အပိုင်း (၇၁)
နှုတ်ဆက်အနမ်း
ရှောင်းယီ မတ်မတ်ထိုင်ကာ သူတို့နှစ်ယောက်ကိုကြည့်လိုက်သည်။
အလွန်ဆိုးဝါးသောပုံပြင်က ရောင်း၍ရမည်လား။ ရယ်စရာကောင်းလှသည်။
ကျင်ကွမ်း မြို့သို့ပြန်ရောက်လာကြသည့်အချိန်တွင် နေဝင်လုနီးနီးဖြစ်နေသည်။
သခင်မကြီးက အလွန်ပျော်ရွှင်စွာဖြင့် နန်းပေါင်ရီ ကို ဖက်ကာ ကြိုဆိုသည့်အပြင် သူမကို ချီးမွမ်းပြောဆိုပြီးနောက် ရွှေစများစွာကို ဆုချပေးလေသည်။
အဒေါ် ကျိ က ပြုံးလိုက်ပြီး …
“သခင်မလေး ၅မသိလို့ .. ပိုးစာပင်တွေကြောင့် သခင်မကြီးစိတ်ပူပြီး နေမကောင်းလည်းဖြစ်သွားသေးတယ် .. သခင်မလေးက ပြေလည်အောင်ဖြေရှင်းပေးလိုက်တော်သေးတာပေါ့”
“ဘွားဘွား နေမကောင်းဘူးလား”
နန်းပေါင်ရီ ထိတ်လန့်ကာ စိုးရိမ်တကြီးနှင့် …
“ဆရာ ကျန်း .. ဘွားဘွားကိုစစ်ဆေးပေးပါဦး”
ကျန်းဆွေ့ဟန် က သခင်မကြီး၏ သွေးခုန်နှုန်းကို စမ်းကြည့်ကာ ပြုံးလိုက်ပြီး …
“ထွေထွေထူးထူးမရှိပါဘူး .. သခင်မကြီး ၁၀နှစ်ကျော်အောင် စည်းစိမ်ခံစားလာခဲ့လို့ လှုပ်လှုပ်ရှားရှားမရှိတော့ ဓါတ်လွန်ပြီး ရောဂါ၃မျိုးဖြစ်ဖို့ လက္ခဏာစပြနေတာပါ”
“ရောဂါ၃မျိုး ?”
“အဆီလွန်ကဲတာ၊ သွေးတိုးတာနဲ့ သွေးချိုဖြစ်တာ”
အခြားသူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သခင်မကြီးက …
“ရှု တိုင်းပြည်ရဲ့ ဆန်းကြယ်တဲ့သမားတော် ပီသပါပေတယ် .. အဲဒီစကားလုံးတွေကို ပြန်ရှင်းပြပေးပါ”
“ဒီလိုဆိုရင်ရော .. သခင်မကြီးကို လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းတွေ ကျွန်တော်သင်ပြပေးမယ် .. တကယ်လို့ ဘာမှအလုပ်မရှိတဲ့အခါမျိုးဆိုရင် များများလေ့ကျင့်ပြီး ချွေးများများထွက်အောင်လုပ်ရမယ် .. ဒါမှ သွေးလည်ပတ်တာကောင်းမွန်လာပြီး ခန္ဓာကိုယ်ကြွက်သားတွေလည်း ပိုပြီးသန်မာလာမှာ ဒါဆိုရင် ပိုပြီးအသက်ရှည်တာပေါ့”
အဒေါ် ကျိ က စိတ်လှုပ်ရှားစွာဖြင့် ….
“အဲဒါကိုသိတယ် တိရိစ္ဆာန်ငါးကောင်ပြကွက်မလား … အရှေ့တရုတ် ဟန် လူမျိုး သမားတော် တီထွင်ခဲ့တာလေ”
ကျန်းဆွေ့ဟန် က နှစ်ခြိုက်စွာပြုံးလိုက်ပြီး …
“ကျွန်တော်ပြမှာက တိရိစ္ဆာန်ငါးကောင်ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတယ် .. ဒါက ကွင်းပြင်ကနည်းလို့ခေါ်ပြီး လူကြီးသူမတွေအတွက် ပိုပြီးကောင်းမွန်တယ်”
ကျန်းဆွေ့ဟန် သည် ခြံဝင်းထဲတွင်ပြင်ဆင်လိုက်ပြီး သခင်မကြီးကို ကနည်းကဟန်သင်ပေးကာ တစ်နေ့လုံးရယ်ပြုံးစေသဖြင့် သခင်မကြီးမှာ စိတ်ရောကိုယ်ပါ လန်းဆန်းသွားလေသည်။
နှစ်ရက်ကြာပြီးနောက်တွင် ရှောင်းယီ တိုက် ပွဲတွင်းသွားရမည့် နေ့ရက်သို့ ရောက်လာလေပြီ။
ညသန်းခေါင်အချိန်ရောက်နေသဖြင့် မှောင်မိုက်နေပြီး ကောင်းကင်ထက်တွင် ကြယ်အချို့ လင်းလက်တောက်ပနေကြသည်။
ယွိဝေ့ က ရှောင်းယီ အတွက် သံချပ်ကာများကို ဝန်ဆင်ပေးနေလေသည်။
ကြေးမုံထဲတွင် ပုံရိပ်ထင်ဟပ်နေသော လူငယ်က သံချပ်ကာကို ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ရေခဲတမျှ အေးစက်နေသည်။
ယွိဝေ့ ခြေလှမ်းများကိုနောက်ဆုတ်လိုက်ပြီး …
“ဒီလိုကွင်းဆင်းစူးစမ်းလေ့ကျင့်ရတာ သခင့်အတွက် ပထမဆုံးပဲ .. အနိုင်အရှုံးက အသေးအမွှားပါ အသက်ကပိုအရေးကြီးပါတယ် .. ဘေးမသီရန်မခအောင် ဂရုစိုက်ပေးပါ ဒဏ်ရာလေးတစ်ခုဆိုရင်တောင် မိဘုရားကြီးအတွက် ရင်နာရပါလိမ့်မယ်”
ရှောင်းယီ မှာ အေးစက်မြဲအေးစက်လျက်ပင်။
အစားအစာစားသောက်ပြီးနောက် နန်းပေါင်ရီ အခန်းထဲသို့ ဝင်လာခဲ့သည်။ ကလေးမလေးမှာ အမှောင်ကို အလွန်ကြောက်တတ်ပြီး အိပ်သည့်အခါတွင်လည်း အနားတွင် မီးအိမ်နှစ်လုံးကို မီးညှိထားတတ်သည်။
ရှောင်းယီ ကန့်လန့်ကာကို မတင်ကာ အိပ်ရာဘေးတွင် ထိုင်လိုက်သည်။
ကလေးမလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေပြီး ခြုံထားသောစောင်မှာ လျှောကျကာ လက်ဝတ်ရုံမှာလည်း အပေါ်သို့ လှိမ့်တက်နေသဖြင့် သူမ၏ဖြူဖွေးသော လက်မောင်းသားများမှာ လှစ်ဟနေသည်။ ကလေးမလေး၏မျက်ခုံးများကို လက်နှင့်အသာပွတ်သပ်ပေးလိုက်သည်။
သူမအနားတွင် သူ မရှိသည့်အခါ မျောက်လေးတစ်ကောင်ကဲ့သို့ ဆော့ကစားကာ ပြဿနာရှာလေတော့မည်။
အကယ်၍ သူမပြဿနာရှာသည်ကို ဖြေရှင်းမည့်သူမရှိလျှင် ဘယ်လိုလုပ်မလဲ။
ထို့အပြင် သူမအလွန်ပျင်းရိတတ်သဖြင့် သူ မရှိသည့်အချိန် သူမစာလုပ်မလုပ်ကို စောင့်ကြည့်ပေးမည့်သူမရှိလျှင် ကလေးမလေးမှာ သေချာပေါက်ဆော့ကစားမည့်အပြင် မိန်းကလေးတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်မည်မဟုတ်ပေ။
ရှောင်းယီ မျက်လုံးမှာ တွေးတောရင် ရှုပ်ထွေးလာလေသည်။
ထားလိုက်ပါ၊ အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင်လည်း စစ်ပွဲကိုအမြန်အပြီးသတ်ကာ စောနိုင်သမျှစောစောပြန်လာမည်ဟု ရှောင်းယီ တွေးထားလိုက်သည်။
ရှောင်းယီ စိတ်ပိုင်းဖြတ်ကာ နန်းပေါင်ရီ ကို ကြည့်လိုက်သည်။ ကလေးမလေးမှာ ခေါင်ရန်းပန်းအဖူးလေးကဲ့သို့ အလွန်လှပနေသည်။
ရှောင်းယီ အတန်ကြာအောင် တိတ်နေပြီးနောက် ကလေးမလေးကို နမ်းရှိုက်လိုစိတ်ဖြစ်လာသောကြောင့် ခေါင်းကို တဖြည်းဖြည်းနှင့် ငုံ့လိုက်လေသည်။
ညသန်းခေါင်အချိန်ဖြစ်နေပြီး ကြယ်လေးများမှာလည်း ပြတင်းပေါက်အပြင်ဘက်မှ တောက်ပစွာ လင်းလက်နေကြသည်။ ပိုးစုန်းကြူးလေးတစ်ကောင်က ပြတင်းပေါက်မှဖြတ်ဝင်လာပြီး အစိမ်းရောင်မီးအိမ်လေးထက်တွင် နားနေလေသည်။
အဆောင်မှာလည်း တိတ်ဆိတ်နေပြီး ရှောင်းယီ သည်ပင် ကိုယ့်နှလုံးခုန်သံကိုပြန်ကြားနေရလေသည်။
နန်းကျောင်းကျောင်း ကို သူ နှစ်သက်သဘောကျကြောင်းကိုလည်း ရှင်းလင်းစွာသိထားနှင့်သော်လည်း ထိုခံစားချက်မှာ မောင်နှမကြားတွင် ဘာမှမဟုတ်တော့ပေ။
နန်းပေါင်ရီ မျက်နှာထက် ရှောင်းယီ အနမ်းခြွေလိုက်တော့သည်။
အနမ်းခိုးယူလိုက်ပြီး ထွက်သွားရန်ပြင်လိုက်စဉ် မျက်နှာကျက်မှချိတ်ဆွဲထားသော ရွှေရောင်ခေါင်းလောင်းလေးကို ထိမိသွားလေသည်။
ခေါင်းလောင်းသံကြောင့် နန်းပေါင်ရီ နိုးထလာကာ မျက်လုံးများကို ပွတ်သပ်လျက် …
“အစ်ကို ၂လား”
အမတ်လောင်းမှာ သံချပ်ကာကို ဝတ်ဆင်ထားသဖြင့် တိုက်ပွဲသို့ဝင်ရန် ပြင်ဆင်ပြီးပုံရသည်။
ရှောင်းယီ ၏ အေးစက်စက်မျက်နှာကို စိုက်ကြည့်ရင်း နန်းပေါင်ရီ မျက်လုံးများ နီရဲလာလေသည်။
သူမသည် ရှောင်းယီ ကို အသုံးချရန်သာ တွေးမိခဲ့သော်လည်း ၂လကြာ အတူရှိနေခဲ့ပြီးနောက် ရှောင်းယီ ထွက်သွားမည့်အချိန်ရောက်လာသည့်အခါ သူမတွန့်ဆုတ်နေမိသည်။
အိမ်မွေးခွေးတစ်ကောင်မွေးထားလျှင်တောင် လက်မလွှတ်နိုင်သည်ကို လူတစ်ယောက်သာဆို လက်လွှတ်ရန် ပို၍တွန့်ဆုတ်နေမည်မဟုတ်လား။
ရှောင်းယီ ခါးကို သူမ ဖက်လိုက်ပြီး ….
“အစ်ကို ၂ .. ညီမလေးကို လာနှုတ်ဆက်တာလား”
ကလေးမလေးမှာ အလွန်နူးညံ့ကာ ချစ်စရာကောင်းလှသဖြင့် ရှောင်းယီ ၏ အေးစက်စက်နှလုံးသားမှာ နွေးထွေးသွားလေသည်။
အလွန်ညနက်ကာ အေးစက်နေသဖြင့် ရှောင်းယီ ၏ သံချပ်ကာမှာလည်း အေးစက်နေပြီး နန်းပေါင်ရီ မှာ ညဝတ်စုံအပါးတစ်ထည်သာ ဝတ်ထားသဖြင့် သူမထိုသို့ဖက်နေလျှင် အအေးမိတော့မည်။
ထို့ကြောင့် သူမကို ရှောင်းယီ တွန်းထုတ်လိုက်ပြီး တည်ကြည်စွာဖြင့် …
“မငိုနဲ့တော့”
နန်းပေါင်ရီ မျက်ရည်များကိုသုတ်လိုက်ပြီး ရှောင်းယီ က သူမခေါင်းကို အသာပုတ်ပေးကာ နူးညံ့သောလေသံဖြင့် …
“ငါပြန်လာမှာကိုစောင့်နေ … လက်ဆောင်ယူလာခဲ့မယ်”
အခန်းထဲမှ ရှောင်းယီ ထွက်သွားပုံကို ကြည့်နေရင်း သူမစိတ်မထိန်းနိုင်ဘဲ ခြေဗလာဖြင့် အပြေးသွားမိလေသည်။
ကလေးမလေးမှာ လက်ရန်းနားတွင်ရပ်ကာ လှမ်းကြည့်လိုက်သည့်အချိန် ရှောင်းယီ ၏ ကျောမှာ ငြိမ်သက်ဖြောင့်မတ်လျက် ခြေလှမ်းနေပြီး သူ၏ပခုံးမှာလည်း ကျယ်ပြောလှသဖြင့် အလွန်ခန့်ညားနေလေသည်။
“အစ်ကို ၂ !”
သူမရုတ်တရက်အော်ခေါ်လိုက်သည်။
ရှောင်းယီ လှည့်ကြည့်လိုက်သည့်အခါ ကလေးမလေးက ဒုတိယအလွှာတွင်ရပ်နေပြီး ချစ်စဖွယ်ပြုံးလျက် လက်ကိုဝေ့ရမ်းပြနေသည်။
“အစ်ကို ၂ .. ဘုရားရှင်က အစ်ကို့ကို သေချာပေါက်ကာကွယ်ပေးမှာမလို့ အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လာရမယ်နော် !”
ရှောင်းယီ မှာ အပြင်လေထုကြောင့် အေးစက်နေသော်လည်း ရင်ထဲတွင် နွေးထွေးသွားသဖြင့် သဘောကျစွာပြုံးလိုက်သည်။
သူမအပြုံးကို မြင်ချင်သေးသည်ဆိုလျှင် ရှောင်းယီ ကိုယ့်ကိုယ်ကို အထိခိုက်ခံမည်မဟုတ်ပေ။
အခြားသူ၏ခွင့်ပြုချက်မပါဘဲ သူမလက်ထပ်လမ်းကြောင်းကို ဖယ်ရှားပစ်ခဲ့သဖြင့် သူမကို ပျော်ရွှင်စေရန် ရှောင်းယီ လုပ်ပေးရမည်ဖြစ်သည်။
….
ရှောင်းယီ ထွက်သွားပြီးနောက် သူထင်ထားသည့်အတိုင်း နန်းပေါင်ရီ စာမလုပ်တော့ဘဲ နန်းပေါင်ကျူး နှင့်အတူ ၃ရက်ကြာအောင် အတူဆော့ကစားနေခဲ့သည်။
အားရအောင်ဆော့ကစားပြီးနောက်တွင် ကျန်းဆွေ့ဟန် အကြံပေးသည့်အတိုင်းလုပ်ဆောင်ရန် သူမပြင်ဆင်လေသည်။
လတစ်ဝက်ကြာအောင် သူမအခန်းထဲ အောင်းနေခဲ့ကာ စာများကိုရေးသားပြင်ဆင်လိုက်ပြီး နောက်ဆုံးတွင် စာလုံး ၂သောင်းပါသော စာအုပ်တစ်အုပ်ကို ပြီးမြောက်ခဲ့လေသည်။
“ဒီလိုစာအုပ်မျိုး ဈေးကွက်ထဲမှာ နောက်ထပ်မရနိုင်တော့ဘူး .. ထုတ်ဝေမယ့်အချိန်ထိ စောင့်ကြည့်လိုက် .. ငါက တစ်ခါမှ မကြုံဖူးကြတဲ့ နောက်ထပ်လည်းမရှိလာနိုင်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”
သူမမေးထောက်နေရင်း သူမမျက်လုံးထဲတွင် စိတ်ကူးယဉ်မြင်ကွင်းအချို့ကို မြင်လိုက်ရလေသည်။
သူမ၏စာအုပ်မှာ စာအုပ်ဆိုင်တစ်ဆိုင်ပေါ်တွင် ရောင်းချနေပြီး မိန်းကလေးများက ထိုစာအုပ်ရရန်အတွက် ရန်ဖြစ်နေကြသည်။ တန်းစီကာ အော်ဟစ်နေကြပြီး အမှတ်တရဖြစ်ရန်အတွက် သူမထံမှ လက်မှတ်တောင်းဆိုနေကြသည်။ ထိုစာအုပ်မှာ ပြဇာတ်အဖြစ် အသက်သွင်းခံရသည့်အခါ ကျင်ကွမ်း တစ်မြို့လုံးသို့ ပျံ့နှံ့ကျော်ကြားသွားပြီး ရှန်ကျင်း နန်းတော်ထိ သတင်းပျံ့သွားလိမ့်မည်။ ဧကရာဇ်က နှစ်သက်သည့်အခါ သူမသည် မင်းသမီးဂုဏ်ဘွဲ့ကိုပင် ရရှိနိုင်သည်။
“ဟားဟားဟားဟားဟား”
နန်းပေါင်ရီ စားပွဲကိုရိုက်လျက် ကျယ်လောင်စွာ ရယ်မောလေတော့သည်။
ဟယ်ယဲ့ သည်လည်း ငှက်သိုက်စွပ်ပြုတ်ကိုယူကာ အခန်းထဲဝင်လာသည့်အခါ သူမ၏သခင်မလေးမှာ မျက်နှာတွင် မင်များပေကျံနေပြီး ဆံပင်မှာလည်း လျော့ရဲပြေကျကာ ခြံထဲမှထွက်ပြေးလာသော ကြက်တစ်ကောင်နှင့် တူနေလေသည်။
“သခင်မလေး !”
ဟယ်ယဲ့ က ငှင်သိုက်စွပ်ပြုတ်ကို အမြန်ချကာ လက်ကိုင်ပုဝါကိုယူလိုက်ပြီး နန်းပေါင်ရီ မျက်နှာကို ညင်သာစွာ သုတ်ပေးလေသည်။
“သခင်မလေး နောက် ၂နှစ် ၃နှစ်ကြာရင် လက်ထပ်ရတော့မှာကို ဘာကြောင့် ဒီလိုလုပ်ရတာလဲ”
နန်းပေါင်ရီ က ပျော်ရွှင်စွာဖြင့် ငှက်သိုက်စွပ်ပြုတ်ကို မော့သောက်လိုက်ပြီး …
“ဟယ်ယဲ့ .. နင့်ရဲ့ သခင်မလေး ငါက မကြာခင်မှာ ကျော်ကြားပြီး ငွေတွေအများကြီးရှာနိုင်တော့မယ် .. တကယ်လို့ ရတနာတစ်ခုခုလိုချင်တယ်ဆိုရင်ပြောထား ဝယ်ပေးမယ်”