အပိုင်း (၅၉)
အမြှောင်မယားရှိခဲ့လျှင်
ဟယ်ယဲ့ က ပြုံးပြကာ …
“ဒုသခင်လေးက ခုမှအလုပ်ပြန်ဆင်းတာလေ .. သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့ပြီး အပြင်အတူထွက်ပြီး သောက်ကြမှာ သဘာဝပဲလေ”
နန်းပေါင်ရီ နားလည်သလိုရှိသွားသည်။ သူမဆွဲထားသော နားဆွဲကို ကြေးမုံထဲမှကြည့်နေရင်း ရုတ်တရက် မကျေမနပ်ဖြစ်လာသဖြင့် နားဆွဲများကိုဖြုတ်လိုက်ပြီး …
“အဝတ်အစားအသစ်နဲ့ မိတ်ဆွေသစ်တွေက အကောင်းဆုံးပဲလို့ပြောလေ့ရှိတယ် … အစ်ကို ၂က သူ့အနားမှာ ယွိဝေ နဲ့ ချန်ရှင်း ရှိပြီးသားလေ … အခုလို အပြင်ထွက်ပြီး သောက်စားနေလို့ဘယ်ဖြစ်မလဲ .. ဒါမသင့်တော်ဘူးလေ”
ရှောင်းယီ က မိန်းမရှုပ်ပွေသူမဟုတ်ဟု အရင်ဘဝတွင် သိခဲ့ရသော်လည်း တစ်ဆင့်စကားကြားရခဲ့ခြင်းသာဖြစ်သည်။ တစ်နေရာရာမှာ တိတ်တခိုးအပျော်မယားရှိနေမလား ဘယ်သူသိနိုင်မှာလဲ။
သူမ အလေးအနက်ထားကာ ပြောသင့်ဟန်နှင့် …
“လူငယ်တစ်ယောက်အနေနဲ့ အလုပ်ကိုရှေ့တန်းတင်သင့်တာပေါ့ နေ့တိုင်း ဘာလို့ အပြင်ထွက်ပြီး သောက်စားနေရမှာလဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့ချင်ရင်တောင် ဒီလိုနည်းနဲ့မဖွဲ့သင့်ဘူးလေ .. အိမ်မှာကျန်နေခဲ့တဲ့ အမျိုးသမီးအတွက် သူမစဉ်းစားပေးတော့ဘူးလား”
ဟယ်ယဲ့ ပြောစရာများ ပျောက်ဆုံးသွားသည်။
ထိုစကားများပြောနေသော သူမ၏သခင်မလေးက ဘာကြောင့်များ သခင်လေး၏ဇနီးတစ်ယောက်ကဲ့သို့ ဖြစ်နေရတာပါလဲ။
ဟယ်ယဲ့ က မီးငှက်အမြီးပုံ ကျောက်စိမ်းနားဆွဲတစ်ခုကို ထပ်ယူလိုက်ပြီး
“သခင်မလေး ဒါလေးလည်း အသစ်ပဲ … ရွှေစနှစ်ရာတောင်ပေးရတယ်လို့ကြားတယ် … သခင်မလေးမှာရှိပြီးသား မီးငှက်အမြီးပုံဆံထိုးနဲ့ ကွက်တိပဲ .. ဝတ်လိုက်ရင် ပိုကြည့်ကောင်းသွားမှာ”
နန်းပေါင်ရီ ကြေးမုံထဲကို ကြည့်လိုက်သည်။
ကြေးမုံထဲရှိ မိန်းကလေး၏အသားအရေသည် ဖြူဆွတ်နေပြီး မီးငှက်အမြီးပုံနားဆွဲလေးက ညင်သာစွာ လှုပ်ခါနေသဖြင့် ပို၍ပင် သိမ်မွေ့ဟန် ရှိနေလေသည်။နားဆွဲလေးက အလွန်လှသည်။
အစ်ကို ၂ သာမြင်ပါက သူမကိုလှသည်ဟု ပြောလိမ့်မည်ကို တွေးမိကာ သူမချက်ချင်းပြုံးလိုက်သည်။
“ဒီကျောက်စိမ်းဆံထိုးလေးကူပန်ပေးဦး .. ပြီးတော့ မုန့်နဲ့ ယမကာကောင်းကောင်းလေးပြင်ထား .. ရဲမက်တန်းလျားသွားပြီး အစ်ကို ၂ဆီသွားလည်ရမယ်”
……
ရှောင်းယီ သည် အခုအချိန်အတွင် အဆင့် ၆ အရာရှိသာဖြစ်ပြီး ကိုယ်ပိုင်အခန်းမရသေးသဖြင့် တခြားအရာရှိများနှင့်အတူ မျှသုံးနေရသည်။
နယ်စပ်တွင်တည်ငြိမ်အေးချမ်းနေသည်မှာ ၂နှစ်ရှိပြီဖြစ်သောကြောင ့် စစ်စည်းကမ်းများပင် တင်းကြပ်ထားခြင်းမရှိတော့ပေ။
အရာရှိအများစုမှာ လုပ်စရာမရှိသဖြင့် နေ့ဘက်တွင် အပျော်မယ်များခေါ်၍ ပျော်ပေါးလေ့ရှိကြသည်။
ရွက်ဖျင်တဲထဲတွင် အရက်များနှင့်အရသာရှိသောမုန့်များ ပြည့်နေပြီး တချို့မိန်းမများက တီးမှုတ်ကာ တချို့က သီချင်းဆိုနေကြသည်။ တချို့က ယောက်ျားများကို အရက်ငဲ့ပေးနေကြသည့်မြင်ကွင်းမှာ အလွန်ဂုဏ်သိက္ခာမဲ့လှသည်။
ရှောင်းယီ မှာထောင့်တစ်နေရာတွင် တစ်ယောက်တည်းထိုင်နေပြီး အပျော်မက်ဟန်မရှိဘဲ စစ်မက်ဘဏ္ဍာငွေ စာရင်းစာအုပ်ကိုသာ လှန်ဖတ်နေသည်။
ထိုသူများကလည်း သူ့ကိုမနှောက်ယှက်ရဲပါပေ။
အလုပ်စလုပ်သည့်ရက်များတွင် မိတ်ဆွေမရှိသေးသောကြောင့် ရန်စခံရသေးသည်။ စစ်သည်အချို့ကို အလွယ်ကလေး ပညာပြလိုက်ပြီးနောက် သူ့ကို မည်သူမျှ ပြဿနာမရှာရဲတော့ချေ။
ထို့နောက် နှစ်ဝက်ကြာသည့်တိုင်မဖြေရှင်းရသော ရိက္ခာနှင့်ငွေစာရင်းကိစ္စများကို နှစ်ရက်အတွင်း ကိုင်တွယ်ဖြေရှင်းပြလိုက်သဖြင့် သူ၏လုပ်ဖော်ကိုင်ဖော်များကလည်း ပို၍ပင် ယုံကြည်သွားကြသည်။
ရှောင်းယီ ငွေစာရင်းစာအုပ်ကိုလှန်ကြည့်နေစဉ် လက်အောက်သား စစ်သည်တစ်ယောက်က အမြန်ရောက်လာပြီး သတင်းပို့လေသည်။
“အရာရှိ ရှောင်း .. မိန်းကလေးတစ်ယောက် အရှေ့မှာရောက်နေတယ် အရာရှိရဲ့ညီမလို့ပြောပါတယ်”
ညီမ ?
ရှောင်းယီ ၏မျက်လုံးများ နက်မှောင်သွားသည်။
နန်းကျောင်းကျောင်း တစ်ယောက် စစ်မက်တန်းလျားကို ဘယ်လိုရောက်လာပါသလဲ။
သူက စာအုပ်ကိုပိတ်လိုက်ပြီး အမြင်မတော်ဖြစ်နေသော သူ့လုပ်ဖော်ကိုင်ဖော်များကို ကြည့်လိုက်သည်။ ကလေးမလေးက ရိုးသားဖြူစင်သဖြင့် အခုလိုမြင်ကွင်းမျိုး မြင်၍မဖြစ်ပေ။
အပြင်သို့ထွက်ပြီး သူမကိုတွေ့ရန်ကြံနေစဉ် လက်သေးသေးလေးတစ်ဖက်က တဲ၏ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။
အိမ်တွင်းအောင်း၍ အလွန်အမင်း အလိုလိုက်ခံထားရသော ခေါင်ရန်းပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ သူမက ဖြူစင်ရိုးသားသောမျက်နှာထားဖြင့် ပျော်ရွှင်စွာဝင်လာသည်။ သူမနှင့် တဲအတွင်းရှိအခြေအနေက လုံးဝမလိုက်ဖက်ပေ။ တခြားသူများက အဝေးမှသာကြည့်နိုင်ပြီး မလှုပ်ရှားတော့ကြပေ။
တဲအတွင်းရှိယောက်ျားများအားလုံး မျက်နာပူသွားကြပြီး ကိုးရိုးကားရားဖြင့် သူတို့လက်ထဲရှိအမျိုးသမီးများကို အဝေးသို့တွန်းထုတ်လိုက်ကြသည်။ ထိုကလေးမလေးအတွက် အမြင်မရိုင်းစေရန်ဖြစ်သည်။
နန်းပေါင်ရီ ရပ်နေသည့်နေရာတွင်ပင် အလွန်မှင်သက်သွားသည်။
သူမက ရှောင်းယီ ထံသို့ အလည်လာခြင်းဖြစ်ပြီး ယခုကဲ့သို့မြင်ကွင်းမျိုးမြင်ရမည်ဟု မထင်ထားခဲ့ပေ။
ဒီလူတွေ …
အပျော်မယ်ငှားထားကြတာလား …
သူမသည် ကိုယ့်ပေါင်ကိုယ် ဆွဲဆိတ်လိုက်သည်။ အမှန်တကယ်မှာ အခုထက်ဆိုးသောမြင်ကွင်းများကို သူမမြင်ဖူးပြီးသားဖြစ်သောကြောင့် ယခုမြင်ကွင်းက သူမအတွက် ကြောက်လန့်စရာမရှိပေ။
သူမကချိုသာစွာပြုံးပြလိုက်ပြီး ဂရုတစိုက်အရိုအသေပေးလိုက်သည်။
“မိန်းကလေး ပေါင်ရီ က အရာရှိတို့ကို ငြိမ်းငြိမ်းချမ်းချမ်း နှုတ်ဆက်ပါတယ်”
ဂါဝရပြုပြီးနောက် ရှောင်းယီ ရှိရာသို့အမြန်သွားပြီး သူ့လက်မောင်းကို ကြင်ကြင်နာနာတွဲလိုက်သည်။
သူမကပြုံးပြလျက်ပင် …
“ကျွန်မအစ်ကိုက အခုမှဒီကိုရောက်လာတာဆိုပေမယ့် သူ့ကိုဂရုစိုက်ပေးကြတော့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အရာရှိတို့အတွက် စားစရာတွေနဲ့ အရသာရှိတဲ့ သေရည်တွေ ယူလာခဲ့ပါတယ် … ဟယ်ယဲ့…”
ဟယ်ယဲ့ ကပြုံးကာ လက်ပြ၍ ဧည့်ခံပွဲကျင်းပရန် ဖိတ်ခေါ်လိုက်သည်။
ယောက်ျားသားတစ်စု၏ရင်ထဲတွင် နွေးထွေးသွား၏။ ထိုအချင်းအရာကိုကြည့်ခြင်းဖြင့် ထိုမိန်းကလေးသည် ထင်ရှားသောမိသားစုမှ သခင်မလေးတစ်ယောက်ဖြစ်ကြောင်းသိနိုင်သည်။ သူမ၏အစ်ကိုထံသို့ အလည်လာချိန်တွင်ပင် သူတို့အတွက် သေရည်နှင့်စားသောက်ဖွယ်ရာများ ယူလာခဲ့ရန် မမေ့ချေ။
သူတို့က သူမကိုကျေးဇူးတင်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရွက်ဖျင်တဲကြီးထဲမှ အလိုက်တသိ ထွက်သွားကြသည်။
တဲအတွင်း၌ ရှောင်းယီ နှင့် နန်းပေါင်ရီ တို့သာ ကျန်နေခဲ့သည်။
နန်းပေါင်ရီ က အင်္ကျီစကို ဝှေ့ယမ်းကာ မျက်နှာတည်တည်နှင့် …
“နေ့ခင်းကြောင်တောင်ကြီး အရှက်မရှိလိုက်ကြတာ … ဒါဘာအနံ့ကြီးလဲ”
ရှောင်းယီ အေးတိအေးစက်ဖြင့်မေးသည်။
“မင်းဘာလာလုပ်တာလဲ”
“ဘာလာလုပ်ရမှာလဲ … အစ်ကို ၂ဆီ လာလည်တာပေါ့”
ရှောင်းယီ အနားတိုးကပ်ကာ နားဆွဲလေးကို တမင်လှုပ်ယမ်းစေလိုက်ပြီး ရဲဝံ့စွာပင် အသံတိုးတိုးလေးဖြင့် …
“အစ်ကို ၂ .. ညီမလေးလှလား”
ရှောင်းယီ သူမကို စိုက်ကြည့်သည်။
မီးငှက်အမြီးပုံ ကျောက်စိမ်းနားဆွဲလေးက လက်ရာမြောက်လှသည်။ သူမလည်တိုင်ဘေးတွင် လှုပ်ယမ်းနေပြီး အလင်းရောင်ကြောင့် တလက်လက်တောက်ပနေသော်လည်း ကလေးမလေး၏ တောက်ပဖြူစင်သော အသားအရေကို မမီပေ။
ရှောင်းယီ မျက်စိလွှဲလိုက်ပြီး ငွေစာရင်းစာအုပ်ကို တည်ငြိမ်စွာ ဆက်ဖက်ရင်း
“ပုံမှန်ထက် ဘာမှမထူးခြားပါဘူး”
သူမ မပျော်တော့ပေ။ ထိုယောက်ျားသည် လှပသော နားဆွဲတစ်စုံပြောင်းဆွဲထားသည်ကို သတိမပြုမိဘဲ ဘယ်လိုလုပ်နေနိုင်ရတာလဲ။
ရှောင်းယီ နားပူနားဆာမလုပ်ဘဲ မနေနိုင်တော့သဖြင့် …
“အစ်ကို ၂က မိန်းကလေးတွေကိုသာ မနူးတတ်တာ သူများတွေလို ပြည့်တန်ဆာတွေကြ ခေါ်တတ်သားပဲ … ခြံဝန်းထဲမှာ ယွိဝေ နဲ့ ချန်ရှင်း ရှိနေပြီးပြီမဟုတ်ဘူးလား … ဘာလို့အပြင်မှာပါ ပျော်ပါးချင်ရတာလဲ”
ရှောင်းယီ မျက်ခုံးတို့ တွန့်ကျိုးသွားလေသည်။ အပျော်မယ်များကို သူခေါ်ထားခြင်းမဟုတ်သည့်အပြင် ယွိဝေ နှင့် ချန်ရှင်း မှာလည်း သူ၏အစေခံမောင်းများ မဟုတ်ပေ။
သို့သော် နန်းပေါင်ရီ က သူ၏ဇနီးမဟုတ်သဖြင့် ရှောင်းယီ မရှင်းပြလိုပေ။
ထိုအတွေးများကို ဖယ်ရှားလိုက်ပြီး မင်အိုးထဲသို့စုတ်တံထည့်ကာ သူက ငွေစာရင်းများကို စတင်တွက်ချက်လိုက်သည်။
သူမ၏နားပူနားဆာ စကားများကြောင့် အာရုံများနိုင်သည်ဟုတွေးပြီး နန်းပေါင်ရီ ကို တမင်အဖက်မလုပ်ဘဲထားလိုက်သည်။
ထို့ကြောင့် နန်းပေါင်ရီ ဆက်မပြောတော့ဘဲ တဲအနှံ့ လိုက်ကြည့်နေလိုက်သည်။
ငွေစာရင်းစာအုပ်များပြည့်နှက်နေသည့် ရှောင်းယီ ၏ စားပွဲမှလွဲလျှင် အခြားစားပွဲ ၇ခု ၈ခုလောက်ရှိပြီး ထိုစားပွဲများတွင် စုတ်တံပင်မရှိကြပေ။
သူမ မကျေနပ်ဖြစ်ကာ
“အစ်ကို ၂ .. သူတို့ကဘာအလုပ်မှမလုပ်ဘဲ အစ်ကို့ကိုပဲ အကုန်လုပ်ခိုင်းနေတာလား … အစ်ကို့ကို အနိုင်ကျင့်နေကြတာလား”
ရှောင်းယီ သူမကို မသိချင်ယောင်ဆောင်လိုက်သည်။
အချိန်ဖြုန်းနေသည့်သူများကိုလုပ်ခိုင်းမည့်အစား သူကိုယ်တိုင်လုပ်သည်ကသာ ပိုအဆင်ပြေသည်။ လူအင်အားငါးယောက်ရှိလျက်နှင့် လနှင့်ချီကြာသည်အထိ ငွေစာရင်းမရှင်းနိုင်ကြသေးပေ။
နန်းပေါင်ရီ က ခါးထောက်ပြီးရပ်လျက် ငါ့အစ်ကို ၂ကို ဒီလိုအနိုင်ကျင့်လို့ ဘယ်ရမလဲ .. ဖြေရှင်းချက်သွားတောင်းရမယ်”
သူမ လှည့်ထွက်သွားပြီး ရှောင်းယီ ၏ ၏ခေါ်သံကြောင့် ခြေလှမ်းများရပ်တန့်သွားသည်။
“ပြန်လာခဲ့”
နန်းပေါင်ရီ က စိတ်ထိခိုက်စွာဖြင့် ပြန်လှည့်လာသည်။
“ဘာလို့ သူတို့က အစ်ကို့ကိုပဲ အကုန်ဇွတ်လုပ်ခိုင်းကြတာလဲ … ညီမလေး လက်မခံနိုင်ဘူး”
ကလေးမလေးက သခင်ကိုကာကွယ်ပေးရန်ကြိုးစားနေသာ သားပေါက်လေးကဲ့သို့ မျက်ရည်များပင်ကျလာသည်။
သူ့ကိုစိတ်ကျေနပ်စေရန် ဟန်ဆောင်ပြောခြင်းဖြစ်နိုင်မှန်း သိသော်လည်းရှောင်းယီ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူ၏ဘေးတွင် နန်းပေင်ရီကို ထိုင်ခိုင်းလိုက်သည်။
ရှောင်းယီ မြေပဲသကြားလုံးတစ်ခုကိုယူကာ သူမလက်ထဲသို့ထည့်ပေးလိုက်ပြီး ညင်သာစွာပြောပြလေသည်။
။
“ငါငယ်ငယ်တုန်းက ကျောင်းမှာစာသင်တုန်းက ဆရာက ကျောင်းသားတွေကို သူသင်သမျှလိုက်ကူးရေးခိုင်းလေ့ရှိတယ် .. ဒါပေမယ့် စာတွေက အရှည်ကြီးတွေ …ပျင်းစရာကြီးတွေ … နားလည်ရလည်းခက်တယ် … ပြီးတော့ ဆောင်းတွင်းဆိုတော့ ဘယ်သူစာမရေးချင်ကြဘူး”
ချိုမြသော မြေပဲသကြားလုံးသည် သူမ၏နှုတ်ခမ်းနှင့် သွားအကြားတွင် အရည်ပျော်သွားသည်။
နန်းပေါင်ရီ က မေးကို လက်ထောက်လိုက်ပြီး
“အဲဒီတော့ ဘယ်လိုဆက်ဖြစ်သွားလဲ””
***