အပိုင်း (၇၂)
အချစ်ကြီးသော အမတ်ကြီး
“ဘယ်လို ရတနာကိုမှ မလိုချင်ပါဘူး။ သခင်မလေးကို အိမ်တော်ရဲ့ သခင်မလေး ပီပီသသ ပြုမူနေထိုင်တာပဲ ဖြစ်စေချင်ပါတယ်။ မကြာခင် ချန်း အိမ်တော်နဲ့ လက်ထပ်ရတော့မှာလေ”
လာပြန်ပြီ အဲဒီမိသားစု။နန်းပေါင်ရီ မျက်နှာကို သန့်စင်လိုက်ကာ စာရွက်များကိုယူလျက် …
“နွေဉီးကျောက်စိမ်းခန်းမဆီ သွားရအောင်”
ထိုခန်းမဆီသို့ နန်းပေါင်ရီ ရောက်သွားသောအခါ
တံခါးဖွင့်လိုက်သည်နှင့် ချက်ချင်း တန်ဖိုးကြီး ရနံ့စူးလှသော သေရည်အနံ့ကို ရလိုက်လေသည်။
နန်းပေါင်ရီ စာရွက်အထပ်လိုက်ကို တင်ကာ ..
“သူဌေး ဟန်နဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးဖို့ ရောက်လာတာပါ”
သူမ အသေးစိတ်ကို ရှင်းပြနေပြီး ဟန်ယန့်လျန်က စာရွက်ကိုဖတ်ရင်း နားထောင်ကာ ပြောမိလေသည်။
“ဒီဇာတ်လမ်းက အတော်ဆိုးပြီး ယုတ္တိလည်း မရှိဘူး။ နာမည်က ဘာတဲ့လဲ”
နန်းပေါင်ရီက ယုံကြည်မှုအပြည့်ဖြင့် …
“အချစ်ကြီးတဲ့ အမတ်ကြီး”
ဟန်ယန့်လျန် မျက်ခုံးကို ပင့်တင်ကာ …
“ဒါမျိုးက တကယ်အသစ်ပဲ။ ကျွန်မတို့လည်း ဘာမှလုပ်စရာ မရှိသေးတော့ ကြိုးစားကြည့်တာပေါ့။ တကယ်လို့ ငွေတွေရလာရင် တစ်ဝက်စီ ခွဲယူကြမယ်”
၁၀ ရက်ကြာပြီးနောက် နွေဉီးကျောက်စိမ်းခန်းမတွင်
ပြဇာတ်အသစ်တစ်ခု ပြသခဲ့လေသည်။ထိုသို့သော ဇာတ်ကြောင်းဝတ္ထုနှင့် ပြဇာတ်ကို ကျင်ကွမ်း မြို့သူမြို့သားများ တစ်ခါမှပင် မတွေ့ဖူးပေ။ ရက်အနည်းငယ် အတွင်းမှာပင် နွေဉီးကျောက်စိမ်းခန်းမ၏ ပြဇာတ်အသစ်မှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းကြောင်း တစ်မြို့လုံးသို့ သတင်းပြန့်သွားလေသည်။
တစ်ချိန်တည်းမှာပင် အချစ်ကြီးသောအမတ်ကြီး အကြောင်း စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။ ခေတ်အခါမှာလည်း ပွင့်ပွင့်လင်းလင်းရှိသဖြင့် ထိုသို့သော
အချစ်ဇာတ်လမ်းကို နိုင်ငံတော်က ပိတ်ပင်မည် မဟုတ်ပေ။
ရင်ထဲထိလှသည့် စာအုပ်မှာ ငယ်ရွယ်သော မိန်းမငယ်လေးများ၏ နှလုံးသားကို ကိုင်လှုပ်ခဲ့လေသည်။
စတင် ရောင်းချသည့်နေ့မှာပင် ဟန့်လင်း လမ်းတစ်လျှောက်ရှိ စာအုပ်ဆိုင်များတွင်လည်း ရောင်းမလောက်သည်အထိ ဖြစ်ခဲ့ရသည်။ စာအုပ်ထုတ်သည့် နေရာမှာ လိုအပ်သော နေရာများကို ပြန်လည်
ဖြည့်ပေးနိုင်ရန်အတွက် ညတွင်းချင်းပင် ထုတ်ကာ ချုပ်လုပ်နေရတော့သည်။လူအများမှာ ထိုစာအုပ်ကို ဝယ်လိုက်ရသဖြင့် ဂုဏ်ယူနေကြလေသည်။
ဆုန်းဟယ့် ခြံသို့ နန်းပေါင်ရီ ရောက်လာသည့်အခါ အဘွားဖြစ်သူနှင့် အဒေါ်ကျိ တို့ကပင် ထိုစာအုပ်ကို ဖတ်နေကြပြီး မျက်ရည်များကို သုတ်ကာ စာအုပ်ထဲမှ မင်းဆရာနှင့် ဇနီးဖြစ်သူတို့၏ ဝမ်းနည်းဖွယ် ကောင်းလှပသော ချစ်ခြင်းတရားတို့ကို ဆွေးနွေးနေကြသည်ကိုကြည့်ရင်း နန်းပေါင်ရီမှာ ငိုရအခက် ရယ်ရအခက် ဖြစ်သွားရသည်။
မနှောင့်ယှက်လိုတော့သဖြင့် ကျောက်ဝမ်ခြံသို့ ပြန်လာခဲ့လေသည်။ ထို့နောက် သူမ၏ အလှပြင် စားပွဲပေါ်တွင် ရှိသော သေတ္တာဘူးကို တွေ့လိုက်ရသည်။
ဟယ်ယဲ့က ပြုံးပြလျက် …
“စာအုပ်ဆိုင်ရှင်က စာအုပ်ရောင်းရငွေတွေကို
ကိုယ်တိုင်လာပို့ပေးသွားတယ်”
ထိုဘူးကို ဖွင့်ကြည့်လေရာ အလွန် များပြားလှသော ငွေစက္ကူတို့ကို တွေ့လိုက်ရပြီး ရေတွက်လိုက်သည့်အခါ ရွှေစ ၁ သောင်းမက ရှိနေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
သူမ သခင်မ လျိုကို ဝယ်ယူနိုင်တော့မည်။
“ဟယ်ယဲ့”
နန်းပေါင်ရီ အလွန် စိတ်လှုပ်ရှားနေသဖြင့် သူမ၏ လက်တို့ပင် တုန်ယင်လာသည်။
“ငါ ချမ်းသာပြီဟ”
ဟယ်ယဲ့ ကလည်း အံ့အားသင့်ကာ သိချင်စိတ်တို့ဖြင့် မေးမြန်းလေသည်။
“သခင်မလေး ကျွန်မ နားမလည်သေးတာ ရှိတယ် ..”
“ဟင်..?”
“သခင်မလေးက စာရေးလို့ နာမည်ရလာပြီ။ ဒါက ကောင်းတဲ့ လုပ်ရပ်ပဲလေ။ သခင်မကြီးကို ပြောပြရင် သခင်မကြီးက ပိုပြီး ပျော်သွားမှာ။ ဒါပေမယ့် ဘာလို့နာမည်အရင်းကို မသုံးဘဲ ဘာလို့ ချန်းစစ်ချန်ချွမ်းလို့ ပေးထားရတာလဲ”
နန်းပေါင်ရီ စာအုပ်ကို အသာအယာ ကိုင်လိုက်သည်။
သူမ နာမည်အရင်းကို မသုံးသည်က သူမ၏ ငွေကြေးကို
လျှို့ဝှက်လိုသောကြောင့် ဖြစ်သည်။အတိတ်ဘဝတွင် နန်း မိသားစုသည် ငွေကြေးချွတ်ခြုံပြီး မိသားစု
ပျက်စီးခဲ့ရသည်။ ထိုအချိန်က ဖြစ်ခဲ့ရသော ခံစားချက်နှင့် ဘဝ၏ ရိုက်နှက်ခြင်းဒဏ်ကို သူမ လုံးဝမမေ့သေးပေ။
သူမ၏ဘဝကို ပြောင်းလဲပစ်မည်ဟု ဆုံးဖြတ်ထားခဲ့လျှင် သူမ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ များပြားသော ငွေပမာဏကို လျှို့ဝှက်စုဆောင်းထားပြီး အကယ်၍ တစ်ချိန်ချိန်တွင် သူမနှင့် မိသားစု
အခက်အခဲ ကြုံခဲ့ရပါက မြို့တော်သို့ အဆင်ပြေ ပြန်လာနိုင်ရန် ဖြစ်သည်။ ဟယ်ယဲ့ကို နန်းပေါင်ရီ အကြောင်းရင်းစုံအောင် မပြောပြဘဲ သေတ္တာဘူးကို ယူကာ …
“ဟယ်ယဲ့ .. နင့်နာမည်ကိုသုံးပြီး ဘဏ္ဍာတိုက်မှာသိမ်းထားပေး”
“ကျွန်မနာမည်နဲ့”
ဟယ်ယဲ့ အံ့အားသင့်ကာ …
“သခင်မလေးကို အာခံပြီး ဒီငွေတွေယူသွားမှာ မစိုးရိမ်ဘူးလား”
“ဟင့်အင်း”
ဟယ်ယဲ့ကို ချစ်ခင်စွာ ဖက်လိုက်ပြီး …
“ငါ့ရဲ့ ဟယ်ယဲ့က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဟယ်ယဲ့ပဲ။
ငါ့ကိုဘယ်တော့မှ အာခံမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ငါတို့ ငွေများများရှာပြီး တစ်လတစ်ခါ ပုံမှန်စိစစ်ရမယ်။ အများကြီး ရလာရင် နင့်အတွက် ခန်းဝင်ပစ္စည်းလေးတွေလည်း ထည့်ပေးလို့ ရတာပေါ့”
ကလေးမလေးမှာ အလွန်သိမ်မွေ့ပြီး ကြင်နာလှသည်။
သူမ၏ သခင်မလေး ဖြစ်သူက စဉ်းစားပေးခြင်းနှင့်
ကြင်နာခြင်းတို့ကြောင့် ဟယ်ယဲ့ မျက်ရည်ကျလုမတတ် ဖြစ်သွားရလေသည်။
သူမ၏ သခင်မလေးက အလွန် ကောင်းမွန်သော မိန်းကလေးပင်။ သခင်မလေးကို လက်ထပ်မည့် ချန်း သခင်လေးမှာ အလွန် ကံကောင်းလှသည်။
…..
နွေရာသီ ရောက်လာသဖြင့် တဖြည်းဖြည်း ပူနွေးလာသည်။ဟန်ယန့်လျန်မှာ ခမ်းနားသော ထိုင်ခုံများ အနီးနှင့်
စားပွဲများထက်တွင် ရေခဲပန်းပုများ ချထားပေးရန် အမိန့်ပေး စီစဉ်နေပြီး ပြင်ဆင်ထားပုံမှာလည်း အလွန်ခမ်းနားလှသည်။ကျင်ကွမ်းမြို့မှ သခင်မကြီးများသည် အားလပ်သည့်အခါ နွေဉီးကျောက်စိမ်းခန်းမသို့ အစုအဖွဲ့များ နှင့်အတူ လာလေ့ရှိသည်။
ထိုနေရာတွင် အသစ်သစ်သော စိတ်ဝင်စားဖွယ်
ပြဇာတ်ဖျော်ဖြေမှုများကို ကြည့်ရှုရသည့်အပြင် စကားစုကာ အတင်းအဖျင်းများလည်း ပြောနိုင်သေးသည်။ ထို့အပြင် နွေဉီးကျောက်စိမ်းခန်းမမှာ အပူဒဏ်မှ ရှောင်လွဲရန်အကောင်းဆုံးသော နေရာလည်း ဖြစ်သည်။
နန်းပေါင်ရီမှာ သူမ၏ ငွေကြေးကို စစ်ဆေးရန် ထိုနေရာသို့ တစ်ခါတလေ လာလေ့ရှိသည်။
ဟန်ယန့်လျန်မှာ ထိုင်ခုံပေါ်တွင် မှီလျက် ထိုင်နေပြီး နန်းပေါင်ရီကို အသာ ခိုးကြည့်လိုက်သည်။သူမသည် အသက်ငယ်ရွယ်သေးသော်လည်း လူကြီးတစ်ယောက်ကဲ့သို့ တစ်ခုခုကို လေးလေးနက်နက် လုပ်ဆောင်တတ်သည်။
သူမက စနောက်လိုက်ဟန်ဖြင့် …
“သခင်မလေးက ဒီလောက် စိုက်ကြည့်နေတာ သခင်မလေးရဲ့ ဝေစုတွေ ကျွန်မ ယူသွားမှာ စိုးလို့လား”
“သူဌေးဟန်က ငွေကြေးဂုဏ်သိက္ခာတွေက ဂရုမစိုက်တဲ့သူဆိုတော့ ကျွန်မ ဝေစုတွေအတွက် စိတ်မပူပါဘူး”
နန်းပေါင်ရီက ပေသီးခုံကို ဆော့ကစား လိုက်ရင်း …
“ကျွန်မကို ငွေစာရင်း တွက်ချက်ပုံ မသင်ပေးချင်တဲ့ လူတစ်ယောက်ကို ကျွန်မ ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတဲ့ အကြောင်းပြချင်လို့ ကိုယ်တိုင် လေ့လာသင်ယူနေတာ”
ဟန်ယန့်လျန်လည်း ထွေထွေထူးထူး မတွေးတော့ပေ။
လပုံပန်းထိုးထားသော ယပ်တောင်နှင့် သူမကိုယ်သူမ ယပ်ခတ်လိုက်ပြီး …
“နွေဉီးကျောက်စိမ်းခန်းမက လူပေါင်းစုံ လာကြတာဆိုတော့ သတင်းတွေလည်း အမျိုးမျိုးရနိုင်တယ်။ ပြီးတော့
စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုခုလည်း ရထားတယ်”
သူမ တစ်ခုခုကို အရိပ်အမြွက်ထား ပြောနေသဖြင့် နန်းပေါင်ရီက ငွေစာရင်းစာအုပ်ကို ပိတ်လိုက်ပြီး မျက်ခုံးပင့်ကာ …
“သူဌေးဟန်က ကျွန်မကို လှျို့ဝှက်ချက် တစ်ခု ပြောစရာရှိလို့လား”
ဟန်ယန့်လျန် ပြုံးလိုက်ပြီး …
“ဉာဏ်ထက်သူတွေက စကားပြောရ တကယ်လွယ်တာပဲ။ ပြီးခဲ့တဲ့လက သခင်မလေးတို့ရဲ့ ပိုးစာပင်တွေ အခက်ကြုံရတဲ့ နောက်ကွယ်ကလူကို သိထားပြီးပြီလား”
“ရှ မိသားစုပဲနေမှာပေါ့။ ဒါပေမယ့်လည်း သူတို့ ဘာမှမရသွားတဲ့အပြင် ရွှေစသန်းနဲ့ချီပြီး ဆုံးရှုံးသွားရပြီဆိုတော့ အခုချိန် နောင်တရနေလောက်ပြီ”
ဟန်ယန့်လျန်က အဓိပ္ပါယ်ပါပါနှင့် ပြောဆိုလေသည်။
“ရှချင်ချင်ရဲ့ ဉီးနှောက်လောက်နဲ့ ဒီလို အကြံဉာဏ် ထွက်လိမ့်မယ်လို့ ထင်လား”
နန်းပေါင်ရီ မျက်နှာ အနည်းငယ် ပြောင်းလဲ သွားလေသည်။
***