အပိုင်း (၃၄)
ရင်ကွဲနာ
နန်းကွမ် မျက်တောင်များကို တွန့်ချိုးလိုက်သည်။ ရှောင်းယီ မှာ မည်သည့်အရပ်မှလာမှန်းမသိသော အဆင့်နိမ့် မွေးစားသားတစ်ယောက်သာဖြစ်သော်လည်း ကြောက်လန့်ဖွယ်အငွေ့အသက်များနှင့် ထိုင်နေပုံမှာ တရားဝင်မိသားစုထက် ပို၍အာဏာရှိနေသည့်ပုံစံကြောင့် နန်းကွမ် လည်း အနည်းငယ်ကြောက်လန့်သွားသည်။
ထမ်းစင်ပေါ်ရှိ နန်းယန် ကလည်း သူ့ကိုအေးတိအေးစက်နှင့် ကြည့်နေသည်။
လွန်ခဲ့သည့်နှစ်ရက်က နန်းပေါင်ရီ သည် နန်းရှောင်ချန့် ကို တစ်ခုခုပြောခဲ့မည်ဖြစ်ပြီး ဆင်းရဲသောဆွေမျိုးများကိုလည်း သွေးထိုးကာ သူမအိမ်ကို ဖျက်ဆီးစေခဲ့ခြင်း ဖြစ်လိမ့်မည်။ သူမအိမ်မှာလည်း ရှုပ်ပွနေပြီး တန်ဖိုးရှိသည့်အရာမှန်သမျှ အကုန်ခိုးယူခံရသည်။
နောက်ဆုံးအကြိမ်က သူမကို မျက်နှာလိုမျက်နှာရလုပ်နေခဲ့သည့် နန်းရှောင်ချန့် သည်လည်း လူအများကိုခေါ်ကာ သူမကိုရိုက်နှက်စေသည်အထိ ရဲတင်းလာသည်။
ယနေ့ ထိုအဖြစ်အတွက် လက်စားမချေရလျှင် သူမသည် လူသားတစ်ယောက်ဖြစ်လာမည်မဟုတ်။
သူမကိုယ့်ကိုယ်ကိုအားထူလိုက်ပြီး အားနည်းနေဟန်နှင့် …
“ဖေဖေ တကယ်လို့ ဖေဖေကြောက်နေရင် ပြန်ကြမယ်လေ .. သမီးတို့အိမ်လည်း ရှုပ်ပွနေပြီး အမေကလည်း တစ်နေ့လုံးငိုနေရတာ သမီးလည်း ဒီလိုအရိုက်ခံထားရတယ်”
သူမငိုကြွေးနေပုံက နန်းကွမ် စိတ်ထဲ ချစ်ခင်သနားစိတ်တို့ ဖြစ်သွားစေသည်။ ရင်ကိုကော့ပြီး ရှောင်းယီ ကို သစ်ကိုင်းနှင့်ချိန်ရွယ်ကာ …
“ဒါငါတို့ နန်း အိမ်တော်ရဲ့ ကိစ္စပဲ မင်းလိုအပြင်လူက ဘာဆိုင်လို့ဝင်ရှုပ်နေတာလဲ … နန်းပေါင်ရီ ကို မထုတ်ပေးရင် လူတွေကို အထဲဝင်ခိုင်းလိုက်မယ် !”
ရှောင်းယီ လှောင်ရယ်လိုက်ပြီး ….
“ဦးလေး ၃ လုပ်နိုင်ရင် ကြိုးစားကြည့်လေ”
နန်းကွမ် စိတ်တိုသွားသဖြင့် အသက်ရှူနှုန်းတို့မြန်လာလေသည်။ စာဖတ်ခန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း အော်ပြောပြန်သည်။
“နန်းပေါင်ရီ ဘာလို့ပုန်းနေတာလဲ ထွက်လာခဲ့စမ်း ! စာသင်ကျောင်းမှာပြဿနာရှာပြီး ကိုယ့်အစ်မကို ဒဏ်ရာရအောင်လုပ်တယ် မင်း လူမှဟုတ်သေးရဲ့လား !” အမေသေသွားတော့ အိမ်တော်က အလိုလိုက်ထားတာ မင်းက အမေကမွေးပြီး မိမဆုံးမကလေးပဲ”
“ဦးလေး ၃!”
ရှောင်းယီ စကားဖြတ်ပြောလေတော့ နန်းကွမ် က ခေါင်းမော့ရင်ကော့ကာ …
“ငါဆူတာမှားလို့လား ! ဒီနေ့ငါသူ့ကိုဆူရုံတင်မကဘူး ရိုက်ပါရိုက်မှာ ! မိန်းကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ အဲဒီမကောင်းစိတ်ရှိနေတာ ဖြစ်သင့်လား ! နန်းပေါင်ရီ မင်းမှာ မင်းအစ်မရဲ့ကြင်နာစိတ်တစ်ဝက်လော က်ရှိနေရင်ကို ငါဒီကနေ ထွက်သွားစရာအကြောင်းမရှိဘူး !”
နေရောင်ခြည်မှာ အခန်းထဲသို့ကျရောက်နေပြီး ကြမ်းခင်းပေါ်တွင် ပန်းအိုးအရိပ်လည်းပေါ်နေလေသည်။
နန်းပေါင်ရီ စာအုပ်ကို ပွေ့ပိုက်ကာ အလင်းနှင့်အရိပ်များကြား ခွေခွေလေးထိုင်နေသည်။ နွေးထွေးသောနေ့တစ်နေ့ဖြစ်သော်လည်း သူမ၏နှလုံးသားမှာ တစ်ခါမှမဖြစ်ဖူးသော အေးစက်ခြင်းတို့ ကိန်းအောင်းနေလေသည်။
သူမမျက်နှာထက် မျက်ရည်များ ကျဆင်းလလာသဖြင့် လက်ကိုမြှောက်ကာ သုတ်လိုက်ပြန်သော်လည်း မျက်ရည်များ ပို၍စီးကျလာလေသည်။ နောက်ဆုံးတွင် သူမအငိုတိတ်သွားပြီး စာအုပ်ကို အသာချကာ စိတ်တင်းလျက် လမ်းလျှောက်ထွက်သွားလိုက်သည်။
သူမ နန်းကွမ် နှင့် မကမ်းမလှမ်းတွင်ရပ်ပြီး ပြုံးပြကာ …
“သမီးကိုရိုက်ချင်နေတာလား”
သူမအလွယ်တူထွက်လာလိမ့်မည်ဟုမထင်ထားသောကြောင့် နန်းကွမ် ဆွံ့အသွားသည်။ တုတ်ကိုကိုင်ထားလျက်နှင့် အကြောင်းရင်းမရှိဘဲ အပြစ်သားတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
“ဒါက …”
နန်းပေါင်ရီ မျက်ခုံးပင့်ကာ …
“နန်းယန် ရဲ့ တစ်ဖက်သတ်အကြောင်းကို နားယောင်ပြီးတော့ သမီးက ကျောင်းမှာပြဿနာရှာပြီး ဖေဖေတို့ကို ဒုက္ခရောက်အောင် လုပ်တယ်လို့ ထင်နေတာလား … ကျောင်းမှာလည်း လူတွေအများကြီးရှိခဲ့တာ အဲဒီနေ့က ဘာဖြစ်ခဲ့လဲလို့ သူတို့ကို သွားမမေးတာလဲ”
“အဲဒါက ….”
နန်းကွမ် တွန့်ဆုတ်တုန့်ဆုတ်ဖြစ်သွားသည်။
နန်းပေါင်ရီ က တည်တည်ငြိမ်ငြိမ်နှင့် ထိုနေ့ကအဖြစ်အပျက်ကို အသေးစိတ်ပြန်လည်ပြောပြလိုက်သည်။ အကြောင်းစုံနားထောင်ပြီးနောက် နန်းကွမ် ပို၍တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားကာ ….
“ယန်အာ .. သမီးက ကျောင်းကျောင်း ကို သိရဲ့သားနဲ့ ဘာလို့ နန်းရှောင်ချန့် ကို မပြောဘဲ အနိုင်ကျင့်တာကို လွှတ်ထားရတာလဲ”
“ဖေဖေ အဲဒီနေ့က သမီးလည်း ကြောက်နေတာနဲ့ ဘာမှကို သတိမထားမိလိုက်လို့ပါ”
နန်းယန် မျက်နှာတွင် မျက်ရည်များစီးကျလာပြီး အသံကိုတိုးကာ …
“ပြီးတော့ ဒါက ဖြစ်ပြီးခဲ့ပါပြီ … ဒီနေ့ဘာကြောင့်လာခဲ့လဲဆိုတာ မမေ့ပါနဲ့”
နန်းကွမ် တစ်ခုခုကိုတွေးမိလိုက်ပြီး ချောင်းဆိုးယောင်ဆောင်ကာ …
“ကျောင်းကျောင်း … ဒီနေ့ကျောင်းမှာဖြစ်သွားရတာက နားလည်မှုလွဲသွားလို့ပါ သမီးကို ဖေဖေမှားပြီးအပြစ်တင်မိတယ် … စိတ်ထဲမထားနဲ့နော်”
နန်းပေါင်ရီ မျက်နှာမှာ မပြောင်းလဲဘဲ …
“ကိစ္စမရှိတော့ဘူးဆိုရင် သမီးစာလုပ်တော့မယ်”
“သမီးရဲ့ဖေဖေက သေတော့မယ် သမီးက စာလုပ်နေနိုင်သေးလား … စာအုပ်တွေထဲမှာ သင်ခန်းစာရှိတယ်လေ မိဘရဲ့ဘဝ…မိဘရဲ့….”
နန်းကွမ် သူ၏ခေါင်းကိုကုတ်လျက် နန်းယန် ကို ခိုးကြည့်လိုက်သဖြင့် နန်းယန် စိတ်ညစ်သွားရလေသည်။
သူတို့မထွက်လာကြခင်ကတည်းက နန်းကွမ် အား ထိုစာကြောင်းကို ထပ်တလဲလဲရွတ်ဆိုရန် သင်ပေးခဲ့သော်လည်း စာကြောင်းကို နန်းကွမ် မမှတ်မိသဖြင့် သူမကိုယ်တိုင်သာ ရွတ်ပြလိုက်ရလေသည်။
“ကျောင်းကျောင်း .. စည်းကမ်းဥပဒေမှာလည်း ညွှန်းဆိုထားတာရှိတယ်လေ … မိဘကသင်ကြားပေးရင် ငါ ရိုသေစွာ နားထောင်မယ် မိဘက အပြစ်တင်ရင် ငါ နားထောင်ပြီး လက်ခံရမယ် .. ငါတို့က မျိုးရိုးမြင့်မိသားစုတွေဆိုတော့ လေးစားမှုနဲ့ ကျင့်ဝတ်ဝတ္တရားသိမှုကို ပိုပြီးနားလည်သဘောပေါက်ဖို့ လိုအပ်တယ် … ညီမလေးက ကျင့်ဝတ်မသိတတ်တော့ ဖေဖေက ပိုပြီးဒေါသဖြစ်နေတာ”
“ဘယ်လိုကျင့်ဝတ်မသိတတ်တာလဲ”
“ဖေဖေက ခြံကျဉ်းကျဉ်းလေးထဲမှာ ငှားနေရပြီး သာမန်အစားအသောက်ပဲစား၊ အဝတ်ကြမ်းတွေဝတ်ပြီး အပြင်မှာ ဒုက္ခရောက်နေတာ … ညီမလေးကတော့ အိမ်တော်ထဲမှာ အဝတ်ကောင်း အစားအသောက်ကောင်းတွေနဲ့ နေနေတာ ဒါက ကျင့်ဝတ်မသိတတ်တာမဟုတ်ဘူးလား”
နန်းပေါင်ရီ ပြုံးလိုက်ပြီး …
“ဒါဆိုရင် ဘာကိုပြောချင်နေတာလဲ”
“သမီးတစ်ယောက်အနေနဲ့ အဖေကို ကူညီထောက်ပံ့ရမယ့် တာဝန်ရှိတယ်လေ … ညီမလေးရဲ့ အမွေပစ္စည်းတွေကိုယူပြီး ဖေဖေ့ကို ဘာလို့သုံးခွင့်မပေးတာလဲ”
ဥပမာများစွာပေးပြီး အလွန်စကားပြောကောင်းသော နန်းယန် ကို သူမကြည့်လိုက်သည်။ စကားများစွာပြောပြီးနောက်တွင်လည်း စည်းစိမ်နှင့် ဂုဏ်အကြောင်းသာ ရောက်ပြန်သည်။
နန်းပေါင်ရီ ခေါင်းကို တစ်ဖက်အသာစောင်းလိုက်ပြီး
“မမကမှ ပိုပြီးကျင့်ဝတ်မသိတတ်တာလို့ ခံစားမိနေတယ်”
နန်းယန် မျက်မှောင်ကြုတ်သွားပြီး …
“ဘာပြောလိုက်တယ် !”
နန်းပေါင်ရီ အသံကိုခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။
“ဖေဖေက အပြင်မှာ ဒုက္ခခံနေရတာက မမနဲ့ သခင်မ လျို ကြောင့်ပဲလေ … တကယ်လို့ မမသာ ပျင့်ဝတ်သိတတ်မယ်ဆိုရင် ဖေဖေ့ကို အိမ်တော်မှာပဲနေပြီး ဘွားဘွားကို ပြုစုစောင့်ရှောက်ပေးဖို့ ဖျောင်းဖျရမှာလေ … ဒါပေမယ့် ဘွားဘွားနဲ့ ဖေဖေကြား ဝင်နှောင့်ယှက်ပြီး ဖေဖေ့ကို ကျင့်ဝတ်မသိတတ်တဲ့သားတစ်ယောက်ဖြစ်အောင် ဖျက်ဆီးပစ်နေတာ … မမကသာ ကျင့်ဝတ်မသိတတ်တာမဟုတ်ဘူးလား !”
နန်းပေါင်ရီ က အကျိုးအကြောင့်သင့်စွာ ပြောလိမ့်မည်ဟု နန်းယန် မထင်မှတ်ထားခဲ့ပေ။ လက်ကိုင်ပုဝါကို တင်းကြပ်နေအောင်ကိုင်ထားပြီး တစ်ကိုယ်လုံးမှာလည်း သိသာစွာ တုန်ယင်လာသည်။
နန်းယန် သည် နန်းပေါင်ရီ ရှေ့တွင် ပထမဆုံးအကြိမ် ဖိနှိပ်ခံခဲ့ရသည်။
သူမအနေနှင့် လပ်ထပ်ထိမ်းမြားရမည့်အရွယ် ရောက်နေပြီး ရှု တိုင်းပြည်၏ ရာထူးမြင့်ပုဂ္ဂိုလ်တစ်ယောက်နှင့် ထိမ်းမြားနိုင်ရန် သူမရည်ရွယ်ထားသည်။ သူမသာ ကျင့်ဝတ်မသိတတ်သူဟု ထင်သွားကြလျှင် ထိုသို့သောလက်ထပ်ပွဲကို သူမမျှော်မှန်းနိုင်မည်မဟုတ်ပေ။
ထိုစကားတို့ကို အပြင်လူများ ကြားသွား၍မဖြစ်ပေ။
နန်းယန် မျက်ရည်များဝဲလာပြီး …
“မမက ဖေဖေ့မေတ္တာပဲလိုချင်ခဲ့တာပါ .. ဖေဖေ့ကို ဒီလိုဖြစ်စေမယ်လို့ မရည်ရွယ်ခဲ့ပါဘူး”
နန်းပေါင်ရီ ဘာမှမပြောဘဲ ကြည့်နေလိုက်သည်။
နန်းကွမ် ၏ ဝတ်ရုံကို နန်းယန် အထိတ်တလန့်ဆုပ်ကိုင်ပြီး ငိုလေသည်။
“ဖေဖေ .. ကျောင်းကျောင်း က လွန်လွန်းသွားပြီ .. သူသမီးကို အထင်မှားနေတာလားမသိဘူး”
“လိမ္မာတယ် … မငိုနဲ့နော် မငိုနဲ့”
သူ၏ချစ်စွာသောသမီး ငိုနေသည်ကို နန်းကွမ် မခံစားနိုင်သဖြင့် မျက်ရည်များကိုသုတ်ပေးလိုက်ပြီး နန်းပေါင်ရီ ကို အလိုမကျဟန်နှင့် စိုက်ကြည့်ကာ …
“ကျောင်းကျောင်း .. ကိုယ့်အစ်မကို ဘာကြောင့်အပြစ်တင်နေရတာလဲ သူကသမီးရဲ့ တစ်ဦးတည်းသောအစ်မလေ”
“ဘယ်အစ်မက ကိုယ့်ညီမလေးရဲ့အမွေတွေကို လုယူဖို့ အဖေ့ကို အကြံပေးတတ်လဲ”
နန်းကွမ် မျက်နှာနီရဲသွားပြီး …
“ယန်အာ က ဖေဖေကောင်းဖို့အတွက် လုပ်ပေးနေတာလေ”
သူမရယ်စရာပြက်လုံးတစ်ခုကြားလိုက်ရသကဲ့သို့ လှောင်ရယ်လိုက်ပြီး …
“ကောင်းမွန်တဲ့အဖေ … ကိုယ့်သမီးရဲ့ အမွေကို လုယူဖို့ကြံစည်နေတဲ့အဖေ့အကြောင်း တခြားသူတွေကြားသွားရင် ရယ်ကြမှာမကြောက်ဘူးလား … နန်းယန် နဲ့ သခင်မ လျို တို့ ချမ်းသာတုန်းကတော့ သူများကို ဖေဖေလိုက်အပြစ်ပြောနေတာလေ .. အခု နန်းယန် က ဖေဖေကောင်းဖို့လုပ်နေတယ်ထင်လို့လား”
နန်းကွမ် မျက်ခုံးတို့တွန့်ချိုးသွားသည်။
ဆုန်းဟယ့် ခြံကို နန်းပေါင်ရီ လက်ညိုးညွှန်လိုက်ပြီး …
“တကယ်လို့ သမီးတို့ကို ဖေဖေ့ရဲ့မိသားစုလို့ သဘောထားတယ်ဆိုရင် ဘွားဘွားကို အရင်သွားတွေ့ပြီး တောင်းပန်လိုက်ပါ … တကယ်လို့ နန်းယန် နဲ့ သခင်မ လျို အတွက်ပဲ စဉ်းစားတယ်ဆိုရင် အခုချက်ချင်းဒီကထွက်သွားပြီးတာနဲ့ အိမ်တော်ကို ဘယ်တော့မှ ခြေဦးမလှည့်လာပါနဲ့တော့”
သူမ၏အဖေမှာ စိတ်ပျော့ပြီး သတ်မှတ်ချက်တို့မရှိသည်ကို သူမသိသည်။ အကယ်၍ ထိုသို့ဖိအားမပေးလျှင် သူမအဖေမှာ ဝေခွဲမနိုင်ဘဲ ဆက်လက်နေထိုင်သွားရလိမ့်မည်။ ထို့ကြောင့် သူမအနေနှင့် ဒီနေ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရမည်။
နန်းကွမ် အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ …
“ကျောင်းကျောင်း .. ဖေဖေ့ကို ဖိအားပေးနေတော့ ဖေဖေဘယ်လိုရွေးချယ်ရမှာလဲ”
နန်းပေါင်ရီ အဖြေကို စောင့်ဆိုင်းနေစဉ်မှာပင် သူမမြင်ကွင်း အမှောင်အတိဖြစ်သွားလေသည်။
သူမမှာ မနက်စာနှင့် နေ့လယ်စာ နှစ်ချိန် လွတ်သွားပြီး စာလေ့လာခြင်းနှင့် စကားရည်လုခြင်းတို့တွင် အားသုံးလိုက်ရသဖြင့် သူမခန္ဓာကိုယ်မှာ ခံနိုင်ရည်မရှိဘဲ လဲကျသွားလေသည်။
ရှောင်းယီ က သူမကို ပွေ့ဖမ်းလိုက်ပြီး ကလေးမလေး၏မျက်နှာမှာ စိတ်ပျက်ခြင်းအရိပ်အယောင်ရှိနေသော်လည်း မျက်လုံးမှာနီရဲနေပြီး မျက်တောင်တွင်လည်း မျက်ရည်စများ တင်ကျန်နေသည်။
သူမသည် အခွံမာနှင့် မြေဆီလွှာကို တိုးပေါက်ရုန်းကန်ဖြတ်သန်းပြီး ရဲဝင့်စွာကြီးထားလိုသော အညှောင့်နုနှင့် တူသည်။ အလိုလိုက်ခံရသော သူဌေးသမီးလေး၏ အဖြစ်မှာ အခြားသူများကိုပင် ရင်ကွဲသွားစေခဲ့သည်။