အပိုင်း (၇၄)
ရှင်းပစ်ရမည်
“အို ..!”
ဟန်ယန့်လျန် စိတ်ဝင်စားသွားသည်။
“သခင်မလေးက ဘယ်လိုတွေးထားတာလဲ”
နန်းပေါင်ရီ ပြုံးလိုက်ပြီး …
“နွေဦးကျောက်စိမ်းခန်းမက လူပေါင်းစုံရှိတော့ သတင်းတွေကြားရဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ .. သတင်းတွေကို ရောင်းလို့ရမယ်ထင်လား”
သခင်မ လျို ၏ ကိုယ်ဝန်အကြောင်း စသည့် သတင်းလိုအပ်သူများထံ ဈေးကြီးပေးကာ ရောင်းမည်ဖြစ်သည်။
လွန်ခဲ့သောအချိန်က ထိုလုပ်ငန်းကိုစတင်ခဲ့သူမှာ ပိုင်ရှောင်ရှန်း ဖြစ်ပြီး အလွန်ရှုပ်ထွေးကျယ်ပြန့်သော ဆက်ဆံရေးရှိရန် လိုအပ်သဖြင့် မည်သူမျှ ကြာရှည်မလုပ်ကိုင်ခဲ့ပေ။
သို့သော် နွေဦးကျောက်စိမ်းခန်းမက ထူးခြားသဖြင့် မဖြစ်နိုင်ခြင်းမရှိပေ။
ဟန်ယန့်လျန် ပြုံးကာ သဘောတူလိုက်ပြီးနောက် တစ်ခုခုကိုတွေးမိသွားဖြင့် အဓိပ္ပါယ်ပါပါနှင့် ပြုံးလိုက်လေသည်။
တဖြည်းဖြည်းညနက်သဖြင့် နန်းကွမ် မှာလည်း အပြင်ဘက်တွင် ကြာကြာမနေရဲသောကြောင့် အိမ်တော်ထဲသို့ လျို့ဝှက်စွာပြန်လာခဲ့လေသည်။
သခင်မ လျို က အိမ်တံခါးကိုမှီလျက် နန်းကွမ် ထွက်သွားသည်ကို ပြုံးကာကြည့်နေလေသည်။ သူမ၏မြင်ကွင်းမှ နန်းကွမ် ပျောက်သွားသည်နှင့် သူမမျက်နှာပေါ်မှ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။
သခင်မ စုန့် အသက်ရှင်စဉ်ကလည်း သခင်ကြီးမှာ အပြင်ဘက်တွင် ညမအိပ်ရဲပေ။
နောက်ပိုင်းတွင် သခင်မ စုန့် မရှိတော့သဖြင့် သခင် နန်း နှင့် ပွင့်လင်းစွာ နေထိုင်ဆက်ဆံရလိမ့်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်စွာပင် ပျော်ပျော်ရွှင်ရွှင်မနေထိုင်ရသည့်အပြင် နန်းပေါင်ရီ ကလည်း သူမလမ်းကြောင်းကို နှောင့်ယှက်လာပြန်သည်။
သခင် နန်း က သူမကိုနှစ်သက်သည်မှာ အထင်အရှားပင်။ သို့သော် ကောင်းမွန်သောနောက်ခံနှင့် သခင်မကြီး၏ အသိအမှတ်မပြုခြင်းတို့ကြောင့် သူမသည် အပြင်လူတစ်ယောက်ပင်ဖြစ်နေရပြီး ဈေးထဲမှနှိမ့်ကျသူကပင် သူမကို အထင်သေးစွာ ကြည့်ခဲ့သည်။
သူမ၏သမီးဖြစ်သူမှာ အလွန်လှပသော်လည်း အခုကဲ့သို့ နုံချာစုတ်ပြတ်သောနေရာတွင် နေရပြီး ကောင်းမွန်သောမိသားစုနှင့် လက်ထပ်ခွင့်မရသေးပေ။
“မေမေ”
နန်းယန် သိမ်မွေ့စွာခေါ်လိုက်သည်။
သခင်မ လျို တစ်ဖက်လှည့်ကာ နန်းယန် ပါးနှစ်ဖက်ကို ညင်သာစွာအုပ်ကိုင်ရင်း …
“နန်းပေါင်ရီ အတော်ရက်စက်တာပဲ .. မျက်နှာလေးက အယောင်တောင်မကျသေးဘူး .. သနားစရာကလေးရယ် မေမေရင်တွေနာလိုက်တာ”
နန်းယန် စိတ်ထဲမထားဘဲ …
“မောင်လေးတစ်ယောက်မွေးပေးနိုင်ရင် အိမ်တော်ကိုဝင် ဖို့ အခွင့်အရေးရနိုင်လိမ့်မယ် .. မေမေ့ဗိုက်ထဲမှာရှိတာလေးက သမီးတို့ရဲဘဝကို ပြောင်းလဲပေးလိမ့်မယ်”
“မေမေနားလည်ပါတယ် .. ဒီကလေးကို သေချာပေါက် ကာကွယ်ပေးမှာ”
သခင်မ လျို သူမဗိုက်ကိုပွတ်လိုက်ရင်း မျက်လုံးထဲတွင်လည်း ရည်မှန်းချက်အပြည့်ဖြင့် …
“အိမ်တော်တွင်းဝင်ရဖို့အတွက် နန်းပေါင်ရီ က တကယ်ဆူးခလုတ်ပဲ .. အဲဒီကောင်မလေးကို ကြာကြာလွှတ်ထားပေးလို့မရဘူး”
နန်းယန် လည်း ထောက်ခံလေသည်။
သခင်မ လျို ထူးဆန်းစွာပြုံးပြီး …
“ဆောင်ကြာမြိုင်မှာ ဟွားလျို လို့ ခေါ်တဲ့ ရောဂါတစ်မျိုး ပျံ့နေတာ ကြားခဲ့တယ် အဲဒီရောဂါက အိပ်ရာတွေကနေတဆင့်ကူးစက်ပြီး ကုသလို့ရနိုင်ဘူး .. အဲဒီရောဂါကို ရှူရှိုက်မိတာနဲ့ အနည်းဆုံး အရေပြားပေါ်မှာ ပြည်တည်နာတွေဖြစ်ပြီး အဆိုးဆုံး အသက်ပါဆုံးရှုံးရနိုင်တယ် .. တကယ်လို့ နန်းပေါင်ရီ သာ အဲဒီရောဂါရသွားရင် သေရုံတင်မကဘူး သူ့ကို လှောင်ရယ်စရာအနေနဲ့ ဟားတိုက်ကြလိမ့်မယ်”
“ပြောတော့သာလွယ်တယ် .. နန်းပေါင်ရီ က အခုအသက်ဘယ်နှနှစ်မလို့ ယောကျ်ားတစ်ယောက်နဲ့ ဘယ်လိုရှိမှာ …”
“ဘာဖြစ်လဲ .. သု့ဘက်ကလက်မဦးခင် အမေတို့ဘက်က လက်ဦးမှု ယူထားမှရမယ်”
သခင်မ လျို ဂရုမစိုက်ဟန်နှင့် လက်ကိုင်ပုဝါကို ခါလိုက်ပြီး …
“အဓိကက သူ့အနားမှာ အစေခံတစ်ယောက်က အမြဲရှိနေတာ .. ယောက်ျားတစ်ယောက်မဟုတ်ဘဲ အဲဒီအစေခံကနေ တဆင့်သွားပါစေပေါ့”
နန်းယန် မျက်လုံးကိုဆော့ကစားလိုက်ပြီး သင့်တော်မည့်တစ်ယောက်ကို တွေးမိသွားသဖြင့် ပြုံးလိုက်ကာ …
“မေမေစိတ်မပူနဲ့ .. ဒီကိစ္စကို သမီးကိုယ်တိုင်လှလှပပလေးကိုင်တွယ်ပေးမယ် .. သမီးတို့အတွက် နေ့ရက်ကောင်းတွေ မကြာခင် ရောက်လာတော့မှာပါ”
ထိုသို့ပြောပြီးနောက် နန်းယန် သည် လှည်းတစ်စီးငှားကာ တောင်ကြားထဲမှ ထွက်သွားလေသည်။
ရှ အိမ်တော်သို့ သူမရောက်လာသည့်အခါ အစေခံတစ်ယောက်က ဧည့်တွေ့ဆောင်သို့ ခေါ်သွားလေသည်။
အလွန်ချမ်းသာသော ရှု တိုင်းပြည်၏ ကြွယ်ဝမှုတစ်ဝက်တွင် နန်း မိသားစု၊ ရှ မိသားစုနှင့် စုန့် မိသားစုတို့ ဖြစ်သည်။
ရှ အိမ်တော်၏ ခန်းမဆောင်မဟုတ်သော်လည်း လှပစွာဆောက်လုပ်ထားပြီး ဆီမီးခွက်များကိုလည်း ငွေစစ်စစ်ဖြင့် ပြုလုပ်ထားသည်။
ရှချင်ချင် ကို စောင့်နေရင်းနှင့် အိမ်အပြင်အဆင်များကို လှည့်ပတ်ကြည့်နေလိုက်သည်။ သို့သော် တစ်နာရီကြာပြီးတိုင် ရှချင်ချင် ၏ အရိပ်အယောင်ကိုပင် မမြင်ရပေ။ အစေခံများကလည်း သူမကို လက်ဖက်ရည်မုန့်ပွဲများနှင့် ဧည့်ခံခြင်းမရှိ။
ပိုးစာပင်ကိစ္စကြောင့် ရှချင်ချင် သူမကို ဒေါသထွက်နေလိမ့်မည်ဟု သူမ လက်ကိုင်ပုဝါကို အမျိုးမျိုးဆော့ကိုင်နေရင်း တွေးမိလိုက်သည်။ ရှ မိသားစုမှာ ရွှေစသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ကြားခဲ့သည်။ သူမ တွေးတောနေစဉ် ရှချင်ချင် မှာ အစေခံများခြံရံလျက် သူမထံလာနေသည်ကို တွေ့လိုက်ရသည်။
ရှချင်ချင် လက်မြှောက်ပြီး နန်းယန် မျက်နှာကို လွှဲရိုက်လိုက်သည်။
“ခွေးမ ! နင့်ရဲ့အကျင့်ပျက်အကြံဉာဏ်ကြောင့် ငါတို့မိသားစု ရွှေစသန်းနဲ့ချီပြီး ဆုံးရှုံးခဲ့ရတာကို နင်က မျက်နှာပြောင်တိုက်ပြီး မျက်နှာလာပြရဲသေးလား !”
နန်းယန် မှာ ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာဖြူဖျော့သွားလေသည်။
သူမ အားယူကာပြုံးလျက် …
“အစ်မ ချင်ချင် .. ပိုးစာပင်ကိစ္စအတွက် ကျွန်မတောင်းပန်ပါတယ် .. အိမ်မှာတစ်ချိန်လုံးတွေးနေခဲ့ပြီး နောက်ဆုံးမှာ အစ်မကို အလျော်ပေးဖို့နည်းလမ်းတစ်ခု စဉ်းစားမိလိုက်တယ်”
“ဘာနည်းလမ်းလဲ”
“ကျွန်မရဲ့ အစ်ကို ၂ ရှောင်းယီ က အခုတိုက်ပွဲမှာ ရှေ့တန်းကနေတိုက်နေရပါတယ် .. သူရဲ့စည်းစနစ်ကျမှုနဲ့ စွမ်းရည်ရှိတဲ့ကိုယ်ခံပညာကြောင့် ဆုတံဆိပ်တွေ အများကြီးရလာဖြစ်တဲ့အပြင် ရာထူးတိုးပြီး ကြွယ်ဝချမ်းသာလာမှာလည်း မလွဲဧကန်ပဲလေ … ကံမကောင်းချင်တော့ နန်းပေါင်ရီ က အကြံတွေလိုက်ဖျက်နေတတ်လို့ သူ့အနားကပ်လို့ရမှာတောင်မဟုတ်ဘူး”
နန်းယန် စကားကိုခဏရပ်ကာ အဓိပ္ပါယ်ပါပါပြောဆိုလေသည်။
“ဒါပေမယ့် နန်းပေါင်ရီ ကို ရှင်းထုတ်နိုင်ရင် အစ်မ ချင်ချင် က အစ်ကို ၂ ကို လက်ထပ်ဖို့အခွင့်အရေးရနိုင်တယ်လေ”
ရှချင်ချင် မကျေမချမ်းဖြစ်ကာ …
“သူ့ကိုဘယ်လိုရှင်းထုတ်ရမှာလဲ ငါသူ့ကိုသတ်နိုင်မယ်ထင်လား .. ဒါဥပဒေနဲ့ မညီဘူးဟ !”
“မသတ်ပါဘူး သူ့ကို ပညာပြရုံပါပဲ”
နန်းယန် ထူးဆန်းစွာပြုံးလျက် …
“အစ်မ ချင်ချင် မှာ ဝေးကွာနေတဲ့ ဝမ်းကွဲအစ်ကိုတစ်ယောက်ရှိတယ်လို့ပြောဖူးတာ မှတ်မိသေးတယ် .. သူက ပြည့်တန်ဆာလုပ်နေတော့ နေမကောင်းဖြစ်ပြီး အခုထိ လက်ထပ်လမ်းကြောင်းမရှိသေးဘူးဆို”
ရှချင်ချင် ထိတ်လန့်သွားပြီး …
“နင်ပြောတာက …”
နန်းယန် ဘာမှမပြောဘဲ ပြုံးလျက်ကြည့်လိုက်သည်။
ရှချင်ချင် မှာ တွေးတောနေဟန်ဖြင့် …
“နန်းပေါင်ရီ နဲ့ ငါ့အစ်ကိုဝမ်းကွဲတို့သာ လက်ထပ်လိုက်ရင် ရှ မိသားစုနဲ့ နန်း မိသားစုက ဆွေမျိုးတော်စပ်သွားမယ် .. ငါလည်း နန်း အိမ်တော်ကို ခဏခဏသွားလာနိုင်ပြီး သခင်လေး ရှောင်း နဲ့လည်း ပိုနီးကပ်သွားလိမ့်မယ် …”
ရှချင်ချင် စိတ်ဝင်စားလာကြောင်း နန်းယန် သိလိုက်သဖြင့် ….
“ဒါပေမယ့် နန်းပေါင်ရီ က အိမ်တော်ရဲ့ အနောက်ဘက်မှာနေတာဆိုတော့ သိပ်မလွယ်လောက်ဘူးထင်တယ်”
“နင့်မှာ ဘာအကြံရှိလို့လဲ”
“နန်း အိမ်တော်ရဲ့ လှည်းမောင်းသမားကို လာဘ်ထိုးပြီးတော့ နန်းပေါင်ရီ ထွက်လာတဲ့အခါ တောင်ကြားထဲသို့ ခေါ်လာခိုင်းပြီးရင် ဝမ်းကွဲအစ်ကိုနဲ့ပေးတွေ့လိုက်ပေါ့”
ရှချင်ချင် အလွန်ပျော်သွားပြီး နန်းယန် လက်ကို ဆုပ်ကိုင်လိုက်သည်။
“ယန်အာ နင်တကယ်ဉာဏ်ထက်တာပဲ .. နင့်လိုသူငယ်ချင်းရထားတာ ငါ ရှချင်ချင် အတွက် ကံကောင်းခြင်းပဲ !”
နန်းယန် ရှက်ရွံ့စွာပြုံးလိုက်သော်လည်း သူမ၏မျက်လုံးမှာ အေးစက်ခြင်းများ ပြည့်နှက်နေသည်။
သူမသည် အမြှောင်မယားတစ်ယောက်၏သမီးအဖြစ် မွေးဖွားလာခဲ့ရပြီး သူမတွင် ထောက်ပံ့ခြင်းမရှိ လုပ်ပိုင်ခွင့်မရှိ ဖြစ်နေခဲ့သည်။
သို့သော်လည်း ကိစ္စမရှိပါ၊ သူမအတွက် အကျင့်ပျက်ညစ်ညမ်းသောကိစ္စရပ်များလုပ်ပေးရန် အခြားသူများကို ခိုင်းစေနေနိုင်သမျှ လူချမ်းသာစခင်မလေးများက သူမကို ငဲ့ညှာပေးကြမည်မဟုတ်လား။
နန်းပေါင်ရီ သာ ပြည့်တန်ဆာတစ်ယောက်နှင့် လက်ထပ်ခဲ့လျှင် သူမ၏အမေမှာ နန်း အိမ်တော်သို့ ဝင်ခွင့်ရနိုင်ပြီး ချန်း မိသားစုနှင့် လက်ထပ်ခြင်းသည်လည်း သူမ နန်းယန် အတွက် ဖြစ်လာစေလိမ့်မည်။
နန်းပေါင်ရီ က သူမခြေဖျားတွင်ဒူးထောက်ကာ သူမကို သခင်မ ဟု ခေါ်စေရမည်။
….
ဆောင်းဦးရာသီသို့ ရောက်လာသည်နှင့် ကျောက်ဝမ် ခြံတွင်လည်း ဂန္ဓမာပန်းများပွင့်လန်းလာပြီး မြင်ကွင်းမှာလည်း အလွန်လှပနေသည်။
ချန်ရှင်း က နန်းပေါင်ရီ ထိုင်နေသောကြိုးပုခက်ကို အသာအယာလွှဲပေးနေသည်။
ကလေးမလေးမှာ လအတော်ကြာအောင် ခြံထဲမှအပြင်မထွက်ဘဲ ကြိုးပုခက်ပေါ်တွင်သာ တစ်နေကုန်ထိုင်လျက် ခြံထောင့်တွင်ရှိသော တည်သီးပင်ကိုသာ မှိုင်တွေတွေနှင့် ထိုင်ကြည့်နေလေသည်။
အစတွင် တည်သီးများမှာ အကိုင်းအခက်ပေါ်တွင် အစိမ်းရောင်မီးအိမ်လေးသဖွယ် တွဲခိုနေပြီး ဆောင်းဦးသို့ရောက်လာသောအခါ တည်သီးများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုကြီးထွားဝင်းဝါလာလေသည်။ လက်သီးဆုပ်အရွယ်ထိ ကြီးထွားလာသည့်အခါ တည်သီးများမှာ အကိုင်းပေါ်တွင် မီးအိမ်လေးများ ချိတ်ဆွဲထားသည့်အလား ဝင်းဝါနေလေသည်။
နန်းပေါင်ရီ မှာ တည်သီးကို အလွန်နှစ်ခြိုက်သူဖြစ်သည်။
ယွိဝေ့ က ပြုံးလိုက်ပြီး …
“တည်သီးတွေက အခုထိ ဖန်နေဦးမှာ .. ငှက်တွေလာထိုးတဲ့အခါမှ ခူးပြီးစားတာပိုချိုမယ်ထင်တယ် သခင်မလေး … ကျွန်မ တည်သီးမုန့်လုပ်နည်းတွေသိတယ် သခင်မလေးက မုန့်အချိုလေးတွေဆို စားတတ်တော့ သခင်မလေး အကြိုက်တွေ့လောက်မှာ”
နန်းပေါင်ရီ တွေးကာ နူးညံ့စွာဖြင့် …
“အချိန်တန်ရင်တော့ ငါ့ကိုသင်ပေးပေါ့ … တည်သီးမုန့်တွေ အများကြီးလုပ်ပြီး အစ်ကို ၂အတွက်လည်း လုပ်ပေးရမယ်”
တည်သီးပင်မှာ လှပစွာဘောင်ကွတ်စီခြယ်ထားသော စာဖတ်ခန်း၏ပြတင်းပေါက်ကို မျက်နှာမူလျက် ပေါက်ရောက်နေသည်။
ရှောင်းယီ အိမ်တော်တွင်ရှိနေလျှင် သူမကဲ့သို့ တည်သီးကို သဘောကျလိမ့်မည်ဟု နန်းပေါင်ရီ တွေးလိုက်သည်။
ယွိဝေ့ က ပြုံးလိုက်ပြီး …
“သခင်မလေး … ဒုသခင်လေးက အချိုတွေမကြိုက်ဘူးလေ”
နန်းပေါင်ရီ ကြံရာမရဖြစ်သွားပြီး …
“ဒါပေမယ့် သူနဲ့အတူစားသောက်တိုင်း စားပွဲပေါ်မှာ မုန့်အချိုတွေတွေ့နေရတာကို”