အပိုင်း (၃၆)
နိမိတ်ကောင်း
နန်းပေါင်ကျူး အလွန်ကျေနပ်သွားသည်။
“ငါ့ညီမလေးလို့မပြောရဘူး တော်တော်ကြည့်တတ်တာပဲ .. ဒါက ပန်းပိုးတစ်လွှာဝတ်စုံလို့ ခေါ်တယ် တခြားဝတ်စုံတွေနဲ့ ခြားနားပြီး နေရောင်အောက်နဲ့ အရိပ်ထဲမှာဆိုရင်လည်း အရောင်မတူကြဘူး … ငှက်နဲ့ပန်းတွေကိုလည်း ရွှေချည်နဲ့ သေချာလေး ထိုးထားတော့ အသက်ဝင်ပြီးရုပ်လုံးကြွသလိုဖြစ်နေတယ် .. မေမေကတောင် ဒါလေးကိုလှတယ်ဆိုပြီး စာတွေဖွဲ့ရင်းချီးကျူးနေတာ .. ဒီဝတ်စုံက တော်ဝင်မျိုးနွယ်ကသာတတ်နိုင်တဲ့ တန်ဖိုးအကြီးဆုံးပိုးထည်နဲ့ လုပ်ထားတာ”
သူမအလွန်နှစ်သက်နေသည်ကို နန်းပေါင်ရီ သိလိုက်သဖြင့် ပြုံးကာမေးလိုက်သည်။
“ကျူးကျူး လိုချင်လား”
“လိုချင်ပေမယ့် ဝတ်လို့မရဘူးလေ”
နန်းပေါင်ကျူး သူမခါးကိုကိုင်လိုက်ပြီး …
“ချုပ်ဖို့က အထည်နည်းနည်းပဲရှိတော့ ငါ့အတွက် မလောက်တော့ဘူး .. ဟင်း … ကျောင်းကျောင်း .. မမပိန်သွားပြီး ညီမလေးထက်ပိုလှလာတဲ့အခါ အထည်စတွေ အပြိုင်လိုက်လုမှာနော်”
နန်းပေါင်ရီ က နန်းပေါင်ကျူး ၏ ပါးမို့ကိုအသာဆွဲညှစ်လိုက်ပြီး …
“ဝမ်းကွဲမမရဲ့ ခန္ဓာလုံးလုံးလေးက ကံကောင်းခြင်းတွေ အများကြီးရပြီး သာယာတဲ့ဘဝလေး ပိုင်ဆိုင်ရမယ်လို့ ဆိုလိုတာပဲလေ”
နန်းပေါင်ကျူး က ပျော်ရွှင်စွာဖက်လိုက်ပြီး …
“ကျောင်းကျောင်း .. မမတို့ညီအစ်မ၂ယောက်လုံး ကံကောင်းကြမှာပါ”
…..
ကျင်ကွမ်း မြို့၏ နွေဦးရာသီပန်းပွဲတော်ကျင်းပသည့်ရက်ကို ရောက်လာလေသည်။ နွေဦး၏တောက်ပကြည်လင်သော မနက်ခင်းအချိန်တွင် နန်းပေါင်ရီ နေစက်ဝန်းကို မျက်နှာမူကာ ဥယျာဉ်ထဲမှတဆင့် ပျံ့နှံ့လာသော မွှေးရနံ့များကိုဝအောင်ရှူလိုက်ပြီး ရက်၂၀အတွင်း သူမလေ့လာထားခဲ့သမျှတို့ကို ပြန်လည်တွေးမှတ်နေလိုက်သည်။
ရှောင်းယီ လည်း အခန်းထဲမှထွက်လာခဲ့သည်။
ကလေးမလေးမှာ စိမ်းပြာရောင်ဝတ်စုံဝတ်ထားပြီး သူမ၏ဂါဝန်လေးမှာလည်း လေပြေတိုက်ခတ်ရာကို လွှင့်မျောနေပုံမှာ နေရောင်ခြည်အောက် ရေလှိုင်းများစွာ ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။ သူမခန္ဓာကိုယ်မှာ သေးသွယ်ကျစ်လျစ်နေသည့်အပြင် အသားအရေဖြူဖွေးနေသည်။ သူမအမြဲထုံးနေသော ဆံထုံးနှစ်ခုမှာလည်း တစ်စုတည်းစုကာ ဆုပ်စည်းထားသည့်အသွင်ကို ပြောင်းလဲသွားသည်။ သူမ၏ ထုံးဖွဲ့ထားသောဆံနွယ်ထက်တွင် အမြင်ဖမ်းစားနိုင်သည့် ခေါင်ရန်းပန်းပုံ ကျောက်စိမ်းဆံထိုးတို့နှင့် ဆင်ယင်ထားသောကြောင့် သူမ၏ကလေးဆန်သောအသွင်ကို ရင့်ကျက်သော မိန်းကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
သ ူမမျက်နှာမှာလည်း ပွင့်အာစပြုနေသည့် ခေါင်ရမ်းပန်းပွင့်လေးပမာ နူးညံ့နေသည်။ သို့သော်လည်း သူမ၏မီးငှက်သဖွယ်မျက်ဝန်းတို့မှာလည်း အလွန်စူးရှထက်မြက်လှသည့်အငွေ့အသက်မှာလည်း ကြုံလာရမည့် အခက်အခဲများကို ရင်ဆိုင်တော့မည့်ဟန် အပြည့်ရှိနေလေသည်။
ရှောင်းယီ လက်နောက်ပစ်ကာ …
“နန်းပေါင်ရီ”
ခေါ်သံကြားလိုက်ရသဖြင့် နန်းပေါင်ရီ လှည့်ကြည့်လိုက်ပြီးနောက် သူမ၏အေးစက်နေသည့်မျက်နှာထားမှာ အလွန်နွေးထွေးသွားပြီး တောက်ပစွာ ပြုံးပြလေသည်။
“အစ်ကို ၂ !”
“ဒီနားလာခဲ့”
နန်းပေါင်ရီ ရိုရိုကျိုးကျိုးနှင့် သူမဂါဝန်ကို အသာမကာ ရှောင်းယီ အရှေ့နားရောက်လာပြီး လှလှပပလေး လှည့်ပတ်ပြလိုက်သည်။
“ဒီနေ့ ညီမလေး ပိုမလှဘူးလား အစ်ကို ၂”
ရှောင်းယီ အသံတိုးတိုးနှင့် မေးလေသည်။
“ဒီနေ့ဘာလို့ ဆံပင်ကို အရင်လိုမစည်းတော့တာလဲ”
ကလေးမလေးက ရိုးသားစွာပင် …
“ဒီလိုစုစည်းထားတာက ပိုလှတယ်လေ !”
ရှောင်းယီ ဘာမှမပြောဘဲ သူ၏လက်ကောက်ဝတ်ရှိ ခေါင်းစည်းဖဲကြိုးလေးကိုသာ အသာပွတ်သပ်နေသည်။ ထိုကြိုးမှာ နန်းပေါင်ရီ ဆံထုံးမှသူဖြုတ်ထားပြီး လက်ကောက်ဝတ်ပေါ်တွင် အကြောင်းပြချက်မရှိ ပတ်ထားကာ ထိုကြိုးကိုထိတွေ့လိုက်သည့်အခါတိုင်း နန်းပေါင်ရီ ၏ နူးညံ့သောဆံနွယ်ကို ထိကိုင်နေရသကဲ့သို့ ခံစားရသည်။
ရှောင်းယီ က နန်းပေါင်ရီ ချစ်စရာကောင်းသည့် ဆံထုံးနှစ်ခုကို ပြန်လည်စည်းနှောင်မည်ကို မျှော်လင့်နေမိသည်။ ဆံထုံးနှစ်ခုလေးနှင့် ကလေးတစ်ယောက်သဖွယ် အလွန်ချစ်စရာကောင်းပြီး လူအများအာရုံစိုက်ခြင်းလည်း ရှိလာမည်မဟုတ်ပေ။ အခုမှ ခူးဆွတ်ခံရမည့်ပန်းလေးတစ်ပွင့်ကဲ့သို့ အလွန်လှပနေသဖြင့် သူမကို ဘယ်သူမှမမြင်စေရန် ရှောင်းယီ ဝှက်ထားလိုက်ချင်မိသည်။
ထိုအချိန် ယွိဝေ ရောက်လာပြီး …
“သခင်လေး .. သခင်မလေး ၅ … ထွက်ခွာရမယ့်အချိန် ရောက်ပါပြီ”
နွေဦးရာသီပန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်ကွမ်း မြို့စွန်တွင် ကျင်းပလေ့ရှိသည်။ ပိပေါရေကန်၏ ရေမျက်နှာပြင်မှာလည်း တလက်လက်တောက်ပနေသည်။ ရေကန်ဘောင်များကို စနစ်တကျဆောက်လုပ်ထားပြီး ကန်လေးဖက်လေးတန်တွက်လည်း ရောင်စုံပန်းပင်လေးများ စိုက်ပျိုးထားပြီး ပွဲရောက်လာကြသောလူအများ နားနေရန် ထိုင်ခုံများကိုလည်း သေချာစီရီဆောက်လုပ်ထားသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ပွဲတော်မှာ အသက်ဝင်နေပြီး အဆင့်မြင့်အရာရှိတို့မှာလည်း သူတို့၏မိသားစုများကို ခေါ်လာခဲ့ပြီး မိမိထိုင်ခုံများတွင် စောစောထိုင်နေကြကာ စကားပြောရယ်မောနေကြလေသည်။
ပျံကျဈေးသည်များမှာ ကိုယ်စီလှည်းများတွန်းကာ ရေကန်ဘောင်တစ်လျှောက် သစ်သီးများနှင့် အဆာသွတ်မုန့်များကို ရောင်းချနေကြပုံမှာ မြို့မှလူတစ်ဝက်ကျော် ရောက်လာကြသည့်အလား လူအုပ်မှာလည်း အလွန်ကြီးမားနေသည်။
ထိုအခိုက်အတန့်မှာပင် အိမ်တော်များ၏ သခင်မများသည်လည်း စုဝေးထိုင်နေကာ စကားပြောဆိုနေကြသည်။
“သခင်မ ချန်း .. အခုနွေဦးရာသီပန်းပွဲတော်မှာ နန်းပေါင်ရီ လည်း ဝင်ပြိုင်မယ်လို့ကြားတယ် ဒါရယ်စရာမကောင်းဘူးလား … သူက ဘာမှမသိတဲ့အရူးမတစ်ယောက်ပဲ မေးခွန်းတွေကို အမှားတွေဖြေနေဦးမယ်နော် … သူက သခင်မရဲ့ ချွေးမဖြစ်လာမယ်ဆိုတာ အားလုံးသိနေကြတာပဲ ဒါက သခင်မရဲ့အိမ်တော်ကို ရယ်စရာဖြစ်အောင် လုပ်နေတာမဟုတ်ဘူးလား”
ထိုစကားပြောသူမှာ စစ်ရေးအရာရှိ ကျန်း ၏ ဇနီး ချန်တန်းယု ဖြစ်ပြီး မျက်နှာပေါ်တွင်လည်း ထူပိန်းစွာ ပြင်ဆင်ခြယ်သထားလေသည်။
သခင်မ ချန်း က ဂရုမစိုက်ဘဲ …
“နန်းပေါင်ရီ က အရူးမလေးဆိုပေမယ့် သူက ကျန်းမာရေးကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲလေ … သခင်မက နန်းပေါင်ရုံ လို အမြဲဖျားနာပြီး အိမ်တွင်းထဲမှာပဲနေရတဲ့ အားနည်းတဲ့မိန်းကလေးနဲ့ စေ့စပ်လမ်းကြောင်းထားတာဆိုတော့ တစ်နေ့ သူမရှိတော့မှာကို စိုးရိမ်မိပါတယ်”
နန်းပေါင်ရုံ မှာ ပထမသခင် နန်း နှင့် ပထမဇနီးတို့၏ သမီးကြီးတစ်ယောက်ဖြစ်ပြီး နန်းပေါင်ရီ ၏ တစ်ဝမ်းကွဲအစ်မအကြီးဆုံးလည်း ဖြစ်သည်။ သူမသည် စစ်ရေးအရာရှိ ကျန်း ၏ မိသားစုနှင့် စေ့စပ်လမ်းကြောင်းထားပြီး လက်ထပ်ရမည့်အချိန်ရောက်လာသော်လည်း သူမ၏နာမကျန်းဖြစ်နေမှုကြောင့် လာမည့်နှစ်မှသာ လက်ထပ်ရတော့မည်ဖြစ်သည်။
သခင်မ ချန် က အသာပြုံးလိုက်ပြီး …
“ကလေးတွေရဲ့ ကံကြမ္မာကြောင့် ဒီစေ့စပ်လက်ထပ်ပွဲဖြစ်လာတာမှမဟုတ်ဘဲ ကျွန်မတို့မိသားစုတွေရဲ့ နေရာနဲ့ အာဏာကြောင့်ဆိုတာ ရှင်းနေတာပဲလေ … နန်း မိသားစုက ချမ်းသာကြွယ်ဝတာ အားလုံးအသိပဲ ကျွန်မပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် ကျွန်မရဲ့ ချွေးမကို ချမ်းသာတဲ့မိသားစုကပဲဖြစ်စေချင်ပြီး စည်းစိမ်တွေထောက်ပံ့စေချင်တာ … ဒါမှ ငွေတွေကိုအသုံးပြုပြီး ကျွန်မသားအတွက် အရာရှိအကြီးအကဲတွေနဲ့ အဆက်အသွယ်ကောင်းအောင် လုပ်ပေးလို့ရမှာလေ အဲဒါဘာများမှားလို့လဲ … သခင်မ ချန်း လည်း ဒီလိုမျှော်လင့်ထားတာပဲမဟုတ်လား”
သခင်မ ချန်း လည်း ပြုံးကာ ထောက်ခံသည့်အနေနှင့် ဘာမှမပြောတော့ပေ။ အခြားသောသခင်မများသည်လည်း စကားစမြည်ပြောနေကြရင်း နန်း မိသားစု၏ ကြွယ်ဝချမ်းသာမှုကို သိချင်နေကြသည်။
အသံများတိတ်ဆိတ်သွားသောကြောင့် အဝင်လမ်းဘက်ကိုလှမ်းကြည့်လိုက်ကြသည်။ အဝင်လမ်းထက် လျှောက်လှမ်းလာသော မိန်းကလေးကို သခင်မ ချန် က ညွှန်ပြရင်း …
“သူက တတိယသခင် နန်း ရဲ့ မောင်းမရဲ့သမီး နန်းယန် လေ … သူရဲ့အကြည့်နဲ့ ပင်ကိုစွမ်းရည်တွေက ထူးချွန်တော့ အခြားအရာရှိသမီးတွေနဲ့ယှဉ်ရင် နှိမ့်ကျတာမျိုးမရှိဘူး … သူ့မိသားစုရဲ့နောက်ခံမကောင်းတာတော့ သနားစရာပဲ ဒါနဲ့ သခင်မ ချန်း ချွေးမပြောင်းလို့ရရင် ကောင်းမှာပဲနော်”
သခင်မ ချန်း က သေချာစွာကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ ပန်းရောင်ဝတ်စုံကိုဝတ်ထားပြီး လူအများကို ဦးညွှတ်နှုတ်ဆက်နေသည်။ သူမ၏အပြုအမူတို့မှာ သိမ်မွေ့ပြီး အမြင်အေးစေသည်။
“သူက ယဉ်ကျေးရည်မွန်သားပဲ”
သခင်မ ချန်း က ချီးကျူးလိုက်သဖြင့် သခင်မ ချန် က ဆက်၍ပြောလေသည်။
“သူ့ရဲ့နောက်ခံကမကောင်းပေမယ့် တတိယသခင်ကတော့ သူ့ကို အရမ်းချစ်တယ်လေ သူ့နဲ့ လမ်းကြောင်းလိုက်ရင် အဆိုးမရှိပါဘူး … အနည်းဆုံးတော့ လူအများအရှေ့မှာ နန်းပေါင်ရီ ဆိုတဲ့ အရူးမတစ်ယောက်ထက်စာရင် နန်းယန် က ပိုပြီးဂုဏ်တက်စေလိမ့်မယ်လေ မဟုတ်ဘူးလား .. တယ်ယွီ ကလည်း ထက်မြက်တဲ့မိန်းကလေးကို သဘောကျမယ့်ပုံပါပဲ”
သခင်မ ချန်း က ဆက်တွေးလိုက်ပြီး …
“သခင်မပြောတာ မှန်ပေမယ့်လည်း စေ့စပ်လမ်းကြောင်းကို ရုတ်တရက်ပြောင်းလဲလိုက်ရင် သခင်မကြီး နန်း ကို စိတ်ကျေနပ်စေဖို့လုပ်ရမလွယ်ဘူးလေ”
ထိုမိန်းမကြီးများသည် နန်း အိမ်တော်မှ မိန်းကလေးများကို စိတ်ရှိသည့်အခါတိုင်း လဲနိုင်မည့် အရာဝတ္ထုများကဲ့သို့ တွေးမှတ်ကာ ပြောဆိုနေကြတော့သည်။
နန်းယန် က ခုံတန်းအစွန်ဘက်တွင်ထိုင်လိုက်ပြီး ပြုံးနေလျက် သူမ၏ နူးညံ့သိမ်မွေ့သည့် ကိုယ်ဟန်ကို ဆက်လက်ထိန်းထားလိုက်သည်။ သခင်မကြီးများ၏ အာရုံစိုက်ခံရမှုနှင့် လူငယ်အစုအဖွဲ့များ၏ ငေးမောနေမှုတို့ကို သူမခံစားမိနေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောင်းတွင်ဖြစ်ခဲ့ရသည်မှစ၍ သူမကံဆိုးခဲ့ရသည်။ ယနေ့သည် သူမ၏ကံဆိုးမှုများကို ဖယ်ရှားပစ်မည့်နေ့ပင်၊ သူမ နန်းယန် သည် ပြိုင်ပွဲတွင် သေချာပေါက်ပထမရပြီး ယနေ့မှစ၍ ထက်မြက်သောမိန်းကလေးအဖြစ် ရှု တိုင်းပြည်အနှံ့ ကျော်ကြားလေတော့မည်။
……
ပျားပန်းခတ်မျှလှုပ်ရှားနေကြသည့်အလယ်တွင် တန်ဖိုးကြီးသည့် လှည်းတစ်စီး အဝင်ဝနားဆိုက်ရောက်လာသည်။
လှည်းအတွင်းမှ နန်းပေါင်ရီ မှာ အပြင်ဘက်ရှိ အသက်ဝင်လှုပ်ရှားသွားလာနေမှုကို ကြားနေရသဖြင့် မထင်မှတ်ဘဲ ရုတ်တရက်တုန်လှုပ်လာသည်။ အတိတ်မှအဖြစ်အပျက်များကို ပြန်လည်မြင်ယောင်လာပြီး သူမကြောက်ရွံ့လာသည်။
လူအများက ဝေဖန်ခြင်း၊ အမှားလုပ်မိခြင်း၊ အတိတ်ဘဝကဲ့သို့ ကျင်ကွမ်း မြို့တွင် လှောင်ရယ်စရာဖြစ်ရခြင်းတို့ကို သူမအလွန်ကြောက်သည်။ ဟယ်ယဲ့ က သူမဆံထိုးကို ပြန်လည်ပြင်ပေးလိုက်ပြီး နွေးထွေးစွာပြုံးပြပြီး အားပေးလိုက်သည်။
“သခင်မလေးက အများကြီး ကြိုးစားထားတာ .. ကျန်းသေပေါက် အိမ်တော်အတွက် ဂုဏ်ယူစရာဖြစ်အောင် လုပ်ပေးနိုင်မှာ”
ယွိဝေ က ကြာပန်းသကြားလုံးများကို နန်းပေါင်ရီ ၏ အိတ်အငယ်ထဲ ထည့်ပေးလိုက်သည်။
“နွေဦးရာသီပန်းပွဲတော်က အတော်ကြာမှာ .. သခင်မလေးက အားနည်းနေတာ အချိုနဲ့ အားပြန်ဖြည့်ဖို့လိုတယ်နော်”
သကြားလုံးများမှာ ကြာပန်းရနံ့သင်းနေလေသဖြင့် နန်းပေါင်ရီ အသက်ကို ဝအောင်ရှူသွင်းလိုက်သည်။
ချန်ရှင်း က ထုလုံးရှည်သစ်သားဘူးတစ်ဘူးထုတ်လိုက်ပြီး …
“အဆုံးမဲ့ချစ်ခြင်း ဘယ်တော့မှမမေ့၊ ထာဝရစည်းစိမ် အမြဲပျော်ရွှင်စေသည်၊ သခင်မလေး ကံစမ်းကြည့်ဦးမလား”
နန်းပေါင်ရီ က ဘူးကိုယူကာ လှုပ်ခါလိုက်ပြီး အမြန်ပင် တုတ်တစ်ချောင်းထွက်လာသည်။ ချန်ရှင်း က ယူဖတ်လိုက်ပြီး …
“တစ်ယောက်ယောက်ထံမှ ဂုဏ်ကျက်သရေနှင့် ကျော်ကြားမှုတို့ကြောင့် ကောင်းမွန်ချမ်းသာခြင်းနှင့် အကျိုးရလဒ်တို့ရရှိပြီး စီးပွားရေး၏ဝင်ကုန်ထွက်ကုန်များကိုလည်း လူအများစိတ်ဝင်စားလိမ့်မည်၊ ဒီနှစ်မှာ မနှစ်ထက်ပို၍ ကျော်စောလိမ့်မည်၊ သခင်မလေး ဒါ မင်္ဂလာကောင်းတဲ့နိမိတ်ပါ”
နိမိတ်ကောင်းတဲ့လား။
နန်းပေါင်ရီ က သစ်သားချောင်းကိုကိုင်ရင်း တုန်လှုပ်လာသည်။ ပြီးခဲ့သည့်ရက်များက သူမကြိုးစားထားခဲ့ရသည်တို့ကို ပြန်လည်မြင်ယောင်လာသည်။
သူမကိုယ့်ကိုယ်ကိုအားတင်းလိုက်ပြီး ရလဒ်ကမည်သို့ပြင် ဖြစ်ပါစေ သူမနောင်တရမည်မဟုတ်ပေ။ သူမစိတ်ထဲမှ တုန်လှုပ်နေမှုမှာ ငြိမ်သက်သွားလေသည်။
သူမသစ်သားချောင်းကိုကိုင်ထားပြီး ဟယ်ယဲ့ ၏ အကူအညီိနှင့် လှည်းပေါ်မှဆင်းလာခဲ့သည်။ ထိုအချိန် ရှောင်းယီ လည်း သူ၏မြင်းပေါ်မှဆင်းလာခဲ့သည်။ မြင်း၏ဇက်ကြိုးကိုကိုင်ကာ အနက်ရောင်ဝန်စုံနှင့် ရပ်နေပုံက အလွန်ခန့်ညားထည်ဝါနေသည်။
ရှောင်းယီ က ….
“နန်းကျောင်းကျောင်း … ပြိုင်ပွဲမှာအနိုင်ယူပြီး မင်းရဲ့ကျော်ကြားမှူကို ဖန်တီးလိုက်ပါ”
နန်းပေါင်ရီ ရုတ်တရက်မျက်ရည်များဝဲလာသည်။ ဒီဘဝတွင် ရှောင်းယီ ကဲ့သို့သောသူကို တွေ့ရခြင်းက သူမအတွက် ကံကောင်းမည့်လက္ခဏာပင်။