အပိုင်း (၇၇)
ကြီးမြတ်သော မိသားစုမှ မိန်းကလေး
နောက်တစ်နေ့မနက်တွင် နန်းပေါင်ရီ မှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်လျက် ရှ အိမ်တော်သို့ သွားမည့်လှည်းပေါ်ကို တက်လိုက်သည်။
ညီအစ်မ ၃ယောက်အတူရှိနေကြသဖြင့် လှည်းထဲတွင် စကားသံများပြည့်နှက်နေသည်။
နန်းပေါင်ကျူး က မုန့်စားနေရင်း နန်းပေါင်ရုံ ၏ မင်္ဂလာပွဲအကြောင်း ပြန်စလေသည်။
“ကျန်းယွမ့်ဝမ် က လူကောင်းလို့ထင်ရပေမယ့် နကယ်တမ်းကျ သင့်တော်တဲ့သူမဟုတ်ဘူး … သူ့ကို မမငြင်းလိုက်တာ ကောင်းတယ်”
နန်းပေါင်ရီ သိချင်စိတ်များဖြစ်လာသည်။
သူမ၏အစ်ကိုဝမ်းကွဲမှာ ပြီးခဲ့သည့်တစ်ခေါက်က ကူညီပေးထားခဲ့ပြီး ယခုအခါ ကျန်းနန် မြို့တွင် အလုပ်များနေခဲ့သည်။
နှစ်တစ်ဝက်ပင်ကုန်ဆုံးသွားခဲ့ပြီး သူတို့နှစ်ယောက်၏အခြေအနေမည်သို့ရှိနေပုံကို နန်းပေါင်ရီ လည်း အခုထိတိုင် မသိရသေးသဖြင့် အလွန်စိတ်ပူနေရသည်။
“ဒီနှစ်ဆိုရင် မမအသက်ပြည့်တော့မှာနော် .. မကြာခင် လက်ထပ်လမ်းကြောင်းစီစဉ်သင့်ပြီ .. မမသဘောကျတဲ့သူရှိလား”
နန်းပေါင်ရုံ ရှက်ရွံ့စွာ လက်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်ပြီး …
“ဒီကလေးတွေတော့ ငယ်ငယ်လေးနဲ့ ဘာလို့လက်ထပ်ပွဲအကြောင်းပြောနေရတာလဲ .. ဒါက မိန်းကလေးတစ်ယောက်ရဲ့ကျင့်ဝတ်ကို ချိုးဖောက်တာနော်”
“မိန်းကလေးရဲ့ကျင့်ဝတ်ဆိုတာက တခြားသူတွေက သူတို့မြင်ချင်တဲ့အတိုင်း လျှောက်ပြောထားတာလို့ မေမေပြောဖူးတယ် … ကောင်းမွန်တဲ့ဘဝထက် နာမည်ဂုဏ်သတင်းက အရေးကြီးလို့လား”
နန်းပေါင်ကျူး စကားလှလှလေးသုံးကာ ပြောလိုက်သည်။
“မမလည်း မငယ်တော့ပါဘူး ကိုယ့်အတွက်ကိုလည်း ပြန်ကြည့်ပါဦး”
ဒေါ်ဒေါ် ၂က ကိုယ်ရံတော်မိသားစုမျိုးရိုးဖြစ်သောကြောင့် အလွန်ရဲရင့် သတ္တိရှိလှသည့်အပြင် မိန်းကလေး၏ကျင့်ဝတ်ဟူသော စည်းကမ်းချက်များကို မသင့်တော်ဟု ခံယူထားသည်။
ထိုအတွေးမှာ ဓလေ့ကိုသွေဖယ်ခြင်းဖြစ်သော်လည်း အဒေါ် ၂ မှန်သည်ဟု နန်းပေါင်ရီ တွေးမိသည်။
သူမ ပြုံးလျက် …
“မမ .. ညီမလေးရဲ့ဝမ်းကွဲအစ်ကိုကလည်း အရည်အချင်းရှိတဲ့သူတစ်ယောက်လို့ မှတ်ယူရလောက်တယ် .. သူ့ကို မိန်းကလေးတွေအများကြီး သဘောကျနေကြတာ .. ဒီအခွင့်အရေးကို မမ အမိအရယူထားသင့်တယ်နော်”
နန်းပေါင်ရုံ မှင်သက်သွားပြီး သူမ၏မျက်နှာနှင့် နားရွက်များမှာလည်း နီမြန်းကာ ခေါင်းငုံ့ထားလိုက်လေသည်။
နန်းပေါင်ရီ လည်း ကြည့်ရင်း တိတ်တဆိတ်ကျေနပ်နေမိလေသည်။
မိန်းကလေးတစ်ယောက်က ယောကျ်ားလေးတစ်ယောက်၏နာမည်ကိုကြားပြီး ရှက်ရွံ့သွားသည်ဆို လျှင် ထိုသူကို သူမအမှန်တကယ် စိတ်ဝင်စားနေခြင်းပင်။
မမနှင့် အစ်ကိုဝမ်းကွဲတို့ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေကြသည်။
ထိုအချိန်မှာပင် လှည်းက ရှ အိမ်တော်ရှေ့သို့ ဆိုက်ရောက်လာလေသည်။
အဒေါ် ၂က အခြားလှည်းတစ်စီးမှထွက်လာပြီး သူမတို့ကိုလှမ်းခေါ်ကာ …
“ရှ အိမ်တော်က ပွဲကျင်းပနေတာမလို့ လူတွေအများကြီးရှိနေမှာ .. လျှောက်သွားခွင့်မရှိဘူး ဆော့ခွင့်မရှိဘူး ပြဿနာရှာခွင့်မရှိဘူး .. ငါ့အနားမှာပဲနေနေကြ”
သူမတို့ သုံးယောက်လည်း သဘောတူကြလေသည်။
နန်းပေါင်ရီ လည်း ခြံထဲဝင်ပြီးသည်နှင့် ပတ်ပတ်လည်ကို သေချာကြည့်လိုက်သည်။
ရှ အိမ်တော်မှာ ကျယ်ဝန်းပြီး ခြံဝင်းငယ်များ၊ စင်္ကြံလမ်းများ၊ လေသာဆောင်များ၊ ပန်းဥယျာဉ်များဖြင့် နေချင်စဖွယ်ကောင်းလှသည်။
အနည်းငယ်လျှောက်လှမ်းပြီးနောက် လုပ်ငန်းတူမိတ်ဖက်များနှင့် နှုတ်ဆက်ပြောဆိုနေကြပြီး သခင်မ ၂ က ဦးညွှတ်နှုတ်ဆက်လေလျှင် တစ်ဖက်လူတို့ကလည်း နန်း ညီအစ်မသုံးယောက်ကိုပါ နှုတ်ဆက်ကြလေသည်။
နောက်ဆုံးတွင် အိမ်တော်များ၏ သခင်မကြီးများစုဝေးထိုင်နေရာအဆောင်သို့ ရောက်လာခဲ့ပြီး မဝင်ခင်မှာပင် အထဲမှရယ်မောသံများကို ကြားလိုက်ရသည်။
“သခင်မလေး နန်းယန် က ရှ တိုင်းပြည်ရဲ့ အထက်မြက်ဆုံးနဲ့ အရှားပါးဆုံးအလှတရားလို့ ကြားနေခဲ့တာ အခုတော့ အမှန်တကယ်ပါပဲလား … နန်း အိမ်တော်က ပထမဇနီးတွေရဲ့ သမီးသုံးယောက်နဲ့ယှဉ်ရင်တောင် နန်းယန် က ပိုပြီးသာလွန်နေမှာ .. သခင်မလေး နန်း မှာ စေ့စပ်လမ်းကြောင်းထားတာ ရှိလား .. အဒေါ့်ဆီမှာ အောင်သွယ်ပေးဖို့စောင့်နေကြတဲ့ လူငယ်လေးတွေ အများကြီးပဲ”
နန်းပေါင်ရီ မျက်ခုံးပင့်တက်သွားသည်။ အဒေါ်ဖြစ်သူကို ကြည့်လိုက်သည့်အခါ သူမအဒေါ်၏မျက်နှာမှာ ဒေါသများနှင့် ခက်ထန်နေလေသည်။
နန်း မိသားစု၏ သမီးကလေးများမှာ တော်ရုံအပြင်ထွက်လေ့မရှိကြသည့်ကို နန်းယန် က အခွင့်ကောင်းယူကာ သူမကိုယ်သူမ နန်း အိမ်တော်၏ သခင်မလေးဟု ကြွားဝါပြီး လူအများကြီး တိုးဝင်နေသည်မှာ အလွန်ရှက်စရာကောင်းလှသည်။
နန်းယန် မှာ လှပပြီး အားနည်းဟန်ရှိသည်။ သူမ၏စကားတစ်ခွန်းနှစ်ခွန်းနှင့်တင် တစ်ပါးသူ၏စိတ်ကို ဖမ်းစားနိုင်သည်။
ထို့ကြောင့်ပင် နန်း မိသားစု၏သမီးမှာ ထက်မြက်ပြီး အရည်အချင်းရှိသည်ဟု ရှု တိုင်းပြည်မှ လူအများက မှတ်ယူကြကာ ပထမဇနီး၏သမီးက တုံးအပြီး ဂုဏ်သတင်းမမွှေးဟု ထင်မှတ်နေကြသည်။
ထိုအချိန်တွင် နန်းယန် ၏ အားနွဲ့ဟန်နှင့်ပြောသော စကားကိုကြားလိုက်ရသည်။
“လက်ထပ်ထိမ်းမြားတာက မိဘတွေရဲ့စကားနဲ့ အောင်သွယ်တော်တွေရဲ့စီစဉ်ပေးမှုကို လက်ခံရတာပါ .. နန်းယန် မပြောဝံ့ပါဘူး .. အဒေါ်ပြောတာကို ကျေးဇူးတင်ပါတယ်”
နန်းပေါင်ရီ ရယ်ချင်မိသွားသည်။ နန်းယန် မှာ ကိုယ့်ကိုယ်နှိမ့်ချကာ ဂုဏ်ဖော်တတ်သည့်အကျင့်ရှိသည်။
အကယ်၍ သက်လတ်ပိုင်းအရွယ် အောင်သွယ်တော်အမျိုးသမီးကြီးက ဘုရင်ခံ၏သားဖြစ်သူ လျန်းတယ်ယွီ နှင့် အောင်သွယ်ပေးခဲ့လျှင် သူမက လက်ကိုင်ပုဝါကိုဆုပ်ကိုင်လျက် ယန်အာ ပြောခွင့်မရှိတာကြောင့် မေမေနဲ့ပဲတိုင်ပင်ပါ ဟု နန်းယန် ပြောမှာအသေအချာပင်။
ခန်းမထဲရှိ လူအများကလည်း နန်းယန် ကို ဉာဏ်ထက်ပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်သည်ဟု ချီးမွမ်းနေကြသည်။
ထို့အပြင် သူမတွင် ကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးမည့်သူမရှိသဖြင့် သနားနေသူအချို့ပင်ရှိပြီး ထိုသူများက နန်းယန် သာလျှင် ချန်းတယ်ယွီ နှင့် ထိမ်းမြားရန်သင့်တော်သူဟု ပြောဆိုနေကြသည်။
ဒုသခင်မ နန်း က အခန်းထဲဝင်သွားပြီး ဩဇာအပြည့်ရှိသောအသံနှင့် ….
“ဒီလောက်လူတွေအများကြီးက ငါတို့ နန်း မိသားစုရဲ့ကိစ္စကို စိတ်ဝင်စားနေမှန်း မသိခဲ့ရပါလား”
စကားဝိုင်းမှာ ချက်ချင်းအသံတိတ်သွားလေသည်။
ထိုအစုအဝေးတွင်ရှိနေသူများမှာ ရှ မိသားစု၏ ဆွေမျိုးများနှင့် အခြားသော ကုန်သည်မိသားစုမှလူများဖြစ်နေသည်။ ထိုသူများမှာ နန်း မိသားစု ၏ သမီးများကို မမြင်ဖူးကြပေ။
ထိုလူအုပ်မှာ နန်း ညီအစ်မသုံးယောက်ကို သေချာကြည့်လိုက်ကြသည်။
အကြီးဆုံးသခင်မလေးမှာ ပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့ကာ အလွန်လှပပြီး ဒုတိယသခင်မလေးမှာ သန်စွမ်းသောမိန်းမတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်မှာ လုံးဝန်းအိစက်နေကာ အငယ်ဆုံးသခင်မလေးမှာ အလွန်ထက်မြက်ဟန်ရှိနေပြီး မနက်ခင်းနေရောင်ခြည်ထဲတွင် ပွင့်လန်းလာသော ခေါင်ရန်းပန်းလေးကဲ့သို့ နူးညံ့ကာ အလွန်လှပလျက် သူမမျက်ဝန်းများမှာလည်း တောက်ပရွှန်းလဲ့နေသည်။
နန်းယန် နှင့် ယှဉ်လိုက်လျှင် လှပသည့်အပြင် လက်ရာမြောက်သောကြွေရုပ်လေးကဲ့သို့ ထည်ဝါနေပြီး ငယ်ရွယ်သည့်မိန်းကလေးတစ်ယောက်ရှိသင့်သော ရိုးအမှုများ ကင်းစင်နေသည်။
တရားဝင်ဇနီး၏သမီးနှင့် အမြှောင်မယား၏သမီးဟူသော ဂုဏ်ပုဒ်နှင့်ပင် အလွန်ခြားနားနေပြီ။
ကြည့်နေသူများ၏ မျက်လုံးအနေအထားကြည့်ရုံနှင့် အခြေအနေတို့ကို နားလည်ကာ နန်းယန် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့လိုက်သည်။
သူမစိတ်ထဲ မနာလိုဝန်တိုခြင်းမှာပြည့်နှက်သွားပြီး ရှချင်ချင် အနားကပ်ကာ ….
“နန်းပေါင်ရီ ကို နင့်ရဲ့အစ်ကိုဝမ်းကွဲဘယ်ရောက်သွားတာလဲမေးဖို့ အခွင့်အရေးရှာရမယ်”
ရှချင်ချင် ခေါင်းညိတ်ပြပြီး ထရပ်ကာ …
“ဒီနေရာက ပျင်းစရာကြီး … နန်းပေါင်ရီ .. နင့်နဲ့အတူဆော့ဖို့ အနောက်ဘက်ခြံကိုခေါ်သွားပေးမယ် .. အခုချိန်က ခေါင်ရန်းပန်းတွေပွင့်လန်းချိန်ဆိုတော့ ငါ့အဖေက ငွေအများကြီးသုံးပြီး ဈေးကြီးတဲ့ခေါင်ရန်းပင်ကို ဝယ်ပေးထားတာ .. သွားဆော့ရအောင်”
ကျင်ကွမ်း မြို့ကို ဖူရုံ မြို့ဟုလည်း ခေါ်ကြသည်။
ရှု မင်းဆက် ဧကရာဇ် မုံ့ချန် သည် ခေါင်ရန်းပန်းကို အလွန်နှစ်သက်သဖြင့် မြို့နံရံများအနီးအနားတွင် ခေါင်ရန်းပင်များကို စိုက်ပျိုးစေခဲ့သည်။ ခေါင်ရန်းပန်းများ ပွင့်လန်းလာသည့်အခါ ကျင်ကွမ်း မြို့ပတ်လည်မှာ အလွန်လှပသွားသဖြင့် ဖူရုံ မြို့ ဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
နှောင်းပိုင်းကာလတွင် ဆောင်းဦးရာသီရောက်လာသည်နှင့် ခေါင်ရန်းပန်းကို မြတ်နိုးတန်ဖိုးထားသည့်ဓလေ့ပေါ်ပေါက်လာခဲ့သည်။
နန်းပေါင်ရီ နှင့် အခြားမိန်းကလေးများကလည်း ရှချင်ချင် နောက်သို့ လိုက်လာခဲ့ကြသည်။
ဥယျာဉ်အလယ်တွင် စန္ဒကူးပင်ရှိနေပြီး လူအရပ်တစ်ဝက်နီးပါးရှိသော ခေါင်ရန်းပင်ကို ပန်းအိုးနှင့် စိုက်ပျိုးထားလေသည်။
ခေါင်ရန်းပန်းပွင့်မှာ အလွန်ကြီးမားပြီး အဖြူရောင်ပွင့်ချပ်များမှာလည်း အထပ်ထပ်ဖြင့်ပွင့်လန်းနေသည်။
“ဒါက ငွေခေါင်ရန်းလို့ခေါ်တယ် .. ငါ့အဖေက ရွှေစ ၅၀၀၀နဲ့ဝယ်လာတာ အပြင်မှာမတွေ့နိုင်ဘူး !”
ရှချင်ချင် က နန်းပေါင်ရီ ကို ဂုဏ်ဝင့်စွာကြည့်လျက် …
“နင်တို့မိသားစုမှာရော ဒီလိုတန်ဖိုးကြီးတဲ့ခေါင်ရန်းပင်ရှိလား”
နန်း မိသားစုက စာပေနဲ့လက်ရေးလက်သားမှာ မတတ်ကျွမ်းကြောင်း အများကသိကြသဖြင့် သူတို့မိသားစုမှာ ရှားပါးသောပန်းများကို ဘယ်လိုလုပ်သိနိုင်ကြမှာလဲ။
ကြည့်နေသူများက လှောင်ရယ်ရန် စောင့်နေကြသော်လည်း နန်းပေါင်ရီ မဲ့ပြုံးပြုံးကာ …
“ဒီလိုအပွင့်ကြီးမျိုးက ရှားပါတယ် .. ဒါပေမယ့် ဒီလိုခေါင်ရန်းပန်းနဲ့ မုတန်းပန်းတွေက အရမ်းပေါများနေတာ .. သခင်မလေး ရှ တော့ ဥယျာဉ်မှူးလိမ်တာ ခံလိုက်ရပြီနဲ့တူပါတယ်”
“နင် !”
ရှချင်ချင် အလွန်ဒေါသထွက်သွားပြီး ..
“နင့်လိုလူက နာမည်ကြီးကပန်းတွေနဲ့ မထိုက်တန်ဘူး !”
ငွေခေါင်ရန်းပန်းကို ကြည့်ရှုကြပြီးနောက် မိန်းကလေးများမှာ ဆော့ကစားရန် ထွက်သွားကြပြီး နန်းပေါင်ရုံ မှာ အားနည်းနေသဖြင့် နန်းပေါင်ကျူး က သူမကိုတွဲကာ နားနေရန်နေရာသို့ ခေါ်ဆောင်သွားလေသည်။
ရှချင်ချင် နှင့် နန်းယန် မှာ သူမကို မေးစရာရှိနေမှန်း နန်းပေါင်ရီ ရိပ်မိနေသဖြင့် ခရမ်းနုရောင်ပန်းများပွင့်နေသော နွယ်ပင်များထံသို့ တစ်ယောက်တည်း လမ်းလျှောက်သွားလိုက်ပြီး ဝေးဝေးမရောက်သေးချိန်မှာပင် ရှချင်ချင် အသံကို ကြားလိုက်ရသည်။
“နန်းပေါင်ရီ ရပ်လိုက် !”
နန်းပေါင်ရီ လှည့်ကြည့်လိုက်ပြီး ….
“ပြောစရာရှိလို့လား”
ရှချင်ချင် အံကြိတ်ကာ …
“နင် ငါ့ဝမ်းကွဲအစ်ကိုကို တွေ့မိသေးလား !”
“ဝမ်းကွဲအစ်ကို ?”
“ရှပေါဝမ် လေ .. မျက်နှာမှာ ပြည်အနာပြည့်နေတဲ့သူ !”
နန်းပေါင်ရီ တွေဝေစွာဖြင့် …
“ငါ့လို ကြွယ်ဝချမ်းသာတဲ့မိသားစုက ဉာဏ်ထက်ပြီး ပညာတတ်တဲ့ မိန်းကလေးတစ်ယောက်က အပြင်သူစိမ်းကို ဘယ်လိုလုပ်တွေ့ဖူးမှာလဲ”
—-