အပိုင်း (၃၅)
အနာဂတ်ကောင်းတစ်ခု တည်ဆောက်ပေးပါ
ခြံထဲမှ ရှုပ်ထွေးနေသည်တို့ကို ရှောင်းယီ ဂရုမစိုက်ဘဲ နန်းပေါင်ရီ ကို အိပ်ရာခန်းထဲသို့ ပွေ့ချီလာခဲ့သည်။
……
နေဝင်စပြုချိန်ရောက်လာသည့်အခါ နွေးထွေးသောနေရောင်ခြည်က အခန်းထဲမှ အနည်းငယ်ရောင်ပြန်ဟပ်နေသည်။ ဝတ်စုံအနက်နှင့်လူငယ်က တံခါးကိုမှီလျက် နေနေစဉ် စင်္ကြံလမ်းအစွန်မှ ခြေသံများကို ကြားလိုက်ရသည်။
သခင်မကြီးက အစေခံတစ်ယောက်ကို အားယူတွဲကာ လမ်းလျှောက်လာရင်း စိုးရိမ်တကြီးနှင့် ပြောနေသည်။
“ကျောင်းကျောင်း က အခုထိဘာလို့မနိုးသေးတာလဲ သူနေကောင်းတယ်လို့ သမားတော်ပြောသွားတယ်မလား … ပြီးတော့ နင်ရောပဲ သူအားနည်းနေတာကို သိရက်နဲ့ အစာတော့ စားခွင့်မပေးဘဲ အစောကြီးထခိုင်းပြီး စာလုပ်ဖို့အတင်းပြောနေတာက သူ့ကို နိုင်ထက်စီးနင်းလုပ်နေတာမဟုတ်ဘူးလား”
“ကောင်းကင်ဘုံက လူကောင်းတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဖြစ်စေချင်ပြီဆိုရင် သူ့ရဲ့စိတ်ဝိဉာဉ်နဲ့ ဆန္ဒကို အရင်ပျက်ပြားစေတယ် .. အရိုးကြေကြေ အရေခမ်းခမ်း ပင်ပန်းစေပြီး ဆာလောင်မှုနဲ့ ဆင်းရဲမှုကို ရင်ဆိုင်စေတယ် … အဘွားက သူ့ကိုဆက်ပြီးအလိုလိုက်နေရင် သူ့အတွက် ကောင်းတာတစ်ခုမှ မဖြစ်လာနိုင်ဘူး”
“မင်းက ဘာသိလို့လဲ .. ငါတို့ နန်း အိမ်တော်ရဲ့ မိန်းကလေးတွေ အချစ်ခံ အလိုလိုက်ခံရမှာ”
ရှောင်းယီ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး …
“ဒါဆိုရင် ဘာကြောင့် သူ့ကို ချန်း မိသားစုနဲ့ လက်ထပ်စေချင်ရတာလဲ”
သခင်မကြီး ဆက်မပြောနိုင်ဘဲ တိတ်ဆိတ်သွားလေသည်။
ချန်း မိသားစုသည် ရှု တိုင်းပြည်မှ အကြွယ်ဝဆုံးသော မျိုးရိုးမြင့်မိသားစုတစ်စုဖြစ်ပြီး သခင်ကြီး ချန်း က အရာရှိများအနက် ရာထူးအမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုအချိန်က ချန်း မိသားစုနှင့် ဆက်သွယ်ရန် အလွန်အားထုတ်ခဲ့ရသည့်အပြင် လက်ထပ်ထိမ်းမြားရန် စေ့စပ်လမ်းကြောင်းခြင်းကိုလည်း ခက်ခဲစွာလုပ်ခဲ့ရသည်။
ပထမအချက် ကျောင်းကျောင်း အတွက် ကောင်းမွန်သည့်မိသားစုနှင့် ထိမ်းမြားစေလိုခြင်း၊ ဒုတိယအချက် နန်း မိသားစုအတွက် ဂုဏ်တစ်ခုရရှိစေလိုခြင်း ဖြစ်သည်။
နန်း မိသားစုသည် နှစ်ပေါင်းများစွာကြာအောင် စည်းစိမ်အမြောက်အမြားကိုရှာဖွေစုဆောင်းနိုင်ကြသဖြင့် လူအများက အားကျခဲ့ရသည်။ သို့သော် အိမ်တော်ထဲရှိ မိသားစုတစ်ယောက်တောင်မှ အဆင့်မြင့်အရာရှိတစ်ယောက်ပင် မဖြစ်ခဲ့ကြပေ။ အရာရှိတစ်ယောက်၏ ကာကွယ်မှုမရှိလျှင် စည်းစိမ်ဥစ္စာသည်လည်း အလကားပင်။
ရှောင်းယီ ကလည်း အေးစက်စက်နှင့်သာ လိုရင်းက ိုတည့်ပြောလေသည်။
“ချန်း မိသားစုက နန်း မိသားစုကို တကယ်ကာကွယ်ပေးလိမ့်မယ်လို့ အဘွားထင်နေတာလား .. နန်းပေါင်ရီ က ဘာမှမသိသလို ဘယ်မှာမှလည်း မတတ်ကျွမ်းဘူး သူတို့ကလက်ခံပေးလိမ့်မယ်လို့ထင်လား … ချန်း မိသားစုက နန်း မိသားစုရဲ့ စည်းစိမ်ကို မလိုချင်ဘူးလို့လည်း ဘယ်သူကမှ အသေအချာမသိနိုင်ဘူး”
သခင်မကြီးက အသံတိုးလျစွာနှင့် …
“ချန်း မိသားစုနဲ့လက်ထပ်တာကလည်း နည်းလမ်းကောင်းတစ်ခုမဟုတ်ပေမယ့် ဒီလိုမှမလုပ် တခြားနည်းလမ်းမရှိတော့ဘူး”
“တောင်အပေါ်မှီခိုလည်း တောင်ပြိုမှာပဲ မြစ်ချောင်းအပေါ်မူတည်လည်း မြစ်ချောင်းက စီးမျောနေမှာပဲ .. ကိုယ့်ကိုယ်ကိုသန်မာအောင်လုပ်ပြီး ကိုယ်တိုင်ရပ်တည်နိုင်ဖို့ကြိုးစားတာက အကောင်းဆုံးဖြေရှင်းနည်းပဲ”
သခင်မကြီး မကျေမနပ်နှင့်ကြည့်လိုက်ပြီး …
“မင်းပြောတော့သာလွယ်တယ် .. နှစ်ရာပေါင်းများစွာကတည်းက ငါတို့ နန်း မိသားစုမှာ အင်ပါယာစာမေးပွဲကို တစ်ယောက်မှ မအောင်မြင်ခဲ့ကြတော့ ယောကျ်ားသားတွေက စိတ်ပျက်နေကြတာ … တကယ်လို့ မိန်းကလေးတွေက ဒီလိုလက်ထပ်ချိတ်ဆက်တာမျိုးမလုပ်ရင် တခြားဘာနည်းလမ်းရှိသေးလို့လဲ”
သူမထိုသို့ပြောပြီးနောက် ရုတ်တရက်တစ်ခုခုကိုစဉ်းစားမိပြီး ရှောင်းယီ ကို ကြည့်လိုက်သည်။ လူငယ်၏မျက်ဝန်းအိမ်မှာ သစ်စေးကဲ့သို့မည်းနက်နေပြီး တည်ငြိမ်ခန့်ညားသည့်အသွင်သဏ္ဍာန်ရှိသည်။ အတန်ကြာအောင် တွေးဆပြီးနောက် သူမမယုံကြည်နိုင်စွာနှင့် …
“မင်းပြောချင်တာက …”
ရှောင်းယီ အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး …
“မိသားစုရဲ့စည်းစိမ်တွေနဲ့ ရှု တိုင်းပြည်က အဆက်အသွယ်တွေ အသုံးပြုပြီး ကျွန်တော့်အတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခု ဆောက်တည်ပေးပါ … အတုံ့အပြန်အနေနဲ့ နန်း မိသားစုရဲ့ ဂုဏ်သိက္ခာကို တိုးတက်အောင်လုပ်ပြီး ပြန်ဆပ်ပေးပါ့မယ် … ဘယ်လိုသဘောရလဲ”
သခင်မကြီးက ရှောင်းယီ ကို သေချာကြည့်လိုက်ပြီး မွေးစားသားတစ်ယောက်အပေါ် အခုလိုအလေးအနက်ထား ကြည့်လိုက်သည်မှာ ပထမဆုံးပင်။
အနက်ရောင်ဝတ်စုံနှင့် ၁၈နှစ်အရွယ် လူငယ်မှာ ခန့်ညားနေပြီး မြင့်မားသောအရပ်ကလည်း အချိုးကျစွာ မြင့်မြတ်သည့်အရှိန်အဝါရှိနေသည့်အပြင် တောက်ပသောမျက်ဝန်းတစ်စုံကလည်း လောကအကြောင်း နှောကျေနေသည့်အသွင်နှင့် သူ၏ဟန်ပန်အမူအရာမှာလည်း လျို့ဝှက်ထားသော ရတနာဓါးတစ်ချောင်းနှင့်တူနေသည်
ထိုဓါးတစ်ချောင်းကို ဓါးအိမ်မှထုတ်လိုက်ပြီးသည့်အချိန်မှစ၍ သူ၏အစွမ်းကိုပြသပြီး ကမ္ဘာမြေကို မလွဲဧကန် တုန်လှုပ်သွားစေလိမ့်မည်။ သခင်မကြီး၏အကြည့်တို့မှာ ပို၍တောက်ပလာလေသည်။
…..
သခင်မကြီးထွက်သွားပြီးနောက် အိပ်ရာခန်းထဲသို့ ရှောင်းယီ ဝင်လာခဲ့သည်။
နန်းပေါင်ရီ နိုးနေပြီး စိမ်းပြာရောင်ခေါင်းအုံးကိုယူကာ သူမခါးအနောက်တွင်ထားကာ ထိုင်နေလိုက်သည်။
“ဘွားဘွားနဲ့ စကားပြောနေတာတွေ ကြားခဲ့တယ် !”
“ကလေးက လူကြီးစကားပြောတာ ခိုးနားထောင်နေရလား”
အစေခံယူလာပေးသော ငှက်သိုက်စွပ်ပြုတ်ကို ကျောက်စိမ်းဇွန်းနှင့် ခပ်ယူလိုက်ပြီး လေအနည်းငယ်မှုတ်ကာ နန်းပေါင်ရီ နှုတ်ခမ်းအနားကပ်ပေးလေသည်။
နန်းပေါင်ရီ နှုတ်ခမ်းဟကာ စားလိုက်ပြီး မျက်လုံးများ တောက်ပသွားလေသည်။
“အစ်ကို ၂ .. အစ်ကို့ကို ညီမလေး ထောက်ပံ့ပေးမယ် .. အစ်ကိုများများအောင်မြင်ရင် ညီမလေးတို့ကို ပိုပြီးကာကွယ်ပေးနိုင်မယ်လေ !”
“ငါကျေးဇူးကန်းမှာ မကြောက်ဘူးလား”
ရှောင်းယီ က ငှက်သိုက်စွပ်ပြုတ်တစ်ဇွန်း ထပ်ခပ်လိုက်ပြီး သူကိုယ်တိုင်သောက်လိုက်သည်။
“ဒါကြီးက အရမ်းချိုတာပဲ .. ဒီလောက်တာကြီးကို ဘာလို့ကြိုက်ရတာလဲ”
ရှောင်းယီ ထပ်စားရန်ပြင်နေသည်ကို သူမတွေ့လိုက်သဖြင့် လက်ကိုအမြန်ဆွဲကာ …
“တော်တော့လေ .. အဲဒါ ယွိဝေ လုပ်ပေးထားတာ !”
“အစ်ကိုလို့ခေါ်”
“အစ်ကို ၂ !”
ကလေးမလေး၏အသံမှာ အလွန်ချိုမြပြီး စွပ်ပြုတ်ကိုလိုက်လုနေသည့်အခါ မှင်စာလေးနှင့်တူနေပြန်သည်။ ရှောင်းယီ လည်း သဘောကျစွာပြုံးလိုက်ပြီး ….
“ဆော့မနေနဲ့တော့ ငါခွံ့ကျွေးမယ်”
နန်းပေါင်ရီ ရိုကျိုးစွာထိုင်နေပြီး ရှောင်းယီ ခွံ့ပေးသော ငှက်သိုက်စွပ်ပြုတ်ကိုသောက်ရင်း သိချင်စိတ်ကြောင့် မေးလိုက်မိသည်။
“အာ ဟုတ်သားပဲ … ညီမလေးရဲ့ ဖေဖေရော ဘယ်လိုလဲ ဘယ်ဘက်ကို ရွေးချယ်လိုက်တာလဲ”
“အခု ဘိုးဘွားကမ္ဗည်းတိုင်ဆောင်အရှေ့မှာ အပြစ်ပေးတဲ့အနေနဲ့ ဒူးထောက်နေတယ်”
နန်းပေါင်ရီ မျက်တောင်တစ်ချက်ခတ်လိုက်သည်။ ဒါဆိုရင် သူမအဖေက အိမ်တော်မှာနေဖို့ ရွေးချယ်လိုက်တာလား။
သူမရုတ်တရက်အားတက်သွားပြီး …
“အစ်ကို ၂ .. ဖေဖေက တစ်ခါတလေ တွေဝေတတ်ပေမယ့် စိတ်ထားတော့ကောင်းတဲ့သူပဲနော်”
ရှောင်းယီ ဘာမှမပြောဘဲ သူမနှုတ်ခမ်းထောင့်နားပေနေသော ငှက်သိုက်ဖတ်ကို လက်ကိုင်ပုဝါနှင့် အသာဖယ်ပေးလိုက်သည်။
သူ နန်းပေါင်ရီ ကို မပြောပြပေ။ ထိုရှက်ဖွယ်ကောင်းသည့်လူကြီး နန်းကွမ် က အခြေအနေတစ်ခုကြောင့် အိမ်တော်ထဲတွင် နေခဲ့ပြီး သူ၏အမြှောင်မယားကို ထောက်ပံ့ရန် သခင်မကြီးက ရွှေစ ၃ထောင်ထုတ်ပေးခဲ့ရသည်။ နန်းကွမ် ကဲ့သို့ အသုံးမကျသောသူကို ရှောင်းယီ တစ်ခါမှမတွေ့ဖူးခဲ့ပေ။ အသက်ကြီးနေသော်လည်း အချိန်မစီး။
ကလေးမလေးမှာ အလွန်ဖြူစင်ပြီး ငယ်စဉ်က နန်းကွမ် အလိုလိုက်ခဲ့ပုံများကို မရပ်မနား တက်ကြွစွာပြောပြနေသည်။ သို့သော်လည်း သူမအဖေမှာ အရင်နှစ်များနှင့် မတူတော့သည်ကို သူမမသိပေ။
နန်းပေါင်ရီ ခေါင်းကို ရှောင်းယီ ကိုင်လိုက်သည်။
ရှိပါစေတော့။ သူ့အတွက် သစ်ချသီးများကို ယူပေးပြီးသည့်အချိန်ကတည်းက ကလေးမလေးကို သူ၏သမီးတစ်ယောက်ကဲ့သို့ ပြုစုစောင့်ရှောက်ဆက်ဆံပေးခဲ့သည်။
နန်းပေါင်ရီ က မကျေနပ်ဟန်နှင့် …
“အစ်ကို ၂.. ညီမလေးခေါင်းကိုပဲကိုင်မနေနဲ့ ညီမလေး အရပ်မရှည်ဘဲနေမယ်”
“အယူသည်းလိုက်တာ”
“အစ်ကိုက အယူမသည်းဘူးဆိုရင်လည်း ညီမလေးခေါင်းကိုပဲ လာကိုင်နေရအောင် ညီမက ခွေးပေါက်လည်းမဟုတ်ဘူး”
နန်းပေါင်ရီ အားပြန်ပြည့်လာသည်ကို ရှောင်းယီ သိလိုက်သဖြင့် ….
“ကောင်းကောင်းနားခဲ့ရဲ့လား”
“ကောင်းသလောက်ပါပဲ .. ဘာဖြစ်လို့လဲ”
“ထပြီး စာလုပ်တော့”
နန်းပေါင်ရီ အလန့်တကြားနှင့် ….
“အစ်ကို ၂ ဒီနေ့ ညီမလေးမေ့လဲသွားတာနော် … တကယ်မေ့လဲခဲ့တာနော် !”
“ပြောတော့ ကောင်းကောင်းနားပြီးပြီဆို”
“မလောက်သေးဘူး .. အား .. မူးလာပြီ မူးလာပြီ”
စောင်ပုံပေါ် နန်းပေါင်ရီ လဲချလိုက်ပြီး နဖူးပေါ်လက်တင်ကာ မေ့လဲဟန်ဆောင်လိုက်သော်လည်း မျက်လုံးများမှာ ရှောင်းယီ ကို ခိုးခိုးကြည့်နေသည်။
ရှောင်းယီ ကလည်း အရှေ့ကိုအသာကိုင်းကာ လက်တစ်ဖက်နှင့်ထောက်ထားပြီး နောက်တစ်ဖက်က နန်းပေါင်ရီ ၏ ခါးသွယ်သွယ်လေးကို ကိုင်ထားရင်း တိုးလျသောအသံဖြင့် …
“တကယ်စာမလုပ်ချင်ဘူးလား”
ပြောနေစဉ်မှာပင် ရှောင်းယီ လက်တို့မှာ နန်းပေါင်ရီ ၏ အတွင်းဂါဝန်ပေါ်သို့ တိတ်တဆိတ်ရောက်လာပြီး ခါးပေါ်တွင် လက်ချောင်းများကို ကွေးညွှတ်ရင်း ထိတွေ့လိုက်သည့်အခါ သူမ၏အသားအရေမှာ အလွန်နူးညံ့အိစက်နေသည်။
“ဟားဟားဟားဟား !”
နန်းပေါင်ရီ အလွန်ယားသဖြင့် အိပ်ရာထက် လူးလိမ့်နေတော့သည်။
“လုပ်မယ် အခုသွားလုပ်တော့မယ် .. ဟားဟားဟားဟား !”
သူမ၏အစ်ကို ၂မှာ အလွန်ကြောက်စရာကောင်းလှသည်။
ရက် ၂၀ ကြာပြီးနောက် ….
ရှောင်းယီ ကိုယ်တိုင် သင်ပြလမ်းညွှန်ပေးခြင်းကြောင့် နန်းပေါင်ရီ ၏ ငရဲတမျှ ခက်ခဲလှသောလေ့ကျင့်မှုကြီး ပြီးဆုံးခဲ့လေသည်။
နွေဦးရာသီပန်းပွဲတော်အကြိုနေ့တွင် နန်းပေါင်ကျူး က အချုပ်သမများလုပ်ထားသော ဝတ်စုံအသစ်များကို ယူလာခဲ့စဉ် နန်းပေါင်ရီ က စာအုပ်ကိုပိတ်လိုက်ပြီး စားပွဲရှေ့ထိုင်လိုက်သည်ကို တွေ့ရလေသည်။ နေဝင်ခါနီး နေရောင်ခြည်မှာ ပြတင်းပေါက်မှတဆင့် ကျရောက်နေပြီး သူမ၏ပန်းရောင်ဝတ်စုံလေးမှာလည်း လေယူရာလွင့်မျောနေသည်။ အပြင်မထွက်သည်မှာလည်း အလွန်ကြာနေသဖြင့် နဂိုရှိရင်းထက် ပိုမိုဖွေးစွတ်နေပြီး ပုလဲတစ်လုံးရှိနေသကဲ့သို့ ဖြစ်နေသည်။
သူမ၏ညီမလေးမှာ အလွန်လှပသည်ကို သူမသိသော်လည်း စာလေ့လာနေဟန်မှာ အရာရှိမိသားစု၏ ထက်မြက်သောသခင်မလေးတစ်ယောက်ကဲ့သို့ ကျက်သရေအရှိန်အဝါရှိနေလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။
နန်းပေါင်ကျူး ကျေနပ်စွာပြုံးလိုက်ပြီး ….
“ကျောင်းကျောင်း !”
နန်းပေါင်ရီ လှည့်ကြည့်လိုက်ပြီး ဝမ်းသာစွာပြန်လည်နှုတ်ဆက်လေသည်။
“ကျူးကျူး !”
“ငါ့ညီမလေး ပိန်သွားသလိုပဲ”
နန်းပေါင်ကျူး ကြေကွဲစွာ သူမလက်ကိုကိုင်လိုက်ပြီး …
“ကျောင်းကျောင်း .. စာလုပ်ရတာခက်တယ် .. ကိုယ့်ကိုယ်ကို ဂရုစိုက်မှရမယ်နော် !”
နန်းပေါင်ရီ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမပိန်သွားခြင်းမဟုတ်ဘဲ နန်းပေါင်ကျူး က အရင်ထက်ပို၍ လုံးလာခြင်းဖြစ်သည်။
“ဒါနဲ့ အိမ်တော်မှာ ဝတ်စုံအသစ်တွေ ထပ်လုပ်ထားကြလို့ ကြိုက်မကြိုက် ကြည့်လိုက်ဦး”
နန်းပေါင်ရီ ကို အိပ်ခန်းထဲသို့ဆွဲခေါ်သွားပြီး …
“ဒါက ရှု ပိုးသားနဲ့လုပ်ထားပြီး ဒီဟာက ဟူနန် ပိုးထည်နဲ့လုပ်ထားတာ .. နှစ်ထည်လုံး အရောင်တောက်ပြီး လှလည်းလှတယ် နှစ်ထည်လုံးယူလိုက် … မနက်ဖြန် နွေဦးရာသီပွဲတော်မှာ ကျောင်းကျောင်း အလှဆုံးဖြစ်နေရမယ်”
နန်းပေါင်ရီ မက်မောစွာနှင့် …
“အကုန်အဆင်ပြေပါတယ် .. ဒါလေးက အရမ်းလှတယ်”