အပိုင်း (၄၂)
ငါ့အနားမှာ မင်းရှိရင် ပိုပြီးယုံကြည်ချက်ရှိသလို ခံစားရတယ်
ထိုင်ခုံများရှိရာနေရာတွင် နန်းပေါင်ရီ က သခင်မကြီး၏ ပွေ့ဖက်မှုထဲသို့ ချစ်စဖွယ် တိုးဝင်နေသည်။
“ဘွားဘွား”
သခင်မကြီး နန်း က ဂုဏ်ယူစွာနှင့် အခြားသူများကို ပြောပြလိုက်သည်။
“အစကတော့ ကျောင်းကျောင်းအာ က နွေဦးရာသီပန်းပွဲတော်မှာ ပြိုင်ချင်တယ်ပြောတော့ စနောက်နေတယ်ပဲထင်ခဲ့တာ .. ဒီလိုပထမဆုရသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ! ဒီကလေးမက သူ့အမေလို အရမ်းထက်မြက်တာပဲ”
နန်းကွမ် က မျက်နှာဖြူဖျော့စွာနှင့် အနောက်ဘက်တွင် ထိုင်နေသည်။
သူအသုံးပြုလိုက်သော ရွှေစ၂စကို ဆုံးရှုံးလိုက်ရပြီ။ သူဘာဆက်လုပ်ရတော့မှာလဲ။
သခင်မ လျို ကလည်း သူမနှုတ်ခမ်းကို ဖိကိုက်ထားရင်း လက်ကိုကျစ်နေအောင်ဆုပ်ထားကာ နန်းပေါင်ရီ ကို တစ်စစီဆွဲဖြဲချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ သူမ၏နောက်ဆုံးသောကျန်ငွေတို့မှာ ထိုသို့ပင် ဆုံးရှုံးလိုက်ရတော့သည်။
သခင်မ ချန်း နှင့် သခင်မ ချန် တို့လည်း အလားတူ အလွန်ရှက်နေကြသည်။ အရာရှိမိသားစုဖြစ်သည်မှန်သော်လည်း နန်း အိမ်တော်ကဲ့သို့ မချမ်းသာကြသဖြင့် ရွှေစ ၁ထောင်မှာ သူမတို့အတွက် အလွန်များပြားသော ပမာဏဖြစ်ပြီး အနည်းဆုံး ရတနာများဝယ်ယူနိုင်သေးသည်။ သို့သော် ထိုကဲ့သို့ ဆုံးရှုံးလိမ့်ရမည်ဟု မထင်ထားခဲ့ကြပေ။
ထို့အတူ နန်း အိမ်တော်က နန်းပေါင်ရီ အပေါ် ရွှေစ သောင်းဂဏန်းနှင့် လောင်းကြေးထပ်ခဲ့ပုံကို ပြန်တွေးလိုက်ကြသည်။ ၂၀ အချိုး ၁ ဖြစ်သောကြောင့် အမြတ်အစွန်းများစွာ ရနိုင်သည့်အခွင့်အရေးပင်။
သူမတို့သာ မနာလိုအားကျသည်မဟုတ်၊ အခြားသူများလည်း ထိုနည်းအတိုင်း နန်း အိမ်တော်ကို မနာလိုအားကျလျက်ရှိသည်။
နန်း အိမ်တော်က ဘာကိုလုပ်လုပ် ဘယ်လိုကြောင့်များ ငွေအလွယ်တကူရနိုင်တာလဲ။
အရာရှိမိသားစုဖြစ်ရန်ကံမပါသော်လည်း ချမ်းသာကြွယ်ဝဆုံးသော မိသားစုဖြစ်နေသည်။ ထိုအချက်ကြောင့်ပင် နန်း မိသားစုကို အများက မနာလိုဝန်တိုဖြစ်နေကြသည်။
သူမအနိုင်ရခဲ့သော စန္ဒကူးသေတ္တာကို နန်းပေါင်ရီ နှင့် နန်းပေါင်ကျူး တို့ အတူကြည့်ရန်ဖွင်လိုက်သည့်အခါ ရွှေတုံးပေါင်းများစွာနှင့် အရည်အသွေးကောင်းသော လက်ရေးလှလေ့ကျင့်နည်းစာအုပ်တစ်တွဲအပြင် ကံကောင်းစေသည့် ရွှေဟောင်းအကြွေစေ့တစ်စေ့လည်း ပါသည်။
နန်းပေါင်ရီ က ရွှေတုံးအနည်းငယ်ကိုယူကာ နန်းပေါင်ကျူး ကို ပေးလိုက်သည်။
“ဒါက ကျူးကျူးအတွက် ကံကောင်းစေဖို့ လက်ဆောင်လေး .. စာအုပ်ကတော့ မမကြီးကိုပဲပေးလိုက်မယ် သူက စာရေ းရတာသဘောကျတယ်ဆိုတော့”
နန်းပေါင်ကျူး ကျေနပ်စွာပြုံးရင်း ရွှေတုံးကိုယူကာ အခြားမိန်းကလေးများကို ကြွားနေလိုက်သည်။
နန်းပေါင်ရီ က ကံကောင်းစေသည့်အကြွေစေ့ကို လက်တွင်ကိုင်ထားပြီး ရှောင်းယီ ကို ခိုးကြည့်လေသည်။
ရှောင်းယီ မှာ လည်ပင်းအကွပ်နှင့် အင်္ကျီလက်အစွန်းနားတွင် နက်မှောင်သောရွှေရောင်ချည်နှင့် တိမ်ပုံစံချည်ထိုးထားသည့် ဝတ်စုံကို ဘယ်အချိန်ကပြောင်းလဲဝတ်ဆင်လိုက်သည်ကို သူမမသိလိုက်ရချေ။ ခန့်ညားပြီး ကြည့်ကောင်းနေသော်လည်း ထုံးစံအတိုင်း အေးတိအေးစက်သာဖြစ်နေသည်။
နန်းပေါင်ရီ စိုက်ကြည့်သည်ကို ရှောင်းယီ ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်သည့်အခါ နန်းပေါင်ရီ ချက်ချင်းခေါင်းငုံ့လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုနှင့် စားပွဲပေါ်ရှိ ပန်းကန်ထဲမှသစ်သီးများကို ရောမွှေနေလိုက်သည်။
ထိုအကြွေစေ့ကို ရှောင်းယီ ထံ ပေးချင်သော်လည်း ရှောင်းယီ ၏ အေးစက်စက်နိုင်မှုကြောင့် သူမကြောက်လန့်သဖြင့် အခုမပေးနိုင်သေးပေ။
ထိုအချိန်တွင် ရုတ်တရက် မေးခွန်းစကားများထွက်ပေါ်လာသည်။
“ဘယ်သူက ရဲမက်တွေကိုခေါ်လိုက်တာလဲ .. သူတို့ဘာလုပ်ကြမလို့လဲ !”
“တကယ်ဓါးတွေ သေနတ်တွေ ယူလာကြတာလား .. သူတို့ကိုကြည့်ရတာ ကြောက်စရာကြီး !”
“ကြည့်ဦး .. သူတို့က တိုက်ပွဲစတဲ့အခါ ပြင်ဆင်တဲ့အနေအထားပုံစံကို အကွက်ချနေတာ !”
နန်းပေါင်ရီ လှမ်းကြည့်လိုက်သည့်အခါ ရဲမက် အယောက်၂၀၀က အတူတကွစုစည်းရပ်နေကြလေသည်။
စစ်ထို့လင်း က သူ၏ မုတ်ဆိတ်မွေးကိုသပ်ကာ ပြုံးလိုက်သည်။
“မြွေပုံစံဖွဲ့စည်းပုံပဲ .. ငါ့လက်အောက်မှာရှိတဲ့ ငါ့ရဲ့လက်ထောက်စစ်သူကြီးက ဒီလိုဖွဲ့စည်းပုံမှာ အတော်ဆုံးပဲ ဒီလိုပုံစံနဲ့ ရန်သူ့ရဲမက်တွေကို အရှင်တိုင်း အများကြီးဖမ်းမိခဲ့တယ် … ရှောင်းယီ က စစ်ပွဲတွေအကြောင်း စာအုပ်ဖတ်ဖူးတယ်ဆိုတော့ ငါ့ရဲမက်တွေရဲ့ ပုံစံအနေအထားကို ဘယ်လိုထင်လဲ”
ရှောင်းယီ က ရဲမက်တို့ကို ကြည့်လိုက်သည်။
လက်ထောက်စစ်သူကြီးမှာ လုပ်သက်ကြာဟန်ရှိပြီး ရဲမက်များ၏ဖွဲ့စည်းပုံအနေအထားမှာလည်း သားကောင်ကိုအချိန်မရွေးဖမ်းနိုင်ရန် အသင့်ရှိနေသော ကြီးမားသည့် စပါးအုံးမြွေကြီးတစ်ကောင်ကဲ့သို့ အင်အားကြီးပြီး အလိုက်သင့်ရှိနေသည်။
ရှောင်းယီ ခေါင်းညိတ်ပြကာ …
“အရမ်းကောင်းပါတယ်”
စစ်ထို့လင်း က ရှောင်းယီ ပခုံးကိုအသာပုတ်ကာ …
“ပွဲလာတဲ့သူတွေထဲက မင်းကြိုက်ရာလူ ဆယ်ယောက်ကိုရွေးပြီး ဒီဖွဲ့စည်းပုံကို ဖျက်ကြည့်”
နေရာပြင်ကြီးမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားလေသည်။
လူအများက နန်း အိမ်တော်၏ မွေးစားသားသည် ရဲမက်အယောက်၂၀၀ကျော်နှင့် တိုက်ခိုက်ရမည်ကိုသာ သိလိုက်ကြသည်။
စစ်ဆေးသူများက အပြေးရောက်လာကြကာ ဖျောင်းဖျလေသည်။
“နွေဦးရာသီပန်းပွဲတော်က ဒီအတိုင်းသာမန်ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုပါ ဒီလိုပွဲမှာ အနာတရနဲ့ သွေးထွက်သံယိုမဖြစ်စေချင်ပါဘူး … ပုံစံကိုဖျက်ဖို့ လူဆယ်ယောက်ကို ရွေးခိုင်းတာက ဒီမှာရှိကြတဲ့ အရာရှိမိသားစုတွေထဲ တိုက်ပွဲကို နဖူးတွေ့ဒူးတွေ့ ကြုံဖူးတဲ့သူမရှိကြပါဘူး … ဒီလိုဖွဲ့စည်းပုံကိုဖျက်ခိုင်းတာက ဒုက္ခဖြစ်အောင်လုပ်တာပဲမဟုတ်ဘူးလား”
“ဟုတ်တယ် !”
အငြိမ်းစားယူသွားသော စစ်သူကြီးဟောင်းတစ်ယောက်က မျက်မှောင်ကြုတ်ကာ ….
“စစ်သူကြီး စစ်ထို့ … ဒီလိုစပါးအုံးမြွေပုံစံဖွဲ့စည်းပုံက အကောင်းဆုံးဖြစ်ပြီး တိုက်ပွဲထဲမှာလည်း ဘယ်သူကမှ မချေဖျက်နိုင်ဘူးဆိုတာ အားလုံးလည်း အသိပဲ … ဒီလူငယ်လေးကို အခက်တွေ့အောင် လုပ်နေတာမလား”
စစ်ထို့လင်း ဘာမှမပြောဘဲ ပြုံးရုံသာပြုံးပြလိုက်သည်။
နန်း မိသားစုမှာ မျှော်လင့်ချက်မဲ့သည့်အခြေအနေသို့ ရောက်ရှိနေသည်။ သခင်မကြီးက သူ၏အကူအညီကိုရယူလိုသည်ဆိုလျှင် သူတို့ဘက်မှလည်း သူ့ကိုယုံကြည်စေနိုင်မည့်အရာတစ်ခုခု ပြန်ပြပေးရမည်ဖြစ်သည်။
အကယ်၍ ရှောင်းယီ သာ အရည်အချင်းရှိပြီး မြေတောင်မြောက်ပေးထိုက်သည်ဟု ယူဆရလျှင် သူကိုယ်တိုင် လမ်းညွှန်ထောက်ပံ့ရန် ဝန်လေးမည်မဟုတ်ပေ။
ထိုသို့မဟုတ်ဘဲ အဆင်းသာရှိပြီး အချင်းမရှိသူဆိုလျှင် နန်း မိသားစုတွင် အမှီသဟဲပြုရမည့်သူမရှိတော့ဘဲ မိသားစုအခြေအနေသည်လည်း ပြောင်းလဲလာမည်မဟုတ်ပေ။
ရှောင်းယီ မျက်နှာမှာ တည်မြဲတည်နေလျက်ပင်။
ထိုင်ခုံများရှိရာဘက်ကိုလှည့်ကြည့်လေတော့ အရာရှိများ၏ သားတို့မှာ ရှောင်းယီ အကြည့်ကို ရှောင်လွဲနေကြပြီး တစ်ဦးတစ်ယောက်တောင်မှ ရှောင်းယီ နှင့်အတူ ဖွဲ့စည်းပုံကို မဖျက်လိုကြပေ။
ရှောင်းယီ မဲ့ပြုံးပြုံးလိုက်သည်။
အသုံးမကျသောလူအုပ်ထဲမှ လူဆယ်ယောက်ရွေးရမည်ဟု ရှောင်းယီ လုံးဝမထင်ထားခဲ့ပေ။
ရှောင်းယီ သာမန်ကာလျှံကာနှင့် …
“ဆယ်ယောက်တောင်မလိုပါဘူး .. ပုံစံဖျက်ဖို့အတွက် လူနှစ်ယောက်တည်းဆိုရင် လုံလောက်ပါပြီ”
လူအများလည်း မှင်သက်သွားပြီး စစ်ထို့လင်း က စိးရိမ်စိတ်နှင့် ဆူပူလိုက်သည်။
“ရှောင်းယီ .. မင်းသေချာစဉ်းစားနော်”
ရှောင်းယီ က အေးဆေးစွာပင် လမ်းလျှောက်သွားပြီး …
“နန်းကျောင်းကျောင်း .. ငါနဲ့လိုက်ခဲ့”
နန်းပေါင်ရီ မှင်သေသေနှင့်စိုက်ကြည့်နေမိသည်။
ရှောင်းယီ မှာ ဖြောင့်မတ်ပြီး အေးဆေးတည်ငြိမ်ကာ သူ၏ကျောဘက်မှ နေရောင်ဖြာကျနေသည်။ သူ၏ပုံစံမှာ ဓါးအိမ်မရှိသော ဓါးတစ်ချောင်းကဲ့သို့ သူ၏ထက်မြက်ပုံကို မကွယ်ဝှက်လိုသော မာန်ရှိနေသည်။
ရှောင်းယီ ၏ ထိုပုံစံမှာ အရင်ဘဝမှဟန်ပန်နှင့် တစ်ထပ်တည်း တူညီနေသည်။
အတိတ်ဘဝတွင်လည်း ရှောင်းယီ မှာ ရဲမက်အမြောက်အမြားကိုဦးဆောင်၍ တိုက်ပွဲတွင်းသို့ မရေတွက်နိုင်သည်အထိ မကြာခဏသွားခဲ့ရသည်။
ထိုအချိန်တွင် သူမသည် နန်းတွင်းအစေခံဖြစ်နေခဲ့ပြီး အခြားသောနန်းတွင်းသူများကဲ့သို့ပင် ရှောင်းယီ ကို မကြာခဏချောင်းကြည့်ခဲ့သည်။
မင်းဆရာဖြစ်သည့် ရှောင်းယီ က တိုက်ပွဲအတွင်းတွင် ရန်သူများကို အလွယ်တူချေမှုန်းအနိုင်ယူခဲ့သည့်အကြောင်း ပြောဆိုနေကြလျှင် သူမအမြဲနားထောင်နေခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်သာ မင်းဆရာ၏ ဇနီးမယားဖြစ်ခဲ့လျှင် ဘယ်လောက်များ ပျော်ရွှင်စရာကောင်းနေမလဲ။
နန်းတွင်းသူများ အများအပြား ရှောင်းယီ ချောင်းကြည့်နေကြသဖြင့် လူတိုးမိကာ နန်းပေါင်ရီ က ဒုတိယအထပ် လှေကားမှနေ၍ ပြုတ်ကျလေသည်။ သူမအလန့်တကြားအော်ဟစ်လိုက်သော်လည်း ရှောင်းယီ ရင်ခွင်ထဲသို့သာ ကျရောက်သွားသည်။
သူမသည် အတိတ်ဘဝက အလွန်ရုပ်ဆိုးခဲ့သဖြင့် စစ်သူကြီးများနှင့် နန်းတွင်းသူ အစေခံများက နန်းပေါင်ရီ သည် ရှောင်းယီ ၏ အာရုံစိုက်မှုခံလိုသဖြင့် တမင်လုပ်သည်ဟုတွေးကာ လှောင်ပြောင်ကြလေသည်။
သူမလည်း အလွန်ရှက်ပြီး တစ်နေရာသို့ ပြေးပုန်းချင်လာသော်လည်း ရှောင်းယီ တစ်ယောက်တည်းသာ သူမကို ပျက်ရယ်ပြုခြင်းမရှိခဲ့ပေ။
သူ့ကိုအကြိမ်ပေါင်းစွာ အရှက်ကွဲအောင် အနိုင်ကျင့်ခဲ့သည့်ညီမလေးတစ်ယောက်ကို မမှတ်မိသည့်အလား မြဲမြံစွာ ဖက်ထားပြီး အေးစက်သည့်အသံနှင့် …
“ငါနဲ့အတူ တိုက်ပွဲဝင်ချင်လား”
ထိုအချိန်က သူမ ဘယ်လိုပြန်ဖြေခဲ့တာလဲ။ သူမမှန်ဉာဏ်မှာ အနည်းငယ်ဝေဝါးသွားသည်။
သို့သော် ထိုအချိန်က ရှောင်းယီ ကို နောက်ဆုံးတွေ့ခဲ့ရသည့်အချိန်ပင်။ နန်းပေါင်ရီ သည် နန်းတော်တွင်းရှိ ကောက်ကျစ်သူတို့အစီအစဉ်ကြား သူမသေဆုံးခဲ့ရသဖြင့် ရှောင်းယီ အောင်ပွဲဆင်လာသည်ကို သူမမစောင့်နိုင်ခဲ့တော့ပေ။
နန်းပေါင်ရီ အတွေးထဲနစ်မျောနေချိန်မှာပင် ရှောင်းယီ က မြင်းပေါ်လွှားတက်လိုက်ပြီး သူမကိုလှမ်းခေါ်လိုက်သည်။
“နန်းကျောင်းကျောင်း”
နန်းပေါင်ရီ သတိဝင်လာကာ အမြန်ပြေးသွားလိုက်သည်။ ရှောင်းယီ က သူမကို ဆွဲယူကာ သူ၏အရှေ့တွင် ထိုင်စေလိုက်သည်။
နန်းပေါင်ရီ ခေါင်းကိုအမြန်လှည့်ကာ ကြည့်မိလိုက်သည့်အခါ ရှောင်းယီ သည် တည်ငြိမ်ခန့်ညားနေပြီး ရဲစွမ်းသတ္တိအပြည့်ရှိနေသည်။ သူ၏ ကျဉ်းမြောင်းသောမျက်ဝန်းက အေးစက်စက်နှင့် တင်းမာခက်ထန်နေပြီး သူ၏နှာတံမှာလည်း အချိုးညီစွာ ဖြောင့်စင်းနေသဖြင့် သူရဲကောင်းတစ်ယောက်နှင့် ပို၍တူနေသည်။
သူမက နူးညံ့သောအသံနှင့် …
“အစ်ကို ၂ .. ညီမလေးက အစ်ကို့ကို အခက်တွေ့စေမှာသိသားနဲ့ ဘာကြောင့် ညီမလေးကိုရွေးရတာလဲ”
ရှောင်းယီ က တည်ငြိမ်စွာ သူမကိုကြည့်လိုက်သည်။
ကလေးမလေးမှာ အလွန်ဖြူဖွေးကာ လှပနေသည်။ သူမ၏ရိုးသားသောအကြည့်များက ရှောင်းယီ စိတ်ထဲတွင် သူမကို ရင်ခွင်ထဲထွေးပွေ့ကာ ကာကွယ်ပေးလိုသည့်စိတ်များ ဖြစ်ပေါ်လာစေသည်။
အကယ်၍ သူမကို သူနှင့်အတူမခေါ်လာလျှင် သူမကို နောက်ထပ်မတွေ့နိုင်တော့မှာကို စိုးတိတ်မိသည်။
“ငါ့အနားမှာ မင်းရှိနေရင် ငါယုံကြည်ချက်ပိုရှိသလို ခံစားရတယ်”
လက်နက်များထားသည့်နေရာမှ အနီနှင့်အနက်ချည်များတပ်ထားသည့် လှံချွန်းတစ်ချောင်းနှင့် လှပသောလှံတံတစ်ချောင်းကို အလွယ်တကူထုတ်ယူလိုက်သည်။
ရှောင်းယီ ခေါင်းမော့ကာ မကြာခဏပြောင်းလဲရွေ့လျားနေသော မြွေပုံစံဖွဲ့စည်းပုံကို စိုက်ကြည့်နေလိုက်သည်။
“နန်းကျောင်းကျောင်း .. သေချာထိုင်ထား”
ရုတ်ချည်းပင် ရှောင်းယီ စီးထားသောမြင်းသည် နဂိုနေရာမှ အလင်း၏အမြန်နှုန်းအလား ပျောက်ကွယ်သွားပြီး တစ်မိုးအောက် မိုးချုန်းလိုက်သည့်အသံကဲ့သို့ အသံကိုသာကြားလိုက်ရလေသည်။
******