အပိုင်း (၆၀)
နန်းပေါင်ရီ ကို ထောက်ပံ့နိုင်သူ
“ငါက မွေးစားသားဆိုတော့ သူများအထင်သေးတာခံရပြီး တစ်ခုခုဆိုတာနဲ့ သူတို့မလုပ်ချင်တဲ့အလုပ်ကို ငါ့ကိုပဲ လုပ်ခိုင်းကြတယ် .. ဒီတော့ စာကူးရေးပြီး စကားပြေပြန်ရတဲ့အလုပ်က နောက်ဆုံးငါ့ဆီပဲရောက်လာတာပေါ့”
နန်းပေါင်ရီ အနည်းငယ်ရှက်မိသွားသည်။
အရင်က ရှောင်းယီ ကိုအနိုင်ကျင့်ခဲ့ကြသူများထဲတွင် သူမလည်းပါခဲ့သည်မဟုတ်လား။
ရှောင်းယီ က ရေနွေးကြမ်းယူသောက်ရင်း ဆက်ပြောသည်။
“အဲဒီလိုရှည်လျားလှတဲ့ ဆောင်းတွင်းဘက်ကြီးမှာ စာလုံးပေါင်း ၅သိန်း၅သောင်းလောက်ကို ငါစကားပြေပြန်ခဲ့ရတယ် .. အဲဒါတွေနဲ့ဆိုင်တဲ့ မူရင်းစာအုပ်တွေတောင် ဖတ်ခဲ့သေးတယ် .. နှင်းကိုက်တဲ့ဒဏ်ခံခဲ့ရပေမယ့် ငါ့ရဲ့ စာအရေးအသားကလည်း သိသိသာသာတိုးတက်ခဲ့တယ်.. နောက်ပိုင်း ကျမ်းစာနဲ့သမိုင်းကြောင်းကိုလဲ တော်တော်စေ့စေ့စပ်စပ် သိလိုက်ရတယ် … ငါ့အိမ်စာက တစ်ကျောင်းလုံးမှာ အကောင်းဆုံးအိမ်စာပဲ”
သူက နန်းကျောင်းကျောင်း ၏ နဖူးပြင်ကိုထိရန် လက်ဆန့်လိုက်ပြီး
“ဒီတော့ နန်းကျောင်းကျောင်း .. ဘယ်နေရာမှာပဲဖြစ်ဖြစ် သင်ယူစရာတော့အမြဲရှိတယ်”
နန်းပေါင်ရီ နားလည်သွားသည်။
ဒီအမတ်လောင်းက ကိုယ်ရည်သွေးရန်အတွက်သာ ငွေစာရင်းများကိုလုပ်နေခြင်းဖြစ်သည်။
“ညီမလေးကို လာမထိနဲ့”
ရှောင်းယီ လက်ကိုရှောင်လိုက်ပြီး တိုးလျသည့်အသံဖြင့်
“ဒါပေမယ့် ခုလိုငွေစာရင်းတွေအများကြီးမြင်ရတော့ ဘာအကျိုးရှိမှာလဲ … အစ်ကိုက နောက်ကျရင် စာရင်းကိုင်ဖြစ်လာမှာမှမဟုတ်တာ”
“အိမ်အသုံးစရိတ်ဆိုလည်း စာရင်းစစ်ဖို့လိုတယ်.. တိုက်ပွဲထွက်မယ့်စစ်တပ်ကလည်း စာရင်းစစ်ဖို့လိုတယ် .. နိုင်ငံရေး တရားစီရင်ရေး အကုန်လုံးမှာ စာရင်းစစ်ဖို့လိုတယ် .. အဲဒီတော့ ဒီလိုကျွမ်းကျင်မှုရှိထားဖို့ အရေးကြီးလား မကြီးဘူးလား”
နန်းပေါင်ရီ နှုတ်ခမ်းစူလိုက်သည်။
သူမ၏အဒေါ် ၂သည်လည်း စာရင်းကိုင်ရာတွင် ကျွမ်းကျင်ပြီး အိမ်တော်တစ်ခုလုံးကို စနစ်တကျဖြစ်အောင် စီမံနိုင်သည်။
စာရင်းစစ်နိုင်သောအရည်အချင်းသည် တကယ်ချီးကျူးထိုက်သည်။
သူမက လူငယ်၏ဘေးသို့ ကပ်သွားပြီး “အစ်ကို ၂ … ညီမလေးကိုလည်း စာရင်းတွက်နည်းသင်ပေးပါလား”
ကလေးမလေးက သိမ်မွေ့ပြီးချစ်စရာကောင်းသည်။
သူ့ဘေးနားတွင် ကပ်လျက်ထိုင်နေသောကြောင့် ရှောင်းယီ နေရထိုင်ရခက်လာသည်။
လှပသောမိန်းမပျိုလေးများကိုပွေ့ဖက်ထားသည့် သူ့လုပ်ကိုင်ဖက်များ၏ ပုံရိပ်များကို သူ့စိတ်ထဲတွင် မ ထင်ထားဘဲ ပြေးမြင်မိသည်။
နန်းပေါင်ရီ ကို ဖက်ထားချင်သော်လည်း သူ၏ညီမဖြစ်နေသည်။ ဘယ်လိုအစ်ကိုမျိုးက သူ့ညီမအပေါ် ဒီလိုအတွေးမျိုး ရှိနိုင်မှာလဲ။
ရှောင်းယီ မျက်လုံးများကို အတင်းမှိတ်ပစ်လိုက်သည်။
ပြန်ဖွင့်လိုက်သောအခါ မျက်ဝန်းများသည် ယခင်လို ကြည်လင်အေးချမ်းသွားပြီး အေးစက်မှုအနည်းငယ် ရောပြွမ်းနေသည်။
ရှောင်းယီ စာရင်းစာအုပ်ကို တည်ငြိမ်စွာပိတ်လိုက်ပြီး …
“ထွက်သွား”
နန်းပေါင်ရီ မျက်လုံးများဝိုင်းစက်သွားပြီး ရှောင်းယီ ကို မယုံနိုင်စွာကြည့်သည်။ သူ့ကိုစိတ်အနှောက်အယှက်ဖြစ်မည့်အရာ တစ်ခု မလုပ်ရသေးသော်လည်း အမတ်လောင်းကြီးသည် အလွန် စိတ်ဆတ်လွန်းသည်။
သူမက စိတ်ဆိုးနေသောမျက်နှာထားဖြင့် ဒေါပွစွာ ထရပ်လိုက်ပြီး ရှောင်းယီ ကို လက်ညိုးငေါက်ငေါက်ထိုးကာ
“ရှင် ဘာမှအကဲပိုနေစရာမလိုဘူး ယုန်တောင်မှ ရန်သွားစရင် ပြန်လုပ်တတ်တယ် .. ညီမလေးကို ခုလိုထပ်ရန်စနေရင် ညီမ..ညီမ …”
စိတ်ထဲချုပ်တည်းခြင်းများစွာရှိသော်လည်း ခြိမ်းခြောက်စရာစကားလုံး မရှာနိုင်တော့ချေ။
ရွှေအိမ်ပေါ်မှသခင်မလေးဖြစ်သည့် သူမက ရှောင်းယီ ဘယ်လို ခြိမ်းခြောက်နိုင်မှာလဲ။
သူမလက်ညိုးကို ရှောင်းယီ စိုက်ကြည့်နေသဖြင့် မျက်ရည်ဝဲချင်သွားလေသည်။
သူမလက်ကို အရင်ကသူကိုက်ဖူးသည်ကိုလည်း သတိရလိုကွသဖြင့် လက်ညိုးကိုအမြန်ပြန်သိမ်းလိုက်ပြီး ရှောင်းယီ ကို မကျေမနပ်ကြည့်ကာ ရွက်ဖျင်တဲအပေါက်ဝသို့ လျှောက်သွားလိုက်သည်။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် တစ်ယောက်ယောက်က လိုက်ကာကို ဆွဲဖွင့်လိုက်သည်။
အသက် ၂၅ ၂၆နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး ရိုးသားဖြောင့်မတ်ကာ ကျန်းမာကြံ့ခိုင်ပုံသည့်ပုံပေါ်ရှိပြီး အဝတ်အစားကိုကြည့်ခြင်းဖြင့် အဆင့်၅ အရာရှိဖြစ်ကြောင်း သိနိုင်သည်။
နန်းပေါင်ရီ ဘဝင်မကျစွာဖြင့် နှစ်လှမ်းဆုတ်လိုက်ပြီး ဂါဝရပြုလိုက်ရသည်။
ထိုလူငယ်မှာ ရပ်နေရာတွင်ပင် မှင်သက်နေသည်။
ရဲမက်စခန်းတွင်သာကြီးပြင်းလာသောသူက ယခုကဲ့သို့ အလွန်ချောမောလှပသော မိန်းမပျိုလေးမျိုး တစ်ခုမှမမြင်ဖူးပေ။
သူက အထစ်ထစ်အငေါ့ငေါ့ဖြင့်
“မင်း… မင်းက ရှောင်းယီ ရဲ့ ညီမလေးလား”
ထိုစကားများပြောပြီးနောက် သူတဖြည်းဖြည်း ရှက်လာသဖြင့် နန်းပေါင်ရီ အလွန်ကျေနပ်သွားသည်။
သူမက ယနေ့အတွက် ထူးထူးခြားခြားလှပအောင်ဝတ်စားလာခြင်းဖြစ်သောကြောင့် ထိုအရာရှိ၏တုံ့ပြန်ပုံမှာ ပုံမှန်အနေအထားပင်ဖြစ်သည်။
သစ်သားတုံးကဲ့သို့ဖြစ်နေသော ရှောင်းယီ နှင့်တခြားစီပင်။
နန်းပေါင်ရီ အလိုလိုက်ခံရထားမှန်းမသိသာအောင်ထိန်းချုပ်ကာ ညင်ညင်သာသာပြန်ဖြေလိုက်သည်။။
“ဟုတ်ပါတယ် အရာရှိ … ပေါင်ရီ လို့ခေါ်ပါတယ်”
“ပေါင်ရီ မင်းမှာ သိပ်လှတဲ့နာမည်လေးရှိတာပဲ”
လူငယ်၏ မျက်လုံးများဝင်းလက်သွားသည်။
“ငါ့မိသားစုနာမည်က ယန့် .. အမေကငါ့ကို ဂျုံခင်းထဲမှာမွေးတော့ ယန့်မိုင့် လို့နာမည်ပေးထားတယ် … ဒီနှစ်ဆို ၂၅ နှစ်ပြည့်ပြီဆိုပေမယ့် အိမ်ထောင်မပြုရသေးဘူး … ငါ့မှာစိုက်ပျိုးလို့ရတဲ့လယ် ဧက၃၀နဲ့ ကျွဲနှစ်ကောင်ရှိတယ် ငါစစ်တပ်ထဲရောက်တာ ၁၅ နှစ်ရှိပြီ ရသမျှအကုန်စုထားတာ .. ဟိုနေ့ကပဲ ကျင်ကွမ်း မြို့က ချင်းယီ တောင်ကြားမှာ အိမ်လေးတစ်အိမ်ဝယ်ထားသေးတယ်”
နန်းပေါင်ရီ မျက်ခုံးများမြင့်တက်သွားသည်။
ထိုလူငယ်လေးမှာ ရိုးသားပြီး မျက်လုံးများကတက်ကြွနေသည့်အပြင် ရှက်လည်းရှက်နေသည်။
တန်းလျားရှိသူများအားလုံး စကားပြောရာတွင် ထိုသို့ရိုးသားကြလိမ့်ပေမည်။ စကားပြောရင်းဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများ အားလုံးကုန်သွားသည်။
သူမအထင်မမှားလျှင် ထိုအရာရှိသည် သူမအား သဘောကျနေခြင်းဖြစ်မည်။
ထိုသူ၏ပုံစံကိုကြည့်ပြံး နန်းယန် တွေးတောသုံးသပ်လိုက်သည်၊
ထိုသူသည် အနည်းငယ်ချမ်းသာသည့် အဆင့်၅ အရာရှိဖြစ်သော်လည်း သူမအတွက် အမှီသဟဲပြုရန် မလုံလောက်ပါပေ။ ဂုဏ်သိက္ခာရှိမိသားစုများနှင့်ယှဉ်ပါက အရာရာသေးသည်။
ပြန်လည်မွေးဖွားလာပြီးနောက် သူမတွင် ဆုတောင်းနှစ်ခုသာရှိသည်။
တစ်ခုက နန်း မိသားစု တစ်သက်စာဖူလုံပြီး အန္တရာယ်ကင်းရန်နှင့် နောက်တစ်ခုမှာ ရှန်ကျင်း မြို့၏ အာဏာရှိယောက်ျားတစ်ယောက်နှင့် လက်ထပ်ရန်ဖြစ်သည်။
အတိုပြောရလျှင်က အရာရှိ ယန့် က သူမ ရွေးချယ်သင့်သူမဟုတ်ပေ။
သူမက အကွာအဝေးတစ်ခုမှ နေပြီး ယဉ်ကျေးစွာပြောသည်။
“အခုအသက်ငယ်ငယ်လေးနဲ့ အရာရှိတစ်ယောက်ဖြစ်လာတာ အံ့ဩဖို့ကောင်းတာပဲ .. ပေါင်ရီ လေးစားမိပါတယ် … ဒီနေ့ကစပြီး ကျွန်မအစ်ကိုကို အရာရှိ ယန့် ကူညီစောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်”
သူမက လောကဝတ်ပြုပြီးနောက် လှည့်မကြည့်ဘဲထွက်သွားတော့သည်။
သူမစအရိပ်ပျောက်ကွယ်သွားသည့်တိုင် အရာရှိ ယန့် က အင်တင်တင်ဖြင့် ဆက်ငေးကာ ကျန်နေခဲ့သည်။
ထို့နောက် ရှောင်းယီ ဘက်လှည့်ကာ …
“မင်းညီမလေးက ပညာလည်းပြည့်ဝ သိမ်လည်းသိမ်မွေ့ တော်လည်းတော်သားကွ … သူ့ကို မင်္ဂလာအရေးဆိုထားတာတွေရှိလား”
ခေါင်းမာပြီး ဆိုးသွမ်းသော နန်းကျောင်းကျောင်း မှာ ပညာပြည့်ဝနှလုံးလှပြီး သိမ်မွေ့သည်ဟု အချီးမွမ်းခံနေရသဖြင့် ရှောင်းယီ မဲ့ပြုံးပြုံးလိုက်သည်။
ဒီလူ အမြင်အာရုံ ချို့ယွင်းနေတာများလား။
ထိုကလေးမလေးက အလွန်ဇီဇာကြောင့်ပြင် ယန့်မိုင့် ကို နန်းပေါင်ရီ သဘောမကျမှန်း အသိသာကြီးဖြစ်သော်လည်း အရာရှိ ယန့် က သူမတွင် မင်္ဂလာကိစ္စရှိမရှိကို သိချင်သေးသည်။
“မင်္ဂလာအရေး စီစဉ်ထားတာ ရှိရှိမရှိရှိ မင်းနဲ့ဘာဆိုင်လို့လဲ”
“ငါ … ငါလည်း စေ့စပ်လမ်းကြောင်းဆိုချင်လို့လေ”
ယန့်မိုင့် က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ကာ …
“နောက်ပြီး ငါလည်းငယ်တော့တာမှမဟုတ်တာ .. တစ်ရွာတည်းသား ငါ့ညီအစ်ကိုတွေဆို ကလေးတောင်ချီနေကြပြီ”
ရှောင်းယီ ၏ နှုတ်ခမ်းများကွေးတက်သွားသည်။
“ငါ့ညီမက ငယ်ငယ်တည်းက ရွှေဘုံပေါ်မှာစံလာတာ .. နှစ်တိုင်း သူ့အတွက်အဝတ်အစား ၇၂စုံ .. ရာသီတစ်ခုတစ်ခု လက်ဝတ်လက်စား ၉စုံ ရွေးပေးရတယ် ဖိနပ်ဆို ရွှေချည်ထိုးထားတဲ့ ရှူချည်ထည်နဲ့မှစီးတာ .. မနက်စာဆိုလည်း ဟင်း၁၂ မျိုးစုံနေမှစားတယ် အမြဲတမ်းငှက်သိုက်လည်း ဖျော်ပေးရသေးတယ် နှင်းရည်နှင်းပေါက်နဲ့ဖျော်ထားတဲ့ လက်ဖက်ရည်ဆိုမသောက် … ပင်လယ် ကုန်းမြေ လေထဲကလာတဲ့ တိရစ္ဆာန်အသားမှမဟုတ်ရင် မစားဘူး … ၇ရက်အတွင်းလုပ်ထားတဲ့ အလှကုန်မဟုတ်ရင် မလိမ်းဘူး … မင်းအဲဒါတွေတတ်နိုင်လို့လား”
နန်းပေါင်ရီ ၏ အိမ်နာမည်မှာ ကျောင်းကျောင်း မဟုတ်လား။ အပြင်လူများက ထိုစကားလုံး၏အဓိပ္ပာယ်ကိုမသိကြချေ။
(Note – ကျောင်းကျောင်း ဆိုတာ အလိုလိုက်ခံထားရလို့ ဆိုးသွမ်းနေတာကိုပြောတာပါ)
ရှောင်းယီ စကားကြောင့် ယန့်မိုင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။
ထိုအရာများသည် မိန်းမယူရန်အတွက်လား၊ ဘုရားပူဇော်ရန်အတွက်လား။
သူ့မိသားစုအခြေအနေနှင့် ထိုမိန်းကလေးကို ထောက်ပံ့ရမည်ဆိုပါက လဝက်ပင် ခံမည်မဟုတ်ပေ။
ထိတ်လန့်သွားခြင်းနှင့်အတူ သူ၏အချစ်စိတ်များ ပျောက်ကွယ်သွားကာ သက်ပြင်းချလိုက်ပြီး …
“ဘယ်လိုမိသားစုမျိုးကများ သူ့ကိုထောက်ပံ့ပေးနိုင်မှာလဲ”
ရှောင်းယီ က ငွေစာရင်းစာအုပ်ကို တည်ငြိမ်စွာ လှန်ဖတ်နေသည်။
ရှု တိုင်းပြည်တစ်ခုလုံးတွင် နန်းကျောင်းကျောင်း ကိုထောက်ပံ့ပေးနိုင်မည့် မိသားစုမျိုး အတော်ရှားသည်။ သို့သော် ချန်း မိသားစုက သူမကို မထောက်ပံ့နိုင်စရာ အကြောင်းမရှိ။
“အာ့ ငါမေ့နေတာ”
ယန့်မိုင့် က ရုတ်တရက်သူ့ခေါင်းကို ရိုက်လိုက်သည်။
“စစ်သူကြီး စစ်ထို့ က မင်းကိုပြောခိုင်းလိုက်တာရှိတယ် .. ကျင်းချန် တောင်ကို သွားပြီး အဲဒီမှာ ဆန်စပါး စာရင်းတွေစစ်ဆေးရင်း လိုတာတွေ စောင့်ကြည့်မှတ်သားလာဖို့ ခိုင်းလိုက်တယ်”
…..
နန်းပေါင်ရီ သူမ အိမ်တော်သို့ပြန်ရောက်သောအခါ နေဝင်ရီတရောဖြစ်နေလေပြီ။
သူမက ဒန်းပေါ်တွင်ထိုင်ကာ အတွေးထဲနစ်မြောနေပြီး အဘယ်ကြောင့် ရဲမက်တန်းလျားသို့ သွားခဲ့မိမှန်း သူမ ကိုယ့်ကိုယ်ကိုယ်နားမလည်နိုင်ဖြစ်နေသည်၊
အကျိုးမရှိသည့်အပြင် ရှောင်းယီ ၏ဆူပူအော်ငေါက်ခြင်းကို ခံခဲ့ရသည်။
“သွားမှာပါ ရှင့်ကို အမြဲတမ်း တွယ်ကပ်နေမယ်များ ထင်နေတာလား … အသုံးချစရာရှိလို့သာ ကပ်နေတာကို ဘဝင်တွေမြင့်နေလိုက်တာများ”
နန်းပေါင်ရီ အလွန်စိတ်ဆိုးနေပြီး မုတန်းပန်းပွင့်တစ်ပွင့်ကိုခူးကာ လက်ဖဝါးထဲတွင် ဖိချေပစ်လိုက်သည်။
“စာရင်းစစ်တတ်တာ ဘာကောင်းလို့လဲ ပေါင်းနုတ်မြောက်စားပဲမဟုတ်ဘူးလား .. ပေသီးသာပေးစမ်းပါ ငါလည်းစာရင်းတွက်တတ်တယ် ရှင့်ဆီကသင်စရာတောင်မလိုဘူး”
အတွေးနယ်ချဲ့နေစဉ် ဟယ်ယဲ့ က ထိပ်ထိပ်ပျာပျာဖြင့် အလန့်တကြား ပြေးလာသည်။
*****