အပိုင်း (၆၆)
ကောင်းမွန်တဲ့မိသားစုက အမြဲပျော်ရွှင်ရမယ်
နန်းပေါင်ရီ က ဧည့်ခန်းထဲတွင် ဧည့်သည်များနှင့် တွေ့ဆုံလေသည်။
အနည်းငယ်သားနားစွာ ဝတ်ဆင်ထားသော ကုန်သည်အချို့မှာ ပခုံးထက်တွင် ဖုန်များတင်နေကာ ဝတ်ရုံအစွန်းနားတွင်လည်း ရွှံ့ရေများ ပေကျံနေသဖြင့် အလျင်စလိုလာခဲ့ကြပုံပေါ်နေသည်။
နန်းပေါင်ရီ က အစေခံများကို လက်ဖက်ရည်တည်ခင်းရန်ပြောပြီး နွေးထွေးစွာ ဧည့်ခံလေသည်။
“ဦးလေးတို့က ဘယ်ကလာတာလဲ ဘာကြောင့်ဒီကိုရောက်လာတာလဲသိပါရစေ”
ကုန်သည်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ထိုသူတို့ကိုဦးဆောင်လာသည့် ဘေးဘက်ဆံပင်တချို့ ခဲရောင်ပြောင်းနေသော ကုန်သည်လူကြီးတစ်ယောက်က …
“သခင်မလေး နန်း .. ကျွန်တော်တို့က ကျင်ကွမ်း မြို့ရဲ့ ရှု ပိုးထည်ကုန်သည်တွေပါ .. နန်း မိသားစု အခက်အခဲဖြစ်နေတယ်ကြားလို့ အမြန်လာကူညီပေးတာပါ”
အရောင်အသွေးစုံလင်လှသော ရှု တိုင်းပြည်၏ ပိုးထည်လုပ်ငန်းကို နန်း မိသားစု ပိုးထည်နှင့် ရှ မိသားစု ပိုးထည်ဟူ၍ ခွဲခြားသတ်မှတ်ထားသည့်အပြင် အခြားသော အသေးစားနှင့် အလတ်စား ပိုးထည်လုပ်ငန်းများလည်းရှိသည်။
နန်းပေါင်ရီ တွေဝေလျက် မျက်တောင်ကို ပုတ်ခတ်ပုတ်လုပ်လိုက်သည်။
သူမ သိထားပုံအရဆိုလျှင် ထိုကုန်သည်များနှင့် သူမ၏မိသားစုတို့ကြား ဆက်ဆံရေးမရှိပေ။ အရာရာအဆင်ပြေနေပါလျက်နှင့် သူမတို့ကို ဘာကြောင့်များ ရုတ်တရက်ကြီးကူညီပေးချင်ရတာလဲ။
သူမနှစ်ခြိုက်စွာပြုံးလိုက်ပြီး ….
“ကျွန်မတို့ဆီ ပိုးစာရွက်ရောင်းဖို့ရောက်လာကြတာလား … ဈေးနှုန်းကလည်း အရမ်းမြင့်နေတော့ ဝယ်ဖို့က …”
“ကျွန်တော်တို့က ပိုးစာရွက်တွေ လာပို့ပေးတာပါ !”
ရောက်လာသောလူများက တစ်ညီတစ်ညာတည်း ပြောကြလေသည်။
ဦးဆောင်လာသည့်ကုန်သည်ကြီးက လက်တစ်ဖက်ပေါ်တစ်ဖက်အုပ်ကာ အရိုအသေပြုဟန်လုပ်လိုက်ပြီး …
“နွေဦးရာသီပန်းပွဲတော်မှာ သခင်မလေးက ယက်ကန်းစင်ပုံထိုးပြီး ပိုးထည်ယက်တဲ့နည်းလမ်းကိုလည်း လူအများကို အခမဲ့ဖြန့်ဝေပေးခဲ့တယ် .. သခင်မလေးပြောတဲ့အတိုင်း ကျွန်တော်တို့ ယက်ကန်းစင်လုပ်ပြီးတဲ့အခါ အချိန်နဲ့လူအင်အားဘယ်လောက်တောင် သက်သာခဲ့ရလဲဆိုတာ မမှတ်ထားနိုင်လောက်တဲ့အထိပဲ”
“နန်း မိသားစုက ကျွန်တော်တို့အတွက် ကျေးဇူးကြွေးရှိနေတာ ဒီလိုအခက်ကြုံနေရတာမျိုး ကျွန်တော်တို့က ဘယ်လိုလုပ်မျက်နှာလွဲနေနိုင်မှာလဲ”
“အခုလိုကူညီပေးချင်တာ ကျွန်တော်တို့တင်မဟုတ်ပါဘူး ကျင်ကွမ်း မြို့ရော ရှု တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ ပိုးထည ်လုပ်ငန်း မိသားစုတိုင်းက ပိုးစာရွက်အလေးချိန် ပေါင်ထောင်ချီရှိကြပါတယ် … အခုလည်း အမြန်လာနေကြပြီး မကြာခင် ရက်ပိုင်းအတွင်း ဒီကိုရောက်လာကြပါလိမ့်မယ်”
နန်းပေါင်ရီ ကြောင်အမ်းအမ်းဖြစ်ကာ လက်ဖက်ရည်ခွက်ကိုင်ထားသောလက်မှာ အနည်းငယ်ပင်တုန်လှုပ်လာလေသည်။
ထိုကုန်သည်များကိုကြည့်ကာ နန်းပေါင်ရီ မျက်ရည်များပင် ဝဲတက်ကာ လျင်မြန်စွာကျဆင်းလာတော့သည်။
နန်းပေါင်ရီ လက်ဖက်ရည်ခွက်ကိုချကာ သူမဂါဝန်ကိုပြင်ဆင်လိုက်ပြီး ထိုကုန်သည်တို့ရှေ့ ဒူးထောက်အရိုအသေပြုလေသည်။
“မလုပ်ပါနဲ့ !”
ကုန်သည်ကြီးတစ်ယောက်က သူမကိုထူပေးလိုက်ပြီး နှစ်လိုဖွယ်ပြုံးလျက် …
“ကောင်းမွန်တဲ့မိသားစုက အမြဲပျော်ရွှင်ရမှာပဲဆိုတဲ့ ဆိုရိုးတောင်ရှိသေးတယ်လေ .. နန်း မိသားစုနဲ့ ရှ မိသားစုက ရှု ပိုးထည်မှာ ဦးဆောင်နေတယ်ဆိုတာ သခင်မလေးလည်း သိပါတယ် .. ဒီနှစ်တွေထဲမှာ နန်း မိသားစုကသာ ကျွန်တော်တို့ကို မထောက်ပံ့ပေးခဲ့ရင် ရှ မိသားစုက လုပ်ငန်းငယ်လေးတွေနဲ့ ကုန်သည်တွေရဲ့ ရှာဖွေရသမျှကိုဝယ်ယူပြီး ဈေးကွက်ကို မြှင့်တင်ဖို့ကြိုးစားမှာပဲ … နန်း အိမ်တော်ကို ကူညီတာ ကျွန်တော်တို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်”
နန်းပေါင်ရီ မျက်ရည်များကိုသုတ်လိုက်ပြီး ပြတင်းပေါက်တစ်ဖက်မှ မှောင်မိုက်နေသော ကောင်းကင်ကြီးကိုကြည့်လိုက်သည်။
နောက်ကွယ်တွင်ရှိနေသူက သူ၏မိသားစုဒုက္ခရောက်သည့်အခါ ထွက်ပေါ်လာလိမ့်မည်။ သူတို့က မရိုးမသားလှည့်စားချင်သော်လည်း သူမက မတုံ့ပြန်လိုပေ။
နန်းပေါင်ရီ နူးညံ့စွာဖြင့် …
“ဦးလေးတို့ .. ပေါင်ရီ ရဲရဲတင်းတင်းနဲ့ပဲ တစ်ခုလောက် တောင်းဆိုပါရစေ”
…..
ရှောင်းယီ မှာ တပ်ဖွဲ့ရိက္ခာအသုံးစာရင်းကို အဆင်ချောစွာပင် ကိုင်တွယ်လိုက်နိုင်သည်။
အခြားသူများအတွက် ၂ရက် ၃ရက် အချိန်ယူရသော်လည်း ရှောင်းယီ မှာ နေ့တစ်ဝက်သာ အချိန်ယူပြီး ဖြေရှင်းနိုင်လိုက်သဖြင့် ကျန်သောရက်များမှာ သူ့အတွက် အားလပ်ရက်ပင်။
ယနေ့တွင် မိုးတိတ်သွားသည့်အပြင် ချင်းချန် တောင်မှာလည်း မြူများအုံ့ဆိုင်းနေရာ ကောင်းကင်ဘုံနှင့် တူနေလေသည်။
ရှောင်းယီ အပြင်ဘက်ရှိ ခုံပေါ်တွင်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကိုလှမ်းလိုက်သည့်လက်အနားတစ်ဝိုက်တွင်လည်း မြူအနည်းငယ်အုံ့နေသည်။ လေထု၏အငွေ့အသက်မှာလည်း စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
နန်းပေါင်ရီ ဧည့်ခန်းမှထွက်လာသောအခါ မျက်လုံးမှိတ်လျက် အနားယူနေသော လူငယ်ကိုတွေ့လိုက်ရသည်။ သူမလက်နောက်ပစ်ကာ ဂုဏ်ယူနေဟန်နှင့် လမ်းလျှောက်လာပြီး …
“အစ်ကို ၂ … ပိုးစာပင်ပြဿနာတော့ ညီမလေး ရှင်းပြီးသွားပြီ”
ရှောင်းယီ မှာ မလှုပ်မယှက်ပင်။
နန်းပေါင်ရီ က လှေကားထစ်နားတွင် မာန်ဝင့်ကာရပ်လျက် …
“ဒါတင်မကဘူး ရှ မိသားစု ကိုလည်း ထောင်ချောက်ဆင်ထားပြီးပြီ .. သူတို့က ဈေးတင်ရတာ သဘောကျတယ်မလား အဲဒီတော့ ရွှေစ ၂သောင်းတန်တဲ့ ပိုးစာရွက်တွေကို ရွှေ ၁၀စနဲ့ ဈေးကွက်ထဲအရင်သွင်းလိုက်တာ ညတွင်းချင်းပဲလာဝယ်သွားကြပြီး ရွှေစ ၂၀နဲ့ပြန်ရောင်းကြတယ် … ဒီလိုမျိုး နေ့တိုင်း ၅ရက်လောက်ထိ ရွှေစ ၁၀စနဲ့ပဲ သွားမယ် ၆ရက်မြောက်နေ့ကျရင် နန်း မိသားစုက ပိုးစာရွက်တွေမဝယ်တဲ့အကြောင်း ကြားသွားတဲ့အခါ ရှ မိသားစု က ကယောင်ခြောက်ခြားတွေ ဖြစ်လာတော့မယ် .. အချိန်တန်လို့ ပိုးစာပင်တွေ ဈေးထိုးကျသွားတဲ့အခါ အနိမ့်ဈေးနဲ့ပြန်ဝယ်လို့ရမယ် အဲဒီအခါကျ ပိုးစာရွက်သစ်တွေ ဝယ်နိုင်ရုံတင်မကဘဲ ရှ မိသားစုကနေ ရွှေစ သိန်းနဲ့ချီ ရလိမ့်မယ်”
ကလေးမလေးက ကလေးဆိုးတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။
ရှောင်းယီ မျက်လုံးများလည်း အနည်းငယ်ပင်မပွင့်လာခဲ့။
နန်းကျောင်းကျောင်း သည် ဉာဏ်ထက်သော်လည်း ယောကျ်ားများကို ရွေးချယ်ရာတွင် အလွန်ညံ့လှသည်။ သူမဘာကြောင့် ကျန်းဆွေ့ဟန် ကို ရွေးရတာလဲ။
ရှောင်းယီ ခဏတာတိတ်ဆိတ်နေပြီးမှ …
“မနက်ဖြန် သွမ့်ယန်း ပွဲတော်ပဲ”
နန်းပေါင်ရီ ခဏတာမှင်သက်သွားပြီး ခေါင်းကုတ်လိုက်ကာ …
“ပိုးစာပင်ကိုပဲအာရုံစိုက်နေတာ သွမ့်ယန်း ပွဲတော်ကို မေ့သွားတယ် ဒီနှစ်ပွဲတော်တော့ ဘွားဘွားနားမရှိပေးနိုင်တော့ဘူး …”
သူမပြောပြီးနောက် မျက်လုံးများမှာလည်း လက်ခနဲဖြစ်သွားလေသည်။
ဆရာ ကျန်း သည်လည်း ခြံထဲတွင်ရှိနေသည်မဟုတ်လား။ ပွဲတော်ရက်ကို ဆရာ ကျန်း နှင့်အတူ ကုန်ဆုံးနိုင်မည့်အခွင့်အရေးကို သူမအရယူရမည်။
နဂါးလှေစီးကာ မုန့်အတူစားခြင်းက ခံစားချက်တို့ နိုးထစေမည့် အကောင်းဆုံးအခွင့်အရေးမဟုတ်လား။
“ဟီးဟီး …..”
နန်းပေါင်ရီ မေးထောက်ကာ သွားများပေါ်သည်အထိ ချစ်စရာကောင်းအောင် ပြုံးလိုက်သည်။
ရှောင်းယီ က မနေနိုင်တော့ဘဲ မေးလေသည်။
“ဒီလိုရယ်နေတာ ဘာအကြံတွေထုတ်နေပြန်ပြီလဲ”
နန်းပေါင်ရီ သူမ၏နှုတ်ခမ်းကို ဝတ်ရုံနှင့် ကာလိုက်ပြီး မျက်ခုံးကိုကွေးကာ …
“အစ်ကို ၂ .. အစ်ကိုက ဆရာ ကျန်း နဲ့ မိတ်ဆွေဟောင်းတွေဆိုတော့ သူဘာကြိုက်တတ်လဲ ဘာကိုမကြိုက်လဲဆိုတာ သိမှာပဲမလား .. သူက မုန့်အငန်ကြိုက်တတ်လား မုန့်အချိုကြိုက်တတ်လား .. ညီမလေးအခု မုန့်လုပ်မလို့စီစဉ်ထားပြီး ညီမလေးရဲ့ နူးညံ့ထက်မြက်တဲ့အကြောင်း သိအောင်လုပ်မလို့”
ထိုအခါမှ ရှောင်းယီ မျက်လုံးဖွင့်ကာ နန်းပေါင်ရီ ကို မော့ကြည့်လေသည်။
သူမက နူးညံ့ပြီး ထက်မြက်သည်တဲ့လား။ မီးဖိုဆောင်ကို မီးလောင်မြိုက်မိလျှင် ကြားမကောင်းဖြစ်ပေတော့မည်။
ရှောင်းယီ အေးစက်စက်ဖြင့် …
“ငါမသိဘူး”
“တွန့်တိုလိုက်တာ !”
နန်းပေါင်ရီ ရေရွတ်ကာ ဝတ်စုံကိုခါလျက် ပျော်ရွှင်စွာ ထွက်သွားလေသည်။
သူမ မသိလိုက်ရလည်း ကိစ္စမရှိပါ။ အရသာစုံမုန့်နှစ်ခုကို လုပ်ထားလိုက်ပါက ကျန်းဆွေ့ဟန် တစ်ခုခုတော့ သဘောကျပေလိမ့်မည်။
သွမ့်ယန်း ပွဲကျင်းပတော့မည့်ရက်တွင် နန်းပေါင်ရီ မနက်စောစောနိုးထလာခဲ့ကာ အမိုးအောက်ချိတ်ဆွဲထားသော ဒေါနပန်းစည်းကိုတွေ့လိုက်ရပြီး ပန်းရနံ့မှာလည်း သင်းပျံ့နေသည်။
နန်းပေါင်ရီ လည်း နှစ်ခြိုက်စွာပြုံးလျက် မီးဖိုဆောင်သို့ ပြေးသွားလေသည်။ ခြံဝင်းထဲမှ အမျိုးသမီတစ်ယောက်ကလည်း မုန့်လုပ်ရန်အတွက် လိုအပ်သည်များကို အသင့်ပြင်ထားလေသည်။
နန်းပေါင်ရီ မှာ ခုံပေါ်တွင်ထိုင်လျက် မုန့်လုပ်နည်းကို လေ့လာနေသည်။
ရှောင်းယီ သည်လည်း အနောက်ဘက်ပြတင်းပေါက်တွင်ထိုင်ကာ နန်းပေါင်ရီ ကို လှမ်းကြည့်နေသည်။
ကလေးမလေးပြုံးလိုက်သည့်အခါ သူမ၏မျက်ခုံးများ ကွေးတက်သွားပုံမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။
ကောင်းကောင်းမွန်မွန်သင်ယူနိုင်ခြင်းမရှိသေးသဖြင့် သူမ၏လုပ်ကိုင်ပုံမှာ စည်းစနစ်မကျ မှားယွင်းနေလေသည်။
အလွဲလွဲအချော်ချော်များဖြစ်နေသောကြောင့် နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူမကိုသင်ပေးသည့် မိန်းမကြီးထံ ပြန်ပေးလိုက်သည်။
သူမမေးကိုလက်နှစ်ဖက်နှင့် ထောက်ထားပြီး မုန့်များကိုစိုက်ကြည့်ကာ သူမကြိုးစားပမ်းစားလုပ်ထားရသည့်အလား ခေါင်းကိုအသာပုတ်နေလိုက်သည်။
ထို့နောက် အပ်နှင့် အပ်ချည်ကြိုးကိုယူလျက် မုန့်လုံးကို အိတ်ငယ်လေးသဖွယ်လုပ်ပြီး ဆန်မှုန့်အနည်းငယ်ဖြူးကာ ချုပ်နေလိုက်သည်။
သို့သော် အထဲမှ အစာများထွက်ကျလာသဖြင့် မုန့်အထပ်ထပ်အနည်းငယ်ကိုယူကာ ဂရုတစိုက်နှင့်ပြန်ချုပ်နေလိုက်သည်။
အဆုံးသတ်တွင် မုန့်လုံးငယ်တစ်ခု အောင်မြင်စွာ ပြီးမြောက်ခဲ့တော့သည်။ ထိုမုန့်ငယ်ကိုလုပ်ရန် သူမအတွက် ၄နာရီကြာ အချိန်ယူခဲ့ရသည်။
ရှောင်းယီ က နန်းပေါင်ရီ အလုပ်ရှုပ်နေပုံကိုကြည့်နေပြီး မုန့်လုံးထဲတွင်လည်း အပ်ချောင်းတချို့ကျန်ခဲ့သည်ကို ရှင်းလင်းစွာမြင်လိုက်သည်။
ကလေးမလေးက သူမ၏မုန့်လုံးများကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့ပြီး ထိုမုန့်လုံးများကို ပျော်ရွှင်စွာ ကြည့်နေလိုက်သည်။
ဘောလုံးလေးများကို စီရီချထားသကဲ့သို့ မုန့်လုံးလေးများမှာ အလွန်စွဲမက်ဖွယ်ကောင်းလှသည်။ နန်းပေါင်ရီ ထိုမုန့်လုံးများထည့်ထားသော ဗန်းကိုယူကာ ပေါင်းထားလိုက်တော့သည်။
အပ်ချောင်းများကျန်နေခဲ့သော မုန့်လုံးများကို ရှောင်းယီ တွေးမိရင်း ကျန်းဆွေ့ဟန် အတွက် အလွန်စိတ်မကောင်းဖြစ်နေလေသည်။
***