အပိုင်း (၆၇)
ကောင်းမွန်သည့် အစ်ကိုကြီး
“အားလပ်ရက်ကွ !”
နေ့လယ်ခင်းအချိန်ရောက်သည့်အခါ ကျန်းဆွေ့ဟန် က ကလေးတစ်ယောက်ကဲ့သို့ ပျော်ပါးလျက် မနက်အစောကြီးကတည်းကပင် စားပွဲရှေ့ နေရာယူထားလေသည်။
စားပွဲထက်တွင် ယမကာအစုံနှင့် ထူးဆန်းသော မုန့်လုံးများကိုလည်း စီရီခင်းကျင်းထားလေသည်။ ကျန်းဆွေ့ဟန် သိလိုစိတ်တို့ဖြင့် တူနှင့်ညှပ်လိုက် လှန်လိုက်လုပ်နေပြီး ….
“ဒါကဘာလဲ”
နန်းပေါင်ရီ ကန့်လန့်ကာ နောက်မှ ညင်သာစွာ ထွက်လာသည်။ သူမ၏ပန်းနုရောင်ဂါဝန်လေးမှာ တိမ်လွှာအလား ပေါ့ပါးနေပြီး ပန်းဆွဲနှင့်ငွေရောင်ဆံထိုးမှာလည်း အလင်းရောင်ပြန်ဟပ်နေသော နှင်းပွင့်လေးပမာ လင်းလက်နေပြီး သူမ၏မက်မွန်ရောင်သမ်းနေသော ပါးမို့လေးကလည်း ပို၍ချစ်စဖွယ်ဖြစ်နေလေသည်။
သူမသိမ်မွေ့စွာထိုင်လိုက်ပြီး …
“ဒီမုန့်လုံးလေးတွေကို ကျွန်မကိုယ်တိုင်လုပ်ထားတာပါ .. သခင်လေး ကျန်း သုံးဆောင်ကြည့်ပါဦး”
“မုန့်လုံး ! ဟားဟားဟားဟား ! ဒါတွေက တကယ်မုန့်လုံးလား !”
ကျန်းဆွေ့ဟန် မညှာမတာ ရယ်မောလေတော့သည်။
“သခင်မလေး နန်း က တကယ်ပါရမီမပါတာပဲ”
ကျန်းဆွေ့ဟန် စကားကြောင့် နန်းပေါင်ရီ ဆွံ့အသွားရလေသည်။
သူမစိတ်ကူးအရ ကျန်းဆွေ့ဟန် က သူမကိုချီးကျူးစကားဆိုရမည်မဟုတ်လား။ ထိုမှတဆင့် မိမိတို့၏အကြောင်းစုံကိုပြောပြပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ဝင်စားမိရမည်ဟု သူမရည်ရွယ်ထားသည်။
နန်းပေါင်ရီ အပြုံးတုနှင့်ပြုံးလိုက်ပြီး ကျန်းဆွေ့ဟန် ကို အေးစက်စက်ရယ်ပြလေသည်။
ကျန်းဆွေ့ဟန် သူ၏ကျောရိုးတစ်လျှောက် အေးစိမ့်ကာ ကြက်သီးမွေးညှင်းများပင် ထသွားလေသည်။
ချီးကျူးပေးရမည်ဟု ကျန်းဆွေ့ဟန် တွေးမိကာ ချက်ချင်းပြုံးလိုက်ပြီး …
“သခင်မလေး နန်း လို လှလှပပလေးမုန့်လုံးနိုင်တာ ရှားတယ် .. ဒါလေးတွေဆို ကြည့်ပါဦး ရောင်စုံချည်လေးတွေနဲ့ချုပ်ထားတာ အတော်လှပြီး ဆန်းဆန်းပြားပြားလေးလည်းဖြစ်တယ်”
နန်းပေါင်ရီ သူမမျက်နှာကို ယပ်တောင်နဲ့ကာလိုက်ပြီး ရှက်ရွံ့ဟန်ပြလျက် နူးညံ့စွာ …
“သခင်လေး ကျန်း က မြှောက်လွန်းနေပါပြီ”
သူမဘေးတွင် ရှောင်းယီ ထိုင်နေပြီး သူ၏ယမကာခွက်ကိုယူကာ တစ်ငုံမော့သောက်လိုက်သည်။
ထို့နောက် အသံကိုနိမ့်ကာ …
“ကျွန်တော့်ညီမလေးရဲ့ မုန့်လုံးတွေက အဆင်ပြေတယ်ဆိုရင် ဆရာ ကျန်း တစ်ခုလောက် သုံးဆောင်ပါလား”
“အာ .. စား..စားရမယ် …”
ထိုအစိမ်းရောင်မုန့်လုံးများကို ကျန်းဆွေ့ဟန့် တွန့်ဆုတ်တွန့်ဆုတ်နှင့် ကြည့်နေသည်။
ဒါတွေက စားလို့ရရဲ့လား။
ရှောင်းယီ နှင့် နန်းပေါင်ရီ တို့ သူ့ကိုစိုက်ကြည့်နေကြသဖြင့် မငြင်းဆန်ရဲသဖြင့် စိတ်ကိုတင်းကာ မုန့်လုံးတစ်ခုကို ယူလိုက်သည်။
ကျန်းဆွေ့ဟန် အပ်ချည်ကြိုးများကိုဖြတ်တောက်လိုက်ပြီး မုန့်လုံးကိုအုပ်ထားသောအလွှာအထပ်ထပ်ကို ခွာလိုက်သည်။ မုန့်လုံးမှာ အလွန်ကြီးသည်ဟုထင်ရသော်လည်း အထဲတွင် အစာအနည်းငယ်သာပါသည်။
ထို့အပြင် အစာသွပ်ထားသောပါဝင်ပစ္စည်းများကိုလည်း ကောင်းမွန်စွာ ရောပြွမ်းထားခြင်းမရှိသောကြောင့် သိပ်သည်းခြင်းမရှိဘဲ လျော့ရဲနေပြီး အရသာမှာလည်း အလွန်ဆိုးဝါးလှသည်။
ကျန်းဆွေ့ဟန် ရွံရှာမိသော်လည်း အောင့်ကာ မြိုချလိုက်လေသည်။
“ဘယ်လိုနေလဲ”
နန်းပေါင်ရီ က မျှော်လင့်တကြီးနှင့် ကြည့်လိုက်သည်။ သူမစိတ်ကူးအရ ကျန်းဆွေ့ဟန် အရသာမြည်းစမ်းရင်း သူမကို လက်ထပ်ရသူက ကံအကောင်းဆုံးဖြစ်လိမ့်မည်ဟု ချီးကျူးလျှင် သူမက သဘာဝကျကျတုံ့ပြန်ကာ သူမ၏ခံစားချက်များကို ပြသပေးမည်။
သို့သော် သူမ၏အတွေးမှာ ပြောင်းပြန်ဖြစ်သွားရလေသည်။
ကျန်းဆွေ့ဟန် လက်သီးကိုတင်းကြပ်အောင်ဆုပ်ကာ စကားမပြောဘဲနေပြီးနောက် သူ၏မျက်နှာထက် မျက်ရည်များကျဆင်းလာတော့သည်။
နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းဖြစ်ကာ …
“ဆရာ ကျန်း .. ကျွန်မလက်ရာမုန့်လုံးတွေက ငိုစေလောက်အောင်ထိကို ဆိုးဝါးတာလား”
ကျန်းဆွေ့ဟန် ၏ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး အပ်နှစ်ချောင်းကို ထွေးထုတ်လိုက်သည်။
နန်းပေါင်ရီ မှာ အံ့အားသင့်စွာ ကြောင်အမ်းလျက်ကြည့်နေလေသည်။
ကျန်းဆွေ့ဟန် လည်း မျက်ရည်များကျလာပြီး မတ်တပ်ရပ်ကာ သူ၏လက်တစ်ဖက်ပေါ်တစ်ဖက်အုပ်ကာ အရိုအသေပြုလျက် နာကျင်နေဟန်နှင့် …
“ကျ..ကျ..ကျွန်တော်..ကျွန်တော် ထွက်သွားပြီး ခြံထဲကလူတွေနဲ့ သွမ့်ယန်း ပွဲ ဆင်နွှဲပါတော့မယ် … အစ်ကို ရှောင်း ..သခင်မလေး နန်း … ကျွန်တော့်ကိုသွားခွင့်ပြုပါဦး”
ကျန်းဆွေ့ဟန် မျက်ရည်များဝဲလျက် ထွက်ပြေးသွားတော့သည်။
ရှောင်းယီ က ယမကာတစ်ငုံထပ်သောက်လိုက်ပြီး …
“ငါးစာဟပ်မယ့်ငါးကတော့ ထွက်ပြေးသွားပြီ”
နန်းပေါင်ရီ ဒေါသတကြီးနှင့် …
“ညီမလေး သေချာပြန်ကြိုးစားမှာ !”
နန်းပေါင်ရီ သေချာပြန်ကြိုးစားနေလျှင် ကျန်းဆွေ့ဟန် မှာ နောင်နှစ် သွမ့်ယန်း ပွဲတော်အချိန်တွင် အသက်ရှိရန်ပင်မသေချာတော့ဟု ရှောင်းယီ တွေးလိုက်မိသည်။
သို့သော် မျက်စိစပါးမွေးစူးစေသည့် ကျန်းဆွေ့ဟန် မရှိလျှက် ရှောင်းယီ စိတ်မှာ ပုံမှန်ပြန်ဖြစ်လာသည်။
နန်းပေါင်ရီ ခွက်ထဲသို့ ယမကာတချို့လောင်းထည့်လိုက်ပြီး …
“သွမ့်ယန်း သေရည်က စိတ်ကိုလန်းဆန်းစေတယ် .. သောက်ကြည့်လိုက်”
နန်းပေါင်ရီ မှာ သစ်သီးယမကာကိုသာသောက်ပြီး သေရည်အရက်ကိုတော့ သူမလုံးဝမသောက်သော်လည်း ခွက်ကိုယူကာ တစ်ငုံသောက်ကြည့်လိုက်သည်။
အလွန်ဆိုးဝါးလှသဖြင့် နန်းပေါင်ရီ မျက်ရည်များပင် ဝဲလာသည်အထိ ချောင်းဆိုးမိလေတော့သည်။
သူမ မသောက်တတ်လိမ့်မည်ကို ရှောင်းယီ မထင်ထားခဲ့ပေ။ သူသိခဲ့လျှင် ကလေးမလေးကို သောက်ခိုင်းမည်မဟုတ်။ နန်းပေါင်ရီ ၏ ကျောကို အသာပုတ်ကာ ရေတစ်ခွက် ကမ်းပေးလိုက်သည်။
နန်းပေါင်ရီ လည်း ရှောင်းယီ လက်ကိုအုပ်ကိုင်လျက် ရေကိုအငမ်းမရမော့သောက်လိုက်ပြီးနောက် ပြန်လည်သက်သာလာလေသည်။
ယမကာခွက်ကို အထိတ်တလန့်ကြည့်လျက် …
“အစ်ကို ၂ .. ဒါကို ညီမလေး မသောက်နိုင်လောက်ဘူးထင်တယ်”
ရုတ်တရက် တစ်ခုခုကိုသတိရလိုက်ဟန်နှင့် နန်းပေါင်ရီ နှုတ်ခမ်းကိုကိုက်ကာ နူးညံ့သောလေသံဖြင့် ..
“တကယ်လို့ ဒါကို ညီမလေးမသောက်ရင် နိမိတ်မရှိဘူးလို့မှတ်နိုင်လား”
သူမတစ်ဖန်ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် ထူးခြားဆန်းကြယ်သည့်ကမ္ဘာကြီးတွင် ကြိုတင်မမြင်ရသော ကောင်းကင်အလို ကံကြမ္မာတို့ကို နန်းပေါင်ရီ ယုံကြည်လာပြီး သာမန်လူများထက် ကံကြမ္မာကိုသာ ပို၍ဂရုစိုက်ခဲ့သည်။
ရှောင်းယီ လက်ကိုင်ပုဝါကိုယူကာ နန်းပေါင်ရီ ၏ နှုတ်ခမ်းကိုသုတ်ပေးလိုက်ပြီး ကလေးမလေး အသုံးပြုထားသောခွက်ကို ယူလိုက်သည်။
ခွက်အစွန်းနားတွင် အနီရောင်အမှတ်များ ရှိနေပြီး ထိုအမှတ်တို့ကို သူ၏နှုတ်ခမ်းနှင့်တေ့ကာ သေရည်ယမကာကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
နန်းပေါင်ရီ အံ့ဩတကြီးနှင့် …
“အစ်ကို ၂ ?”
“မင်းအစား ငါသောက်ပေးရင် နိမိတ်မရှိတာမဖြစ်တော့ဘူး .. သဘောထားကောင်းတဲ့ နန်းကျောင်းကျောင်း က အမြဲတမ်းကံကောင်းနေရမယ်”
ရှောင်းယီ မှာ အေးစက်စက်နိုင်သော်လည်း သူ၏စကားများက နန်းပေါင်ရီ ၏ ရင်ကိုနွေးထွေးစေသည်။
လွန်ခဲ့သည့်နှစ်ရက်ကတည်းက ရှောင်းယီ အပေါ် မတင်မကျဖြစ်နေသောစိတ်မှာ ချက်ချင်းကင်းစင်သွားလေသည်။
အမတ်ကြီးက အလွန်ကောင်းမွန်သော အစ်ကိုတစ်ယောက်ပင်။
နေ့လယ်စာစားသောက်ပြ နန်းပေါင်ရီ ပလုတ်ကျင်းလက်ဆေးကာ ချစ်စဖွယ်ပြုံးလိုက်ပြီး …
“နေ့လယ်ဆိုရင် နဂါးလှေပြိုင်ပွဲရှိတယ်လို့ ကြားထားတယ် အစ်ကိုရော အတူသွားကြည့်ချင်လား”
ရှောင်းယီ အလွန်အလုပ်များသဖြင့် အလွယ်တကူလက်ခံလိမ့်မည်မဟုတ်ဟုတွေးမိသော်လည်း မထင်မှတ်စွာ ရှောင်းယီ သဘောတူခဲ့သည်။
လှည်းကမြို့အဝင်သို့ရောက်လာခဲ့ချိန်တွင် နန်းပေါင်ရီ သိချင်စိတ်တို့ဖြစ်လာပြီး …
“အာ ဟုတ်သား .. အစ်ကို ၂ ချင်းချန် တောင်ပေါ်တက်လာတာက ငွေစာရင်းတွေ လာစစ်တာမလား”
“ဟုတ်တယ်”
“ဒီလိုအသေးအမွှားလေးတွေကို ရှီးခူ ကို လုပ်ခိုင်းလိုက်တာမဟုတ်ဘူး အစ်ကိုကိုယ်တိုင် အပင်ပန်းခံပြီးလာနေသေးတယ်”
နန်းပေါင်ရီ အလွန်ချစ်စရာကောင်းသည့်ဟန် လုပ်ပြရင်း …
“အစ်ကို ၂ပင်ပန်းနေမှာ ညီမလေးမမြင်ဝံ့ဘူး”
ရှောင်းယီ မျက်လုံးမှိတ်ကာ နားနေခဲ့ပြီး ထိုစကားသံကိုကြားပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်လေသည်။
ထိုချိုသာသောစကားတို့ကို ဘယ်ကသင်ယူခဲ့သည်ကိုလည်း ရှောင်းယီ စဉ်းစားမရပေ။
“ငွေစာရင်းစစ်တာအပြင် ဂျုံပြောင်းပို့ဆောင်ရေးအတွက်လည်း ကြီးကြပ်ရဦးမယ်လေ .. ရှီးခူ ကိုပဲ လုပ်ခိုင်းလို့အဆင်မပြေဘူး”
“စားနပ်ရိက္ခာတွေပို့တာ ?”
ရှောင်းယီ ခဏတာတိတ်ဆိတ်နေပြီးနောက် …
“သိပ်မကြာခင် ယဲ့လန် တိုင်းပြည်နဲ့ စစ်ပွဲဖြစ်တော့မှာ”
နန်းပေါင်ရီ ထိတ်လန့်သွားသည်။
ယဲ့လန် တိုင်းပြည်သည် ရှု တိုင်းပြည်နှင့် ကပ်လျက်ရှိနေပြီး နယ်စပ်နေရာတွင် အခါအားလျော်စွာ သဘောထားကွဲလွဲပြီး ပဋိပက္ခဖြစ်လေ့ရှိသော်လည်း စစ်ပွဲကြီးကြီးမားမားမဖြစ်ခဲ့ပေ။
အတိတ်ဘဝတွင် ရှောင်းယီ က ယဲ့လန် တိုင်းပြည်ကို ချေမှုန်းဖျက်ဆီးခဲ့သော်လည်း ထိုအချိန်သို့ရောက်ရန် ၃နှစ်လိုနေသေးသည်။
ယခုဘဝတွင် အမတ်လောင်းက တိုက်ပွဲဝင်ရန်ပြင်နေပြီး သမိုင်းကြောင်းကို ပြောင်းလဲနိုင်မလားပင် မခန့်မှန်းနိုင်ပေ။
တစ်စုံတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲရန်သာဖြစ်သော်လည်း သူမ၏ပြန်လည်မွေးဖွားမှုက တိုင်းပြည်၏ကံကြမ္မာကိုလည်း ပြောင်းလဲစေခဲ့လျှင် ကောင်းကင်က သူမကို အပြစ်ပေးလေမလား။
နန်းပေါင်ရီ မလိုမကျဟန်နှင့် မျက်မှောင်ကြုတ်လိုက်သဖြင့် ရှောင်းယီ က သူမမျက်နှာကိုအုပ်ကိုင်လျက် …
“ငယ်ငယ်လေးနဲ့ ဘာလို့ရှုံ့မဲ့နေတာလဲ .. ပြုံးပြုံးပဲနေ”
“ညီမလေး အစ်ကို့ကို စစ်ပွဲထဲမသွားစေချင်ဘူး”
နန်းပေါင်ရီ ရုတ်တရက် ရှောင်းယီ ကို ဖက်တွယ်ကာ ကလေးဆိုးတစ်ယောက်ကဲ့သို့ ရင်ခွင်ထဲပစ်ဝင်လိုက်သည်။
သူမကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်ကာ ညင်သာစွာဖြင့် …
“ငါ့ကိုလွမ်းနေရမှာစိုးလို့ မသွားစေချင်တာလား”
နန်းပေါင်ရီ မော့ကြည့်ကာ …
“ဘာလို့လွမ်းရမှာလဲ”
ရှောင်းယီ မျက်နှာရုတ်တရက်ပျက်ယွင်းသွားပြီး စိတ်ထဲနှစ်လိုဖွယ်ကြည်နူးစိတ်သည်လည်း ကွယ်ပျောက်သွားတော့သည်။