အပိုင်း (၇၀)
လက်ထပ်ခြင်းကံကြမ္မာ
အနည်းငယ်ကြာအောင် ရှိခိုးဟန်ဆောင်ပြီးနောက် အနောက်လှည့်ကာ အံ့ဩဟန်နှင့် …
“အစ်ကို ၂ !”
နန်းပေါင်ရီ ဂါဝန်ကိုမကာ ပြေးသွားလိုက်ပြီး …
“နောက်ကျနေပြီလေ .. အစ်ကို ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ မတော်လို့ လှိမ့်ကျသွားရင် ရင်ကျိုးရချည်ရဲ့”
ရှောင်းယီ သူမကို ပြန်မပြောလိုတော့သဖြင့် ဝတ်ရုံကို လှမ်းပေးလိုက်ပြီး …
“ဝတ်လိုက်”
“အစ်ကို ၂က ညီမလေးအတွက် ဝတ်ရုံယူလာပေးတာလား ..”
နန်းပေါင်ရီ က ဝတ်ရုံကို ချစ်စရာကောင်းစွာခြုံလိုက်ပြီး …
“အစ်ကို ၂က ညီမလေးကို ဂရုစိုက်ပေးတယ် … အစ်ကိုက တကယ်အကောင်းဆုံးပဲ !”
“နားညီးတယ်”
ဖျာဘေးတွင်ချထားသော မီးအိမ်လေးကို ရှောင်းယီ ကောက်ယူလိုက်ပြီး …
“တောင်အောက်ဆင်းရအောင်”
“ခဏလေး !”
နန်းပေါင်ရီ မှာ တြိဂံပုံစံရှိ အဆောင်ငယ်တစ်ခုကိုယူထုတ်ရင်း …
“ညီမလေး ငွေတချို့လှူလိုက်ပြီး အစ်ကို့အတွက် အဆောင်တောင်းလိုက်တာ .. ဒါဆောင်ပြီး တိုက်ပွဲဝင်ရင် အစ်ကို ဘေးကင်းလိမ့်မယ်”
နန်းပေါင်ရီ ခြေဖျားထောက်ကာ ရှောင်းယီ လည်ပင်းတွင် အဆောင်ဝတ်ပေးရန် ပြင်လိုက်သည်။
ခန်းမမှာ မီးအိမ်များ၏အလင်းရောင်များကြောင့် အလွန်လှပနေပြီး သူ့အနားကပ်လာသော ကလေးမလေးမှာလည်း အလင်းရောင်အောက်တွင် ရပ်နေသဖြင့် သူမ၏မျက်လုံးများမှာ တောက်ပနေလေသည်။
နန်းပေါင်ရီ အဆင်ပြေစေရန်အတွက် ရှောင်းယီ ခေါင်းငုံ့ပေးပြီးနောက် အဆောင်လေးကို နန်းပေါင်ရီက ဝတ်စုံကြားထဲ ထည့်သိမ်းပေးထားလိုက်သည်။
“အစ်ကို ၂ သေချာပေါက်အောင်ပွဲခံပြီး ဘေးကင်းကင်နဲ့ပြန်လာရမယ်”
တောင်ပြန်ဆင်းလာကြသည့်အခါ လမ်းတစ်ဖက်တွင်ရှိသော ကံကြမ္မာအဟောခန်းငယ်တစ်ခုကို နန်းပေါင်ရီ တွေ့လိုက်သဖြင့် ရှောင်းယီ ကို ဆွဲကာ ထိမ်းမြားခြင်းကံကြမ္မာကို မေးမြန်းလေသည်။
ဆရာကြီးက အသာပြုံးကာ ရှောင်းယီ ထံမှ ရွှေစ၂စ ယူလိုက်ပြီး ဝါးချောင်းများထည့်ထားသော ဘူးကိုပေးလေသည်။
ရှောင်းယီ ဝါးဘူးကိုခေါက်လိုက်သည့်အခါ တုတ်တစ်ချောင်း ထွက်ကျကာ စားပွဲပေါ်တွင် တင်နေလေသည်။ ထိုတုတ်ချောင်းပေါ်တွင် ‘မွှေးသောပန်း၊ ပြည့်သောလ၊ ကြာရှည်သောဘဝ၊ နှစ်များတည်စေသော်’ ဟု ရေးထားလေသည်။
ကလေးမလေးကို ရှောင်းယီ လှမ်းကြည့်လိုက်သည်။
နန်းပေါင်ရီ မှာ ဝါးဘူးကို မလှုပ်သေးဘဲ မျက်လုံးမှိတ်လျက် စိတ်လှုပ်ရှားစွာတုန်ယင်နေလေသည်။ ထွက်ကျလာသော တုတ်ချောင်းတွင် ‘နှစ်ဘဝတာ၊ တစ်ကောင်ကြွက်’ ဟု ရေးထားသဖြင့် ရှ ောင်းယီ မျက်မှောင်ကြုတ်လိုက်သည်။
ကလေးမလေး မျက်လုံးမဖွင့်သေးချိန်မှာပင် အခြားတုတ်တစ်ချောင်းနှင့် အမြန်လဲလိုက်သည်။
ထိုတုတ်ချောင်းကို နန်းပေါင်ရီ ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။
“ပွင့်လန်းသောပန်းများ သက်တမ်းရှည်ကြာစေသား .. အစ်ကို ၂ .. ညီမလေးက သေချာပေါက် မိသားစုကောင်းတစ်ခုခုနဲ့ လက်ထပ်ရတော့မယ် !”
နန်းပေါင်ရီ ၏ နဖူးကို ရှောင်းယီ အသာတောက်လိုက်ပြီး …
“တစ်နေကုန် လက်ထပ်တဲ့အကြောင်းပဲပြောနေတာ အပြင်လူတွေကြားရင် ရယ်ကြလိမ့်မယ်”
နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းဖြင့် သူမနဖူးကို ချစ်စရာကောင်းစွာ ကိုင်လိုက်ပြီး ခုန်ဆွခုန်ဆွထွက်သွားလေတော့သည်။
စားပွဲနောက်တွင်ရပ်နေသော ဆရာကြီးက လက်နောက်ပစ်ကာ ကြင်နာစွာပြုံးလျက် …
“ကံကြမ္မာဆိုတာ အစားထိုးလို့မရဘူး … မင်းကို ကျစ်ဝေ့ ကြယ်ကြီးက ကာကွယ်ပေးရင်တောင် လူတစ်ယောက်ကို နှစ်ဘဝစာတော့ မင်းမကာကွယ်ပေးနိုင်ပါဘူး”
ကံနိမ့်သောတုတ်ချောင်းကို ရှောင်းယီ ချိုးပစ်လိုက်ပြီး …
“ကံကြမ္မာကို ကျုပ်မယုံဘူး .. ဘုရားရှင်က သူ့ကို ပျော်ရွှင်ခွင့်မပေးရင် သူ့အတွက် ကျုပ်ကိုယ်တိုင် ပျော်ရွှင်မှုကို ရှာပေးမယ်”
ရှောင်းယီ အေးစက်သောအသံနှင့်ပြောပြီး လှည့ထွက်လာခဲ့လေသည်။
လေပြည်လေးက ညင်သာစွာတိုက်ခတ်နေသဖြင့် မီးအိမ်လေးများမှာလည်း ယိမ်းနွှဲ့နေပြီး နန်းပေါင်ရီ လက်ထဲတွင် ဝါးခြင်းတစ်လုံးကိုကိုင်ထားလျက် အထဲမှပါဝင်သော ပစ္စည်းများကို ပျော်ရွှင်စွာ မွှေနှောက်နေသည်။
သူမ နှစ်ခြိုက်စွာပြုံးပြီး လက်မြှောက်ပြကာ …
“တရားဟောဆရာတစ်ယောက်က ညီမလေးအများကြီးလှူလိုက်တယ်ဆိုလို့ မုန့်ခြင်းတစ်ခြင်းပေးလိုက်တယ် .. အထဲမှာ ပဲနီမုန့်နှစ်လုံး၊ ဆားရေစိမ်ဘဲဥခြောက်လုံးနဲ့ ယမကာတစ်ဘူးတောင်ပါသေးတယ်”
ရှောင်းယီ က သူမခေါင်းကိုပုတ်ပေးလိုက်ပြီး ….
“တောင်အောက်ဆင်းပြီးမှ စားကြတာပေါ့”
နန်းပေါင်ရီ လက်ထဲမှ မုန့်ခြင်းကိုယူကာ တောင်အောက်သို့ဆင်းလာခဲ့ကြလေသည်။
တောင်မှာ အလွန်မှောင်မိုက်နေပြီး ကြယ်များမှာလည်း မှေးမှိန်စွာ တလက်လက်ဖြစ်နေသည်။
ကလေးမလေးမှာ လမ်းခင်းထားသောကျောက်တုံးများကို ခုန်ကျော်နေသဖြင့် သူမလက်ထဲရှိ မီးအိမ်လေးမှာ မိစ္ဆာလေးတစ်ကောင် ခုန်ခွခုန်ခွသွားနေပုံနှင့် တူနေသည်။
ထိုမြင်ကွင်းကိုကြည့်နေရင်း ရှောင်းယီ ရင်ထဲ အမျိုးအမည်မသိသော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ ထုံးကျောက်လမ်းလေးမှာ ပိုမိုရှည်လျားပြီး လေတဖြူးဖြူးတိုက်စေရန် စိတ်ထဲမှလည်း မျှော်လင့်နေမိသည်။
ခြံထဲသို့ ပြန်ရောက်လာသည့်အခါ လောင်ကျွင်း ဆောင်မှ ပေးလိုက်သော မုန့်နှင့် ဘဲဥများမှာ ထူးခြားပြီး မကောင်းသော အငွေ့အသက်များကို ဖယ်ရှားပေးနိုင်လိမ့်မည်ဟု ယူဆမိသဖြင့် ဟယ်ယဲ့ နှင့် ကျန်းဆွေ့ဟန် ကို ခေါ်ကာ အတူစားသောက်စေသည်။
နန်းပေါင်ရီ နှင့် ကျန်းဆွေ့ဟန် တို့မှာ ကသိကအောက်မဖြစ်ကြတော့သည့်အပြင် အတူတကွဆော့ကစားနေကြသည်။
ရှောင်းယီ မှာ ပဲနီမုန့်ကိုင်ထားရင်း စားလေ ဒေါသထွက်လေ ဖြစ်လာပြီး ကျန်းဆွေ့ဟန် ကို ထားခဲ့ရန်မသင့်တော်ဟု တွေးလိုက်မိသည်။
ကျန်းဆွေ့ဟန် တွင် ရောဂါမရှိသည့်အကြောင်းကို သူမသိသွားရင် ဘယ်လိုလုပ်မလဲ။
ကျန်းဆွေ့ဟန် က နန်းကျောင်းကျောင်း ကို စိတ်ဝင်စားနေရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ကျန်းဆွေ့ဟန် ကို တိုက်ပွဲအတွင်းသို့ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
….
ပိုးစာပင်ပြဿနာကိုဖြေရှင်းပြီးနောက် နန်းပေါင်ရီ မှာ သွမ့်ယန်း ပွဲတော် ဒုတိယမြောက်နေ့တွင် ကျင်ကွမ်း မြို့သို့ ပြန်ရောက်လာခဲ့လေသည်။
လှည်းမှာကျယ်ဝန်းနေပြီး သက်တောင့်သက်သာရှိလှပြီး ခြံဝင်းများကိုဖြတ်ကာ လမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့လေသည်။ မနက်စောစောတွင် လမ်းမထက်မှ လှည်းဘီးသံများကြားရသည်မှာ အလွန်အေးချမ်းစေလှသည်။
နန်းပေါင်ရီ လှည်းထောင့်တွင်ထိုင်ကာ စာရွက်များကိုထုတ်လိုက်သည်။ ထိုစာရွက်တွင် အတိတ်ဘဝမှရှောင်းယီ ၏ ကိုယ်ရေးအခြေအနေကို ရေးသားထားခြင်းဖြစ်သည်။
ယဲ့လန် တိုင်းပြည်အကြောင်းပါသည့်နေရာအထိ လှန်လှောလိုက်ပြီး အမတ်လောင်းကို စစ်ပွဲဆိုင်ရာ လျို့ဝှက်ချက်အချို့ကို ပြောပြချင်သော်လည်း တိုက်ပွဲအကြောင်း အသေးစိတ်အချက်အလက်မပါဝင်ပေ။ အတိတ်ဘဝတွင် ယဲ့လန် တိုင်းပြည်ကို ရှောင်းယီ မည်သို့နှိမ်နင်းခဲ့သည်ကိုလည်း သူမမသိပေ။
ကျန်းဆွေ့ဟန် စပ်စုချင်စိတ်ဖြစ်လာ၍ လည်ပင်းကိုဆန့်ကာ ကြည့်လိုက်ပြီး …
“မင်းဆရာရဲ့ဒဏ္ဍာရီ … သခင်မလေး နန်း .. စာသင်သားတွေအကြောင်းပြောနေတာလား .. မင်းဆရာကရော ဘယ်သူလဲ .. သူ့ပုံစံကိုရေးထားတာ သူကတစ်ခုခုပဲ”
“ရှင့်ကိုမပြဘူး”
နန်းပေါင်ရီ က စာရွက်များကို ရတနာကဲ့သို့ သိမ်းဝှက်ထားလိုက်သည်။
ကျန်းဆွေ့ဟန် ကိုယ့်ကိုယ်ကို ယပ်ခတ်လျက် …
“သခင်မလေး နန်း … ဒီလိုဇာတ်ကောင်မျိုးကိုရေးထားတာက အရမ်းကြီးတင်းကြပ်နေတယ်လို့ မထင်ဘူးလား”
“တင်းကြပ်တယ် ?”
“ပျင်းစရာကြီးကို .. ကျွန်တော်ပြောမယ် .. ဧကရာဇ်ကို ရှေးဘိုးဘေးတစ်ယောက်လို သဘောထားပြီး အနုပညာဆန်ဆန်လေးပြုပြင်ပြီးရင် စိတ်ဝင်စားစရာကောင်းအောင်ရေးလိုက်”
နန်းပေါင်ရီ နားမလည်သေးပေ။
“ဘယ်လို အနုပညာဆန်ဆန်လဲ”
“သင့်လျော်အောင်ရေးတာမျိုးလေ .. ဥပမာ သူ့မှာ ဇနီးမယားတစ်ယောက်ရှိလျက်နဲ့ ငယ်ငယ်တုန်းက ချစ်ခဲ့ရသူကိုပဲ တန်ဖိုးထားတယ် .. သူ့ရဲ့ငယ်ကျွမ်းဆွေကို သူချစ်ရတဲ့မောင်းမတစ်ယောက်လို သဘောထားတော့ ဇနီးနဲ့မောင်းမကြား ရန်ပွဲတွေဖြစ်သွားရပြီး နည်းလမ်းမျိုးစုံနဲ့ အဆိပ်ခတ် ရိုက်နှက်ဖို့ကြံစည်လာတယ်”
နန်းပေါင်ရီ ထိတ်လန့်သွားပြီး …
“ဒါက ဘယ်လိုပုံပြင်ကြီးလဲ”
“ဒါ အချစ်တိုက်ပွဲလေ !”
ကျန်းဆွေ့ဟန် စိတ်ပေါ့ပါးပျော်ရွှင်စွာဖြင့် …
“သူ့ရဲ့ငယ်ကျွမ်းဆွေမှာ ကိုယ်လေးလက်ဝန်ဖြစ်လာတော့ အခြားမောင်းမတွေကို နှိပ်စက်တဲ့အပြင် ငယ်ကျွမ်းဆွေက ချဉ်ခြင်းတက်ပြီး ငါးစားချင်တယ်ပြောလို့ သူ့ရဲ့ဇနီးကို မြစ်ထဲသွားပြီး ငါးဖမ်းခိုင်းတယ် ဒါပေမယ့် ဇနီးဖြစ်သူက မတော်တဆရေနစ်ပြီး သေဆုံးသွားခဲ့ရတယ် … ဇနီးဖြစ်သူသေဆုံးသွားပြီးမှ သူ့ရဲ့ဇနီးကို အမှန်တကယ်ချစ်ခင်ကြောင်း သိရလိုက်ပြီးမှ နောင်တတွေရနေတဲ့အချိန် သမားတော်ကလည်း ဇနီးဖြစ်သူမှာ အမွှာနှစ်ယောက်နဲ့ ကိုယ်ဝန်ရှိနေတဲ့အကြောင်းပြောတော့ ဖြေမဆည်နိုင်အောင် ဖြစ်သွားခဲ့တယ် … နောက်ဆုံးမှာ မင်းဆရာက ညတွင်းချင်းစိတ်ဖောက်ပြန်ပြီး အပြစ်တွေဖြေဖျောက်ဖို့အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်”
အတွန့်တက်လိုသောအချက်များ အလွန်များပြားသဖြင့် နန်းပေါင်ရီ မဲ့ပြုံးပြုံးလိုက်ပြီး ….
“ဒါက ပြဇာတ်မဆန်လွန်းဘူးလား”
ဈေးထဲမှ စာအုပ်ထဲတွင်လည်း ထိုသို့ရေးသားကြမည်မဟုတ်ပေ။
“ဘာမှစိုးရိမ်စရာမလိုဘူး … ဒီဇာတ်ကြောင်းအတိုင်းပဲသွားပြီးတော့ နည်းနည်းပါးပါးပြင်ဆင်ရေးလိုက်ပြီး စာအုပ်ထုတ်ရောင်းလို့တောင်ရပြီ”
နန်းပေါင်ရီ မေးထောက်ကာ သေချာစဉ်းစားနေလိုက်သည်။
စာရေးပြီးစာအုပ်များရောင်းချခြင်းက ငွေရှာနိုင်ရုံတင်မက သူမကိုလည်း ပို၍ကျော်ဇောစေပြီး လူအများကလည်း သူမကို ချီးမွမ်းကြလိမ့်မည်။ ထို့အပြင် နန်းယန် ကလည်း ထိုသို့သော ဇာတ်ကြောင်းများ ရေးတတ်မည်မဟုတ်ပေ။
“သခင်မလေးအတွက် ခေါင်းစဉ်တောင် စဉ်းစားပြီးသွားပြီ”
ကျန်းဆွေ့ဟန် က လျို့ဝှက်ဆန်းကြယ်သည့်ပုံစံနှင့်ပြောရင်း …
“ဧကရာဇ်ပုံပြင် ဒါမှမဟုတ် အချစ်ကြီးတဲ့ အမတ် .. ဒီလိုဆိုရင် သေချာပေါက်ကို နာမည်ကြီးမှာ .. နာမည်ရလာတဲ့အခါ ဖျော်ဖြေပွဲအနေနဲ့ စလုပ်လို့ရပြီ လူတွေလည်းအများကြီးလာကြည့်မှာ အသေအချာပဲ”
နန်းပေါင်ရီ ပို၍တွေဝေသွားပြီး …
“ဒါက ဘယ်လိုပြဇာတ်မျိုးလဲ .. ပေကျင်းဇာတ်လား ယွဲ့ ဇာတ်လား”
“ဒါ ပြဇာတ်လုပ်မှာလေ !”
နန်းပေါင်ရီ ငယ်စဉ်ကတည်းက ပြပွဲပြဇာတ်အမျိုးမျိုးကို ကြည့်ရှုခဲ့ဖူးသည်။ သို့သော် နှစ်များစွာအတွင်း ဝတ္ထုကိုပြဇာတ်အဖြစ် အသက်သွင်းသည်ကို သူမ တစ်ခါမှမကြားခဲ့ဖူးပေ။
နွေဦးကျောက်စိမ်းခန်းမ၏ သူဌေးနှင့် သူမတို့မှာ ဆက်ဆံရေးတစ်ခုရှိပြီး ထိုသူဌေးမ ဟန် မှာလည်း သာမညလူမဟုတ်ပေ။ သူမတို့နှင့်သာဆိုလျှင် ရှန်ကျင်း တစ်မြို့လုံးအထိ ကျော်ကြားသွားပေလိမ့်မည်။
—–