင်ရီ ကို ရှချင်ချင် ရွံရှာစွာကြည့်လိုက်ပြီး …
“သူ့မှာ ဧကရာဇ်က ချီးမြှောက်ထားတဲ့ဓါးတစ်လက်ရှိနေတာ မတွေ့ဘူးလား .. ငါက ဒုတိယအဆင့်အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်လာမှာကို နင်မနာလိုဖြစ်နေတာမလား .. ငါနင့်ကို အပြစ်ပြောတာတော့မဟုတ်ဘူး နင်က အပြင်မိန်းမရဲ့သမီးပဲ .. သာမန်လူကုံထံတစ်ယောက်ကိုပဲ လက်ထပ်နိုင်တဲ့နင်က ငါ့ရဲ့ထိမ်းမြားပွဲအခြေအနေကို ထိန်းချုပ်နိုင်တဲ့အရည်အချင်းရှိလို့လား !”
ထိုသို့ပြောပြီးနောက် အေးစက်စက်မျက်နှာထားနှင့် ထွက်သွားလေသည်။
နန်းယန် လည်း အရှက်ရသွားပြီး ဒေါသစိတ်တို့ဖြစ်သွားလေသည်။ သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး နန်းပေါင်ရီ ကို စူးစိုက်ကြည့်လိုက်သည်။
နန်းပေါင်ရီ က ရိုးသားဟန်နှင့် …
“ဘာလို့လာကြည့်နေတာလဲ .. ဘာမှလည်းမလုပ်ရသေးဘူး”
နန်းယန် ခြေဆောင့်ကာ ပြင်းထန်သောလေသံဖြင့် …
“နင်စောင့်ကြည့်နေ !”
ထိုသို့ပြောပြီး အလျင်စလိုထွက်သွားသဖြင့် နန်းပေါင်ရီ ခေါင်းစောင်းကာ ကြည့်လိုက်သည်။
သူမ စိတ်ထဲ မုန်းတီးများကြာရှည်စွာ ကိန်းအောင်းနေခဲ့သဖြင့် နန်းယန် ကို သူမ မကြောက်ပေ။
နန်းပေါင်ရီ နှုတ်ခမ်းထောင့်ကိုအသာသပ်လိုက်ပြီးနောက် သူမမျက်ဝန်းထဲမှ ရိုးအမှုတို့ကွယ်ပျောက်ကာ ကြောင်ရိုင်းတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ စူးရှသောအကြည့်တို့ဖြစ်ပေါ်လာလေသည်။
သူမပျော်ရွှင်နေချိန် အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။
“ငါက ဘယ်ချိန်က မျက်ကန်းခြေကျိုး ဒုက္ခိတဖြစ်သွားတာလဲ”
နန်းပေါင်ရီ တစ်ကိုယ်လုံး ရေခဲတုံးအလား အေးစက်သွားပြီး အမြန်လှည့်ကြည့်လိုက်သည်။
တိုက်ပွဲမှပြန်လာခဲ့သော လူငယ်တစ်ယောက်က ဟိတ်ဟန်အပြည့်နှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
တပ်သားတစ်ယောက်ဝတ်ဆင်ရသည့် လည်ရှည်ဖိနပ်ကို စီးထားပြီး ရွှေချည်များဖြင့် တိမ်ပုံသဏ္ဍာန်ပန်းထိုးထားသည့် အနီရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆောင်းဦးလေပြည်ထဲတွင် လူငယ်၏အေးစက်ပြီးဖြူဖျော့သော ပုံစံမှာ အခြားသူများကိုပင် ထိတ်လန့်စေသည်။
ခေါင်းငုံ့ကြည့်ကာ နန်းပေါင်ရီ ကို မေးလိုက်သော်လည်း သူ၏မျက်လုံးထဲတွင် ပြုံးသယောင်ယောင်ရှိနေသဖြင့် နန်းပေါင်ရီ ထိုသူကိုမကြောက်တော့ပေ။
နန်းပေါင်ရီ ချစ်စဖွယ်ပြုံးလျက် လူငယ်ရင်ခွင်ထဲသို့ ပျော်ရွှင်စွာ ပစ်ဝင်လိုက်လေသည်။
“အစ်ကို ၂ !”
ရှောင်းယီ ၏ ခါးကို တင်းကြပ်စွာဖက်ပြီး သူမ၏မျက်နှာကို ရှောင်းယီ ရင်ခွင်ထဲဖွက်ထားလိုက်သည်။
“အစ်ကိုထွက်သွားပြီးတော့ ညီမလေးလွမ်းနေခဲ့တာ .. တစ်ရက်လုံးမစားနိုင်မသောက်နိုင်နဲ့ လူလည်းတော်တော်ပိန်ကျသွားတယ်”
ရှောင်းယီ မျက်ခုံးပင့်တင်လိုက်သည်။ ထိုကလေးမလေး မည်သည့်နေရာပိန်သွားသည်ကို ရှောင်းယီ စဉ်းစား၍မရပေ။
ရင်ခွင်ထဲပစ်ဝင်လာသောကလေးမလေး၏ နူးညံ့သော ဂါဝန်ကိုပင် ရှောင်းယီ ခံစားမိနေသည်။ ထိုနူးညံ့အိစက်နေခြင်းက သူ့ကို နေရခက်စေသည်။
ကလေးမလေး၏လည်ကုပ်နားမှ အင်္ကျီစကို ဆွဲမကာ အေးစက်သောလေသံဖြင့် …
“ငါ ဘယ်ချိန်တုန်းက ဒုက္ခိတဖြစ်သွားရတာလဲ”