အပိုင်း (၅၅)
သူရှိလျှင် သိတတ်ရန်မလိုပါ
အလွန်အရေးကြီးသည့်အရာဟု ထင်ရသော်လည်း ထိုအရာကို ပြန်စဥ်းစား၍မရတော့ဘဲ နန်းပေါင်ရီ မေ့သွားခဲ့သည်။
ဂရုမစိုက်နိုင်တော့ပါ။
ရှောင်းယီ ကို ဝမ်းနည်းစွာပွေ့ဖက်ရင်း …
“အစ်ကို ၂ .. ညီမလေးအရမ်းမူးပြီး အိပ်ချင်နေတယ်”
ရှောင်းယီ က အခန်းထဲပြန်အိပ်ရန် ပြောချင်သော်လည်း ကလေးမလေးက မျက်ခွံများကို မှိတ်ထားနှင့်ပြီးနေသည်။
သူမ၏ မေးစေ့လေးက သူ့ပခုံးပေါ်တွင်မှီနေသည်။ ထို့အပြင်အိပ်နေချိန်တွင်လည်း နှုတ်ခမ်းကို အနည်းငယ်စူပုံမှာ သူ့ကိုနမ်းတော့မည်အလားပင်။
သူတုံ့ပြန်လိုက်သင့်လား။
ရှောင်းယီ တွေးနေစဉ် ရှီးခူ က ပြတင်းပေါက်သို့ နောက်ပြန်ချိတ်ဝင်ကာ ရုတ်တရက်ရောက်လာသည်။
“သခင်လေး အကြီးဆုံးသခင်မလေးနန်းတစ်ခုခုဖြစ်တော့မယ်”
ရှောင်းယီ ဘာမှမပြောရသေးခင်မှာပင် နန်းပေါင်ရီ က ထိတ်လန့်တကြား မျက်လုံးဖွင့်လိုက်သည်။ သူမမျက်ဝန်းများက ကြည်လင်နေပြီး မူးဝေနေခြင်း လုံးဝမရှိပေ။
“ဘာဖြစ်တာလဲ”
“ကျန်း မိသားစုက မင်္ဂလာကိစ္စအငြင်းခံလိုက်ရလို့ အရှက်တကွဲဖြစ်နေတုန်း ကျန်းယွမ့်ဝမ် ရဲ့ ညာလက်ကလည်း သုံးစားမရဖြစ်သွားတော့ လက်စားချေချင်နေတယ်ထင်တယ် .. အဲဒါတစ်ခုခုလျှို့ဝှက်ကြံစည်ထားတယ် .. ပထမသခင်မလေးနန်းရဲ့ဖြူစင်မှုနဲ့ဆိုင်တဲ့ကိစ္စမျိုးဖြစ်လောက်တယ်”
“အခု မမ ဘယ်မှာလဲ”
“တောင်အနောက်ခြမ်းက ဆီးနှင်းတော ခန်းမမှာ”
နန်းပေါင်ရီ စံအိမ်ထဲမှ ချက်ချင်း ပြေးထွက်သွားခဲ့ပြီး မက်မွန်တောတစ်လျှောက် အရှိန်နှင့်ပြေးထွက်သွားသော သူ့ကို ရှောင်းယီ လည်း ကြည့်နေခဲ့သည်။
မိသားစုပျက်စီးသည့်အိပ်မက်ဆိုးမက်ဖူးသည်ဟု သူမပြောဖူးသည်ကို သတိရလိုက်သည်။ အိပ်မက်မှ နိုးထလာကတည်းက ထင်ရာစိုင်းတတ်သောသူမသည် စဥ်းစားချင့်ချိန်တတ်ပြီး ကြိုးစားသောသူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။
သူမ အနည်းငယ်မူးနေသေးသောကြောင့်လားပင်မသိ၊ ကျောက်တုံးတစ်တုံးအပေါ် ခလုတ်တိုက်ကာလဲသွားသော်လည်း ဒဏ်ရာကိုပင် ပြန်မကြည့်ဘဲ တောင်ပေါ်သို့ အမြန်ပြေးသွားခဲ့သည်။
အရင်အခြေအနေသာဆိုလျှင် ဒူးမှဒဏ်ရာကိုကြည့်ကာ သေချာပေါက် ငိုပါလိမ့်မည်။
ရှောင်းယီ ၏ မျက်လုံးများသည် လေးနက်ပြီး မှုန်မှိုင်းနေသည်။ သူရှိနေပါလျက် သူမအနေဖြင့် မိသားစုအတွက် ထိုတမျှသိတတ်ဖို့ရန်မလိုသေးပေ။
ရှောင်းယီ လည်းထကာ နန်းပေါင်ယီ အနောက်သို့လိုက်သွားသည်။
….
နန်းပေါင်ရီ သည် ယုန်တစ်ကောင်ကဲ့သို့ ပြေးသွားပြီး အပြာရောင်းကျောက်တ ုံးလှေကားထစ်များပေါ်သို့ ပြေးတက်ရင်း စုန့်ရှစ်နင် နှင့်တွေ့သည်။
သူမက သူ့အင်္ကျီလက်ကို အမြန်ဆွဲလိုက်ပြီး …
“ဝမ်းကွဲအစ်ကို ညီမလေးနဲ့အတူ ဆီးနှင်းတောခန်းမကိုလိုက်ခဲ့”
“အဲဒီမှာ ဘာလုပ်စရာရှိလို့လဲ”
“မမေးနဲ့ အရင်သွားရအောင်ပါ”
မောင်နှမနှစ်ယောက် တောင်ပေါ်သို့ အမြန်ပြေးတက်သွားကြသည်။
ထိုနေရာတွင် နှင်းများထူထပ်နေပြီး အလွန်အေးစက်နေသည်။ ရေခဲကျောက်ကမ်းပါးအစွန်တွင် ခမ်းနားထည်ဝါသောစံအိမ်တစ်ခုကို တည်ဆောက်ထားပြီးဧည့်သည်တော် အများအပြားသည် ထိုနေရာတွင် နှစ်ယောက်တစ်စု သုံးယောက်တစ်စုဖြင့် နှင်းကျနေသည်ကို ရှုစားနေကြသည်။
“ကျောင်းကျောင်း .. ငါတို့ ဒီကို နှင်းတွေနဲ့ဆော့ဖို့လာတာလား”
စုန့်ရှစ်နင် သည် နန်းပေါင်ရီ အနောက်မှ ပါလာပြီး တွေဝေစွာဖြင့် မေးလိုက်သည်။
နန်းပေါင်ရီ မှာ သူ့ကိုပြန်ဖြေရန် အချိန်မရှိပါ။ သူမက တောင်ထိပ်သို့တက်သွားပြီး နောက်ဆုံးတွင် နန်းပေါင်ရုံ ကို အခန်းတစ်ခန်းထဲ၌ တွေ့လိုက်ရသည်။
မိန်းမပျိုလေးက အဝတ်အစားများရှုပ်ပွစွာဖြင့် အိပ်ရာပေါ်တွင် သတိလစ်နေသည်။
ပို၍ထိတ်လန့်စရာကောင်းသည်မှာ သူမဘေးတွင် အရေပြားရောဂါခံစားနေရသော အဘိုးကြီးတစ်ယောက်လည်း အိပ်နေခြင်းဖြစ်သည်။
နန်းပေါင်ရီ အလွန်ပင်စက်ဆုပ်ရွံရှာသွားပြီး စိတ်ကိုပြန်ထိန်းကာ ..
“တချို့တွေက မမရဲ့ဂုဏ်သိက္ခာကို ဖျက်စီးချင်နေကြတယ်”
စုန့်ရှစ်နင် ထိပ်ထိပ်ပျာပျာဖြစ်သွားသည်။
နန်းပေါင်ရုံ ကိုဂရုတစိုက်ကြည့်လိုက်ပြီး ရှေ့သို့သွားကာ စူးစမ်းချင်သော်လည်း မဝံ့မရဲဖြစ်နေသည်။ သူက အနေရခက်စွာ နေရာတွင် ရပ်မြဲရပ်နေသဖြင့် နန်းပေါင်ရီတစ်ယောက် သူ့ကိုရိုက်ပစ်လိုက်ချင်သွားသည်။
အခန်းအပြင်ဘက်မှ ခြေသံများနှင့် ရယ်မောသံများကို ကြားလိုက်ရသည်။
နန်းပေါင်ရီ ၏ ပါးလျင်သောနားများက သခင်မ ချန် အသံကို အသေအချာကြားလိုက်ရသည်။
နန်းပေါင်ရီ ပြတင်းပေါက်အပြင်ကို ငုံ့ကြည့်ကာ
“ဝမ်းကွဲအစ်ကို ဒီကနေပြီး မမကိုခေါ်ထုတ်သွား”
စုန့်ရှစ်နင် ကလည်း အချိန်သည်အသက်ဖြစ်ကြောင်းသိသဖြင့် အမြန်ခေါင်းညိတ်ပြသည်။ နန်းပေါင်ရုံ ကို ကျောပိုးလိုက်ပြီး နန်းပေါင်ရီ ကိုပြန်ကြည့်လိုက်သည်။
“ငါတို့သွားပြီ .. မင်းဘာလုပ်မှာလဲ .. လူစိမ်းတစ်ယောက်နဲ့ အခန်းထဲမှာ နှစ်ယောက်ထဲရှိနေတာတွေ့သွားရင် မင်းရဲ့ဂုဏ်သိက္ခာထိခိုက်လိမ့်မယ်”
“အချိန်ဖြုန်းမနေနဲ့ ညီမလေးမှာအကြံရှိတယ်”
နန်းပေါင်ရီ ၏ တည်ငြိမ်သောမျက်နှာလေးကို မြင်လိုက်ရသဖြင့် စုန့်ရှစ်နင် ကသူမကို ယုံကြည်ရန်ဆုံးဖြတ်လိုက်ပြီး နန်းပေါင်ရုံ ကိုကျောပေါ်တင်ကာ ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သည်။
အပြင်ဘက်မှခြေသံများလည်း နီးကပ်လာသည့်အလျောက် နန်းပေါင်ရီ ၏ နှလုံးမှာလည်း ပေါက်ကွဲမတတ်ခုန်နေသည်။
သူမက ကုတင်ပေါ်ရှိ မေ့လဲနေသောလူကို ငုံ့ကြည့်ကာ နှုတ်ခမ်းကိုကိုက်လိုက်ပြီး စားပွဲပေါ်ရှ် အဖြူရောင်ကြွေပန်းအိုးကို ရုတ်တရက် ကောက်ကိုင်ကာ ရိုက်ခွဲလိုက်သည်။ ချွန်ထက်သော ကြွေထည်တစ်ပိုင်းကို ကောက်ယူကာ သူမ၏လက်မောင်းကို မဆိုင်းမတွပင် ခြစ်လိုက်သည်။
“နန်းပေါင်ရီ”
ပြတင်းပေါက်မှတဆင့် လေအေးများနှင့်အတူ ရင်းနှီးနေသာ ချိုမြိန်အေးစက်သည့် ကိုယ်သင်းနံ့တစ်ခုကို ရလိုက်သည်။ ရှောင်းယီ က စိတ်ဆိုးနေသည့်မျက်နှာထားဖြင့် သူမ၏လက်ကို ဆွဲကိုင်လိုက်ရာ ကြွေထည်အပိုင်းအစသည်လည်း ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။
“အစ်ကို ၂”
နန်းပေါင်ရီ အံ့သြကာ ချက်ချင်းပင်ခေါင်းကိုငုံ့ပြီး ပြုံးပြကာ …
“အစ်ကို ၂ ဒါကနားလည်မှုလွဲတာပါ ညီမလေးက ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လုပ်လိုက်တာ .. ညီမလေးမှာဒဏ်ရာရနေသရွေ့ ဒီလူက ကျွန်မကို ဖမ်းခေါ်လာတာလို့ ပြောလို့ရတယ် .. အပြင်လူတွေရဲအမြင်မှာ ကျွန်မက အပြစ်ကင်းတဲ့သားကောင်ပဲ .. အနည်းဆုံးတော့ သနားပြီး အိမ်ထောင်ရေးဖောက်ပြန်တယ် လို့ မစွပ်စွဲကြတော့ဘူးပေါ့”
ရှောင်းယီ က အကြင်နာကင်းမဲ့သောမျက်ဝန်းများဖြင့် ကြည့်နေလေသည်။
ထိုကလေးမလေးက အလွန်ပင်မိုက်မဲလှသည်။ ကိုယ့်ကိုယ်ကိုကာကွယ်သည်ဟု ပြောသော်လည်း ဒဏ်ရအောင်လုပ်ခြင်းသည် အမိုက်မဲဆုံးသော အပြုအမူဖြစ်ကြောင်း သူမမသိပေ။
“မင်းတော်တော်တုံးတာပဲ”
ရှောင်းယီ အပြစ်တင်ပြောဆိုနေသော်လည်း သူမ၏ ခါးသိမ်သိမ်လေးကိုဖက်ကာ သခင်မ ချန် ဝင်မလာခင်မှာပင် ပြတင်းပေါက်အပြင်သို့ ခုန်ချထွက်ပြေးလိုက်သည်။
သခင်မ ချန် က တံခါးခုံပေါ်သို့ လှမ်းတက်လာရင်း အံ့အားသင့်စွာဖြင့်ပင် ရုတ်တရက် အိပ်ရာခင်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြောသည်။
“အာ့ .. ပေါင်ရုံ က ဘာလို့ ဒီလမ်းဘေးကလူနဲ့အတူအိပ်နေတာလဲ .. ငါတို့ ကျန်း မိသားစုရဲ့ မင်္ဂလာအရေးကို ငြင်းဆိုရတာ တခြားလျှို့ဝှက်ချက်များ ရှိနေလို့လား”
သူမယုံကြည်ရသော အစေခံတစ်ယောက်က နန်းပေါင်ရုံ ကို ဒီအခန်းထဲတွင် မေ့လဲစေခဲ့ပြီးပြီဖြစ်ကြောင်း အစီရင်ခံခဲ့စဖြင့် အခုချိန်တွင် သူမသည် ကြေမွနေသော အ၀တ်အစားများဖြင့် အဘိုးကြီးဘေးတွင် လဲလျောင်းနေလောက်ပြီ။
ထိုမိန်းမယုတ်သည် သူမ၏သားဖြစ်သူနှင့်မင်္ဂလာကိစ္စကို ငြင်းဆန်ခဲ့သည်။ ထိုအချက်ကို သူမ ခွင့်မလွှတ်ပေးနိုင်ပါ။
ထိုမိန်းမပျိုလေး၏ဂုဏ်သိက္ခာကိုသာ သူမမဖျက်ဆီးလျှင် ဝမ်အာ ၏ နစ်နာမှုအတွက် လက်စားချေဖို့ နည်းလမ်းရှိတော့မည်မဟုတ်ပေ။
အခြားဂုဏ်သရေရှိအမျိုးသမီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။
ကန့်လန့်ကာက အလွန်ထူသဖြင့် တစ်ဘက်ခြမ်းကို သူတို့ဘာမျှမမြင်ရပါ။
အမျိုးသမီးတစ်ယောက်က ပြုံး၍ဆို၏။
“သခင်မ ချန် က အမြင်သိပ်ကောင်းတာပဲ .. အိပ်ရာဘေးကလိုက်ကာတွေက အရမ်းထူတော့ ကျွန်မတို့မှာ ဘာမှကိုမမြင်ရဘူး”
“အိုး ရှင် မသိသေးဘူးပဲ .. ကျွန်မက မွေးကတည်းက အမြင်စူးတယ် .. ပုံမှန်လူတွေထက် ပိုမြင်ရတယ်လေ”
သခင်မ ချန် ကရှေ့သို့ လှမ်းလိုက်ပြီး စိတ်လှုပ်ရှားစွာပင် သူမကိုယ်တိုင် လိုက်ကာကိုဆွဲလှန်လိုက်ပြီး ပြောလာသည်။
“ဒါက နန်း မိသားစုရဲ့သမီး ကြီးပြင်းလာပုံပဲလေ!”
သို့သော်လည်း အခြားသူများမှာ အဘိုးအိုကြီးတစ်ယောက် ထိုနေရာတွင် လှဲလျောင်းနေပြီး သူ့ဝမ်းဗိုက်သူကုတ်ခြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။
သခင်မ ချန် က လှောင်ပြုံးကို အထပ်ထပ်ပြုံးလိုက်ရင်းဖြင့်ပင် ဆက်ပြောသည်။
“ကျွန်မ ခုနကပြောသလိုပဲ .. အားလုံးအဆင်ပြေနေတာကို ဘာလို့ နန်း မိသားစုက ရုတ်တရက်ကြီး မင်္ဂလာကိစ္စကို ငြင်းချင်ရတာလဲ .. လက်စသတ်တော့ နန်းပေါင်ရုံ က ဗရုတ်ကျပြီး ဖြူမှမဖြူစင်တော့တာ .. အဲဒီတော့ ကျွန်မတို့မိသားစုနဲ့ လက်ဆက်လိုက်ရင် သူ့အကြောင်းတွေ အကုန်ပေါ်သွားမှာကြောက်လို့ ဖြစ်နေတာကိုး ထွီး .. အရှက်မရှိပုံများ! အခုတော့ ကျွန်မတို့အလှည့်ပဲ .. နန်း မိသားစုအနေနဲ့ ကျွန်မရဲ့ ဝမ်အာ ကို ဘယ်လိုလျော်ကြေးပေးဖို့စီစဉ်ထားလဲလို့ သူတို့ကိုမေးရမယ်!”
ထိုကိစ္စကိုလည်း သူမကတွေးထားပြီးသားဖြစ်သည်။ နန်း မိသားစုက ချမ်းသာသည်။ ဝမ်အာ ခံစားခဲ့ရသောနစ်နာမှုနှင့် ထိုက်တန်အောင် သူတို့မိသားစုကို အနည်းဆုံး ရွှေချိန်နှစ်သောင်းတိတိ လျော်ကြေးပေးရမည်။
****