အပိုင်း (၆၈)
စိတ်မရှည့်အမတ်လောင်း
ရှောင်းယီ ဝတ်ရုံကိုခါကာ နန်းပေါင်ရီ ကို တစ်ချိန်လုံး လျစ်လျူရှုထားလိုက်သည်။
မြို့တံခါးသို့ရောက်သည့်အခါ မြို့ထဲတွင် လူများစွာထူထပ်နေလေသည်။ မြစ်ကမ်းတစ်လျှောက် မုန့်လုံး၊ ငါးဟင်း၊ သကြားလုံးများနှင့် အခြားများစွာသောအစားအသောက်များ ရောင်းချနေသည့် ပျံကျဈေးသည်များလည်း ပြည့်နှက်နေသည်။
နန်းပေါင်ရီ နှင့်အတူ အပြင်ထွက်ခြင်းက ရှောင်းယီ အတွက် ပထမဆုံးဖြစ်သော်လည်း နောက်နောင် သူမနှင့်အတူ အပြင်ထွက်တော့မည်မဟုတ်ပေ။
ထိုကလေးမလေးမှာ တွေ့သမျှအရာအားလုံးကို ဝယ်လာသဖြင့် ရှီးခူ နှင့် ရှီးယန် တို့လက်နှစ်ဖက်စီတွင်လည်း အထုပ်များဖြင့် ပြည့်လျှံနေသည်။
သူမက နေကြာစေ့များစားလျက် လူကြားထဲတွင် မြူတူးပျော်ရွှင်ခုန်ပေါက်နေသည်။ သိမ်မွေ့သည့်မိန်းကလေးက ခြေလှမ်းနှစ်လှမ်းပြည့်တိုင်း အသက်ရှူရသည်ဟု အများကပြောကြသော်လည်း နန်းကျောင်းကျောင်း မှာမူ သူမတွင် ငွေကြေးအလုံအလောက်ရှိနေသမျှ အခြားသူများထက် ပို၍မြန်ဆန်စွာပြေးနိုင်လိမ့်မည်ဟု ရှောင်းယီ တွေးမိလိုက်သည်။
“အား !! .. သကြားချောင်းတွေ !”
နန်းပေါင်ရီ ပျော်ရွှင်စွာအော်လိုက်ပြီး ရှောင်းယီ ကို လူအုပ်ထဲဆွဲခေါ်ကာ ဆိုင်ရှေ့သို့ ပြေးသွားလေသည်။
“ဦးလေးကြီး .. သမီးအတွက် မီးငှက်ပုံလေးလုပ်ပေးလို့ရလား .. အကောင်ကြီးကြီး အမြီးလှလှနဲ့နော် !”
သူမ၏ တဖန်မွေးဖွားလာမှုမှာ မီးလောင်ကျွမ်းခြင်းမှ ပြန်လည်မွေးဖွားလာသည်ဟု မှတ်ယူနိုင်သည်။
အနည်းငယ်ကြာပြီးနောက် မီးငှက်ပုံစံမှာ ပြီးမြောက်ခဲ့လေသည်။ ထိုမီးငှက်ရုပ်ကို သကြားကိုအရည်ဖျော်ကာ လုပ်ထားခြင်းဖြစ်ပြီး ပုံစံမှာလည်း အလွန်အသက်ဝင်လှသည်။
မီးငှက်ရုပ်သကြားချောင်းကို နန်းပေါင်ရီ ယူကာ ရှောင်းယီ ကို ကြည့်လိုက်သည်။ အမတ်လောင်းသည် သူမကို အလွန်ဂရုစိုက်သဖြင့် သူ့ကို အရင်ကျွေးရန် စိတ်ကူးမိလိုက်သည်။
နန်းပေါင်ရီ ခြေဖျားထောက်ရပ်ကာ သကြားချောင်းကို ရှောင်းယီ နှုတ်ခမ်းအနားကပ်လျက် …
“အစ်ကို့ကို အရင်ကျွေးမယ် … စားကြည့်”
ရှောင်းယီ ငုံ့ကြည့်လေရာ ကလေးမလေးက သကြားချောင်းကို နှမြောတွန့်တိုစွာကြည့်နေလေသည်။
ရှောင်းယီ စနောက်ချင်လာသဖြင့် ခေါင်းကိုငုံ့ကာ မီးငှက်၏ ခေါင်းနှင့်လည်ပင်းအထိ ကိုက်စားလိုက်လေသည်။
နန်းပေါင်ရီ အံ့ဩတကြီးဖြစ်သွားပုံကို ရှောင်းယီ ပို၍စချင်လာသောကြောင့် အပြုံးတုနှင့် မြိန်ရေရှက်ရေစားပြလေသည်။
“ချိုလိုက်တာ…”
နန်းပေါင်ရီ သကြားချောင်းကိ ုကိုင်ထားလျက် ခေါင်းမရှိတော့သော မီးငှက်သကြားချောင်းကိုကြည့်ကာ မျက်ရည်ဝဲလာလေသည်။
အမတ်လောင်းကြီးက တကယ်ကို မကျေနပ်စရာပင်။
နဂါးလှေပြိုင်ပွဲမှာလည်း စတင်တော့မည်ဖြစ်သောကြောင့် မြစ်ကမ်းတစ်လျှောက် လူများပြည့်နှက်နေပြီး အချို့မှာ နဂါးလှေများကို ငှားရမ်းနေကြလေသည်။ နန်းပေါင်ရီ သည်လည်း ဝင်ပြိုင်ချင်လိုသဖြင့် လှေတစ်စီးကို ငှားရမ်းလိုက်သည်။
ရှောင်းယီ အလိုမကျဟန်ကြည့်ကာ …
“ငါလှေမလှော်နိုင်ဘူး”
“ရှီးခူ တို့ကို ခေါ် ….”
သူတို့နှစ်ယောက်ကို နန်းပေါင်ရီ လှမ်းကြည့်လိုက်သည့အခါ နှစ်ယောက်လုံး၏လက်များတွင် အိတ်များဖြင့်ပြည့်နေပြီး ညှာတာပေးရန် သနားစဖွယ်ကြည့်နေကြသဖြင့် သူမစကားကိုပြန်ပြင်လိုက်သည်။
“ညီမလေးကိုယ်တိုင်လှော်နိုင်တယ်”
ရှောင်းယီ သူမကိုပြန်ကြည့်လိုက်သည်။ ကလေးမ၏ သေးငယ်သောလက်နှင့်ခြေတို့က လှေလှော်နိုင်မည်လား။
ကလေးမပုံစံမှာ တိုက်ပွဲအတွက် အသင့်ပြင်နေဟန်ဖြစ်နေသောကြောင့် ရှောင်းယီ ရယ်လိုက်ပြီး သူမအတွက် လှေတစ်စီးငှားပေးလိုက်သည်။
လှေမှာ အနီနှင့်အစိမ်းရောင်ဆေးခြယ်ထားပြီး လှေပုံစံမှာလည်း နဂါးတစ်ကောင်ကဲ့သို့ ကွေးညွတ်ကာ အလွန်ခမ်းနားထည်ဝါနေသည်။
အခြားသူများလှော်နေပုံကို နန်းပေါင်ရီ ခဏလေ့လာလိုက်ပြီး လက်ပေါ်မှဝတ်ရုံကို မကာ တက်ကိုကိုင်လိုက်ပြီး မြစ်ထဲရောက်အောင် လှော်သွားလေသည်။
သူမအလွန်တတ်မြောက်လွယ်ပြီး ကောင်းမွန်စွာလုပ်နိုင်ခဲ့လေသည်။ ရှောင်းယီ မှာမူ လှေထဲတွင် ပျင်းရိစွာထိုင်လျက် လိုက်လာလေသည်။
နွေရာသီအစနေရောင်ခြည်မှာ ရေပြင်ပေါ်တွင် ထင်ဟပ်နေပြီး မိန်းကလေး၏မျက်နှာထက် ရောင်ပြန်ဟပ်နေလေသည်။
ထိုအချိန် ရုတ်တရက် နန်းပေါင်ရီ က ….
“ဟိုမှာ ဆရာ ကျန်း မဟုတ်ဘူးလား”
ရှောင်းယီ လှမ်းကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံဝတ်လျက် ရွှေရောင်မကိုဋ်တပ်ဆင်ကာ မုန့်လုံးကိုကိုင်ပြီး ဓါးမျိုပြသည့်ပွဲကို စိတ်ဝင်တစားကြည့်နေလေသည်။
ရှောင်းယီ ဘာမှမပြောရသေးခင် နန်းပေါင်ရီ က လှော်တက်ကို ကမ်းပေးလိုက်ပြီး …
“အစ်ကို ၂ .. ညီမလေးအစား လှော်ပေးနော် … နောက်ကျရင် ပြန်ဆပ်ပေးပါ့မယ် !”
ထိုသို့ပြောပြီးနောက် သူမ၏ဆံထိုးကိုပြင်လိုက်ကာ …
“သခင်လေး ကျန်း !”
ရှောင်းယီ မှာ လှေထဲတွင် မှုန်ကုပ်စွာထိုင်နေလေသည်။ နန်းပေါင်ရီ မှာ သိမ်မွေ့စွာထိုင်လျက် မိန်းကလေးပီသစွာ ရှက်ရွံ့ဟန်နှင့် ထိုင်နေလေသည်။ သူမက ကျန်းဆွေ့ဟန် ကို စကားပြောရန် လမ်းစရှာနေလေသည်။
“သခင်လေး ကျန်း လည်း နဂါးလှေပြိုင်ပွဲကိုလာကြည့်တာလား .. ကျွန်မတို့အကြိုက်တူကြတာပဲနော်”
နန်းပေါင်ရီ စကားကြောင့် ကျန်းဆွေ့ဟန် ဆွံ့အသွားရလေသည်။ နဂါးလှေပြိုင်ပွဲလာကြည့်ခြင်းက အကြိုက်တူကြသည်ဆိုလျှင် အခြားသောလူအများအပြားနှင့်လည်း အကြိုက်တူကြသည်မဟုတ်လား။
နွေရာသီရောက်လာသဖြင့် နေရောင်မှာ အနည်းငယ်ပူလောင်နေပြီး သူမသည်လည်း မိန်းကလေးဆန်ဆန်ပြုမူရမည်ဟု တွေးမိလိုက်သည်။ ထီးကိုချစ်စဖွယ်ဟန်ပန်နှင့် အသာဖွင့်လိုက်ပြီး ….
“နေရောင်ကအရမ်းပြင်းတာပဲ အသားလောင်မှာတောင် စိုးရတယ် .. သခင်လေး ကျန်း မသိလို့ ကျွန်မငယ်ငယ်တုန်းကဆို အသားဖြူလွန်းတော့ အမျိုးမျိုးမြှောက်ပင့်ကြပေမယ့် အရမ်းချီးမွမ်းနေကြတယ်လို့ပဲ ထင်မိတယ် .. ကျွန်မမှာမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ”
သူမအစီအစဉ်အရ ကျန်းဆွေ့ဟန် က သူ၏ အသားအရေလှပမှုနှင့် နူးညံ့သိမ်မွေ့မှုကို ချီးကျူးရမည်ဖြစ်သော်လည်း မဖြစ်လာခဲ့ပေ။
ကျန်းဆွေ့ဟန် စိတ်လှုပ်ရှားစွာနှင့် ကြွေဘူးငယ်တစ်ဘူးထုတ်ကာ ….
“အသားဖြူချင်တယ်ဆိုရင် ကျွန်တော့်မှာ အသားဖြူစေတဲ့ အဆီအနှစ်ရှိတယ် .. တစ်စက်လေးနဲ့ကို အရမ်းအာနိသင်ကောင်းတာ တစ်လလောက်ဆိုရင် အသားအရေလေးကို နုပျိုဝင်းလက်စေတယ် .. တစ်ဘူးမှာ ငွေစ ၅၀၀တည်း အခမဲ့ပို့ပေးတယ် !”
နန်းပေါင်ရီ ခဏတာအလိုမကျဖြစ်သွားကာ အံကြိတ်လိုက်ပြီးနောက် တဖြည်းဖြည်းနှင့်အားယူကာပြန်လည်ပြုံးလိုက်ပြီး နူးညံ့သောဟန်နှင့်ပင် …
“သခင်လေး ကျန်း က အလှအပဆိုင်ရာပစ္စည်းတွေကို ကောင်းကောင်းနားလည်သိကျွမ်းပုံပါပဲ .. ဒါတွေအပြင် အခြားနည်းလမ်းတွေရော ရှိသေးလား”
“ငွေအိပ်ရာပေါ်မှာအိပ်တာ”
ကျန်းဆွေ့ဟန် ပွင့်ပွင့်လင်းလင်းပင်ပြောလေသည်။
“တကယ်လား .. ကျွန်မက ရွှေငွေရတနာတွေကို စိတ်မဝင်စားဘူး ဒါတွေက သာမန်အပေါစားတွေပဲ … ကျွန်မက ကိုယ့်အခန်းထဲမှာနေပြီး ကဗျာဖတ်နေရတာပဲဘသဘောကျတယ် .. ဘာမှလုပ်စရာမရှိရင် လက်ဖက်ရည်သောက်ပြီး ဗျတ်စောင်းတီးရင်း ….”
နန်းပေါင်ရီ စကားပြောလျက်ပင် ကျန်းဆွေ့ဟန် အနား တဖြည်းဖြည်းကပ်လာလေသည်။
ကျန်းဆွေ့ဟန် မှာ ရှောင်းယီ ၏ အေးစက်စက်နှင့် မီးဟုန်းဟုန်းတောက်နေသောအကြည့်တို့ကြောင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။
ကျန်းဆွေ့ဟန် တဖြည်းဖြည်းနောက်ဆုတ်ကာ …
“မင်း..မင်း..မင်း.. ကျုပ်အနားမကပ်နဲ့နော် .. ကျုပ်ကို မထိနဲ့ ! မထိနဲ့ !”
“သခင်လေး ကျန်း .. ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေကြတာပဲလေ …”
ရှောင်းယီ မျက်နှာအုံ့မှိုင်းလာပြီး လှေလှော်ရန်စိတ်မပါတော့သဖြင့် ပဲ့မငြိမ်တော့ဘဲ လှေမှာ ပြင်းထန်စွာယိမ်းယိုင်လေသည်။
ခံစားချက်ထဲနစ်မျောနေသော နန်းပေါင်ရီ က ကောင်းမွန်စွာမထိုင်နေသဖြင့် လှေစောင်းနှင့် ရိုက်မိလုနီးပါးပင် ဖြစ်သွားလေသည်။
သူမရုတ်တရက် ကျန်းဆွေ့ဟန် ကို ဖက်ကာ …
“သခင်လေး ကျန်း .. ကျွန်မကြောက်တယ် !”
ကျန်းဆွေ့ဟန် ငိုချင်စိတ်များဖြစ်လာရသည်။
“မင်းက ဘာကိုကြောက်တာလဲ .. ကျုပ်ကမှကြောက်ရမှာ !”
အစ်ကို ရှောင်း ၏ လူသတ်တော့မည့်အကြည့်ကြောင့် ကျန်းဆွေ့ဟန် အလွန်ပင်ထိတ်လန့်သွားသည်။
နန်းပေါင်ရီ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ကျန်းဆွေ့ဟန် အနား ပို၍တိုးကပ်လေသည်။
လူအများကလည်းကြည့်နေကြသဖြင့် ကျန်းဆွေ့ဟန် နှင့် နီးနိုင်သမျှနီးကပ်စွာနေရန် လိုအပ်သည်။ ထိုမှသာ ချန်း မိသားစုနှင့် လက်ထပ်ပွဲကိုငြင်းဆန်နိုင်သည့်အပြင် ကျန်းဆွေ့ဟန် ကိုလည်း သူမ၏မိသားစုအတွင်း ဝင်နိုင်ရန် ကြံစည်နိုင်ပေလိမ့်မည်။
မဟုတ်ဘူး၊ ကျန်းဆွေ့ဟန် ကို သူမ၏မိသားစုနှင့် လက်ထပ်စေလိုသည်။
ရှောင်းယီ မှာ သူ့ကို ဝါးစားတော့မည့်အလား ကြည့်နေသဖြင့် ကျန်းဆွေ့ဟန် မှာ ဆံပင်များပင်ထောင်သွားလေသည်။ ကြံရာမရတော့ဘဲနောက်ဆုံးတွင် ကျန်းဆွေ့ဟန် စိတ်ကိုတင်းကာ ညှာတာခြင်းမရှိဘဲ နန်းပေါင်ရီ ကို မြစ်ထဲသို့ တွန်းချလိုက်သည်။
ကျန်းဆွေ့ဟန် အလွန်ပင် ရဲတင်းလှသည်။
သို့သော် ရုတ်တရက်တွေးမိလိုက်သည်က အကယ်၍ ကျန်းဆွေ့ဟန် သာ သူမကိုကယ်လိုက်လျှင် သူမအတွက် ရေလာမြောင်းပေးပြောရန် ပိုလွယ်သွားပြီမဟုတ်လား။
နန်းပေါင်ရီ တွေးမိကာ လှေအစွန်းနားတွင်ကပ်လျက် ကျန်းဆွေ့ဟန် ၏ လက်ကိုမမီမကမ်းနှင့် လှမ်းဆွဲနေသည်။
“သခင်လေး ကျန်း .. ကျွန်မကိုကယ်ပါ”
ရှောင်းယီ ခံစားချက်တို့ကင်းမဲ့စွာထိုင်နေလျက် တက်ကိုမြှောက်ကာ နန်းပေါင်ရီ ကို ရိုက်ကာ ရေထဲသို့ပစ်ချလိုက်လေသည်။