အပိုင်း (၇၅)
သင်ပြတော့ ဘာဖြစ်လဲ
ယွိဝေ့ က ပြန်ဖြေလိုက်သည်။
“သခင်လေးက သခင်မလေးကို ချစ်တော့ သခင်မလေးကြိုက်တတ်တာလေးတွေ လုပ်ထားဖို့ ကျွန်မကိုပြောထားတာလေ”
နန်းပေါင်ရီ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ အမတ်လောင်းကြီးက သူမကို ထိုတမျှ ဂရုစိုက်သည်လား။ နန်းပေါင်ရီ စိတ်ထဲပျားရည်ကဲ့သို့ ချိုမြိန်ခြင်းကိုခံစားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။
သူမပြုံးပျော်နေစဉ် ဟယ်ယဲ့ က ငွေစာရင်းစာအုပ်များကို ယူလာပြီး …
“သခင်မလေး .. ဒီနေ့ကို နွေဦးကျောက်စိမ်းခန်းမကိုသွားပြီး ငွေစာရင်းတွေစစ်မလို့ သူဌေး ဟန် နဲ့ ချိန်းထားတာ ရှိတယ်မလား … လှည်းအဆင်သင့်ဖြစ်နေပြီ အိမ်တော်ကနေထွက်တော့မလား”
နွေဦးကျောက်စိမ်းခန်းမမှ ရလာသည့်အကျိုးအမြတ်များ၏ ၄၀ရာခိုင်နှုန်းကို လုပ်ငန်းကိုင်တွယ်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်သော ၆၀ရာခိုင်နှုန်းကို အညီအမျှခွဲယူမည်ဟု နန်းပေါင်ရီ နှင့် ဟန်ယန့်လျန် တို့ သဘောတူထားကြသည်။
နွေဦးကျောက်စိမ်းခန်းမသို့သွားပြီး သူမ၏ငွေစာရင်းစာအုပ်များယူရသည့်အချိန်သည် သူမ၏အပျော်ဆုံးအချိန်ဖြစ်သည်။
သူမတို့၃ယောက် ခြံရှေ့သို့ရောက်လာသည့်အခါ လှည်းမောင်းရသူမှာ ချန်ရှင်း ဖြစ်သော်လည်း လှည်းမောင်းသူက လှည်းပေါ်တွင် အရင်ဦးစွာရှိနှင့်နေသည်။
လှည်းမှူး ကျန်း က ပြုံးလျက် …
“သခင်မလေး ၅ကို ခစားပါတယ် .. ရာသီဥတုက အေးလာတော့ မြင်းတွေလည်း စိတ်မာန်မကောင်းတော့ လူတွေကိုကန်မိတဲ့အခါ သခင်မလေးတို့ မကိုင်တွယ်နိုင်မှာစိုးတာကြောင့် အန္တရာယ်ကင်းအောင် ကျွန်တော်ကိုယ်တိုင် မောင်းနှင်ပြီး ပို့ဆောင်ပေးပါ့မယ်”
နန်းပေါင်ရီ မြင်းကို လှမ်းကြည့်လိုက်သည်။
သူမတို့မိသားစုမှာ အလွန်ချမ်းသာကြွယ်ဝသဖြင့် မြင်းလှည်းမှမြင်းကိုပင် အနောက်တိုင်းနိုင်ငံများမှ ဈေးကြီးပေးဝယ်ထားရသည့် အကြမ်းခံသန်စွမ်းသော မြင်းဖြစ်သည်။
နေ့ဘက်အချိန်တစ်ခုလုံး ထိုမြင်းအတွက် တန်ဖိုးကြီးသော အကောင်းဆုံးသော မြက်များကိုသာကျွေးသဖြင့် ခန္ဓာကိုယ်တောင့်တင်းသန်မာသည့်အပြင် ကျောပေါ်မှ လည်ဆံမွေးများမှာလည်း ရှည်လျားနူးညံ့နေသည်။
အချိန်အတော်ကြာအောင် နေသားကျနေခဲ့သဖြင့် မြင်း၏စိတ်မှာ ကြောင်ထက်ပင်သိမ်မွေ့သေးသည်။ ဘာကြောင့်များ လူကိုကန်ရမှာလဲ။
နန်းပေါင်ရီ တည်ငြိမ်စွာပြုံးလျက် …
“ဒါဆိုရင်တော့ လှည်းမှူး ကျန်း ကို ကျေးဇူးတင်ပါတယ်”
ထိုလှည်းမောင်းသည့်လူကြီး၏အကြံအစည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမအတွက် ဘာမှအ ကျိုးထူးမည်မဟုတ်ပေ။
လှည်းမှာ နန်း အိမ်တော်မှ တည်ငြိမ်စွာပင် ထွက်လာခဲ့လေသည်။
နာရီဝက်မျှကြာပြီးနောက် ဟယ်ယဲ့ သံသယဝင်လာသဖြင့် ကန့်လန့်ကာကို မတင်ကာ …
“လှည်းမှူး ကျန်း .. ဒါက နွေဦးကျောက်စိမ်းခန်းမကို သွားတဲ့လမ်းမဟုတ်ဘူးနော် .. လမ်းမှားနေတာလား”
လှည်းမှူး ကျန်း က ပြုံးကာ
“ဒီမနက်ကပဲ လမ်းမပေါ်မှာ လူတစ်ယောက်ကို လှည်းတစ်စီးက ဝင်တိုက်လိုက်လို့ လမ်းမှာသွေးတွေပေကျံနေတာ .. သခင်မလေးတို့ကို မလိမ်ဝံ့ပါဘူး .. တခြားလမ်းက ရှောင်သွားရအောင်ပါ နည်းနည်းတော့ဝေးပေမယ့် ရှင်းလင်းနေတယ်မဟုတ်လား”
တစ်ယောက်ယောက်သေသည်ဟုကြားလိုက်ရသဖြင့် ဟယ်ယဲ့ တိတ်လန့်သွားလေသည်။
နန်းပေါင်ရီ မှာ ပုတီးစေ့များကိုဆော့ကစားနေပြီး လှည်းမှူးမှာ လာဘ်ထိုးခံရပြီး သူမကို တစ်နေရာခေါ်သွားရန်ပြင်နေခြင်းဖြစ်မည်ဟု သူမတွေးလိုက်မိသည်။
နန်းပေါင်ရီ ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးနှင့် အကြည့်များမှာ ဘာမှမသိသော ကြောင်ပေါက်ငယ်ပမာ ဖြစ်နေလေသည်။
နောက်နာရီဝက်ကြာအောင် မောင်းနှင်လာပြီးနောက် တောင်ကြားသို့ဝင်သွားပြီး တောင်ကြား၏အနက်ဆုံးသောနေရာတွင် လှည်းရပ်သွားလေသည်။
ထိုအခါမှ လှည်းမှူး ကျန်း အသံထွက်လာသည်။
“သခင်မလေး ကျွန်တော်တို့ လမ်းမှားသွားပြီနဲ့တူတယ် .. ဆင်းကြည့်ပေးပါဦးလား”
နန်းပေါင်ရီ လည်း ဟယ်ယဲ့ လက်ကိုကိုင်ကာ လှည်းပေါ်မှ ဆင်းလာခဲ့သည်။
တောင်ကြားမှာ အလွန်ရှည်လျားပြီး အသက်ရှူရကြပ်ကာ အရှေ့ဘက်တွင် လမ်းဆုံးကြီးတစ်ခုက ပိတ်ထားလေသည်။ လှည်းမှူး ကျန်းက လှည်းကို အလျားပုံစံရပ်ထားလိုက်ပြီး ပတ်ပတ်လည်ရှိ ခြံတံတိုင်းများမှာလည်း ပိတ်လှောင်ထားသည့်ပုံစံရှိနေသည်။
ထိုနေရာမျိုးတွင် တစ်ခုခုဖြစ်ခဲ့လျှင်တောင် ပြေးရန် အလွန်ခက်လှသည်။
ဟယ်ယဲ့ က ဒေါသတကြီးနှင့် …
“လှည်းမှူး ကျန်း .. နေရာမသိရင်လည်း ဘာကြောင့်ဒီကိုမောင်းလာခဲ့တာလဲ .. သခင်မလေးတစ်ခုခုဖြစ်သွားရင် အိမ်တော်ပြန်ရောက်တဲ့အခါ ရှင့်ကို အပြစ်ပေးရမယ်”
လှည်းမှူး ကျန်း က ပြုံးပြ၍ …
“တစ်ယောက်ယောက်က ရွှေစ ၅၀၀သုံးပြီး သခင်မလေးကို ဒီကိုခေါ်လာခဲ့ရမယ်လို့ ကျွန်တော့်ကိုပြောခဲ့တယ် .. ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ”
နန်းပေါင်ရီ မျက်ခုံးကိုပင့်တင်ကာ …
“အဲဒီနှစ်က လှည်းမှူး ကျန်း တို့ ကျင်ကွမ်း မြို့ကိုထွက်ပြေးခဲ့တာ မှတ်မိသေးတယ် .. ရှင်တို့မိသားစုက ဆွေမျိုးမရှိဘဲ လမ်းပေါ်မှာ အစာရေစာပြတ်လပ်ပြီး သေလုနီးပါးဖြစ်ခဲ့ရတာကို ကျွန်မတို့ နန်း မိသားစုက ရှင့်ကိုအိမ်တော်ကိုခေါ်ပြီး အလုပ်လုပ်စေခဲ့တယ် .. ရှင်က အပြင်သူစိမ်းနဲ့ပေါင်းပြီး ကျွန်မကို ဒုက္ခပေးပြီး ဒီလိုကျေးဇူးဆပ်တာလား”
လှည်းမှူး ကျန်း က ပြုံးပြပြီး …
“နန်း အိမ်တော်က ကျေးဇူးကြွေးရှိတာမှန်ပေမယ့် အစားအစာပေးတာလေးက ရွှေစ ၅၀၀ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ .. သခင်မလေး တစ်ယောက်ယောက်ကိုအပြစ်တင်ချင်တယ်ဆိုရင် ဘဝမကောင်းတဲ့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်လိုက်ပါတော့”
ထိုစကားပြောပြီးနောက် တောင်ကြားရှိ အိမ်ပျက်ထဲမှ လှုပ်ရှားသံများကြားလိုက်ရသည်။
ချည်ထိုးပန်းထိုးဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်က အစေခံများ ခြံရံလျက် ထွက်လာသည်။
ထိုသူမှာ အသက် ၃၀အရွယ်ရှိနေပြီး ခြေလှမ်းများမှာ ဟန်ချက်မညီသည့်အပြင် မျက်နှာပေါ်တွင်လည်း ပြည်ဖုများ ပြည့်နေလျက် ထိုပြည်ဖုများကိုကာရန်အတွက် အလှပြင်မှုန့်များ ထူပိန်းစွာလိမ်းထားသည်က ရွံရှာဖွယ်ကောင်းလှသည်။
ထိုသူက နန်းပေါင်ရီ ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး …
“နန်း အိမ်တော်လို ကြွယ်ဝချမ်းသာတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တဲ့ မိန်းကလေးပီသပါပေတယ် .. ဆောင်ကြာမြိုင်က မိန်းမတွေနဲ့ နှိုင်းယှဉ်လို့မရအောင် အလွန်လှပကျက်သရေရှိလှပါတယ်”
နန်းပေါင်ရီ ခေါင်းကို စောင်းကာ ကြည့်လိုက်သည်။
ထိုလူကို သူမသိသည်။
ကျင်ကွမ်း မြို့၏ ပွဲတော်တစ်ခုတွင်လည်း ထိုသူကို မြင်ခဲ့ဖူးသည်။ ထိုလူမှာ ရှချင်ချင် ၏ ဝမ်းကွဲအစ်ကိုတစ်ယောက်ပင်။ ဆောင်ကြာမြိုင်ကို မကြာခဏသွားလေ့ရှိသောကြောင့် ဟွားလျို ဟုခေါ်သော ရောဂါစွဲကပ်ပြီး အသက်၃၀ကျော်သည့်အပြင် မည့်သည့်မိန်းကလေးမှ သူ့ကိုလက်မထပ်လိုကြောင်း နန်းပေါင်ရီ ကြားဖူးသည်။
ယနေ့ ဖြစ်ပျက်နေသည်တို့ကို သူမနားလည်လိုက်ပြီ။ သို့သော် ရှချင်ချင် က အလွန်ဉာဏ်တုံးသူဖြစ်သောကြောင့် ထိုအကြံမျိုး သူမစဉ်းစားမိလိမ့်မည်မဟုတ်၊ နန်းယန် ဖြစ်လိမ့်မည်ဟု သူမသဘောပေါက်လိုက်သည်။
လွန်ခဲ့သောလက နန်းယန် ကို သူမပါးရိုက်ခဲ့သဖြင့် သူမကို မုန်းတီးနေခြင်းဖြစ်လိမ့်မည်။
နန်းပေါင်ရီ ပြုံးလျက် …
“ရှင့်ရဲ့လုပ်ရပ်အပေါ် ကျွန်မအဘွား ဒေါသထွက်ပြီး လက်တုံ့ပြန်မှာကို မကြောက်ဘူးလား”
“ဟားဟားဟား !”
ရှပေါဝမ် က ပြက်လုံးတစ်ခုကြားလိုက်ရသည့်အလား ရယ်မောလေသည်။
“မင်းက ကလေးမလေးပဲရှိပါသေးတယ် .. မင်းရဲ့ရိုးသားခြင်းတွေသာ ညစ်ညမ်းသွားပြီဆိုရင် ဒီလူကို လက်ထပ်တာကလွဲပြီး မင်းဘာလုပ်စရာရှိသေးလို့လဲ … သခင်မကြီး နန်း က ဒေါသထွက်ရင်တောင် သူငါ့ကို ဘာမှလုပ်လို့မရပါဘူး .. ငါ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရမယ့်အပြင် သူသေသွားရင်လည်း ငါ့လို မြေးသမက်ကို အမွေပေးရဦးမှာပဲလေ”
နန်းပေါင်ရီ ခေါင်းညိတ်ကာ သူမကိုယ်သူမ ကျောက်စိမ်းဖြူယပ်တောင်နှင့် ယပ်ခတ်လျက် …
“ရှင်ဆိုလိုတာက မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်တဲ့အခါ ရှင်ကအပြစ်မပေးခံရတဲ့အပြင် အဲဒီမိန်းကလေးရဲ့မိသားစုက ဂုဏ်ယူပြီး ရှင့်ကို ငွေကြေးတွေပေးရမယ်ပေါ့ ဒီလိုလား”
ရှပေါဝမ် က အရှက်မရှိသည့်အပြင် ကိုယ့်ကိုယ်ကို ဂုဏ်ယူလျက် …
“ဒါငါ့ရဲ့ပင်ကိုစွမ်းရည်ပဲလေ”
နန်းပေါင်ရီ ကလည်း ကြောက်ရွံ့ခြင်းမရှိ တည်ငြိမ်လျက်ပင်။
“ကျွန်မအိမ်မှာနေတုန်းက ဘွားဘွားနဲ့ ကလေးထိန်းတွေရဲ့စကားကို အမြဲနားထောင်လာခဲ့တာ .. မိန်းကလေးတစ်ယောက်ကအပြင်ထွက်ရင် ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန်ကာကွယ်တတ်ဖို့လိုတယ်တဲ့ … ဒါပေမယ့် အားနည်းသူကို အနိုင်ယူဖို့ ပြောခဲ့တာကိုတော့ နားမထောင်ခဲ့ဘူး .. ပညာကောင်းကောင်းမရခဲ့တော့ သခင်လေး ရှ လို ဆန်ကုန်မြေလေးတွေက အများကြီးပဲနော်”
ရှပေါဝမ် အလွန်ဒေါသတကြီးဖြစ်သွားပြီး …
“မင်းကများ ငါ့ကို ပြန်သင်ပြနေတာလား”
နန်းပေါင်ရီ က ပျက်ရယ်ပြုကာ …
“သင်ပေးတော့ရော ဘာဖြစ်လဲ”
ရှပေါဝမ် သည်းမခံနိုင်တော့ဘဲ …
“လာကြစမ်း ဒီကောင်မလေးကို ချုပ်ထားလိုက် .. သူ့ကိုအပြစ်ပေးပြီး ငါဘယ်လောက်လုပ်နိုင်စွမ်းရှိလဲဆိုတာ ပြရသေးတာပေါ့”
အစေခံများ အရှေ့သို့ထွက်လာချိန် နန်းပေါင်ရီ မျက်ဝန်းသူငယ်အိမ်များမှာ ကြောင်တစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသွားပြီး …
“ချန်ရှင်း !”
အလွန်ထက်ရှသောဓါးတစ်ချောင်း ပျံသန်းလာပြီး အစေခံတို့ရှေ့မှဖြတ်ကာ အစေခံ ၆ယောက်၏လည်ပင်းတွင် ပြတ်ရှရာတို့ဖြင့် သွေးစွန်းစေလေသည်။
အစေခံတို့မှာ အထိတ်တလန့်နှင့် မျက်လုံးများပြူးကျယ်နေပြီး အသံပင်မထွက်လိုက်ရဘဲ လဲကျသေဆုံးကုန်သည်။
လေထုထဲတွင်လည်း ပြင်းသက်သော သွေးနံ့များ ရောယှက်ကုန်လေသည်။
ကြိုးနီလေး
ရှပေါဝမ် မှင်သက်သွားသည်။
ဒီအစေခံမက ဘာလဲ၊ အရည်အချင်းရှိလှချည်လား။
သူအော်ဟစ်ကာ ထွက်ပြေးချင်သော်လည်း ခြေထောက်တို့မှာ အားနည်းနေသည်။
ချန်ရှင်း နီးကပ်လာပုံမှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာပြီး ခဏအကြာမှာပင် ပါးလွှားသောဓါးပါးလေးက သူ၏မျက်လုံးထဲသို့ ဖောက်ဝင်သွားလေသည်။
သွေးများ နေရာအနှံ့ပေကျံသွားပြီး ရှပေါဝမ် မှာလည်း မြေပြင်ထက်တွင် လူးလှိမ့်နေသည်။ သေဆုံးသွားသည့်တိုင် ဘယ်သူ့ကို သူနှောင့်ယှက်ခဲ့လဲဆိုသည်ကိုပင် မသိလိုက်ရပေ။
လှည်းမောင်းသူလည်း ထွက်ပြေးရန်ပြင်လိုက်စဉ် ချန်ရှင်း ၏ ဓါးက သူ၏လည်မျိုကိုထိုးဖောက်သွားသဖြင့် အော်ဟစ်ရင်းနှင့်ပင် အသက်ပျောက်သွားလေသည်။
ဟယ်ယဲ့ မှာ နန်း အိမ်တော်ထဲတွင် ကြီးပြင်းခဲ့သဖြင့် သွေးများပျံ့ကျဲနေသောမြင်ကွင်းကို သူမ မမြင်ဖူးပေ။
သူမတုန်လှုပ်စွာဖြင့် သခင်မလေးကို မျက်လုံးပိတ်ထားပေးရန်တွေးလိုက်သော်လည်း သူမ၏သခင်မလေးမှာ ထိုမြင်ကွင်းကို အသားကျနေသည့်အလား ယပ်တောင်ကိုပင် အေးအေးဆေးဆေးခတ်နေလေသည်။
နန်းပေါင်ရီ ကြင်နာစွာပြုံးလျက် …
“ကမ္ဘာပေါ်မှာ အသုံးမကျတဲ့နေရာတွေမှာ သားဖြစ်သူတွေကို ကြီးပြင်းစေချင်တဲ့ မိသားစုတွေရှိတယ် သူတို့က အပြင်ထွက်ပြီး ရိုးသားမိန်းကလေးတွေကို နှိပ်စက်အနိုင်ယူနေကြတာ … အဲဒီအမှိုက်သရိုက်နေရာက ရှိနေဖို့မလိုအပ်ဘူး သူတို့ကိုရှင်းပစ်ပြီး ငွေရှာတာက ပိုမကောင်းဘူးလား”
လှည်းပေါ်တက်သွားသော သခင်မလေးဖြစ်သူကို ဟယ်ယဲ့ အံ့ဩတကြီးနှင့် ကြည့်နေမိသည်။ နွေဦးရာသီကတည်းက သခင်မလေးမှာ အရင်နှင့်မတူဘဲ ပြောင်းလဲလာခဲ့သည်ဟု သူမခံစားနေရသည်။ သို့သော် သခင်မလေးကို သူမကောင်းကောင်းနားလည်သဖြင့် သခင်မလေးပြောသည့် လုပ်သည့်အရာမှန်သမျှ ကောင်းမွန်ခြင်းများဖြစ်သည်။
လှည်းကို နွေဦးကျောက်စိမ်းခန်းမသို့ရောက်အောင် ချန်ရှင်း မောင်းနှင်လာခဲ့သည်။
နန်းပေါင်ရီ ၏ ဝတ်စုံမှာ သွေးများစွန်းပေနေသဖြင့် ညစ်ပတ်သည်ဟုခံစားရသောကြောင့် ရေချိုးသန့်စင်လိုက်လေသည်။
ကန့်လန့်ကာကို လှစ်ဟလျက် ထွက်လာချိန်တွက် ဟန်ယန့်လျန် က ထိုင်ခုံပေါ်တွင် ထိုင်ကာ …
“ရှပေါဝမ် အကြောင်း ဟယ်ယဲ့ ဆီကနေ ကြားပြီးပြီ … ရှချင်ချင် နဲ့ နန်းယန် တို့ အပြစ်ရှိတာကို တရားရုံးကိုမတိုင်ကြားတော့ဘူးလား”
နန်းပေါင်ရီ က လက်ကိုင်ပုဝါနှင့် သူမ၏ဆံပင်ကို အသာအယာသုတ်နေရင်း သိမ်မွေ့စွာ …
“တကယ်လို့ တရားရုံးကိုတိုင်လိုက်ရင် သူတို့ရဲ့ဂုဏ်သိက္ခာတွေ ထိ ခိုက်ကုန်မှာပေါ့ ဒါဆိုရင် သူတို့ ဘယ်လိုလုပ်ပြီး လက်ထပ်ထိမ်းမြားနိုင်တော့မလဲ … ကျွန်မက ကြင်နာတတ်တဲ့သူပါ .. တရားရုံးဆီတိုင်ကြားတာမျိုး လုံးဝမလုပ်ဘူး”
နန်းပေါင်ရီ နှစ်ခြိုက်စွာပြုံးရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
“သူဌေး ဟန် က လူတွေအများကြီးကိုသိတယ်ဆိုတော့ ဟွားလျို ရောဂါရှိနေတဲ့ ချောမောငယ်ရွယ်တဲ့ လူငယ်တစ်ယောက် ရှာပေးလို့ရမလား .. ရှချင်ချင် က လူတွေကို အောင်သွယ်ပေးရတာ နှစ်သက်တော့ ကျွန်မလည်း သူရဲ့ကြင်နာမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူ့အတွက်လည်း အောင်သွယ်ပေးရမယ်မဟုတ်လား”
ဟန်ယန့်လျန် က ပျင်းရိစွာဖြင့် ….
“ရှချင်ချင် က ရှ အိမ်တော်ရဲ့သမီးတစ်ယောက်ဆိုတော့ သာမန်လူလောက်နဲ့တော့ စိတ်မဝင်စားလောက်ဘူး”
နန်းပေါင်ရီ အလှပြင်ခုံရှေ့တွင် ထိုင်လိုက်ပြီး ကြေးမုံထဲမှတဆင့် နံရံတွင် ချိတ်ဆွဲထားသော ပြဇာတ်အတွက်သုံးသည် ဓါးအဆင်တန်ဆာကို ချိတ်ဆွဲထားလေသည်။
သူမနားလည်လွယ်စွာဖြင့် …
“ရှချင်ချင် က အိပ်မက်ထဲမှာတောင် အရာရှိရဲ့ဇနီးဖြစ်ချင်တဲ့အထိ ရည်မှန်းချက်ကြီးတယ် .. အဲဒါကြောင့် သူဌေး ဟန် ရဲ့ ဓါးကိုငှားပြီး နိုင်ငံရေးရာသံတမန်တစ်ယောက်ရဲ့ဇနီးအဖြစ် ခံစားစေလိုက်မယ်”
ဟန်ယန့်လျန် မျက်လုံးတို့ကိုဆော့ကစားလိုက်ပြီး နန်းပေါင်ရီ လုပ်လိုသည့်အကြောင်းကို ချက်ချင်းသဘောပေါက်သွားသဖြင့် ပြုံးလိုက်ကာ …
“ဒါဆို နန်းယန် ကရော ..”
“အခုတော့ သူ့ကိုထိလို့မရသေးဘူး .. ကျွန်မရဲ့လက်ထပ်ပွဲကိုငြင်းဆန်တဲ့အခါ သူ့ကိုအနည်းအကျဉ်းတော့ လိုအပ်လာလိမ့်မယ်”
နွေဦးကျောက်စိမ်းခန်းမမှ ကျောက်ဝမ် ခြံသို့ ရောက်လာသည့်အချိန်မှာ နေဝင်ရီတရောပင် ဖြစ်နေသည်။
နန်းပေါင်ရီ မှာ အိမ်တံခါးကိုမှီလျက် အနောက်ဘက်အရပ်ကို လှမ်းကြည့်နေသေည်။ နေမင်းကြီးမှာ တဖြည်းဖြည်းဝင်စပြုနေပြီး ပတ်ဝန်းကျင်မှာလည်း နေရောင်ခြည်နှင့် နွေးထွေးနေလေသည်။ နန်းပေါင်ရီ စိတ်ထဲတွင်လည်း ထိုသို့နွေးထွေးမှုကို ခံစားလိုက်ရသည်။
အစ်ကို ၂ က အလွန်ထက်မြက်အင်အားကြီးသူဖြစ်သောကြောင့် တိုက်ပွဲတွင် သေချာပေါက်အောင်ပွဲခံပြီး အိမ်ပြန်လာမည့်အချိန်မှာလည်း မကြာတော့ပေ။
ရှောင်းယီ ပြန်လာလျှင် သူမအတွက် မည်သည့်လက်ဆောင်ယူလာပေးမည်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။
…..
ဆောင်းဦးရာသီပင် ရောက်လာခဲ့ပြီ။
ညတာမှာလည်း ရှည်လျားလာခဲ့ပြီး ပို၍ပင်း အေးစက်လာလေသည်။ မနက်စောစောအချိန်တွင်လည်း ဥယျာဉ်ထဲရှိ အပင်များပေါ်တွင် နှင်းရေစက်များ တွဲခိုနေတတ်ပြီး ဆောင်းလေအေးတိုက်ခတ်သည့်အခါ နှင်းရေစက်များ မြေဆီလွှာထဲကျဆင်းပြီး အမြစ်များကို ရေဓါတ်ဖြည့်လေသည်။
ဟယ်ယဲ့ က ကန့်လန့်ကာများကို လိပ်တင်လိုက်ပြီး နန်းပေါင်ရီ ကို ညင်သာစွာလှုပ်နှိုးလေသည်။
“သခင်မလေး .. ဆောင်းဦးရာသီဝင်ပြီးကတည်းက သခင်မလေး အရင်ရက်တွေထက်နောက်ကျမှ ထနေတာ စာရေးဖို့တွေအများကြီးကျန်သေးတယ်နော် … ဒုသခင်လေးပြန်လာတဲ့အခါ သခင်မလေးကို အပြစ်မှာစိုးတယ်”
နန်းပေါင်ရီ မှာ စောင်ထဲတွင် ကွေးကွေးလေးခွေနေလိုက်ပြီး မျက်နှာကိုသာ ဖော်ထားလျက် …
“ဟယ်ယဲ့ .. အေးတယ် .. နောက်နာရီဝက်လောက် ခဏပေးအိပ်ပါနော်”
ဟယ်ယဲ့ အခက်တွေ့သွားရသည်။
နန်းပေါင်ရီ စောင်ကိုလှန်လိုက်ပြီး ဟယ်ယဲ့ ကို ဆွဲသွင်းလိုက်သည်။
“အတူတူလှဲနေရအောင် .. နင့်လက်တွေလည်း အေးစက်နေတာပဲ နွေးအောင်လုပ်ပေးမယ်”
သခင်မလေးက သူမ၏လက်ကိုနွေးထွေးအောင်လုပ်ပေးနေသဖြင့် သူမစိတ်ထဲတွင်လည်း နွေးထွေးသွားလေသည်။
နန်းပေါင်ရီ နှင့် အတော်ကြာအောင်စကားပြောပြီးနောက် …
“သခင်မလေး .. ယွိဝေ့ က တည်သီးတွေ ခူးလို့ရပြီပြောတယ် .. သခင်မလေးမထသေးဘူးဆိုရင် တည်သီးတွေကို တခြားအစေခံမိန်းကလေးတွေ ခူးသွားကြလိမ့်မယ်နော်”
နန်းပေါင်ရီ ပျော်ရွှင်စွာ အံ့အားသင့်သွားလေသည်။
ထိုတည်သီးများ ခူးဆွတ်ရမည့်အချိန်ကို သူမကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။
ဟယ်ယဲ့ ၏ အကူအညီဖြင့် နန်းပေါင်ရီ လျင်မြန်စွာဝတ်ဆင်လိုက်ပြီး ခါးကြိုးပင်မစည်းဘဲ အမြန်ပြေးထွက်သွားလေသည်။
ကျောက်ဝမ် ခြံရှိ တည်သီးများ ရင့်မှည့်နေကြလေပြီ။ သစ်ကိုင်းများတွင် အရောင်ဝင်းဝါစွာ ချိတ်တွဲနေကြပြီး ဝဖြိုးနေသော ငှက်များက ပျော်ရွှင်စွာ ထိုးဆိတ်နေကြလေသည်။
နန်းပေါင်ရီ အပြေးရောက်သွားသည့်အခါ သူမ၏တည်သီးများကို ခူးယူသူမရှိကြောင်း သိလိုက်ရသည်။
ဟယ်ယဲ့ ပြုံးလျက် ဝါးတံချူကို ယူလာပြီး …
“ဒီလိုမှမပြောရင် သခင်မလေး အိပ်နေဦးမှာလေ”
နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
သူမသည် ၁၂နှစ်အရွယ်သာရှိနေသေးပြီး အလွန်အအိပ်မက်လှသည်။
ဝါးတံချူကို နန်းပေါင်ရီ လှမ်းယူလိုက်သည်။
တံချူထိပ်တွင် ဓါးမြှောင်တစ်ချောင်းတပ်ထားပြီး ပိုက်ကွန်လည်းချည်နှောင်ထားသဖြင့် အမြင့်မှတည်သီးများကို ခူးယူရန်လွယ်ကူလှသည်။
နန်းပေါင်ရီ ပျော်ရွှင်စွာဖြင့် တည်သီး အလုံး ၂၀ပင် ခူးပြီးသွားသည်။
အခြားသူများယူစားမည်စိုးသောကြောင့် ယွိဝေ့ ကို အမြန်ခေါ်ကာ သင်ပေးရန်ပြောလေသည်။
“ပထမဆုံး အညှာတံနည်းနည်းလေးပဲပါအောင် ဖြတ်ယူရမယ် .. ပြီးရင် အညှာကို လျှော်ကြိုးနဲ့ချည်ထားရင်ရပြီ”
နန်းပေါင်ရီ စိတ်ဝင်တစားနှင့် သေချာလုပ်ကိုင်လေသည်။
ထို့နောက် ယွိဝေ့ ပြောသည့်အတိုင်း တည်သီးများကို တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားလိုက်သည်။
နန်းပေါင်ရီ မှာ ကြိုးပုခက်ပေါ်တွင် ထိုင်နေရင်း တံစက်မြိတ်အောက်ချိတ်ဆွဲထားသော တည်သီးများကို ကျေနပ်စွာကြည့်နေလိုက်သည်။
ထိုတည်သီးများကို လက်ညိုးနှင့်ထိုးကာ တစ်လုံးစီကို ရေတွက်နေလေသည်။
“ဘွားဘွားအတွက် .. ဒေါ်ဒေါ် ၂အတွက် .. မမအတွက် .. ကျူးကျူး အတွက် .. အစ်ကို ၄အတွက် .. ကျန်တာအားလုံး အစ်ကို ၂အတွက် ..”
နန်းပေါင်ရီ ကို ဟယ်ယဲ့ ပျော်ရွှင်စွာကြည့်နေမိသည်။
တည်သီးများမှာ တန်ဖိုးမကြီးသော်လည်း သခင်မလေးကိုယ်တိုင် လုပ်ထားသည်မဟုတ်လား။
သူမ၏သခင်မလေးက အမြော်အမြင်ကြီးလှသည်။
ထိုအချိန်တွင် ချန်ရှင်း အပြင်မှရောက်လာခဲ့ပြီး နန်းပေါင်ရီ ထံ စာတစ်စောင်ကမ်းပေးလေသည်။
“ဒါ ရှ မိသားစုက ပေးလိုက်တာ”
နန်းပေါင်ရီ သိချင်စိတ်များနှင့် လှမ်းယူလိုက်သည်။
သူမ ဖွင့်ဖတ်ကြည့်လိုက်သည့်အခါ ရှ သခင်ကြီး၏ အသက်၄၀ပြည့် မွေးနေ့ဖိတ်ကြားစာဖြစ်နေပြီး ရှု တိုင်းပြည်မှ ချမ်းသာကြွယ်ဝသူများကို ဖိတ်ကြားထားလေသည်။
ပြီးခဲ့သည့်တစ်ခါက ရှချင်ချင် နှင့် နန်းယန် တို့သည် သူမကို အန္တရာယ်ပြုရန်ကြံစည်ခဲ့ပြီး ရှပေါဝမ် လည်း ပါဝင်ပတ်သက်ခဲ့သည်။
ချန်ရှင်း က အလောင်းများအရည်ပျော်စေသော ဆေးရည်တစ်မျိုးကို သုံးပြီး ရှပေါဝမ် နှင့် အခြားသူများ၏ ခန္ဓာအလောင်းများကို ဖျောက်ဖျက်ခဲ့သည်။ ရှချင်ချင် နှင့် နန်းယန် တို့မှာ သတင်းကောင်းကို စောင့်နေခဲ့သော်လည်း ဘာသတင်းမှမရသည့်အပြင် ရှပေါဝမ် ၏ အရိပ်အယောင်ကိုလည်း မတွေ့ကြတော့ပေ။ ပြီးခဲ့သည့်ရက်များတွင် သူတို့တုန်လှုပ်နေကြလောက်သည်။
ရှ မိသားစုသည် နန်း မိသားစုနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထိုပွဲ၏ အဓိကအကြောင်းရင်းမှာ ရှချင်ချင် က ထိုနေ့ကဖြစ်ခဲ့သည့်အမှန်တရားနှင့် နန်းပေါင်ရီ ၏အခြေအနေကို သိလိုသဖြင့် ကြံစည်ထားခြင်းဖြစ်လိမ့်မည်။
သူမပြုံးလိုက်ပြီး …
“ဘွားဘွားကရော ဘာပြောလဲ”
နန်းပေါင်ရီ မေးသည်ကို ချန်ရှင်း က …
“သခင်မကြီးက အိမ်တော်ထဲကမိန်းကလေးတွေ ပွဲမတက်တာကြာနေပြီဆိုတော့ ဒုသခင်မကို ပွဲတက်ရင်း သခင်မလေးတို့ကိုပါ အပျင်းပြေထွက်ဖို့အတွက် ခေါ်သွားဖို့ပြောလိုက်တယ်”
“ဒါဆို သွားဖို့ပြင်ရအောင်လေ”
နန်းပေါင်ရီ ကြိုးလုံးကို ချန်ရှင်း ထံ ကမ်းပေးလိုက်သည်။
သူမစီစဉ်ထားသော နိုင်ငံရေးရာသံတမန်မှာ နေရာကျပြီးဖြစ်သောကြောင့် ပွဲကြည့်ရှုရန်အတွက် ရှ အိမ်တော်သို့ သူမ သွားကြည့်ချင်လေသည်။
___