အပိုင်း (၇၆)
ကြိုးနီလေး
ရှပေါဝမ် မှင်သက်သွားသည်။
ဒီအစေခံမက ဘာလဲ၊ အရည်အချင်းရှိလှချည်လား။
သူအော်ဟစ်ကာ ထွက်ပြေးချင်သော်လည်း ခြေထောက်တို့မှာ အားနည်းနေသည်။
ချန်ရှင်း နီးကပ်လာပုံမှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာပြီး ခဏအကြာမှာပင် ပါးလွှားသောဓါးပါးလေးက သူ၏မျက်လုံးထဲသို့ ဖောက်ဝင်သွားလေသည်။
သွေးများ နေရာအနှံ့ပေကျံသွားပြီး ရှပေါဝမ် မှာလည်း မြေပြင်ထက်တွင် လူးလှိမ့်နေသည်။ သေဆုံးသွားသည့်တိုင် ဘယ်သူ့ကို သူနှောင့်ယှက်ခဲ့လဲဆိုသည်ကိုပင် မသိလိုက်ရပေ။
လှည်းမောင်းသူလည်း ထွက်ပြေးရန်ပြင်လိုက်စဉ် ချန်ရှင်း ၏ ဓါးက သူ၏လည်မျိုကိုထိုးဖောက်သွားသဖြင့် အော်ဟစ်ရင်းနှင့်ပင် အသက်ပျောက်သွားလေသည်။
ဟယ်ယဲ့ မှာ နန်း အိမ်တော်ထဲတွင် ကြီးပြင်းခဲ့သဖြင့် သွေးများပျံ့ကျဲနေသောမြင်ကွင်းကို သူမ မမြင်ဖူးပေ။
သူမတုန်လှုပ်စွာဖြင့် သခင်မလေးကို မျက်လုံးပိတ်ထားပေးရန်တွေးလိုက်သော်လည်း သူမ၏သခင်မလေးမှာ ထိုမြင်ကွင်းကို အသားကျနေသည့်အလား ယပ်တောင်ကိုပင် အေးအေးဆေးဆေးခတ်နေလေသည်။
နန်းပေါင်ရီ ကြင်နာစွာပြုံးလျက် …
“ကမ္ဘာပေါ်မှာ အသုံးမကျတဲ့နေရာတွေမှာ သားဖြစ်သူတွေကို ကြီးပြင်းစေချင်တဲ့ မိသားစုတွေရှိတယ် သူတို့က အပြင်ထွက်ပြီး ရိုးသားမိန်းကလေးတွေကို နှိပ်စက်အနိုင်ယူနေကြတာ … အဲဒီအမှိုက်သရိုက်နေရာက ရှိနေဖို့မလိုအပ်ဘူး သူတို့ကိုရှင်းပစ်ပြီး ငွေရှာတာက ပိုမကောင်းဘူးလား”
လှည်းပေါ်တက်သွားသော သခင်မလေးဖြစ်သူကို ဟယ်ယဲ့ အံ့ဩတကြီးနှင့် ကြည့်နေမိသည်။ နွေဦးရာသီကတည်းက သခင်မလေးမှာ အရင်နှင့်မတူဘဲ ပြောင်းလဲလာခဲ့သည်ဟု သူမခံစားနေရသည်။ သို့သော် သခင်မလေးကို သူမကောင်းကောင်းနားလည်သဖြင့် သခင်မလေးပြောသည့် လုပ်သည့်အရာမှန်သမျှ ကောင်းမွန်ခြင်းများဖြစ်သည်။
လှည်းကို နွေဦးကျောက်စိမ်းခန်းမသို့ရောက်အောင် ချန်ရှင်း မောင်းနှင်လာခဲ့သည်။
နန်းပေါင်ရီ ၏ ဝတ်စုံမှာ သွေးများစွန်းပေနေသဖြင့် ညစ်ပတ်သည်ဟုခံစားရသောကြောင့် ရေချိုးသန့်စင်လိုက်လေသည်။
ကန့်လန့်ကာကို လှစ်ဟလျက် ထွက်လာချိန်တွက် ဟန်ယန့်လျန် က ထိုင်ခုံပေါ်တွင် ထိုင်ကာ …
“ရှပေါဝမ် အကြောင်း ဟယ်ယဲ့ ဆီကနေ ကြားပြီးပြီ … ရှချင်ချင် နဲ့ နန်းယန် တို့ အပြစ်ရှိတာကို တရားရုံးကိုမတိုင်ကြားတော့ဘူးလား”
နန်းပေါင်ရီ က လက်ကိုင်ပုဝါနှင့် သူမ၏ဆံပင်ကို အသာအယာသုတ်နေရင်း သိမ်မွေ့စွာ …
“တကယ်လို့ တရားရုံးကိုတိုင်လိုက်ရင် သူတို့ရဲ့ဂုဏ်သိက္ခာတွေ ထိ ခိုက်ကုန်မှာပေါ့ ဒါဆိုရင် သူတို့ ဘယ်လိုလုပ်ပြီး လက်ထပ်ထိမ်းမြားနိုင်တော့မလဲ … ကျွန်မက ကြင်နာတတ်တဲ့သူပါ .. တရားရုံးဆီတိုင်ကြားတာမျိုး လုံးဝမလုပ်ဘူး”
နန်းပေါင်ရီ နှစ်ခြိုက်စွာပြုံးရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
“သူဌေး ဟန် က လူတွေအများကြီးကိုသိတယ်ဆိုတော့ ဟွားလျို ရောဂါရှိနေတဲ့ ချောမောငယ်ရွယ်တဲ့ လူငယ်တစ်ယောက် ရှာပေးလို့ရမလား .. ရှချင်ချင် က လူတွေကို အောင်သွယ်ပေးရတာ နှစ်သက်တော့ ကျွန်မလည်း သူရဲ့ကြင်နာမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူ့အတွက်လည်း အောင်သွယ်ပေးရမယ်မဟုတ်လား”
ဟန်ယန့်လျန် က ပျင်းရိစွာဖြင့် ….
“ရှချင်ချင် က ရှ အိမ်တော်ရဲ့သမီးတစ်ယောက်ဆိုတော့ သာမန်လူလောက်နဲ့တော့ စိတ်မဝင်စားလောက်ဘူး”
နန်းပေါင်ရီ အလှပြင်ခုံရှေ့တွင် ထိုင်လိုက်ပြီး ကြေးမုံထဲမှတဆင့် နံရံတွင် ချိတ်ဆွဲထားသော ပြဇာတ်အတွက်သုံးသည် ဓါးအဆင်တန်ဆာကို ချိတ်ဆွဲထားလေသည်။
သူမနားလည်လွယ်စွာဖြင့် …
“ရှချင်ချင် က အိပ်မက်ထဲမှာတောင် အရာရှိရဲ့ဇနီးဖြစ်ချင်တဲ့အထိ ရည်မှန်းချက်ကြီးတယ် .. အဲဒါကြောင့် သူဌေး ဟန် ရဲ့ ဓါးကိုငှားပြီး နိုင်ငံရေးရာသံတမန်တစ်ယောက်ရဲ့ဇနီးအဖြစ် ခံစားစေလိုက်မယ်”
ဟန်ယန့်လျန် မျက်လုံးတို့ကိုဆော့ကစားလိုက်ပြီး နန်းပေါင်ရီ လုပ်လိုသည့်အကြောင်းကို ချက်ချင်းသဘောပေါက်သွားသဖြင့် ပြုံးလိုက်ကာ …
“ဒါဆို နန်းယန် ကရော ..”
“အခုတော့ သူ့ကိုထိလို့မရသေးဘူး .. ကျွန်မရဲ့လက်ထပ်ပွဲကိုငြင်းဆန်တဲ့အခါ သူ့ကိုအနည်းအကျဉ်းတော့ လိုအပ်လာလိမ့်မယ်”
နွေဦးကျောက်စိမ်းခန်းမမှ ကျောက်ဝမ် ခြံသို့ ရောက်လာသည့်အချိန်မှာ နေဝင်ရီတရောပင် ဖြစ်နေသည်။
နန်းပေါင်ရီ မှာ အိမ်တံခါးကိုမှီလျက် အနောက်ဘက်အရပ်ကို လှမ်းကြည့်နေသေည်။ နေမင်းကြီးမှာ တဖြည်းဖြည်းဝင်စပြုနေပြီး ပတ်ဝန်းကျင်မှာလည်း နေရောင်ခြည်နှင့် နွေးထွေးနေလေသည်။ နန်းပေါင်ရီ စိတ်ထဲတွင်လည်း ထိုသို့နွေးထွေးမှုကို ခံစားလိုက်ရသည်။
အစ်ကို ၂ က အလွန်ထက်မြက်အင်အားကြီးသူဖြစ်သောကြောင့် တိုက်ပွဲတွင် သေချာပေါက်အောင်ပွဲခံပြီး အိမ်ပြန်လာမည့်အချိန်မှာလည်း မကြာတော့ပေ။
ရှောင်းယီ ပြန်လာလျှင် သူမအတွက် မည်သည့်လက်ဆောင်ယူလာပေးမည်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။
…..
ဆောင်းဦးရာသီပင် ရောက်လာခဲ့ပြီ။
ညတာမှာလည်း ရှည်လျားလာခဲ့ပြီး ပို၍ပင်း အေးစက်လာလေသည်။ မနက်စောစောအချိန်တွင်လည်း ဥယျာဉ်ထဲရှိ အပင်များပေါ်တွင် နှင်းရေစက်များ တွဲခိုနေတတ်ပြီး ဆောင်းလေအေးတိုက်ခတ်သည့်အခါ နှင်းရေစက်များ မြေဆီလွှာထဲကျဆင်းပြီး အမြစ်များကို ရေဓါတ်ဖြည့်လေသည်။
ဟယ်ယဲ့ က ကန့်လန့်ကာများကို လိပ်တင်လိုက်ပြီး နန်းပေါင်ရီ ကို ညင်သာစွာလှုပ်နှိုးလေသည်။
“သခင်မလေး .. ဆောင်းဦးရာသီဝင်ပြီးကတည်းက သခင်မလေး အရင်ရက်တွေထက်နောက်ကျမှ ထနေတာ စာရေးဖို့တွေအများကြီးကျန်သေးတယ်နော် … ဒုသခင်လေးပြန်လာတဲ့အခါ သခင်မလေးကို အပြစ်မှာစိုးတယ်”
နန်းပေါင်ရီ မှာ စောင်ထဲတွင် ကွေးကွေးလေးခွေနေလိုက်ပြီး မျက်နှာကိုသာ ဖော်ထားလျက် …
“ဟယ်ယဲ့ .. အေးတယ် .. နောက်နာရီဝက်လောက် ခဏပေးအိပ်ပါနော်”
ဟယ်ယဲ့ အခက်တွေ့သွားရသည်။
နန်းပေါင်ရီ စောင်ကိုလှန်လိုက်ပြီး ဟယ်ယဲ့ ကို ဆွဲသွင်းလိုက်သည်။
“အတူတူလှဲနေရအောင် .. နင့်လက်တွေလည်း အေးစက်နေတာပဲ နွေးအောင်လုပ်ပေးမယ်”
သခင်မလေးက သူမ၏လက်ကိုနွေးထွေးအောင်လုပ်ပေးနေသဖြင့် သူမစိတ်ထဲတွင်လည်း နွေးထွေးသွားလေသည်။
နန်းပေါင်ရီ နှင့် အတော်ကြာအောင်စကားပြောပြီးနောက် …
“သခင်မလေး .. ယွိဝေ့ က တည်သီးတွေ ခူးလို့ရပြီပြောတယ် .. သခင်မလေးမထသေးဘူးဆိုရင် တည်သီးတွေကို တခြားအစေခံမိန်းကလေးတွေ ခူးသွားကြလိမ့်မယ်နော်”
နန်းပေါင်ရီ ပျော်ရွှင်စွာ အံ့အားသင့်သွားလေသည်။
ထိုတည်သီးများ ခူးဆွတ်ရမည့်အချိန်ကို သူမကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။
ဟယ်ယဲ့ ၏ အကူအညီဖြင့် နန်းပေါင်ရီ လျင်မြန်စွာဝတ်ဆင်လိုက်ပြီး ခါးကြိုးပင်မစည်းဘဲ အမြန်ပြေးထွက်သွားလေသည်။
ကျောက်ဝမ် ခြံရှိ တည်သီးများ ရင့်မှည့်နေကြလေပြီ။ သစ်ကိုင်းများတွင် အရောင်ဝင်းဝါစွာ ချိတ်တွဲနေကြပြီး ဝဖြိုးနေသော ငှက်များက ပျော်ရွှင်စွာ ထိုးဆိတ်နေကြလေသည်။
နန်းပေါင်ရီ အပြေးရောက်သွားသည့်အခါ သူမ၏တည်သီးများကို ခူးယူသူမရှိကြောင်း သိလိုက်ရသည်။
ဟယ်ယဲ့ ပြုံးလျက် ဝါးတံချူကို ယူလာပြီး …
“ဒီလိုမှမပြောရင် သခင်မလေး အိပ်နေဦးမှာလေ”
နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
သူမသည် ၁၂နှစ်အရွယ်သာရှိနေသေးပြီး အလွန်အအိပ်မက်လှသည်။
ဝါးတံချူကို နန်းပေါင်ရီ လှမ်းယူလိုက်သည်။
တံချူထိပ်တွင် ဓါးမြှောင်တစ်ချောင်းတပ်ထားပြီး ပိုက်ကွန်လည်းချည်နှောင်ထားသဖြင့် အမြင့်မှတည်သီးများကို ခူးယူရန်လွယ်ကူလှသည်။
နန်းပေါင်ရီ ပျော်ရွှင်စွာဖြင့် တည်သီး အလုံး ၂၀ပင် ခူးပြီးသွားသည်။
အခြားသူများယူစားမည်စိုးသောကြောင့် ယွိဝေ့ ကို အမြန်ခေါ်ကာ သင်ပေးရန်ပြောလေသည်။
“ပထမဆုံး အညှာတံနည်းနည်းလေးပဲပါအောင် ဖြတ်ယူရမယ် .. ပြီးရင် အညှာကို လျှော်ကြိုးနဲ့ချည်ထားရင်ရပြီ”
နန်းပေါင်ရီ စိတ်ဝင်တစားနှင့် သေချာလုပ်ကိုင်လေသည်။
ထို့နောက် ယွိဝေ့ ပြောသည့်အတိုင်း တည်သီးများကို တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားလိုက်သည်။
နန်းပေါင်ရီ မှာ ကြိုးပုခက်ပေါ်တွင် ထိုင်နေရင်း တံစက်မြိတ်အောက်ချိတ်ဆွဲထားသော တည်သီးများကို ကျေနပ်စွာကြည့်နေလိုက်သည်။
ထိုတည်သီးများကို လက်ညိုးနှင့်ထိုးကာ တစ်လုံးစီကို ရေတွက်နေလေသည်။
“ဘွားဘွားအတွက် .. ဒေါ်ဒေါ် ၂အတွက် .. မမအတွက် .. ကျူးကျူး အတွက် .. အစ်ကို ၄အတွက် .. ကျန်တာအားလုံး အစ်ကို ၂အတွက် ..”
နန်းပေါင်ရီ ကို ဟယ်ယဲ့ ပျော်ရွှင်စွာကြည့်နေမိသည်။
တည်သီးများမှာ တန်ဖိုးမကြီးသော်လည်း သခင်မလေးကိုယ်တိုင် လုပ်ထားသည်မဟုတ်လား။
သူမ၏သခင်မလေးက အမြော်အမြင်ကြီးလှသည်။
ထိုအချိန်တွင် ချန်ရှင်း အပြင်မှရောက်လာခဲ့ပြီး နန်းပေါင်ရီ ထံ စာတစ်စောင်ကမ်းပေးလေသည်။
“ဒါ ရှ မိသားစုက ပေးလိုက်တာ”
နန်းပေါင်ရီ သိချင်စိတ်များနှင့် လှမ်းယူလိုက်သည်။
သူမ ဖွင့်ဖတ်ကြည့်လိုက်သည့်အခါ ရှ သခင်ကြီး၏ အသက်၄၀ပြည့် မွေးနေ့ဖိတ်ကြားစာဖြစ်နေပြီး ရှု တိုင်းပြည်မှ ချမ်းသာကြွယ်ဝသူများကို ဖိတ်ကြားထားလေသည်။
ပြီးခဲ့သည့်တစ်ခါက ရှချင်ချင် နှင့် နန်းယန် တို့သည် သူမကို အန္တရာယ်ပြုရန်ကြံစည်ခဲ့ပြီး ရှပေါဝမ် လည်း ပါဝင်ပတ်သက်ခဲ့သည်။
ချန်ရှင်း က အလောင်းများအရည်ပျော်စေသော ဆေးရည်တစ်မျိုးကို သုံးပြီး ရှပေါဝမ် နှင့် အခြားသူများ၏ ခန္ဓာအလောင်းများကို ဖျောက်ဖျက်ခဲ့သည်။ ရှချင်ချင် နှင့် နန်းယန် တို့မှာ သတင်းကောင်းကို စောင့်နေခဲ့သော်လည်း ဘာသတင်းမှမရသည့်အပြင် ရှပေါဝမ် ၏ အရိပ်အယောင်ကိုလည်း မတွေ့ကြတော့ပေ။ ပြီးခဲ့သည့်ရက်များတွင် သူတို့တုန်လှုပ်နေကြလောက်သည်။
ရှ မိသားစုသည် နန်း မိသားစုနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထိုပွဲ၏ အဓိကအကြောင်းရင်းမှာ ရှချင်ချင် က ထိုနေ့ကဖြစ်ခဲ့သည့်အမှန်တရားနှင့် နန်းပေါင်ရီ ၏အခြေအနေကို သိလိုသဖြင့် ကြံစည်ထားခြင်းဖြစ်လိမ့်မည်။
သူမပြုံးလိုက်ပြီး …
“ဘွားဘွားကရော ဘာပြောလဲ”
နန်းပေါင်ရီ မေးသည်ကို ချန်ရှင်း က …
“သခင်မကြီးက အိမ်တော်ထဲကမိန်းကလေးတွေ ပွဲမတက်တာကြာနေပြီဆိုတော့ ဒုသခင်မကို ပွဲတက်ရင်း သခင်မလေးတို့ကိုပါ အပျင်းပြေထွက်ဖို့အတွက် ခေါ်သွားဖို့ပြောလိုက်တယ်”
“ဒါဆို သွားဖို့ပြင်ရအောင်လေ”
နန်းပေါင်ရီ ကြိုးလုံးကို ချန်ရှင်း ထံ ကမ်းပေးလိုက်သည်။
သူမစီစဉ်ထားသော နိုင်ငံရေးရာသံတမန်မှာ နေရာကျပြီးဖြစ်သောကြောင့် ပွဲကြည့်ရှုရန်အတွက် ရှ အိမ်တော်သို့ သူမ သွားကြည့်ချင်လေသည်။
*****