အပိုင်း (၆၅)
ငါတို့က မောင်နှမတွေပဲ
မိုးသည်းနေသဖြင့် အနောက်ဘက်ပြတင်းပေါက်မှ ဖက်ရွက်တို့ရိုက်ခတ်သံများကိုပင် ကြားနေရသည်။
ရှောင်းယီ ပြတင်းပေါက်နားတွင်ထိုင်ကာ လက်ဖက်ရည်ခွက်ကိုကိုင်လျက် ကောင်းကင်ကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေသည်။
ရှီးခူ က ငွေစာရင်းစာအုပ်များကို သိမ်းဆည်းရင်း ညင်သာသောအသံဖြင့် …
“သခင်မလေး ၅က သခင်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်တာ သခင်က ဘာကြောင့်သူ့ကို အမြဲအပြစ်တင်နေရတာလဲ … သခင်မလေး ၅က ငယ်ငယ်လေးပဲရှိသေးတော့ အမှားလုပ်မိနိုင်တာပဲလေ .. သခင်က သူ့အစ်ကိုကြီးဆိုတော့ ပိုပြီးနားလည်ပေးရမှာမဟုတ်လား”
ရှောင်းယီ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် စစ်ချွမ်း ၏ အလွန်ခါးသက်သော ခူတင်း လက်ဖက်ရည်ကပင် သူ့ကို ရေငတ်ပြေစေခြင်းငှာ မတတ်နိုင်ပေ။
နန်းကျောင်းကျောင်း အတွက် သူ၏ခံစားချက်များမှာ အလွန်ရှုပ်ထွေးနေသည်။
အစပိုင်းတွင် နန်းပေါင်ရီ ကို သူရွံရှာမုန်းတီးခဲ့သည်။ သူမမှာ အလွန်ငယ်ရွယ်သော်လည်း မကောင်းသောစိတ်နှင့် လှည့်စားလိုစိတ်များပြည့်နှက်နေသည့်အပြင် သူမကြောင့် ခဏခဏပြဿနာအမျိုးမျိုး ဖြစ်ခဲ့ရသည်။
သို့သော် ညတွင်းချင်းပင် သူမသည် အခြားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တစ်ဖက်ကို နားလည်ပေးတတ်ခြင်းနှင့် သူမချစ်ရသူတို့ကို မည်သို့ကာကွယ်ပေးရမည်ကို သူမသဘောပေါက်လာသည်။ ထို့အပြင် အနုပညာလေးရပ်ကိုလည်း စိတ်ပါဝင်စားစွာ သင်ယူခဲ့ပြီး အလုပ်ကြိုးစားကာ ပို၍နူးညံ့သန်မာလာပြီး ချစ်စရာကောင်းလာခဲ့သည်။
သူ့ဆီကိုနေ့တိုင်းလိုလို မကြာခဏပြေးလာပြီး စိတ်ကျေနပ်စေရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ အကယ်၍ သူသာ အခြားသောယောကျ်ားလေးတစ်ယောက်ဖြစ်ခဲ့လျှင် ထိုသို့သောညီမလေးတစ်ယောက် ရှိသည်ကို အလွန်ဂုဏ်ယူမိလိမ့်မည်။
သို့သော် …..
အစကတည်းကပင် နန်းပေါင်ရီ ကို သူ၏ ညီမတစ်ယောက်အဖြစ် ရှောင်းယီ မမြင်ခဲ့ပေ။
သူမချော်လဲပြီး ဒဏ်ရာရသွားလျှင် သူ၏နှလုံးသားနာကျင်ရသည်။
အခြားသောယောကျ်ားများနှင့် စကားပြောဆိုပျော်ရွှင်နေလျှင် သူသဝန်တိုသည်။
တစ်နေ့ထက်တစ်နေ့ သူမကြီးပြင်းလာသည်ကို ကြည့်ရင်း သူ၏စိတ်ထဲတွင်လည်း လျို့ဝှက်သော မျှော်လင့်ချက်များလည်း ဖြစ်ပေါ်လာသည်။
သူဘာကိုများ မျှော်လင့်နေမိတာလဲ။
ရှောင်းယီ မပြောရဲသည့်အပြင် တွေးလည်းမတွေးရဲပေ။
လက်ဖက်ရည်တစ်ဝက်အောင် မော့သောက်လိုက်သည်။
ခါးသက်သောအရသာက အာခံတွင်းမှတဆင့် လည်ချောင်းထဲသို့ ဖြတ်သန်းစီးဆင်းသွားသော်လည်း သူ ၏နှလုံးသားဆန္ဒကိုတော့ မဖြည့်ဆည်းပေးနိုင်ပါ။
သူ နန်းကျောင်းကျောင်း ကို သဘောကျနေသည်မှာလည်း ဖြစ်နိုင်သည်။
ရှောင်းယီ မျက်ခုံးစပ်ကြားနေရာကို အသာဖိနှိပ်လိုက်ပြီး …
“ကျန်းဆွေ့ဟန် ရောက်လာရင် ငါ့ကို လာတွေ့ခိုင်းလိုက်”
…..
ပိုးစာပင်များကို စစ်ဆေးအဖြေရှာပြီးနောက် ကျန်းဆွေ့ဟန် ပြန်ရောက်လာခဲ့သည်။ သူ့ထံတွင် ပြဿနာဖြစ်ရသည့်အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးပုံပေါ်သည်။ ပိုးစာပင်ခြံမှ ပြန်လာသည့်လမ်းတွင် ရှီးခူ နှင့် တွေ့သဖြင့် ရှောင်းယီ ထံ အရင်လာခဲ့သည်။
ကျန်းဆွေ့ဟန် ထိုင်လိုက်ပြီး ရှုပ်ပွနေသော ကျားကွက်များကိုကြည့်ကာ …
“အစ်ကို ရှောင်း က တစ်ယောက်တည်းဆော့နေတော့ တော်တော်ပျင်းနေတယ်ထင်ပါရဲ့”
ရှီးခူ က လက်ဖက်ရည်ခွက်ယူလာပေးပြီး …
“ဟုတ်တယ်မလား .. တစ်ယောက်တည်းဆော့နေတာ တစ်နာရီလောက်ကြာပြီ ကျားကွက်ကိုလည်း ကြည့်ပါဦး ရှုပ်ပွနေတာပဲ”
“ကျားကွက်က ရှုပ်ပွနေတာမဟုတ်ဘူး”
ကျန်းဆွေ့ဟန် ပြုံးကာ ကျားစေ့တစ်စေ့ကိုယူလိုက်ပြီး ပုံစံကွက်များ၏အလယ်တွင် နေရာချကာ …
“တစ်ယောက်ယောက်ရဲ့နှလုံးသားက ရှုပ်ထွေးနေတာ”
တစ်ချက်သာရွေ့လိုက်ရသော်လည်း အဖြေရှာမရဖြစ်နေခဲ့သော ကျားကွက်ကို ဖြေရှင်းလိုက်ပြီးသား ဖြစ်သွားလေသည်။
ရှီးခူ ကိုထွက်သွားရန် ကျန်းဆွေ့ဟန် အချက်ပြလိုက်ပြီး ရှောင်းယီ အနားကပ်ကာ စနောက်ဟန်ပါသော လေသံခပ်တိုးတိုးဖြင့် …
“အစ်ကို ရှောင်း .. နန်း မိသားစုက သခင်မလေး ၅ကို သဘောကျနေတယ်မလား”
ရှောင်းယီ ဘာမှပြန်မပြောပေ။
ကျန်းဆွေ့ဟန် ပြန်ထိုင်ကာ ဝတ်ရုံကို အသာခါလိုက်ပြီး …
“ဒီပြဿနာကိုရှင်းဖို့ ကျွန်တော့်ကို ခေါ်လိုက်တာမဟုတ်ဘူးလား … ကျွန်တော့်အထင်တော့ ဘဝမှာ ပျော်ပျော်နေဖို့က အရေးကြီးဆုံးပဲ .. အစ်ကိုသဘောကျတယ်ဆိုရင် အရယူလိုက်ပေါ့ ဘာများခက်လို့လဲ”
“သူနဲ့ငါက မောင်နှမတွေပဲ”
ရှောင်းယီ အသံတိုးလျစွာ ရေရွတ်လိုက်သဖြင့် ကျန်းဆွေ့ဟန် ကြည့်မိလိုက်သည်။
အစ်ကို ရှောင်း မှာ နန်း အိမ်တော်တွင် ခေတ္တနေခြင်းသာဖြစ်ပြီး နန်းပေါင်ရီ နှင့်လည်း သွေးသားတော်စပ်ခြင်းမရှိသောကြောင့် သူတို့နှစ်ယောက် ဘာကြောင့်များ မောင်နှမဖြစ်ရမှာလဲ။
ကမ္ဘာကြီးက အလွန်တင်းကြပ်လှသည်။
ကျန်းဆွေ့ဟန် ဒေါသထွက်သွားပြီး …
“အစ်ကိုမှာ အကြံရှိနေရင် ကျွန်တော့်ကို ဘာလို့ခေါ်နေသေးလဲ … တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို စဉ်းစားပေးနေရင် အဲဒီအတွေးတွေဖျောက်ပြီး ဆက်ဆံရေးတွေအကုန်ဖြတ် ကိုယ့်လမ်းကိုသွားတော့ .. ကျစ် .. မောင်နှမမှန်းလည်း သိရဲ့နဲ့ ကိုယ့်ညီမကိုပြန်ကြိုက်တာ တကယ်နှာဘူးပဲ”
ရှောင်းယီ စိုက်ကြည့်လိုက်သဖြင့် ကျန်းဆွေ့ဟန် လည်ပင်းမှာ ကျုံ့ဝင်သွားလေသည်။
“သူနဲ့ငါက မောင်နှမတွေပဲဖြစ်ရလိမ့်မယ်”
ကျန်းဆွေ့ဟန် ကို ပြောရုံတင်မကဘဲ သူ၏ဆုံးဖြတ်ချက်ကိုလည်း မျက်မြင်သက်သေတစ်ယောက်အဖြစ် သတ်မှတ်ထားစေလိုသောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။
မရှိသင့်သော ခံစားချက်ကို သူမြှုပ်နှံပစ်လိုက်တော့မည်။ ယနေ့မှစ၍ နန်းပေါင်ရီ အပေါ် အစ်ကိုရင်းတစ်ယောက်ကဲ့သို့သာ ဆက်ဆံတော့မည်။
ရှောင်းယီ စကားကို ကျန်းဆွေ့ဟန် နားမထောင်လိုတော့သဖြင့် အမြန်ထကာ …
“သခင်မလေး ၅ ကို ပြောစရာရှိသေးလို့ ကျွန်တော်သွားတော့မယ်”
ကျန်းဆွေ့ဟန် ထွက်သွားသည်ကိုကြည့်ရင်း နန်းကျောင်းကျောင်း နှင့် အတူရှိနေမည်ဟု တွေးမိသောအခါ စိတ်ထဲ မရိုးမယွဖြစ်လာလေသည်။
ထို့ကြောင့် ရှီးခူ ကို ခေါ်လိုက်ပြီး ….
“ယောကျ်ားနဲ့မိန်းမကမတူဘူး .. သူ့ကို သေချာစောင့်ကြည့်ထား .. သခင်မလေး ၅ရဲ့ အခန်းထဲမဝင်စေနဲ့ အပြင်မှာပဲရပ်ပြီး စကားပြောပါစေ”
ရှီးခူ ရင်ထဲအလွန်ထိသွားလေသည်။ သူ၏သခင်က သခင်မလေး ၅ကို အလွန်ချစ်ပြီး သခင်မလေး၏ဂုဏ်သိက္ခာကိုလည်း အလွန်ဂရုစိုက်ပေးသည်။
သခင်က ကောင်းမွန်သောလူတစ်ယောက်ပင်။
ရှီးခူ လည်း ကျန်းဆွေ့ဟန် အနောက်ကိုအမြန်လိုက်ကြည့်သည့်အခါ အခန်းထဲသို့ခြေလှမ်းနေသည်ကို တွေ့လိုက်ရသည်။
ကျန်းဆွေ့ဟန် ကို ရှီးခူ အမြန်တားလိုက်ပြီး …
“သခင်က ယောကျ်ားနဲ့ မိန်းမမတူဘူး .. သခင်လေးမှာ ပြောစရာရှိတယ်ဆိုရင် ပြတင်းပေါက်အပြင်ကနေပြောပါတဲ့ .. မဟုတ်ရင် အခြားသူတွေ အထင်သွားလိမ့်မယ်လို့ ပြောခိုင်းလိုက်တယ်”
ကျန်းဆွေ့ဟန် ပြုံးလိုက်မိသည်။
အစ်ကို ရှောင်း မှာ အလွန်စိတ်ဝင်စားစရာပင်။ ထိုမိန်းကလေးကို သူ၏ညီမတစ်ယောက်အဖြစ် သဘောထားသော်လည်း အခြားသောယောကျ်ားလေးများကို အနားကပ်မခံပေ။
ရှောင်းယီ က နန်းပေါင်ရီ ကို အိမ်ထဲတွင် သူမ၏ကျန်ရှိသောသက်တမ်းတစ်လျှောက် သိမ်းထားချင်တာများလားပင်။
ရှီးခူ ၏ စကားများကို အခန်းထဲရှိ နန်းပေါင်ရီ ကြားသွားလေသည်။
သူမခေါင်းအုံးကိုပိုက်ကာ မျက်နှာရှုံ့မဲ့သွားလေသည်။
အမတ်လောင်းမှာ လွန်လွန်းသွားပြီ။ သူ၏အကြီးများကို ဂရုမစိုက်သည့်အပြင် သူမကိုလည်း နှစ်သက်သည့်ခင်ပွန်းရှာခွင့်မပေးပေ။
နန်းပေါင်ရီ ခေါင်းအုံးကိုလွှင့်လိုက်ပြီး သူမကိုယ်သူမ မာန်တင်းလိုက်ကာ အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။
“သခင်လေး ကျန်း .. ပိုးစာပင်တွေအကြောင်း သိခဲ့ရပြီလား”
ကျန်းဆွေ့ဟန် မှာ တံစက်မြိတ်အောက်တွင် ရပ်ကာ တည်ငြိမ်စွာယပ်ခတ်လျက် …
“တစ်ယောက်ယောက်က ပိုးစာပင်တွေဆီ သွယ်ထားတဲ့ရေကိုအဆိပ်ခတ်လိုက်တော့ ပိုးစာရွက်တွေ ခြောက်သွေ့ကုန်တာပါ .. ပြုပြင်ဖို့တော့ လွယ်ပေမယ့် ဒီတစ်သုတ်အရွက်တွေကိုတော့ သုံးလို့မရတော့ဘူး …အရွက်သစ်ထွက်ဖို့ တစ်လလောက်တော့ ထပ်စောင့်ရလိမ့်မယ်”
လတစ်ဝက်ကုန်လွန်ပြီးနောက်တွင် နန်းပေါင်ရီ အတွက် အလွန်ပင်ခက်ခဲခဲ့သည်။
သိုလှောင်ရုံထဲရှိ ပိုးစာရွက်တို့မှာ ၂ရက် ၃ရက်စာအတွက်သာ ကျန်တော့သည်။ ကျန်သော ၁၀ရက်ကို ဘယ်လိုလုပ်ရမှာလဲ။
အိမ်တော်ထိန်းက ဈေးထဲတွင် ရောင်းချသည့်ပိုးစာပင်များကို ရှ မိသားစုက ၂ပေါင်လျှင် ငွေစ ၁၀စအထိ တိုးမြှင့်လိုက်ကြောင်း ပြောလေသည်။ သူမတို့က ပိုးစာပင် ပေါင်ချိန်ထောင်ဂဏန်းမက လိုအပ်နေသဖြင့် ထိုသို့ငွေအမြောက်အမြား ဘယ်မှာရှာလို့ရနိုင်မှာလဲ။
ထို့အပြင် ရှ မိသားစုမှာ အလွန်ပင် ရွံရှာဖွယ်ကောင်းသဖြင့် သူမတို့၏ငွေကြေးများကို အလွယ်တကူမပေးနိုင်ပေ။ သို့သော် အခြားနေရာမှဝယ်လျှင်လည်း အချိန်မလောက်တော့။
သူမဘာလုပ်သင့်လဲ။
ဟယ်ယဲ့ က သူမ ပြင်ဆင်ချက်ပြုတ်ထားသော ကြက်သားဆန်ပြုတ်ကို ယူလာခဲ့သည်။
စိုးရိမ်ပူပန်မှုများနှင့်ပြည့်နေသော နန်းပေါင်ရီ ၏ မျက်နှာကိုကြည့်ကာ ဟယ်ယဲ့ စိတ်ပူရသော်လည်း နှစ်သိမ့်ပေးခြင်းကိုသာ တတ်နိုင်လေသည်။
“သခင်မလေး ကျောင်းကျောင်း က ကျင်ကွမ်း မြို့ကနေ ပိုးစာပင်ဥယျာဉ်ခြံကိုလာကြည့်ကတည်းက လေးစားထိုက်ပါတယ် .. ဒါတွေကို ဘာလို့စိတ်ပူနေရတာလဲ ဒီကိစ္စတွေက လူကြီးတွေလုပ်ဆောင်ရမှာလေ”
“ဘွားဘွားက အသက်ကြီးနေပြီ .. သူ့ရဲ့အပူတွေကို ငါလည်း မျှခံစားပေးချင်တယ်”
နန်းပေါင်ရီ မှာ အလွန်ပင် စိုးရိမ်မှုများပြည့်နှက်နေသည်။
ကောင်းကင်ကြီးမှာ တဖြည်းဖြည်းနှင့် မှောင်မိုက်လာပြီး ခြံထဲရှိ မီးအိမ်လေးများမှာလည်း မီးထွန်းညှိထားသဖြင့် လင်းထိန်လာကာ မိုးရေထဲမှပြန်လာကြသော အလုပ်သမားများအတွက် လမ်းပြမီးသဖွယ် ဖြစ်နေလေသည်။
နန်းပေါင်ရီ မေးထောက်လျက် မိုးရေသံကို နားထောင်နေရင်း ရုတ်တရက် ပျိုးဥယျာဉ်ခြံငယ်ကို သွားလိုစိတ်ဖြစ်ပေါ်လာသည်။
ပျိုးဥယျာဉ်ခြံငယ်မှာ အလွန်သန့်ရှင်းကျယ်ဝန်းလှပြီး ပိုးစာပင်ရနံ့များနှင့် ပြည့်နှက်သင်းပျံ့နေသည်။
ဝါးချပ်ပေါ်တွင် လုံးကစ်နေသော အဖြူရောင်ပေါက်ဖတ်လေးတစ်ကောင်က ပိုးစာရွက်ပေါ်တွင်ကပ်နေပြီး အရွက်ကိုစားသောက်ရန်ကြိုးစားနေသည်။
နန်းပေါင်ရီ ထိုပေါက်ဖတ်လေးကိုကိုင်ယူကာ အသာပွတ်သပ်ပေးလေသည်။
ဟယ်ယဲ့ က အထိတ်တလန့်ဖြင့် …
“သခင်မလေး အဲဒီပိုးကောင်ကိုမကိုင်နဲ့ ညစ်ပတ်တယ် !”
“မညစ်ပတ်ဘူး !”
နန်းပေါင်ရီ စိတ်မကောင်းဖြစ်သွားပြီး …
“ငါတို့မိသားစုအစဉ်အဆက်က ဒီပိုးကောင်လေးတွေကြောင့် ချမ်းသာကြီးပွားခဲ့ရတာ .. ဘာကြောင့်များ သူတို့ကို ညစ်ပတ်တယ်လို့ သတ်မှတ်ရမှာလဲ .. နောက်ပြီး ငါတို့ရဲ့အခွန်အခတွေကလည်း ဒီပိုးကောင်လေးတွေကနေပဲ လာခဲ့တာ”
ထိုပိုးကောင်လေးကို ပိုးစာရွက်ပေါ်တွင် အသာအယာချပေးလိုက်သည်။
ပိုးစာပင်အလုံအလောက်မကျန်တော့သဖြင့် သူမအခြားနည်းလမ်းတစ်ခုကို ချက်ချင်းစဉ်းစားနေစဉ် အိမ်တော်ထိန်းက စိတ်လှုပ်ရှားစွာပြေးလာပြီး …
“သခင်မလေးကို လူတစ်ယောက်က တွေ့ချင်လို့တဲ့ !”
*****