အပိုင်း (၅၈)
ဝက်ဝံမွေးချင်သူ
ရှောင်းယီ က သူ့မျက်လုံးများကို လက်ဖြင့်ကာလိုက်ပြီး ကျောပေးကာ အော်ပြောလိုက်သည်။
“နန်းပေါင်ရီ မင်းဘာလုပ်နေတာလဲ !”
“အစ်ကို ၂ !… ဒီဝက်ဝံက ညီမလေး လှမှန်းသိလို့ လာခိုးကြည့်နေတာ… သူ့ကိုမောင်းထုတ်လိုက် !”
ဝက်ဝံကြီးမှာ ရိုးအအနှင့် ချစ်စရာကောင်းနေပြီး အကာနံရံပေါ်မှ အောက်သို့ဆင်းရန်ကိုပင် အတင်း ရုန်းကန်နေရသည်။
ဝက်ဝံက ရန်ပြုလိုစိတ်မရှိမှန်း သိသဖြင့် ရှောင်းယီ သွားမထိပေ။
ထို့နောက် သူ့အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး နန်းပေါင်ရီ ၏ ခန္ဓာကိုယ်လေးကို အမြန်ပတ်ပေးလိုက်ကာ ရေအိုင်ထဲမှ ဆွဲတင်လိုက်သည်။
ကလေးမလေး၏ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လျစ်ပြီး ထွက်ပြူခါစ မိုးမခအပင်ပေါက်လေးနှင့် တူနေပြီး ဖူးသစ်စအပွင့်လေးကဲ့သို့ သိမ်မွေ့ကာ ချစ်စရာကောင်းလှသည်။
ရှောင်းယီ က လူရှင်းသောလမ်းမှတစ်ဆင့် နားခိုသောနေရာသို့လျှောက်သွားရာတွင် ရှေ့တည့်တည့်သို့သာစိုက်ကြည့်သွားသည်။
ကလေးမလေးကိုကိုင်ထားသော လက်ဖျားများမှ ပူလောင်မှုကို ခံစားနေရပြီး ထိုအပူမှာ ဖျားနာခြင်းကြောင့် ကိုယ်တွင်းမှလှိုက်တက်လာသော အပူပင်ဖြစ်လေသည်။
နှစ်ပေါင်းများစွာ မျိုသိပ်ထားသောခံစားချက်များသည် ယခုမှ လျှင်မြန်စွာ ပွင့်ထွက်လာပြီး သူ့နှလုံးသားတစ်ခုလုံး၌ နေရာယူသွားလေပြီ။
ထိုခံစားချက်သည် မည်သည့်ခံစားချက်ဖြစ်သည်ကို ရှောင်းယီ ရှင်းရှင်းလင်းလင်း မပြောတတ်သော်လည်း တခြားသူများအား ပြောပြ၍မဖြစ်ကြောင်း၊ ရင်ထဲမှာသာ သိမ်းဆည်းထားရမည့်အပြင် ယနေ့မှစ၍လည်း ဘဝတစ်လျှောက်လုံး နေ့နေ့ညည တောင့်ခံပြီး ရင်ထဲမှာသာ သိုဝှက်ထားရတော့မည်မှန်း သူနားလည်သည်။
ထိုကဲ့သို့သော ခံစားချက်မျိုးကို ဒီလောကကြီးက ခွင့်ပြုထားခြင်းမရှိပေ။
နန်းပေါင်ရီ ကိုအပေါ်ထပ်သို့ ခေါ်သွားပြီး အိပ်ရာပေါ်သို့ ပစ်ချလိုက်သဖြင့် သူမထံမှ နာကျင်စွာအော်လိုက်သံပင် ထွက်ပေါ်လာသည်။
နာကျင်နေသော ခါးကိုပွတ်ရင်း နန်းပေါင်ရီ က
“အစ်ကို ၂… မိန်းကလေးတွေအပေါ် ငါကာကွယ်ပေးမယ်ဆိုတဲ့စိတ်မျိုး ထားရမယ်ဆိုတာ နားမလည်ဘူးလား … မိန်းကလေးတစ်ယောက်ကို ဘာလို့ဒီလောက်တောင် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရတာလဲ”
နန်းပေါင်ရီ ပွစိပွစိပြောနေသော်လည်း ရှောင်းယီ က တုံ့ပြန်ခြင်းမရှိသဖြင့် သူမ ခေါင်းမော့ကြည့်လိုက်သည်။
မီးငှက်မျက်လုံးများနှင့်တူသော ရှောင်းယီ မျက်ဝန်းများသည် နက်ရှိုင်းမှောင်မိုက်နေပြီး ထိုအကြည့်တို့ကို သူမ နားမလည်နိုင်ဘဲ မပြုံး မရယ်ရှိနေသော အမတ်ကို အနည်းငယ်ကြောက်ရွံ့လာမိသည်။ သူမ၏အသံမှာ မသိမသာဖျော့တော့သွားပြီး
“အစ်ကို ၂ ညီမလေးမှားတာပါ”
ရှောင်းယီ မျက်နှာမှာ အေးတိအေးစက်ပင်။
“မင်းမမှားပါဘူး”
မှားသည်က သူဖြစ်သည်။ ရှောင်းယီ လှည့်ထွက်သွားသဖြင့် နန်းပေါင်ရီ တွေဝေစွာ ကျန်ခဲ့လေသည်။ အားလုံးအဆင်ပြေနေပါလျက် အမတ်ကြီးက ဘာကြောင့်ထပ်ပြီး စိတ်ဆိုးသွားရတာလဲ။
အနောက်ဘက်တောင်တန်းများပေါ်သို့ ရောက်လာကတည်းက ရှောင်းယီ စိတ်ဆတ်ပြီး အပြောင်းအလဲမြန်နေသဖြင့် နန်းပေါင်ရီ လက်ချိုးရေကြည့်ရာ သူမအပေါ် ဒေါသထွက်သည်မှာ ငါးကြိမ်မကတော့ချေ။
မိန်းမငယ်လေးက တွေးမရစွာ လဲလျောင်းလိုက်သည်။ ရှောင်းယီ ကို ကပ်ဖားရသည့်ကိစ္စလေးက ဘာကြောင့်များ ခက်နေရတာလဲ။
မနက်ဖြန်တွင် သူမတို့ အိမ်တော်သို့ပြန်ကြတော့မည်။ နန်းပေါင်ကျူး က ဝက်ဝံဆိုလျှင် သိပ်သဘောကျမှန်း သူမသတိရလိုက်သဖြင့် အဝတ်အစားလဲပြီးနောက် သူမကို အမြန်လိုက်ရှာလေသည်။
“ကျောင်းကျောင်း .. ရေပူစမ်းမှာ ဝက်ဝံကို တကယ်တွေ့ခဲ့တာလား … ဘယ်လိုလဲ ရိုးအေးအေးလေးနဲ့ ချစ်စရာကြီးမလား”
နန်းပေါင်ကျူး က အလွန်စိတ်လှုပ်ရှားနေလေသည်။
“ချစ်စရာကောင်းပါတယ် ဒါပေမယ့် ဝလွန်းတယ် … အနီးကပ်ဆိုရင် ကြောက်စရာကြီး”
နန်းပေါင်ရီ က သူမလက်ကိုဆွဲကာ …
“အခု ဟယ်ယဲ့ ကို ဝါးမျှစ်ရှာခိုင်းထားတယ် .. ပြီးရင် ငါတို့သူ့ကို အစာကျွေးလို့ရပြီ”
ညီအစ်မနှစ်ယောက် စကားပြောနေရင်း ရေပူစမ်းရှိရာဥယျာဉ်သို့ ရောက်လာကြသည်။
သို့သော် ဧည့်စောင့်တဲတစ်ခုတွင် နုံးခွေနေသော နန်းယန် နှင့် ရှချင်ချင် တို့နှစ်ယောက်ကို မြင်လိုက်ရပြီး တစ်စုံတစ်ခုကို စောင့်နေဟန်ရှိကာ သူမတို့လိမ်းခြယ်ထားသော အရောင်နံ့သာများမှာ ပျက်စပြုနေလေသည်။
နန်းပေါင်ကျူး က သိချင်စိတ်ဖြင့်
“နင်တို့နှစ်ယောက်ကရော ဝက်ဝံလာကြည့်တာလား”
သူမတို့နှစ်ယောက် အသက်ရှူမေ့သွားပြီး နန်းပေါင်ရီ ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
မိန်းမငယ်လေးက လှပစွာဝတ်စားထားပြီး မကြာသေးခင်ကမှ ရေပူစမ်းထဲတွင် ဆင်းစိမ်ထားသောကြောင့် သူမ၏ပါးပြင်တို့မှာ ပန်းနုရောင်သန်းနေပြီး ပို၍ပင် လှနေသေးသည်။
တစ်ခုခုတော့မှားနေသည်။ တကယ်ဆို သူမက ရေပူစမ်းထဲတွင် အဝတ်အစားမရှိဘဲ အကူအညီမဲ့ဖြစ်နေရမည်မဟုတ်လား။
သူမတို့မှာ ရေမသောက်၊ အပေါ့အလေးမသွားဘဲ ၄ နာရီနီးပါးကြာအောင် ထိုင်စောင့်နေခဲ့ရသည်။
အားလုံး လှောင်ရယ်စရာတစ်ခုဖြစ်သွားလေပြီ။
နန်းယန် ၏မျက်နှာမှာ ဖျော့တော့သွားပြီး အတင်းပြုံးယူလိုက်ကာ …
“ဟုတ်တယ် ငါတို့လည်း ဝက်ဝံလာကြည့်တာလေ”
အခုလိုအခြေအနေမျိုးတွင် နန်းပေါင်ရီ ဝတ်လစ်စလစ်နှင့်လျှောက်ပြေးနေမည်ကို ထိုင်စောင့်နေသည်ဟု ပြောလိုက်၍မဖြစ်ပေ။
“ဒါဆို အတူသွားရအောင်… ကျောင်းကျောင်းပြောတာ ဟိုနားမှာ ချစ်စရာကောင်းတဲ့ ဝက်ဝံကြီးတစ်ကောင်ရှိတယ်တဲ့”
နန်းပေါင်ကျူး အသေးစိတ်ကို ဂရုစိုက်မနေဘဲ ရေပူစမ်းအိုင်ရှိရာသို့ ပျော်ရွှင်စွာပင် လျှောက်သွားသည်။
ရေပူစမ်းအိုင်ဘေးတွင် အကောင်အထည် အလွန်ကြီးမားသော ပန်ဒါကြီးတစ်ကောင်က ကျိုးပဲ့နေသောအကာပေါ်တွင် မျှစ်တစ်ချောင်းကို ကိုင်ဝါးကာ ထိုင်နေသည်။
“အားးးးး”
နန်းပေါင်ကျူး က သူမ၏ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ အော်လိုက်သည်။
“ဝက်ဝံကြီး !ချစ်စရာကောင်းလိုက်တာ…!”
နန်းပေါင်ရီ ပြုံးလိုက်ပြီး သူမကို ဝါးမျှစ်များ ကမ်းပေးကာ ဝက်ဝံကိုအစာကျွေးရန် အနားသို့ ဂရုတစိုက်ကပ်သွားကြသည်။
ထိုဝက်ဝံကြီးက အလွန်ယဉ်ပါးသဖြင့် သူမတို့ကျွေးသောမျှစ်များကို စားပြီးနောက် ကြင်နာစွာပင် သူတို့နှင့် ကစားပေးသည်။
ကစားနေရင်း မထင်မှတ်စွာ ဝက်ဝံကြီးက နန်းယန် နှင့် ရှချင်ချင် တို့ကို စိုက်ကြည့်လေသည်။ သူမတို့နှင့်အတူ ကစားချင်ဟန်နှင့် အမြန်ပြေးဆော့ကစားသည့်အခါ အမွေးထူထူလက်ကြီးဖြင့် သူမတို့၏ အဝတ်အစားများကို ဆောင့်ဆွဲသောကြောင့် နန်းယန် နှင့် ရှချင်ချင် တို့ အော်ဟစ်လိုက်သည်။
ထိုသို့ဖြစ်နေစဉ် သူမတို့နှစ်ယောက်၏ အဝတ်အစားများ စုတ်ပြဲကုန်ပြီး အတွင်းခံအဝတ်များပါ အရှက်တကွဲ ပေါ်ကုန်တော့သည်။
ယဉ်ကျေးရည်မွန်မှုများကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်စိတ်များကြောင့် အလုအယက်ထွက်ပြေးကြသည်ကို နန်းပေါင်ရီ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
နန်းပေါင်ကျူး အလွန်ရှက်ကာ …
“ဒီလိုအချိန်မျိုးဆို ရေပူစမ်းကိုလူတွေအများကြီးလာကြမှာ … သူတို့သာဒီလိုထွက်ပြေးသွားရင် တခြားသူတွေ မြင်ကုန်တော့မှာပဲ”
နန်းပေါင်ရီ လည်း ထိုသို့ခံစားမိလေသည်။ နန်းယန် က တကယ်ပင် အရှက်မရှိချေ။
…….
နန်းပေါင်ရီ သူမ၏အခန်းထဲသို့ပြန်ပြီး ဝက်ဝံကြီး၏ ရင်းနှီးဟန်ပြသောအပြုအမူများကို ပြန်လည်စဉ်းစားနေပြီး သူမ ရင်ထဲတွင်လည်း နေမသိထိုင်မသာဖြစ်လာသည်။
ရှောင်းယီ နေသည့်အခန်းသို့ အမြန်ပြေးသွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည့်အခါ အခန်းထဲတွင် မီးအိမ်များကြောင့် လင်းထိန်နေသည်။
အမတ်လောင်းကြီးက ပြတင်းပေါက်ဘေးတွင်ထိုင်ကာ စာဖတ်နေသည်။
“အစ်ကို ၂”
နန်းပေါင်ရီ စကားပုလ္လင်ခံမနေတော့ဘဲ လိုရင်းကို တန်းပြောလေသည်။
“ကျောက်ဝမ် ခြံဝန်းထဲမှာ ဝက်ဝံတစ်ကောင် မွေးချင်လို့ …ရမလား”
ရှောင်းယီ က စာမျက်နှာတစ်ရွက်ကို အေးစက်စွာလှန်လိုက်ပြီး …
“မရဘူး”
“ချက်ချင်းမငြင်းနဲ့လေ… ဝက်ဝံတွေက ဝလည်းဝပြီး အမွေးပွပွလေးတွေနဲ့ ချစ်စရာလေးကို… ဒါပေမယ့် တစ်ကောင်ထဲဆို အထီးကျန်နေမှာစိုးလို့ နှစ်ကောင်မွေးလို့ရမလား… အာ နှစ်ကောင်တည်းလည်း မဖြစ်သေးဘူးထင်တယ် ရန်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ ထိန်းပေးမယ့်အကောင်ရှိမှဖြစ်မှာ … အစ်ကို ၂ ညီမလေး ဝက်ဝံသုံးကောင်မွေးချင်တယ်”
ရှောင်းယီ က လေသံမာမာနှင့် …
“မင်းကိုယ်တိုင်ကိုက ဝက်ဝံနဲ့တူနေပြီ”
အမယ်လောင်းက သူမကို လုံးဝမျက်နှာသာမပေးသဖြင့် နန်းပေါင်ရီ ဒေါပွသွားသည်။
ရှောင်းယီ နှင့် သူမတို့ အတူတူမနေကြလျှင် သူမစဉ်းစားပေးပြီး လာမေးနေမည်မဟုတ်ပေ။
သူမအခန်းထဲသို့ ပြန်ရောက်သည်အထိ ရင်ထဲရှိဒေါသက မပြေသေးသဖြင့် ဟယ်ယဲ့ ကို စာရေးရန်လိုအပ်သည်များ ယူခိုင်းလိုက်သည်။
အရင်ဘဝမှ မှတ်ဉာဏ်များကိုအခြေခံ၍ စာလုံးရေ နှစ်ထောင်ပါသော ရှောင်းယီ ၏ အတ္ထုပ္ပတ္တိကို ရေးလေသည်။
အတ္တပ္ပတ္တိရေးပြီးသည့်နောက် သမိုင်းကိုပေလွှာတင်ရသော မဟာကဝိကြီးကို အတုခိုး၍ သူမ၏ကိုယ်ပိုင်မှတ်ချက်ကိုပါ အောက်တွင်ထည့်ရေးလိုက်သေးသည်။
နန်းပေါင်ရီ ရေးထားသည်က …
[ရှောင်းယီ သည် ဉာဏ်နီဉာဏ်နက်များကာ ရက်စက်တတ်သည်။ သို့မှသာ အသက်ငယ်ငယ်နှင့် ရာထူးမြင့်မြင့်ရောက်လာနိုင်မည်ဖြစ်ပြီး ကိစ္စသေးသေးလေးများကအစ လက်စားပြန်ချေနိုင်မည်ဖြစ်သည်။ အေးစက်ပြီး ဘာကိုမျှဂရုမစိုက်၊ စိတ်အပြောင်းအလဲမြန်၍ ဒေါသထွက်လွယ်သည်။ အမျိုးသမီးများနှင့် နီးနီးကပ်ကပ်မနေတတ်သည့်အပြင် ချော့ရလည်းခက်သည်။]
ထိုမှတ်ချက်ရေးပြီးနောက် သူမကျေနပ်သွားသည်။
မီးရောင်အောက်တွင် ခဏတာစဉ်းစားပြီးနောက် စုတ်တံကို မင်အိုးထဲတွင်နှစ်၍ နောက်တစ်ကြောင်း ထပ်ရေးလိုက်သည်။
[ရှောင်းယီ သည် စစ်မြေပြင်တွင် ရွပ်ရွပ်ချွံချွံတိုက်ပြီး စစ်မက်ရေးရာအတွက် အကျိုးဆောင်ခဲ့သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သူသည် တိုင်းပြည်အပေါ် သစ္စာရှိကြောင်းသိနိုင်သည်။]
သူမ၏ ယခုမှတ်ချက်သည် အလွန်မျှတပြီး သင့်တော်သည်ဟု တိတ်တခိုးတွေးလိုက်မိသည်။
“ရိုးရိုးရှင်းရှင်းနဲ့ ခမ်းနားလိုက်တာ .. ငါဟာ သမိုင်းပညာရှင်ဖြစ်ဖို့ အလားအလာရှိမယ်မှန်း မထင်ထားခဲ့ဘူး … သိပ်တော်လိုက်တဲ့ ငါပါလား”
မိန်းမငယ်လေးက စက္ကူပေါ်ရှိ မင်များခြောက်သွေ့သွားစေရန် လေဖြင့်မှုတ်ပြီးနောက် အံဆွဲထဲသို့ထည့်သိမ်းထားလိုက်သည်။
……
အနောက်ဘက်တောင်တန်းများဆီက ပြန်လာပြီးမကြာခင်တွင်ပင် ရှောင်းယီ က အရာရှိဌာနတွင် အလုပ်ပြန်ဝင်သည်။
ကံကောင်းစွာဖြင့် လက်တလောတွင် စစ်ဖြစ်ပွားခြင်းမရှိသောကြောင့် ကျင်ကွမ်း မြို့၏ ဆင်ခြေဖုံးအရပ်ရှိ သူ၏ဆိုင်ရာဌာနသို့ နေ့စဉ်အသွားအပြန်လုပ်ရသည်။
အရေးကြီးကိစ္စရှိပါက ရဲမက်တန်းလျားတွင်ပင် အိပ်ရသည်။
နန်းပေါင်ရီ က အိပ်ရာပေါ်တွင်ထိုင်နေပြီး ကြေးမုံမှန်ကိုကြည့်လျက် အစေခံများယူလာသော နားဆွဲအသစ်ကို စမ်းဝတ်ကြည့်နေသည်။
ဟယ်ယဲ့ က မြပုလဲနားကပ်တစ်စုံကို ပျော်ရွှင်စွာယူလိုက်ပြီး …
“သခင်မလေးက အသားဖြူတော့ ဒီတစ်စုံနဲ့ဆို သိပ်လိုက်မှာ … ကူဝတ်ပေးရမလားဟင်”
နန်းပေါင်ရီ က ပတ်ဝန်းကျင်ကို အာရုံမစိုက်သည့်အပြင် စိတ်နှင့်လူ မကပ်ဖြစ်နေသည်။
“ဟယ်ယဲ့ .. အစ်ကို ၂ ပြန်မလာတာ ၃ရက်တောင်ရှိနေပြီ .. အရာရှိတစ်ယောက်က အဲ့လောက်တောင် အလုပ်ရှုပ်မယ်လို့ထင်လား”