အပိုင်း (၆၉)
အကြံများသော နန်းပေါင်ရီ
“တောင်းပန်တယ် .. ငါ့လက်ကချော်သွားလို့”
ရှောင်းယီ တောင်းပန်လျက် နန်းပေါင်ရီ ကို ကမ်းစပ်သို့ ကိုယ်တိုင်ချီသွားပြီး သူမအအေးပတ်မည်စိုးသောကြောင့် လှည်းပေါ်တင်လျက် အိမ်တော်ကိုပြန်လာခဲ့လေသည်။
နန်းပေါင်ရီ သူမအခန်းသို့ပြန်ရောက်သည့်အခါ ရေချိုးကန်ထဲတွင်စိမ်ကာ သနားစဖွယ်ကောင်းအောင် နှာချေနေလေသည်။
ဟယ်ယဲ့ က ရေနွေးအနည်းငယ်ယူကာ သူမကိုယ်ပေါ်သို့ ညင်သာစွာလောင်းချပေးလေသည်။
“လှေပြိုင်ပွဲသွားကြည့်မယ်ဆိုပြီး ဘာကြောင့်များ မြစ်ထဲကျသွားရတာလဲ … ဒုသခင်လေး ရေကူးတတ်လို့တော်သေးတာပေါ့ မဟုတ်ရင် သခင်မလေးကို ကယ်လို့မရဘဲနေမယ် … သခင်မလေးတစ်ခုခုဖြစ်သွားရင် ကျွန်မဘယ်လိုလုပ်ရတော့မလဲ သခင်မကြီးလည်း သိသွားရင် ရင်ကျိုးရတော့မယ် … ဘာဖြစ်ဖြစ် ဒုသခင်လေးကို ကျေးဇူးတင်ရမယ် !”
နန်းပေါင်ရီ မျက်လုံးများနီရဲလာပြီး နှစ်ခါဆက်တိုက် နှာချေလေသည်။
လှေပေါ်ကိုသူမကိုယ်တိုင်တက်နိုင်ပြီး ကျန်းဆွေ့ဟန် ကို လှမ်းဆွဲရန် ပြင်လိုက်ချိန်တွင် ရှောင်းယီ က လှော်တက်ဖြင့် သူမကို မြစ်ထဲပုတ်ချခဲ့သည်။
အားလုံးက ရှောင်းယီ ၏ အပြစ်ပင်။
“ရေနားမသွားနဲ့လို့အမြဲမှာတာကို ဘယ်တော့မှနားမထောင်ဘူး အခုတော့ဖြစ်ရပြီ … အအေးမိပြီးဖျားသွားရင် ဘယ်လိုလုပ်မလဲ….”
ဟယ်ယဲ့ မနားတမ်းဆက်ပြောနေသဖြင့် နန်းပေါင်ရီ ခေါင်းကိုက်လာပြီး သူမကိုအပြင်ထွက်သွားခိုင်းလိုက်သည်။
ဟယ်ယဲ့ အခန်းထဲမှထွက်သွားပြီးနောက် အပြင်ဘက်တွင်ရပ်စောင့်နေသော ရှောင်းယီ ကို တွေ့လိုက်သည်။
“ဒုသခင်လေး”
ဟယ်ယဲ့ ရိုကျိုးစွာ ဦးညွှတ်လိုက်သည်။
“သခင်မလေးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
“အခုရော ဘယ်လိုနေသေးလဲ”
“အခုတော့ နှာပဲချေနေတယ် အဆင်ပြေသွားမှာပါ”
ရှောင်းယီ ခေါင်းညိတ်ပြသဖြင့် ဟယ်ယဲ့ လည်း ခွင့်တောင်းကာ ထွက်သွားပြီးနောက် ရှောင်းယီ အခန်းကိုလှည့်ကြည့်လိုက်သည်။
အနီးအနားတွင်လည်း ဘယ်သူမှမရှိတော့သဖြင့် ရှောင်းယီ တံခါးဖွင့်ဝင်သွားလေသည်။
နန်းပေါင်ရီ မှာ ရေချိုးကန်ထဲတွင် စိမ်နေလျက် နဖူးပေါ်တွင် ပုဝါဖြူအုပ်ထားပြီး သူမ၏ခြေချောင်းများမှာလည်း အကာတံခါးချပ်ကိုကျော်လွန်၍ မြင်နေရလေသည်။
“ဟယ်ယဲ့ ငှက်သိုက်စွပ်ပြုတ်ယူလာပေးဖို့ပြောထားတာမလား .. ဘာလို့အစောကြီးရောက်လာတာလဲ”
အနက်ရောင်ဖိနပ်တစ်စုံကိုမြင်ရတော့မှ နန်းပေါင်ရီ မော့ကြည့်လိုက်သည့်အခါ အထိတ်တလန့်နှင့် …
“အစ်..အစ်ကို ၂ …”
နန်းပေါင်ရီ အလန့်တကြားနှင့် သူမကိုယ်သူမပုဝါဖြင့်ကာလိုက်ပြီး ..
“ဒီ..ဒီ..ဒီကို ဘယ်လိုလုပ် … ညီ..ညီမလေးရေချိုးနေတယ်လေ .. ဒါစည်းကမ်းဖောက်ဖျက်တာပဲ ..”
ရှောင်းယီ မထွက်သွားသည့်အပြင် ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာပင် ထိုင်လိုက်သည်။ မကြာခင်အချိန်တွင် ယဲ့လန် တိုင်းပြည်နှင့် တိုက်ပွဲဖြစ်ရတော့မည်။ သူမသွားခင်အချိန်တွင် နန်းကျောင်းကျောင်း နှင့် ကျန်းဆွေ့ဟန် တို့အကြောင်း သေချာအောင်လုပ်သွားရမည်။
ရှောင်းယီ သူ၏ဝတ်ရုံကိုအသာသပ်တင်လိုက်ပြီး …
“မင်း ကျန်းဆွေ့ဟန် ကို လက်ထပ်ချင်တာလား”
နန်းပေါင်ရီ ရှက်ရွံ့စွာဖြင့် ရိုးသားစွာပင် ခေါင်းငုံ့လိုက်သည်။
ရှောင်းယီ က အကျိုးအကြောင်းခိုင်မာစွာဖြင့် …
“မင်းနဲ့သူနဲ့က လုံးဝမဖြစ်နိုင်ဘူး”
နန်းပေါင်ရီ ကြောင်အမ်းအမ်းဖြစ်ကာ ..
“ဘာလို့လဲ”
“ကျန်းဆွေ့ဟန် က ….”
ရှောင်းယီ ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက်
“သူ့မှာ လက်ထပ်လို့မရတဲ့ရောဂါတစ်ခုခုရှိနေတယ် ဒါကြောင့် သူ လက်ထပ်လို့်မရဘူး”
နန်းပေါင်ရီ မှာ ခေတ္တမျှအထူးအဆန်းဖြစ်သွားပြီး တိတ်ဆိတ်သွားလေသည်။
တစ်နည်းပြောရလျှင် ကျန်းဆွေ့ဟန် က မျိုးမပွားနိုင်ဟု ဆိုလိုသည်မဟုတ်လား။ ကြီးမားသောအနာဂတ်နှင့် လူငယ်တစ်ယောက်က အိမ်ထောင်မပြုနိုင်ဆိုသည့်အချက်ကို နန်းပေါင်ရီ မမျှော်လင့်ထားခဲ့ပေ။
ကျန်းဆွေ့ဟန် အလွန်သနားစရာကောင်းလှသည်။
ကျန်းဆွေ့ဟန် ကို နန်းပေါင်ရီ စိတ်ဝင်စားခြင်းသိပ်မရှိသဖြင့် ဝမ်းနည်းစိတ်တို့မဖြစ်ဘဲ ငါးစာကိုငါးမဟပ်လိုက်သဖြင့် အနည်းငယ်တော့ နောင်တရနေမိသည်။
ရှောင်းယီ က သူမဝမ်းနည်းနေလိမ့်မည်ဟုတွေးကာ နှစ်သိမ့်ပေးလေသည်။
“မင်းက ငယ်သေးတော့ လက်ထပ်ဖို့ အဝေးကြီးလိုသေးတယ် … နောင်ကျရင် မင်းအတွက် သင့်တော်သူကို ငါကိုယ်တိုင်ရွေးပေးမယ်”
နန်းပေါင်ရီ ၏ မျက်လုံးများ တောက်ပသွားလေသည်။ ရှောင်းယီ မြစ်ထဲတွန်းချခဲ့သည်ကို မေ့လျော့သွားပြီး နှစ်ခြိုက်စွာပြုံးလျက် …
“အစ်ကို ၂ရဲ့ စကားနဲ့တင် ညီမလေး စိတ်သက်သာသွားပါပြီ .. အစ်ကိုက အကောင်းဆုံးပဲ .. ညီမလေးအတွက် သင့်တော်တဲ့သူရှာပေးပြီးရင် နန်း အိမ်တော်ကိုကာကွယ်တဲ့အခါ ညီမလေးကိုလည်း ထောက်ပံ့ပေးရမယ်”
အနာဂတ်တွင် ရှောင်းယီ မှာ အလွန်အင်အားကြီးမားလာလိမ့်မည်။ ရှောင်းယီ ၏ နောက်ခံနှင့်သာဆိုလျှင် အိမ်ရှေ့စံမင်းသားကို သူမလက်ထပ်ချင်လျှင်လည်း ရနိုင်သည်။
ရှောင်းယီ ထွက်သွားပြီးနောက် နန်းပေါင်ရီ သူမမျက်နှာကိုအုပ်လျက် …
“နန်းကျောင်းကျောင်း .. နန်းကျောင်းကျောင်း … နင်အတော်ကံကောင်းတာပဲ ရှေ့လျှောက် အများကြီး ကောင်းမွန်လာဦးမယ် !”
နေဝင်ရီတရောအချိန်ရောက်သည့်အခါ နန်းပေါင်ရီ မှာ မီးအိမ်လေးကိုဆွဲလျက် ညစာမစားဘဲ တောင်တန်းဘက်သို့ ထွက်သွားလေသည်။
ဟယ်ယဲ့ က တားလိုက်ပြီး …
“သခင်မလေး .. တစ်နေ့လုံးလည်း အပြင်ထွက်ပြီးပြီး အခုရော ဘယ်သွားဦးမလို့လဲ”
“ချင်းချန် တောင်ကြားမှာ ဘိုးဘေးအဆောင်တစ်ခုရှိတယ် .. အဲဒီကိုသွားပြီး အစ်ကို ၂အတွက် တိုက်ပွဲမှာ အောင်မြင်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့အတွက် ဆုတောင်းမလို့”
“ဒါပေမယ့် အခုနောက်ကျနေပြီလေ .. တောင်တွေက အန္တရာယ်များတာကို”
“အဲဒါကြောင့် နင့်ကိုပဲအပူကပ်ရတော့မယ် ဟယ်ယဲ့ … လောင်ကျွင်း ဆောင်ကို ရောက်လောက်တော့မယ့်အချိန်ကျရင် အပြင်ထပ်ဝတ်ရုံကိုယူလာပြီး အစ်ကို ၂နဲ့ တွေ့မိသွားသလိုလုပ်ရမယ် .. ဘယ်ကိုသွားမလို့လဲမေးတဲ့အခါ သခင်မလေးက လောင်ကျွင်း ဆောင်ကိုသွားပြီး သခင်လေးအတွက် ညနက်အချိန်ကြီး ဆုတောင်းပေးနေတော့ သခင်မလေးအအေးမိမှာစိုးလို့ အဝတ်သွားပေးမလို့ပြောလိုက် … အဲဒီအခါ အစ်ကို ၂က စိတ်ပူပြီး ငါ့ကိုလာရှာလိမ့်မယ်”
နန်းပေါင်ရီ ကျေနပ်စွာပြုံးလိုက်သည်။ အမှန်တကယ်ဆုတောင်းပေးမည်ဖြစ်သော်လည်း လောင်ကျွင်း အဆောင်ထိတိုင် သူမလေးနာရီကြာအောင် လမ်းလျှောက်ရဦးမည်။ ထိုမျှဝေးသောနေရာအထိ သူမ မသွားနိုင်သော်လည်း သူမ၏လုပ်နိုင်စွမ်းကို အမတ်လောင်းသိရန်လိုအပ်ပေသည်။
ဟယ်ယဲ့ ပြောစရာစကားများပင် ပျောက်ဆုံးရလေသည်။
အကြံများလှသည်။ သူမ၏သခင်မလေးမှာ အရင်နှင့်မတူ ပို၍အကြံအစည်များလာပေသည်။
သို့သော်လည်း သူမ နာခံရပေဦးမည်။
လောင်ကျွင်း ဆောင်သို့ နန်းပေါင်ရီ ရောက်နိုင်လောက်မည့်အချိန်တွင် ဟယ်ယဲ့ က အပေါ်ရုံတစ်ထည်ကိုယူကာ ထွက်သွားချိန်တွင် ရှောင်းယီ က စာအုပ်ဖတ်နေသဖြင့် သူမမတွေ့လိုက်ရပေ။
တံခါးဝနားတွင် အစောင့်တစ်ယောက်သဖွယ်ရပ်နေသော ရှီးခူ ကို ဟယ်ယဲ့ ကြည့်လိုက်ပြီး နန်းပေါင်ရီ ကို အတုယူကာ ဟန်ဆောင်လဲကျလိုက်သည်။
“အ ..”
သို့သော် ရှီးခူ မှာ မပြောင်းလဲဘဲ ရပ်နေမြဲရပ်နေသည်။
ဟယ်ယဲ့ အလိုမကျစွာထလိုက်ပြီး ….
“အစ်ကို ရှီးခူ .. သခင်လေးက အခန်းထဲမှာ စာဖတ်နေတာလား”
ရှီးခူ ခေါင်းညိတ်ပြလေရာ ဟယ်ယဲ့ က နူးညံ့စွာဖြင့် …
“သခင်လေးက ယဲ့လန် တိုင်းပြည်နှင့် တိုက်ခိုက်ရတော့မယ်လို့ သခင်မလေးကြားတော့ လောင်ကျွင်း ဆောင်ကိုသွားပြီး သခင်လေးအတွက် ဆုတောင်းပေးနေတယ် .. ညနက်လာပြီဆိုတော့ အအေးမိမှာစိုးလို့ အပေါ်ရုံသွားပို့ပေးချင်ပေမယ့် အမှောင်ကိုကြောက်လို့ အစ်ကို ရှီးခူ ကပဲ သခင်လေးကိုပို့ပေးဖို့ မေးပေးလို့ရမလား”
သူ၏သခင်က ညီမလေးကို အလွန်ချစ်ကြောင်း ရှီးခူ သိသဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ အခန်းထဲသို့ဝင်ကာ ရှောင်းယီ ထံ ပြောပြလိုက်သည်။
ရှောင်းယီ အခန်းထဲမှထွက်လာပြီး …
“မင်းရဲ့သခင်မလေးက တောင်တွေဆီထွက်သွားတယ်ဟုတ်လား”
ဟယ်ယဲ့ အနည်းငယ်ကြောက်လန့်နေပြီး ရှောင်းယီ နှင့် မျက်နှာချငိးမဆိုင်ရဲသောကြောင့် ခေါင်းကိုငုံ့ထားလျက် …
“ဟုတ်..ဟုတ်ပါတယ် .. သခင်မလေးက ကျွန်မကိုထွက်လာပြီး သခင်လေးနဲ့တွေ့ခိုင်းထားတာ ပြီးတော့ သခင်လေးကို ဝတ်ရုံလာပို့ပေးခိုင်းပြီး ဒီလိုမှ သူဆုတောင်းပေးနေတာ သခင်လေးမြင်ရမယ်လို့ပြော ….”
ထိုသို့ပြောပြီးနောက် သူမမှားယွင်းသွားမှန်း သဘောပေါက်လိုက်ရသည်။
သူမတော့သွားပြီ၊ သူမစိတ်ထဲရှိသည့်အကြောင်းကို သူမပြောလိုက်မိသည်။
ဟယ်ယဲ့ သတ္တိကိုစုစည်းလိုက်ပြီး မော့ကြည့်လိုက်သည့်အခါ ပြုံးတစ်ဝက်မပြုံးတစ်ဝက်နှင့် ကြောက်စရာဟန်ဖြင့် ကြည့်နေသော ရှောင်းယီ ကိုတွေ့လိုက်သည်။
ဟယ်ယဲ့ ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်သွားပြီး ငိုချင်စိတ်များဖြစ်သွားလေသည်။
ရှောင်းယီ စိတ်ထဲမထားဘဲ အပေါ်ဝတ်ရုံကိုယူကာ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားလေသည်။
သူ၏ကိုယ်ဖော့ပညာမှာ အလွန်ကျွမ်းကျင်သဖြင့် နာရီဝက်ကြာအချိန်မှာပင် လောင်ကျွင်း ဆောင်အရှေ့သို့ ရောက်လာလေသည်။
အလွန်ညနက်နေသည်ဖြစ်သော်လည်း လောင်ကျွင်း ဆောင်မှာ အနည်းငယ်လင်းထိန်နေသည်။ ခန်းမအနောက်ထဲမှ အသံကိုလည်းကြားလိုက်ရသည်။
မှောင်မိုက်နေသောအပင်အုပ်ထဲမှ သစ်ပင်တစ်ပင်ပေါ်တွင်ရပ်ကာ ကြည့်နေလိုက်သည်။
လောင်ကျွင်း အဆောင်၏အမိုးမှာ မီးအိမ်များဖြင့် ထွန်းညှိထားပြီး နန်းပေါင်ရီ မှာလည်း အနီရောင်ဇာကန့်လန့်ကာနောက်တွင် ပုန်းနေလျက် လှေကားထစ်များကို လှမ်းကြည့်ကာ ရှောင်းယီ ပေါ်လာမည့်အချိန်ကို တွက်ချက်နေသည်။
အလွန်ဉာဏ်များသောကလေးမလေးပင်။ သူမကိုယ်တိုင်ဆုတောင်းပေးရုံသာမက သူမဆုတောင်းပေးနေသည်ကိုလည်း ရှောင်းယီ ကို မြင်စေချင်နေသည်။
ရှောင်းယီ မှာ တောင်အောက်မှတက်လာဟန် လုပ်လိုက်ပြီး လှေကားထစ်များမှတဆင့် တက်လာလေသည်။
နန်းပေါင်ရီ မျက်လုံးထောင့်မှ ရှောင်းယီ ကို မြင်လိုက်သဖြင့် ခန်းမထဲသို့ အမြန်ပြေးသွားလေသည်။
ရှောင်းယီ အဝင်ဝနားရောက်သည့်အခါ ကလေးမလေးက ဖျာပေါ်တွင်ထိုင်လျက် ပါးစပ်မှလည်း ရေရွတ်နေလေသည်။
“အစ်ကို ၂ ဘေးမသီရန်မခဘဲ ပြန်ရောက်လာနိုင်ပါစေ .. အစ်ကို ၂ပြန်ရောက်လာတဲ့အချိန်ထိ ပေါင်ရီ သားသတ်လွတ်ပဲစားပြီး အခြားသတ္တဝါလေးတွေကို မသတ်ဖြတ်တော့ပါဘူး !”