အပိုင်း (၃၇)
ပြိုင်ဘက်ကင်း သခင်မလေး နန်း (၁)
“ရောက်လာပြီ သူရောက်လာပြီ … နန်း မိသားစုရဲ့ဘသခင်မလေး ၅ ရောက်လာပြီ”
လူအုပ်ကြီးမှာ ရုတ်တရက်တက်ကြွသွားလေသည်။ နွေဦးရာသီပန်းပွဲတော်မှာ အလွန်ခမ်းနားကြီးကျယ်ပြီး ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသော မိန်းကလေးတို့မှာ ပင်ကိုစွမ်းရည်ရှိကြပြီး အလွန်လှပကြသည်။ နန်းပေါင်ရီ က ပြိုင်ပွဲတွင် ပါဝင်မည်ဟု ကြေညာပြီးသည့်အချိန်မှစ၍ လူအများက သူမကိုလှောင်ရယ်ရန် စောင့်စားနေကြခြင်းဖြစ်သည်။
ထို့အပြင် နန်း အိမ်တော်မှ မိန်းကလေးများသည် ငွေကလွဲ၍အခြားမသိသေးသော ညံ့ဖျင်းသည့်မိန်းကလေးများဖြစ်သည်ကို ကျင်ကွမ်း တစ်မြို့လုံး မသိသူမရှိပေ။
နန်းယန် နှင့် ရင်းနှီးကြသောမိန်းကလေးများက ပြုံးလိုက်ပြီး …
“နန်းပေါင်ရီ က တကယ်လာရဲသေးတယ်နော် .. သူရူးများရူးနေတာလား”
“ငါကြားတာကတော့ နန်း အိမ်တော်က မိန်းကလေးတွေထဲမှာ ယန်အာ ကလွဲလို့ ဘယ်သူမှ စာအုပ်ကိုထိတောင်မထိဖူးဘူးတဲ့ အနုပညာလေးရပ်ဆို ပိုဝေးသေးတယ် … နန်းပေါင်ရီ က ကိုယ့်အရှက်ကိုယ်ခွဲတာ ငါနားမလည်နိုင်ဘူး”
နန်းယန် ပျော်သွားပြီး လက်ကိုင်ပုဝါကိုကိုင်ကာ ပြုံးလိုက်သည်။
“သခင်မ ချန်း ကို စိတ်ကျေနပ်အောင်လုပ်မလို့နေမှာပေါ့”
“အို ဟုတ်သား … သူက ဘုရင်ခံရဲ့ ချွေးမလောင်းပဲ”
ကြွယ်ဝသောလူကုံထံတစ်ဦး သမီးဖြစ်သူ ရှချင်ချင် က မနာလိုဝန်တိုဟန်နှင့် ပြောလေသည်။
“သခင်လေး ချန်း က ပါရမီအထုံပါပြီး ရုပ်ရည်လည်းရှိ ကိုယ်ကျင့်တရားလည်းကောင်းတယ်လို့ ကြားတယ် အခု ရှန်ကျင်း မြို့မှာ ပညာသင်ယူနေတယ်တဲ့ … နန်းပေါင်ရီ က ကံကောင်းလိုက်တာ ဘာမှမသိဘဲနဲ့လည်း သူနဲ့ လက်ထပ်ရတယ် .. ယန်အာ ကမှ သူ့ထက် ပိုလှပြီး ထက်မြက်တာကို မိသားစုကောင်းနဲ့ လက်မထပ်နိုင်တာ စိတ်မကောင်းလိုက်တာ ယန်အာ ရယ်”
နန်းယန် လည်း သူမကိုယ်သူမ သနားမိသွားပြီး …
“ဘာပဲဖြစ်ဖြစ်ပါ .. ငါကသူ့ထက် ပိုလှပိုတော်နေတယ်ဆိုရင်တောင် ငါ့နောက်ခံက ဘာမှမရှိဘူးလေ”
အပ်သံမကြားရအောင် တိတ်ဆိတ်သွားပြီးနောက် နှစ်လိုဖွယ်ချီးကျူးစကားသံက ရုတ်တရက်ပေါ်လာလေသည်။
“အဲဒါ နန်းပေါင်ရီ လား! ပြောကြတာတော့ သူက ဉာဏ်တုံးပြီး မာနကြီးတယ်ဆို .. အခု ငါမြင်လိုက်တော့ ဘာလို့ ထက်မြက်တဲ့သခင်မလေးနဲ့တူနေတာလဲ !”
“ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက်လှနေတာ လက်ထပ်ရမယ့်အရွယ်ရောက်ရင် ဘယ်လောက်များ လှပခမ်းနားနေလိုက်မလဲ ခန့်မှန်းလို့မရနိုင်လောက်အောင်ပဲ !”
“ချန်း မိသားစု အရမ်းကံကောင်းတာပဲ .. ဒုတိယသခင်လေး ချန်း သာ ဒီမှာရှိရင် အရမ်းဂုဏ်ယူနေမှာ”
အခြားချီးမွမ်းသံများကြောင့်လည်း နန်းယန် မျက်မှောင်ကြုတ်သွားပြီး လှမ်းကြည့်လိုက်သည်။ နန်းပေါင်ရီ က စင်မြင့်ထက် ညင်သာစွာ လျှောက်လှမ်းလာနေသည်။ အလိုလိုက်ခံရကာဆိုးသွမ်းနေသည့် သူဌေးမလေးအသွင်ကို ဖယ်ချလိုက်သည့်အခါ ၁၂နှစ်အရွယ် မိန်းကလေးမှာ ဖုန်မှုန့်များကိုဖယ်ရှားပြီးနောက် ထွက်ပေါ်လာသော အဖိုးတန်ပုလဲလုံးကဲ့သို့ ထင်ရှားလှပနေသည်။
နန်းပေါင်ရီ မှာ သေသပ်စွာဖြီးသင်ထားပြီး လှပစွာစုစည်းထုံးဖွဲ့ထားသော ဆံထုံးနှင့် တန်ဖိုးကြီးကာလှပသော စိမ်းပြာရောင်ပန်းဝတ်စုံကို ဝတ်ဆင်ထားသည်။ လူတစ်ယောက်၏ ခြေလှမ်းအရှိန်ကိုလျော့ချစေရန် ခါးတင်တပ်ဆင်ထားသော အဆင်တန်ဆာမှာလည်း သူမလမ်းလျှောက်နေသည့်အခါ လှုပ်ရှားခြင်းပင်မရှိသည့်အပြင် သူမမှာ သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်နေသည်။ ထိုသို့အမူအရာဟန်ပန်ကို ရှန်ကျင်း မြို့မှ နန်းတွင်းအစေခံတစ်ယောက်ကို ဝယ်ယူသင်ကြားပေးလျှင်တောင် နန်းပေါင်ရီ ကဲ့သို့ သိမ်မွေ့နိုင်မည်မဟုတ်ပေ။
ရှချင်ချင် က မပျော်ရွှင်ဟန်နှင့် လှောင်ပြောလေသည်။
“နွေဦးရာသီပန်းပွဲတော်က အလှပြိုင်ပွဲမှမ၄ဘာကြောင့်နဲ့ လှပအောင်ဝတ်ဆင်လာရတာလဲ … ငါတို့က အတူကြီးပြင်းလာတာ သူဘယ်လိုစိတ်ထားရှိလဲဆိုတာ မသိဘဲနေမလား .. ဟွန့် .. မာန်တက်ပြီးဝင်လာရင် ပိုပြီးအရှက်ကွဲရမှာပဲ !”
ထိုအချိန် နန်းပေါင်ကျူး ထွက်လာပြီး ရှချင်ချင် ခါးကို မကျေနပ်သည့်ပုံနှင့် ဖက်လိုက်သည်။
“ကျောင်းကျောင်း ကို ဒီလိုမပြောနဲ့ ! စောင့်ကြည့်နေလိုက် .. ငါတို့ရဲ့ ကျောင်းကျောင်း က ပထမရလိမ့်မယ် !”
ထိုမိန်းကလေးများမှာ ချမ်းသာကြွယ်ဝပြီး နာမည်ကောင်းရှိသော မိသားစုများမှဖြစ်ကြပြီး ငယ်စဉ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြီး တစ်ယောက်၏နောက်ခံကို တစ်ယောက်ကသိကြသဖြင့် သူမတို့လုံးဝအလျော့မပေးကြပေ။
သို့သော် နန်းယန် မှာ မပြောပြနိုင်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။ သူမလက်ကိုင်ပုဝါကို တင်းကြပ်နေအောင်ဆုပ်ကိုင်လိုက်ပြီး သူမ၏ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
နန်းပေါင်ရီ က လှလှပပဝတ်ဆင်လာသော်လည်း ဘာမှမဖြစ်ပေ၊ ပွဲမှာ အလှပြိုင်ပွဲမဟုတ်ဘဲ အရည်အချင်းစစ်ပွဲဖြစ်သောကြောင့် သူမနိုင်မည်မှာ အသေအချာပင်။
သခင်မ စုန့် သည်လည်း အလွန်လှပသော်လည်း နောက်ဆုံးတွင် သူမအမေကိုသာ သူမအဖေက ချစ်မြတ်နိုးသည်မဟုတ်လား။ သခင်မ လျို လည်း သူမတွေးသည့်အတိုင်း မှတ်ယူထားသည်။
သခင်မ လျို က နန်း မိသားစု၏ ထိုင်ခုံနေရာများကို ကြည့်လိုက်သောအခါ သခင်မကြီးမှာ ဘေးတွင်ထိုင်နေသည့် အခြားအဘွားအိုတစ်ယောက်နှင့် စကားပြောဆိုရင်း ရယ်မောနေကြသည်။ သူမ မဲ့ပြုံးပြုံးလိုက်ပြီး နန်းယန် အနားကပ်ကာ …
“နန်းပေါင်ရီ က ဒီလိုဝင်ပြိုင်တယ်ဆိုတာ သမီးအတွက် လမ်းခင်းပေးလိုက်တာပဲ … ယန်အာ .. သမီးနဲ့ယှဉ်ရင် နန်းပေါင်ရီ က ဘယ်လောက်ထိ အသုံးမကျလဲဆိုတာ အဲဒီအဘွားကြီးသိအောင် လုပ်ပြလိုက် !”
“သမီးသိပါတယ် မေမေ”
သူမတို့ပြောဆိုနေကြချိန် တစ်ဖက်ကလည်း စိတ်လှုပ်ရှားစွာ အမျိုးမျိုးပြောဆိုနေကြသည်။ သခင်မ ချန်း နှင့် သခင်မ ချန် တို့၏ သူကောင်းအယောင်ဆောင်လောဘတို့ကို မမြင်လိုသောသခင်မများထဲမှ တစ်ယောက်က ပြုံးကာ ပြောလေသည်။
“နန်း မိသားစုရဲ့ မိန်းကလေးက အရမ်းလှပြီး ထည်ဝါနေလိုက်တာ ကောလာဟလတွေထက်တောင် ပိုပြီးလှနေသေးတယ် … သူတို့ကတော့ လူကုံထံတွေက ငွေကလွဲပြီး ကျန်တာဂရုမစိုက်ကြဘူးလို့ပြောကြတယ် ဒါပေမယ့် မိန်းကလေး နန်း က ငါတို့အိမ်တော်တွေက မိန်းကလေးတွေနဲ့ ယှဉ်ရင်တောင် သိပ်မဆိုးလှဘူးနော် … သခင်မ ချန်း .. ဒီလိုချွေးမမျိုးရထားတာ ပျော်ပျော်နေသင့်တယ်နော်”
သခင်မ ချန်း အလွန်ရှက်သွားသည်။ မကြာသေးခင်ကပင် နန်းပေါင်ရီ အကြောင်းပြောဆိုနေပြီး အခုသူမကို ထိုသို့ပြန်ပြောသည်က တစ်ဖက်လှည့်နှိမ့်ကွပ်လိုက်သည်မဟုတ်ပေလား။
သခင်မ ချန်း က နန်းပေါင်ရီ ကို မနှစ်မြို့စွာကြည့်လိုက်ပြီး သူမ၏အစေခံကို တစ်ခုခုညွှန်ကြားလိုက်သည်။
နန်းပေါင်ရီ လမ်းတစ်လျှောက်လှမ်းလာခဲ့ပြီး သူမ၏ပြိုင်ပွဲဝင်စာရွက်ကတ်ကို ယူလိုက်သည်။ မိန်းမတစ်ယောက်ဆီမှ မနှစ်မြို့မှုကို သူမခံစားလိုက်ရသဖြင့် သူမ မျက်ခုံးပင့်လိုက်မိသည်။ ဒီကမ္ဘာပေါ်တွင် လူတချို့သည် ရန်သူဖြစ်ရမည့်ကံပါလာကြပေသည်။
အခုပင်ကြည့်ပါတော့။ သူမဘာမှမလုပ်ရပါသေးဘဲ သခင်မ ချန်း က သူမကို မလိုမုန်းတီးနေသည်။ သို့သော် အခုဘဝတွင် သူမကို ချန်း မိသားစုက အထင်သေးခြင်းမဟုတ်ဘဲ သူမက ချန်း မိသားစုကို အထင်သေးနေခြင်းပင်။
ထိုမိန်းမကြီးကို သူမ၏ ယောက္ခမဖြစ်ခွင့်ပေးမည်မဟုတ်သည့်အပြင် မည်သည့်နည်းလမ်းကို သုံးရသည်ဖြစ်စေ ထိုမိန်းမကို နှိပ်စက်ပြီး အရှက်တကွဲဖြစ်အောင် သူမရအောင်လုပ်မည်။
သူမ၏ဝင်ပြိင်ခွင့်စာရွက်ကတ်ကိုကိုင်ကာ သူမနေရာတွင် ထိုင်ရန်ပြင်လိုက်စဉ် အစေခံတစ်ယောက်က ရောက်လာခဲ့သည်။
“သခင်မလေး ၅ … ကျွန်မတို့ရဲ့ သခင်မကြီးက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
နန်းပေါင်ရီ ကြည့်လိုက်သည့်အခါ သခင်မ ချန်း က အသာခေါင်းညိတ်ပြလေသည်။ သူမခဏစဉ်းစားနေပြီး ထသွားလိုက်သည်။ သူမအပြင် နန်းယန် ကိုလည်း ခေါ်ထားလေသည်။
ရှု တိုင်းပြည်၏ သခင်မကြီးများရှေ့တွင် သခင်မ ချန်း က ပြုံးလိုက်ပြီး …
“သမီးတို့ ညီအစ်မနှစ်ယောက်လုံး အရမ်းလှကြတာပဲ … ဒီလိုသမီးတွေရထားတာ တတိယသခင် နန်း ကတော့ အတော်ကံကောင်းတာပဲ”
ထိုသို့ပြောဆိုနေပုံ၏ အကြောင်းရင်းအမှန်မှာ သူမက နန်းယန် ကို အသိအမှတ်ပြုလိုက်သည့်သဘော သက်ရောက်နေသည်။
နန်းယန် က လေးစားစွာဖြင့် …
“သခင်မရဲ့ ချီးမြှောက်မှုကို ယန်အာ ကျေးဇူးတင်ပါတယ်”
သခင်မ ချန်း က ပြုံးလိုက်ပြီး …
“ဒီရှေ့တိုးလာခဲ့”
နန်းယန် ရှေ့တိုးသွားသည့်အခါ သခင်မ ချန်း က သူမလက်တွင် ဝတ်ဆင်ထားသော ကျောက်စိမ်းလက်ကောက်ကို ချွတ်ပေးလိုက်ပြီး …
“ဒီလက်ကောက်က ထောင်ပေါင်းမက တန်ဖိုးရှိပြီး ချန်း အိမ်တော်ကို လက်ထပ်လိုက်တော့ တယ်ယွီ ရဲ့ အဘွားက ငါ့ကို ပေးခဲ့တာ .. သမီးက ငယ်ရွယ်နေတော့ သမီးဝတ်ရင် ပိုပြီးသင့်တော်လိမ့်မယ်”
ထိုစကား၏နောက်ကွယ်တွင် အဓိပ္ပါယ်များစွာ သက်ရောက်နေပြီး လူအများကိုလည်း အမျိုးမျိုးတွေးမြင်စေသည်။
နန်းယန် က ပျော်ရွှင်စွာဖြင့် …
“ကျေးဇူးတင်ပါတယ် သခင်မ ချန်း !”
“ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ပြီး ပထမရအောင်ကြိုးစားနော်”
သခင်မ ချန်း က ပို၍ကြင်နာစွာကြည့်လိုက်ပြီး နန်းယန် ၏ ဆံထိုးကိုလည်း ပြင်ပေးကာ …
“တယ်ယွီ ပြန်လာတဲ့အခါ အိမ်တော်ကို မကြာမကြာ အလည်လာခဲ့နော်”
နန်းယန် လည်း သခင်မ ချန်း က ဘာကြောင့် သူမကို ကူညီပေးနေကြောင်း မတွေးတတ်တော့ပေ။ သူမ ပျော်ရွှင်စွာလက်ခံလိုက်ပြီး နန်းပေါင်ရီ နှင့်အတူ ပြန်လာခဲ့သည်။
သူမအလွန်ပျော်ရွှင်ဂုဏ်မောက်နေသော်လည်း စိတ်ပူဟန်ဆောင်ကာ နန်းပေါင်ရီ ကို မေးလေသည်။
“ကျောင်းကျောင်း .. သခင်မ ချန်း ကတော့ မမကို ချန်း အိမ်တော်ဆီ မကြာမကြာလာဖို့ခေါ်နေတယ် .. ဒုတိယသခင်လေးနဲ့ တိုးတိုက်မိမှာ စိုးမိတယ် သခင်လေးရဲ့ဇနီးလောင်းအနေနဲ့ စိတ်မရှိဘူးမလား”
နန်းပေါင်ရီ သူမမျက်ခုံးကိုတွန့်ချိုးကာ …
“အားလုံးက မိသားစုတွေပဲလေ နားလည်ပေးရမှာပေါ့”
ဒီဘဝတွင် နန်းပေါင်ရီ သူမကိုယ်သူမ ချန်းတယ်ယွီ နှင့် နန်းယန် ကြား နှောင့်ယှက်သူအဖြစ်မခံလိုတော့၊ ကံမကောင်းလှသည့် သူတို့နှစ်ယောက်ကတော့ တစ်ယောက်နှင့်တစ်ယောက် မေတ္တာမပျက် ချစ်ခင်ကြပါစေ။
မောင်းတီးခတ်လိုက်သည့်အခါ လူအများတိတ်ဆိတ်သွားလေသည်။
အရာရှိတစ်ယောက်က အသံရှည်ဆွဲပြီး ကျယ်လောင်စွာ အော်လိုက်သည်။
“ဝင်လာစေ !”
ပြိုင်ပွဲဝင်ပြိုင်ရမည့် မိန်းကလေးများ ပွဲတစ်ဝက်မျှကြာအောင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
နန်းယန် စကားဆက်မပြောရသေးခင်မှာပင် နန်းပေါင်ရီ က ပြိုင်ပွဲအတွင်းသို့ အရင်ဝင်ရောက်သွားနှင့်လေသည်။
ခေါင်ရန်းပန်းလေး၏ ပထမဆုံးပွင့်လန်းမှုမှာ ပြိုင်ဘက်ကင်းစွာ ခမ်းနားနေတော့သည်။