အပိုင်း (၄၅)
စိတ်ဆတ်သောအမတ်လောင်း
ရှောင်းယီ နေရခက်ကာ ပြန်ထိုင်လိုက်သည်။
မျက်နှာထားတင်းတင်းဖြင့် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ လေသံမာမာနှင့် …
“ငါက မင်းအစ်ကိုပဲ နမ်းရုံလေးပဲကို ဘာမှရှောင်စရာမလိုပါဘူး”
နန်းပေါင်ရီ က မှင်တက်မိနေပြီး ခေါင်းညိတ်ပြသည်။
“သိပါတယ် .. ဝမ်းကွဲအစ်ကိုလည်း ဒီလိုပဲ ညီမလေးကိုနမ်းရတာသဘောကျတယ်”
ဝမ်းကွဲအစ်ကို ?
ရှောင်းယီ ဘဝင်မကျဖြစ်ကာ မျက်ခုံးတို့ အနည်းငယ်တွန့်သွားသည်။
ယောက်ျားလေးနှင့် မိန်းကလေးသည် အသက်၇နှစ်တွင် ခွဲနေရမည်ဖြစ်သည်။ နန်းကျောင်းကျောင်း က ထို့ထက်အသက်ကြီးနေပြီဖြစ်သော်လည်း သူ့အစ်ကိုဝမ်းကွဲက နမ်းရဲသေးတာ ခပ်ခွာခွာနေရမည်ဆိုတာကို နားမလည်ဘူးလား။
“ဪ ဟုတ်သားပဲ .. အစ်ကိုဘာလို့နောက်ကျမှ ပြန်လာတာလဲ”
နန်းပေါင်ရီ ချစ်စရာကောင်းစွာနှင့် ရှောင်းယီ အင်္ကျီလက်ကိုဆုပ်ကိုင်ပြီးမေးလေသည်။
“ညီမလေးကစောင့်နေတာ ကြာလှပြီ”
ကလေးမလေး၏ အင်္ကျီလည်အဟိုက်မှာ အနည်းငယ်ဟနေပြီး နက်မှောင်သောဆံနွယ်ရှည်ကိုလည်း ခါးအထိ ဖြန့်ချထားသည်။
ဖယောင်တိုင်မီးရောင်က ခန်းဆီးလိုက်ကာပေါ်တွင် အလင်းရောင်ထင်ဟပ်နေပြီး သူမ၏ သိမ်မွေ့နူးညံ့သောမျက်ခုံးများက အနည်းငယ်ပင်ပန်းနေပေါ်ပုံသော်လည်း ပို၍ပင် သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိနေသည်။
ထိုမြင်ကွင်းမှာ ဇနီးသည်က ညအချိန်တွင် ခင်ပွန်းသည်ပြန်အလာကို စောင့်နေပုံနှင့်တူသည်ဟု ရှောင်းယီ ခံစားမိရသည်။
အစောပိုင်းကပင် မပျော်မရွှင်ဖြစ်နေသည့် ရှောင်းယီ ၏ ခံစားချက်တို့ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နန်းပေါင်ရီ ၏ နဖူးကို အသာအယာသပ်ကာ …
“ငါ ဆုန်းဟယ့် ခြံထဲမှာ ဘွားဘွားနဲ့စကားပြောနေတာ .. သူကဒီနေ့ပျော်နေတော့ ငါတို့အတူ နည်းနည်းသောက်ခဲ့ကြသေးတယ်”
ရှောင်းယီ ခဏရပ်ပြီး စကားဆက်ပြောလေသည်။
“မင်းမှာငါ့ကို လက်ဆောင်တစ်ခုပေးဖို့ ရှိတယ်လို့ ယွိဝေ ပြောတယ်”
နန်းပေါင်ရီ အနည်းငယ်နောက်ဆုတ်ကာ အမြန်လက်ခါပြပြီး …
“မရှိပါဘူး မရှိဘူး”
“နန်းကျောင်းကျောင်း”
ရှောင်းယီ ၏ တင်းမာသောမျက်နှာထားကို နန်းပေါင်ရီ ကြောက်သွားသဖြင့် ခဏတွန့်ဆုတ်ပြီးနောက် တိုးလျစွာ …
“နွေဦးရာသီပန်းပွဲတော်မှာ ညီမလေးသေချာလုပ်ပြနိုင်ခဲ့တာ အစ်ကို ၂ ကြောင့်ပါ .. ဒါက ဆုရတဲ့အထဲမှာပါလာတဲ့ ကံကောင်းစေတဲ့ အကြွေစေ့လေးပါ အစ်ကို့ကိုပေးမယ် .. အစ်ကိုအထင်မသေးရဘူးနော်”
ရှောင်းယီ က အကြွေစေ့လေးကိုယူလိုက်သည်။
အကြွေစေ့၏ တစ်ဖ က်တွင် နေ၊လနှင့် ကြယ်ပုံများထွင်းထားပြီး အခြားတစ်ဖက်တွင် ကံကောင်းခြင်းနှင့်အောင်မြင်မှု ဟူသော စာလုံးလေးများနှင့် ရေးထွင်းထားသည်။ ကလေးမလေးက အချိန်အတော်ကြာအောင် ဆုပ်ကိုင်ထားသောကြောင့် အကြွေစေ့လေးမှာ ချွေးများစိုရွဲနေသည်ကိုခံစားရသည်။
နန်းပေါင်ရီက မလုံမလဲဖြင့် စောင်ကိုဆော့ကစားရင်း …
“တခြားသူတွေက အစ်ကို့ကို အရမ်းတန်ဖိုးရှိတဲ့လက်ဆောင်တွေပေးတာ ညီမလေးသိပါတယ် .. ဒါပေမယ့် ကံကောင်းမှုတွေမရှိမှာစိုးလို့ .. အစ်ကိုနှစ် ဒီအကြွေစေ့လေးကို သဘောကျရဲ့လား”
ရှောင်းယီ သာမန်ကာလျှံကာပြုံးလိုက်ပြီး …
“မနှစ်က နန်းပေါင်ကျူး မွေးနေ့မှာ မင်းသူ့ကို ပုလဲလည်ဆွဲပေးတယ် .. ဘွားဘွားမွေးနေ့တုန်းက ရွှေစသောင်းချီတန်တဲ့ အရင်မင်းဆက်ခေတ်က မသေမျိုးခြောက်ပါးရဲ့ ပန်းချီပုံ ပေးတယ် .. မင်းအစ်ကို၄ ကျောင်းမှာ နောက်ဆုံးအဆင့်ရတုန်းက ရွှေစစ်စစ်နဲ့လုပ်ထားတဲ့ စုတ်တံတစ်ချောင်းလက်ဆောင်ပေးတယ် .. ငါ့အလှည့်ကျမှ ဘာလို့အကြွေစေ့လေးတစ်ပြားပဲ ပေးရတာလဲ”
နန်းပေါင်ရီ ပို၍ပင် မလုံမလဲဖြစ်သွားရသည်။
သူမ၏လက်ဆောင်ကို အမတ်လောင်းက အမှန်တကယ် အထင်သေးသွားသည်။ စောင်ကိုတင်းကျပ်စွာ ဆုပ်ထားပြီး တစ်ခဏမျှ ဘာမျှမပြောဘဲ ငြိမ်နေလိုက်သည်။
ထို့နောက် လျင်မြန်စွာပင် …
“အစ်ကိုသဘောမကျရင် ပြန်ပေးလေ .. မနက်ဖြန်မှ တန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခု ရှာပေးမယ်”
ရှောင်းယီ အကြွေစေ့ကိုကို ပျင်းရိစွာပစ်မြှောက်၍ လှန်နေရင်း …
“ခဏတော့ ယူထားလိုက်မယ်”
နန်းပေါင်ရီ မယုံသင်္ကာဖြစ်ကာ …
“အစ်ကို ၂ တကယ် သဘောကျနေမှန်း ကျွန်မရိပ်မိပါတယ် …”
ရှောင်းယီ ၏ စူးရှသောအကြည့်ကြောင့် နန်းပေါင်ရီ စကားရပ်လိုက်ရသည်။ နောက်ကျနေပြီဖြစ်သောကြောင့် အိပ်ရာထဲမှ ထလိုက်ပြီး …
“အစ်ကို ၂ .. ညီမလေးအခန်းထဲပြန်ပြီးအိပ်တော့မယ်နော်”
ရှောင်းယီ က သူမအနောက်မှကြည့်ရင်း …
“ဘွားဘွားက နောက်သုံးရက်နေရင် ငါရာထူးတိုးတာကိုဂုဏ်ပြုဖို့အတွက် ‘အဆုံးမဲ့နှင်းစက်’မှာ ဧည့်ခံပွဲကျင်းပပေးဖို့ စီစဉ်ထားတယ် .. နန်းကျောင်းကျောင်း .. ငါ့ကိုဘာပေးရမလဲဆိုတာ သေချာစဉ်းစားထား”
နန်းပေါင်ရီ မှင်သက်သွားပြီး နောက်လှည့်ကြည့်မိသည်။
“ဟင် ! .. နောက်ထပ်လက်ဆောင်တစ်ခု ပေးရဦးမှာလား”
လူငယ်လေးက မျက်ခုံးပင့်လိုက်ပြီး …
“မင်းရော ဘယ်လိုထင်လဲ”
နန်းပေါင်ရီ ထပ်မပြောရဲတော့ဘဲ ထွက်ပြေးသွားလေသည်။
နန်းပေါင်ရီ ထွက်သွားပြီးနောက် ရှောင်းယီ ခြေချိတ်ကာထိုင်လိုက်သည်။
ကလေးမလေး၏ကိုယ်သင်းရနံ့က အိပ်ရာခင်းအတွင်းတွင် ကျန်ရှိနေသေးသည်။
အကြွေစေ့ကိုလက်ထဲတွင် ခဏလှည့်ကစားနေပြီးနောက် ရွှေနှင့်အနီရောင်ခေါင်းစည်းကြိုးတွင် အကြွေစေ့ကိုရစ်ပတ်လိုက်ပြီး လက်ကောက်ဝတ်တွင်ဂရုတစိုက် ပတ်ချည်လိုက်သည်။
…
ရှေးစကားတစ်ခွန်းရှိသည်။
ပြတင်းပေါက်ကတဆင့် အဆုံးမရှိသောနှင်းတွေဖုံးလွှမ်းနေတဲ့အနောက်ဘက် တောင်တန်းတွေကို မြင်ရတယ်၊ တံခါးရဲ့တစ်ဖက်အလွန်မှာတော့ အရှေ့ဘက်ကိုဦးတည်သွားနေတဲ့သင်္ဘောတွေကို ကျောက်ဆူးချထားတာမြင်ရတယ်။
နှင်းဖုံးနေသောအနောက်ဘက်တောင်တန်းများက ကျင်ကွမ်း မြို့၏ အစွန်အဖျားတွင်တည်ရှိပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေကာ တောင်ခြေတွင်လည်း ဝါးတောကြီးများဖြင့် ကာရံထားသည်။ နွေဦးရာသီတွင် အရောင်စုံလင်သောပန်းပွင့်များကို မျက်စိတစ်ဆုံးမြင်တွေ့နိုင်ပြီး တစ်ခါတစ်ရံ ရေပူစမ်းများကိုပါ တွေ့နိုင်သည်။ ထိုတောင်တန်းကြီးမှာ ရှု တိုင်းပြည်၏ အထင်ကရ တောင်တန်းတစ်ခုပင်ဖြစ်သည်။
အဆုံးမဲ့နှင်းစက် ဆိုသည်မှာ အနောက်ဘက်တောင်တန်းများအခြေတွင်တည်ဆောက်ထားသော ရှု တိုင်းပြည်၏ နာမည်ကြီးစားသောက်ဆိုင်နှင့် အပန်းဖြအိမ်ကြီးဖြစ်သည်။
ဂုဏ်သရေရှိပုဂ္ဂိုလ်များက သူတို့၏စားပွဲသောက်ပွဲများကို ဒီနေရာတွင်ကျင်းပလေ့ရှိကြသည်။ ဒီနေရာရှိ စားပွဲတစ်ပွဲသည် အလွန်ဈေးကြီးသဖြင့် ငွေဖြုန်းတီးရေးဌာနဟုပင် သတ်မှတ်ရလောက်သည်။
နန်းပေါင်ရီ နှင့် နန်းပေါင်ကျူး တို့က အဆုံးမဲ့နှင်းစက်အကြောင်းမိတ်ဆက်ထားသော စာကိုပန်းခြံထဲတွင် ထိုင်ဖတ်နေကြသည်။
နန်းပေါင်ကျူး က စိတ်လှုပ်ရှားစွာဖြင့် စာကိုပြရင်း
“ဝက်ဝံ ! ဝါးတောထဲမှာ ဝက်ဝံတွေရှိတယ်တဲ့ ကျောင်းကျောင်း .. သန်ဘက်ခါ အဆုံးမဲ့နှင်းစက်ဆီသွားတဲ့အခါ ဝက်ဝံတွေကို ကြည့်ဖြစ်အောင်ကြည့်ရမယ် .. ကြည့်ပါဦး ဝတုတ်ပြီး အမွေးပွပွကြီးတွေနဲ့ .. ချစ်ဖို့ကောင်းလိုက်တာ !”
နန်းပေါင်ရီလည်း ပျော်ရွှင်စွာ မေးထောက်ထားပြီး …
“ဝက်ဝံတွေ သွားကြည့်ပြီးရင် ငါတို့ရေပူစမ်းသွားလို့ရသေးတယ် .. ဘွားဘွားက တခြားဘယ်သူတွေကို ဖိတ်ဦးမှာလဲဆိုတာပဲ မသိတာ”
“ငါသိတယ် !”
နန်းပေါင်ကျူး မျက်လုံးများ ဝင်းလက်သွားပြီး လက်ချိုးရေတွက်ပြသည်။
“ငါ ဘွားဘွားနဲ့ မေမေပြောနေတာကို ကြားခဲ့တာ … ဖိတ်ထားတဲ့သူတွေထဲမှာ ငါတို့အမျိုးတွေတင်မကဘူး … ရှ မိသားစုနဲ့ စုန့် မိသားစုလိုမျိုး စီးပွားလုပ်ဖော်ကိုင်ဖက်တွေလည်းပါတယ် .. ပြီးတော့ အရာရှိမျိုးနွယ်တွေဖြစ်တဲ့ ချန်း မိသားစုနဲ့ ကျန်း မိသားစုလည်းပါတယ် .. နောက်ဆုံး နင်ရော မမရော သူတို့မိသားစုဝင်တွေနဲ့ပဲ အိမ်ထောင်ပြုရမှာလေ”
ချန်း မိသားစု၊ ကျန်း မိသားစု။
နန်းပေါင်ရီ စိတ်အားထက်သန်နေရာမှ အေးစက်သွားသည်။
ပန်းထိုးထားသော ကျောက်စိမ်းဖြူယပ်တောင်ကို ယူလိုက်ပြီး သူမကိုနေရောင်မထိုးအောင် ကာလိုက်သည်။
သူမ၏စူးရှသောမျက်လုံးများက အသေအချာတွေးနေသဖြင့် ကျဉ်းမြောင်းသွားသည်။
အခုအချိန်တွင် သူမ၏ထိမ်းမြားလမ်းကြောင်းကို သူမ မငြင်းနိုင်သေးသော်လည်း သူမ၏ မမကြီးကို ငြင်းဆိုနိုင်ရန် ကူညီပေးရဦးမည်။
မမက ကျန်းယွမ့်ဝမ် နှင့်လက်မထပ်ရသေးသည့်အပြင် ထိုဆန်ကုန်မြေလေးအပေါ် ခံစားချက်လည်း မရှိသေးသဖြင့် အခုချိန်မှာပင်လက်ထပ်ပွဲကိုဖျက်ဆီးခြင်းကသာ အကောင်းဆုံးဖြစ်နိုင်သည်။
ညနေစောင်းရောက်လာသည့်အချိန်ထိ ရှောင်းယီ နှင့်သူမ ထမင်းအတူစားနေချိန်အထိ ထိုအကြောင်းကို စဉ်းစားနေလျက်ပင်။
ရှောင်းယီ က သူမအတွေးလွန်နေသည်ကို သတိထားမိသွားပြီး …
“သန်ဘက်ခါဆို အနောက်ဘက်တောင်တန်းဆီ သွားတော့မှာ .. အစေခံကို အထုပ်အပိုးပြင်ဆင်ဖို့ မှာပြီးပြီလား”
“ညီမလေးအတွက် ဟယ်ယဲ့ ပြင်ပေးမှာပေါ့ .. စိတ်မပူပါနဲ့”
နန်းပေါင်ရီ မေးကိုလက်နှင့်ထောက်ထားလိုက်ပြီး …
“အစ်ကို ၂ .. အစ်ကိုက အိမ်တော်အပြင်ဘက်ကို ထွက်နေကျဆိုတော့ ကျန်းယွမ့်ဝမ် ကို ဘယ်လိုလူမျိုးလို့ထင်လဲ”
ရှောင်းယီ က ယမကာတစ်ငုံ သောက်လိုက်သည်။
ကျန်းယွမ့်ဝမ် သည် စစ်ရေးအရာရှိ ကျန်း ၏ သားဖြစ်ပြီး အပြင်ပန်းကြည့်လျှင် စိတ်ကူးယဉ်ဆန်၍ ပါရမီရှိသော ကျောင်းသားဖြစ်သည်။ တကယ်တမ်းမှာ တဏာရူးဖြစ်ပြီး ယုတ်မာတတ်သည့်အပြင် တစ်ကိုယ်ကောင်းဆန်သူလည်းဖြစ်သည်။
နန်းပေါင်ရီ က ထိုသူကို စိတ်ဝင်စားနေတာလား။
ရှောင်းယီ မျက်နှာ ချက်ချင်းအေးစက်သွားပြီး
“အပြင်ပန်းကတော့ ကြည့်ကောင်းပေမယ့် .. အတွင်းထဲမှာတော့ ဗလာပဲ”
နန်းပေါင်ရီက ငှက်သိုက်စွပ်ပြုတ်ကို မွှေနေရင်း …
“ဒါပေမယ့် သူက တကယ့်ကို ပါရမီရှိတာလေ”
သို့မဟုတ်ပါက ကြည်နူးဖွယ် ချစ်ရေးချစ်ရာ ကဗျာများကို ရေးတတ်မည်မဟုတ်ပေ။
ထိုသူသည် မမကို မချစ်မှန်းသိသာသော်လည်း ကွာရှင်းပြီးနောက်တွင် သူမနှင့်တွေ့ရန် နည်းမျိုးစုံဖြင့်ကြိုးစားပြီး သူရေးထားသော အချစ်ကဗျာများလည်း ပို့ဆောင်ပေးခဲ့သည်။
သို့သော် အစေခံတစ်ယောက်က မမအား သူမ၏ခင်ပွန်းဟောင်းကို လုယူသွားသည်ဟု စွပ်စွဲကာ ကောလဟာလများ လိုက်ဖွသောအခါတွင် ကျန်းယွမ့်ဝမ် က လူအများရှေ့ထွက်ပြီး မရှင်းလင်းပေးခဲ့ပေ။
ထိုသူက မမကို နာမည်ပျက်အောင်လုပ်ခဲ့ပြီး ကျင်ကွမ်း မြို့၏ လှောင်စရာတစ်ခုဖြစ်လာစေခဲ့သည်။
သူမ၏ မမက နူးညံ့ကာ စိတ်ထားမြင့်မြတ်သူဖြစ်ပြီး ကျင့်ဝတ်ထုံးတမ်းများနှင့် ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသည်။
ထိုသို့ လူယုံသတ်ခံရခြင်းများကို မခံစားနိုင်တော့ဘဲ နောက်ဆုံးတွင် စိတ်ဓာတ်ကျကာ သူမ၏ မမမှာ သေဆုံးသွားခဲ့ရသည်။
သေဆုံးသွားခဲ့စဉ်က မမမှာ အလွန်အမင်းပိန်ခြောက်၍ မျက်တွင်းများချောင်နေခဲ့သည်။ ထိုစဉ်က သူမသည် ၁၈နှစ်သာရှိသေးသဖြင့် အချိန်စောပြီး ညှိုးနွမ်းခဲ့သော ပန်းတစ်ပွင့်ဖြစ်ခဲ့ရသည်။
နှစ်တစ်ရာအားထုတ်မှုက တစ်လှေတည်းစီးခွင့်ရနိုင်ပြီး နှစ်တစ်ထောင်အားထုတ်မှုက ခေါင်းအုံးတစ်ခုတည်းတွင် အတူအိပ်စက်စေနိုင်သည်။
ယောက်ျားတစ်ယောက်က သူ့အရင်ဇနီးကို သေသည်အထိ ထိုသို့လုပ်ရက်လောက်အောင်ပင် ရက်စက်နိုင်သည်လား။ ထိုသို့ဖြစ်လျက်နှင့် ဘေးလူများကသူ့ကို ခံစားချက်လေးနက်သည်ဟုပင် ချီးမွမ်းကြသေးသည်။
ထိုတမျှ ခံစားချက်လေးနက်သည်ဟု ဟန်ဆောင်နေနိုင်သည့်အတွက် ထိုစားသောက်ပွဲကိုအသုံးချကာ သူ့အစေခံအပျော်မယားအပေါ် မည်သို့ခံစားချက်ရှိကြောင်း လူတိုင်းသိအောင် သူမလုပ်ရမည်။
သူမ၏မျက်ဝန်းထဲတွင် တောက်လောင်နေသည့်မီးများက ပထမဦးဆုံးအကြိမ် အမဲလိုက်ထွက်တော့မည့် မုဆိုးတစ်ယောက်ကဲ့သို့ စိတ်အားထက်သန်နေသည်။
သို့သော်လည်း ရှောင်းယီ အမြင်တွင် ထိုမျက်ဝန်းများက သူမသည် ကျန်းယွမ့်ဝမ် အပေါ် စိတ်ဝင်စားသည့်ပုံသာ ပေါ်နေသည်။
ရှောင်းယီ က မဲ့ပြုံးပြုံးလိုက်ပြီး …
“နန်းပေါင်ရီ မင်းငါ့ကို ဘာလက်ဆောင်ပေးရမလဲ စဉ်းစားထားသင့်တယ်နော် .. ငါစိတ်တိုင်းမကျရင် ဘာတွေဖြစ်သွားမလဲ မင်းသိတယ်မလား”
ကြွေရေနွေးခွက်မှာ ရှောင်းယီ အားနှင့်ဆုပ်ကိုင်လိုက်သဖြင့် တစ်စစီဖြစ်သွားရလေသည်။
နန်းပေါင်ရီ မှာ ရှောင်းယီ ထွက်သွားသည်ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် စားပွဲပေါ်ရှိ ကြေမွနေသောအပိုင်းအစများကို တုန်လှုပ်စွာဖြင့် ကြည့်မိသည်။
အထိတ်တလန့်ဖြစ်သွားသောကြောင့် နန်းပေါင်ရီ တစ်ယောက် ရင်ကိုအသာဖိလိုက်ရသည်။
သူ့ကို ဒေါသထွက်အောင် သူမ ဘာများလုပ်လိုက်မမိလို့လဲ။
အမတ်လောင်းမှာ အလွန်စိတ်ဆတ်ပါပေသည်။
****