အပိုင်း (၂၄)
စာသင်မှာလား အလှပြိုင်မှာလား
သမီးဖြစ်သူမှ အပြစ်ပြောခံရသောကြောင့် နန်းကွမ် ခေါင်းညိတ်ကာ တိတ်ဆိတ်နေလေသည်။ ခဏအကြာတွင် ရှက်စိတ်တို့နှင့် မျက်ရည်များကျလာလေတော့သည်။
“ရှောင်မုံ့ သူ့စာချုပ်ကိုမဝှက်ထားသင့်ဘူး ကျောင်းကျောင်း … သမီးပြောတာမှန်တယ် သမီးက းဉ်းစားတတ်တဲ့ကလေးပဲ”
နန်းပေါင်ရီ ကျောက်ဝမ် ခြံကြီးကို ပြန်ရောက်လာပြီး တိတ်ဆိတ်အေးချမ်းစွာ အိပ်ပျော်သွားတာ့သည်။
သို့သော် မနက်ရောက်သောအခါ ဟယ်ယဲ့ က ဝမ်းနည်းသောမျက်နှာနှင့် သူမကို လာနှိုးသည်။.
“သခင်မလေး .. တစ်ခုခုဖြစ်သွားတယ်”
နန်းပေါင်ရီ မူးနောက်စွာ ထထိုင်လိုက်ပြီး အဖေပြဿနာရှာခြင်းမဖြစ်စေရန် ဆုတောင်းနေမိသည်။
“ကျွန်မကြားတာ နျိုစန်း ကို နန်းယန် မနေ့ကသွားတွေ့ပြီး သူ့အမေကိုပြန်ထုတ်ပေးဖို့ပြောတာ နျိုစန်း က ရွှေစ ၃သောင်းနဲ့မှထုတ်ပေးမယ်တဲ့ … နန်းယန် မှာ ဒီလောက်ငွေအများကြီးမရှိတော့ ချင်းချောင် တောင်ကြားကိုပြန်သွားပြီး အိမ်မှာရှိတဲ့ရတနာတွေ အဝတ်တွေအကုန် ရောင်းလိုက်တယ် … သခင်မ လျို ကို ပြန်ထုတ်နိုင်တဲ့အထိ ရွှေစ ၃သောင်းတော့ရလိုက်တယ်
နန်းပေါင်ရီ လည်း အစေခံများကူနေသဖြင့် မျက်နှာသစ် ပလုတ်ကျင်းပြီးသွားသည်။
“ထင်ထားပြီးသားပါ”
ဟယ်ယဲ့ က ဆက်၍ …
“မနေ့ညကလည်း အရှေ့ဘက်ဆောင်ကို နန်းယန် ရောက်လာပြီး သူ့အမေကိုယ်စားလာတောင်းပန်တယ်တဲ့ သခင်ကြီးကလည်း သူ့ကိုအရမ်းချစ်တာကို … နန်းယန် က သူ့မျိုးရိုးနဲ့ သူ့အမေအပြစ်ကင်းတာကို သက်သေပြတဲ့အနေနဲ့ သွေးကိုဖောက်ပြီးရောစပ်ခဲ့တော့ သခင် ၃ပိုပြီး ရင်ကွဲရရော .. စစ်ပြီးတာနဲ့ နန်းယန် မေ့လဲသွားတော့ သခင် ၃လည်း ဒေါသဖြစ်ပြီး ကျင်ကွမ်း တစ်မြို့လုံးမှာရှိတဲ့ သမားတော်တွေကို အိမ်တော်ကိုပင့်လိုက်တာ တစ်ညလုံး အုံးအုံးကြွဆူနေတာပဲ”
နန်းပေါင်ရီ သည် ဆားရေစိမ်ထားသောမိုးမခခက်နှင့် သွားတိုက်လိုက်သည်။ သူမမျက်နှာမှာ အလွန်ရှင်းလင်းနေသည်။
နန်းယန် ပရိယာယ်များသည်ကို သူမသိသော်လည်း သွေးစစ်ခြင်းနည်းကို အသုံးပြုလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။ သူမပလုတ်ကျင်းလိုက်ပြီးနောက် …
“ပြီးတော့ရော”
“သခင် ၃က ဆုန်းဟယ့် ခြံကိုသွားပြီး သခင်မ လျို ကို လက်ထပ်ချင်တယ်ပြောတော့ သခင်မကြီးလည်း စိတ်တိုသွားပြီး နန်းယန် ကို အိမ်ကနေ နှင်ထုတ်ခိုင်းလိုက်တယ်”
ဟယ်ယဲ့ က နှင်းဆီပွင့်ဖတ်များထည့်ထားသော ရေထဲမှ နွေးနေသည့်လက်ကိုင်ပုဝါကိုထုတ်ကာ ရေညှစ်ပြီး နန်းပေါင်ရီ မျက်နှာပေါ်ကို အသာအ ုပ်တင်ပေးလိုက်သည်။
“သခင်ကစိတ်ပျော့တာ သခင်မလေးလည်းသိပါတယ် သူ့မောင်းမရဲ့သမီးကိုဒီလိုမြင်ရတော့ မကျေမနပ်ဖြစ်ပြီး ဒေါသတကြီးနဲ့ ပစ္စည်းတွေသိမ်းပြီး အိမ်တော်ထဲက ထွက်သွားတာပဲ … အရှေ့ဘက်ခြံက အစေခံတွေပြောပုံအရဆိုရင် သခင် ၃က အိမ်တစ်လုံးငှားပြီး မိသားစုတစ်ခု ကိုယ်တိုင်ဆောက်တည်မယ်လို့ ကြေညာခဲ့တယ်တဲ့”
နန်းပေါင်ရီ ခေါင်းကို အနောက်မှီလိုက်သည်။ မွှေးကြိုင်သောနှင်းဆီရနံ့ကြောင့် လန်းဆန်းကာ စိတ်ကြည်လင်သွားတော့သည်။
မနေ့ကပင် အဖေက သူမကို စဉ်းစားတတ်သူဟု အမျိုးမျိုးချီးမွမ်းနေခဲ့ပြီး အဖေကိုယ်တိုင်ပင် မစဉ်းစားတတ်သူဖြစ်နေသည်။
အသက်အရွယ်ရနေသော်လည်း အချစ်ကြောင့်နှင့် ဘာကိုမှမစဉ်းစားဘဲ အိမ််မှဆင်းရလောက်သည်အထိ ရူးမိုက်လှသည်။ သူကိုယ်တိုင် မိသားစုတည်ထောင်မည်ဟုပြောသော်လည်း မည်သို့လုပ်ရကြောင်းနှင့် စီးပွားရေးလုပ်ကိုင်ရန်အတွက်ပင် တစိုးတစိမျှမသိသေး။
မျက်နှာသစ်ပြီးနောက် ဟယ်ယဲ့ က နန်းပေါင်ရီ ကို ခေါင်းဖြီးပေးလေသည်။
“သခင်မလေး သခင်ကြီးကိုတွေ့ချင်သေးလား”
“မတွေ့ဘူး သူ့ကိုမြင်ရင် စိတ်တိုရတယ် ငါ ဆုန်းဟယ့် ခြံကို သွားပြီး ဘွားဘွားကို နှုတ်ဆက်ရမယ် … ဖေဖေက မနက်အစောကြီး ပြဿနာလုပ်လိုက်တော့ ဘွားဘွား စိတ်တိုနေလောက်ပြီ”
နန်းပေါင်ရီ ဆုန်းဟယ့် ခြံကိုသွားသည့်လမ်းတွင် သူမကဲ့သို့ သခင်မကြီးကို အရိုအသေပေးရန်လာသော နန်းပေါင်ကျူး နှင့် တွေ့မိလေသည်။
ခြံအတွင်းရှိ ဥယျာဉ်ထဲတွင် သခင်မကြီးက ဗာဒံစေ့လက်ဖက်ရည်ကို သောက်သုံးနေသည်။ သူမ၏ချစ်လှစွာသော မြေးမလေးနှစ်ယောက်ကိုတွေ့လိုက်ချိန် သူမ၏ဒေါသစိတ်တို့ အနည်းငယ်လျော့ကျသွားလေသည်။
“ကျောင်းကျောင်းအာ .. ဘွားဘွားတော့ အနှေးနဲ့အမြန် သမီးအဖေကြောင့် ဒေါသထွက်ပြီးသေရတော့မှာပဲ … အသက်၄၀တောင်ဖြစ်နေပြီး စာပေရော ကိုယ်ခံပညာရော မတတ်ကျွမ်း၊ လုပ်ငန်းအကြောင်းကိုလည်း နားမလည်တဲ့သူကို ဘယ်သူကလိုချင်မှာလဲ … မိန်းကလေး လျို က သူ့ကို လူသားတစ်ယောက်လိုမြင်ပြီးချစ်ကြိုက်တယ်များထင်နေလား”
နန်းပေါင်ရီ ကိုယ့်ကိုယ်ကို အပြစ်ရှသလို ခံစားလိုက်ရပြီး …
“မြေးကပဲ ဖေဖေ့ကိုယ်စား ဘွားဘွားကိုတောင်းပန်ပါတယ်”
“သမီးက သူနဲ့မတူဘူး .. သူကနလပိန်းတုံး”
“ဖူး..”
မုန့်များကို အလစ်သုတ်ယူစားနေသော နန်းပေါင်ကျူး ရယ်မိသွားလေသည်။ နန်းပေါင်ရီ မျက်နှာရဲသွားပြီး ….
“ဘွားဘွား ဖေဖေ့ဆီမှာ ငွေကြေးအလုံအလောက်မရှိတော့ သူမကြာခင် ပြန်လာပါလိမ့်မယ် .. အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရရင် ဖေဖေ့အတွက်လည်း အတွေ့အကြုံကောင်းရသွားတာပေါ့ ဘွားဘွား အရမ်းလည်းစိတ်မပူပါနဲ့နော် .. သမီးဒီနေ့လာတာက ဘွားဘွားကို ခွင့်တောင်းချင်လို့ပါ”
သူမအသံမှာ သိမ်မွေ့ချိုမြသောကြောင့် သခင်မကြီးအဖို့ ကြားရသည်မှာ အလွန်စိတ်ချမ်းသာလှသည်။ သခင်မကြီးက ချစ်စိတ်အပြည့်နှင့်ပြုံးလိုက်ပြီး …
“သမီးက ပိုက်ဆံလိုတာလား … ဘဏ္ဍာတိုက်သွားပြီး သမီးကြိုက်သလောက်ယူသွား သမီးရဲ့ ဦးလေး ၂နဲ့ အစ်ကိုကြီးတို့က သမီးသုံးဖို့အတွက်ပဲရှာနေတာ … ဖုရုံ လမ်းထဲမှာ လက်ဝတ်ရတနာအသစ်တွေ အထည်အသစ်တွေ အများကြီးရောက်နေတယ်လို့ကြားတယ် သမီးအားရင် သမီးရဲ့မမ ၄နဲ့ အတူတူသွားပြီး ကြိုက်တာဝယ် … ပစ္စည်းတွေများများထည့်ယူလာဖို့ သယ်စရာတွေပါ ယူသွားလိုက်”
နန်းပေါင်ကျူး မျက်နှာမော့လာပြီး စိတ်အားထက်သန်စွာ နန်းပေါင်ရီ ကိုကြည့်လိုက်သည်။ သူမမှာ ဈေးဝယ်မထွက်ရတာကြာပြီဖြစ်သောကြောင့် သူမလက်များ ယားယံနေလေသည်။
နန်းပေါင်ရီ က အသေအခါစိုက်ကြည့်လိုက်ပြီး …
“ဘွားဘွား .. သမီးဈေးဝယ်မထွက်ချင်ဘူး စာသင်ကျောင်းမှာပဲစာသင်ချင်တယ်”
ထိုခြံကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ နန်းပေါင်ကျူး က နန်းပေါင်ရီ ၏ နဖူးကို အံ့ဩတစ်ကြီးစမ်းသပ်လိုက်ပြီး …
“ကျောင်းကျောင်းအာ နေကောင်းရဲ့လား .. စာလေ့လလာမယ် !? စာသင်ကျာင်းမှာစာလေ့လာချင်နေတာလား”
နန်းပေါင်ရီ ဆိုသူမှာ စာအုပ်အဖုံးကြည့်ရုံမှနှင့် ကြာရှည်စွာ ခေါင်းကိုက်တတ်သည်။ သူမ၏ပဘွားကလည်း အံ့ဩစွာဖြင့် …
“ကျောင်းကျောင်း .. ဒီလိုကိစ္စမှာသမီးရဲ့အစ်ကို ၄ကလွဲရင် အိမ်တော်ကလူတွေ စာလုပ်ရတာ မကြိုက်ကြဘူးလေ … အဲဒီရှုပ်ထွေးနေတဲ့စုတ်ချက်လက်ရေးတွေက ပုရွက်ဆိတ်တွေ အချင်းချင်းရန်ဖြစ်နေသလိုပဲ အဲဒီစာလုံးတွေကို ဘယ်လိုဖတ်မှာလဲ … သမီးလိုမိန်းကလေးတစ်ယောက်က လှလှပပဝတ်စားပြီး ကိုယ်ကြိုက်တာကို ထွက်ဝယ်သင့်တယ်ကွယ့် … ဘွားဘွားကို လန့်အောင်မလုပ်နဲ့နော်”
“ဘွားဘွား၊ မမ ၄ … စာလေ့လာဖို့ကို သမီးသေချာစဉ်းစားပြီးမှဆုံးဖြတ်ခဲ့တာပါ”
နန်းပေါင်ရီ လက်တစ်ချောင်းထုတ်ပြကာ…
“နံပါတ် ၁ .. စာလေ့လာတာက အသိပညာကိုတိုးတက်စေတယ် .. နံပါတ် ၂ .. စာလေ့လာတာက သမီးတို့ရဲ့ပုံရိပ်တွေကို ပြောင်းလဲစေတယ် နန်း အိမ်တော်က ငွေပဲသိတဲ့ အလုပ်ကြမ်းပိုးတွေမဟုတ်ဘူးဆိုတာ ရှု တိုင်းပြည်ကလူတွေ သိစေရမယ် .. နံပါတ် ၃ … စာပေလေးမျိုးနဲ့ ကွန်ဖြူးရှပ်ရဲ့ ဂန္တဝင်စာအုပ်ငါးမျိုးကို သမီး နားလည်ချင်တယ် ဒါဆိုရင် သမီး နွေဦးရာသီပန်းပွဲတော်ကို ဝင်ပြိုင်လို့ရပြီ”
“ကျောင်းကျောင်း .. ညီမလေးရူးသွားပြီလား နွေဦးရာသီပန်းပွဲတော်မှာ ဝင်ပြိုင်မယ် !”
နန်းပေါင်ကျူး ၏ မျက်လုံးတို့ပြူးကျယ်သွားပြန်သည်။
“အဲဒီပွဲက အရမ်းခက်တာ … ကျင်ကွမ်း တစ်မြို့လုံးက ရာထူးကြီးအရာရှိတွေ အများကြီးလာကြမှာ ပြီးရင် အနုပညာလေးရပ်ကို လူအများကြီးရှေ့မှာ ပြသရမှာ သေချာမလုပ်ပြနိုင်ရင် ညီမလေးပဲအရှက်ရမှာ”
သခင်မကြီးကလည်း ဖျောင်းဖျလေသည်။
“ဟုတ်တယ် ကျောင်းကျောင်းအာ … အဲဒီပညာရပ်တွေကို သမီးတစ်ခါမှ မလေ့လာဖူးဘူးလေ သမီးဘယ်လိုလုပ်သွားပြိုင်မှာလဲ .. အိမ်တော်မှာပဲဘစွမ်းရည်ပြိုင်ပွဲတစ်ခုခုလုပ်ကြရင်ရော .. သမီးရဲ့မမ ၄နဲ့ဆိုရင် သမီးနိုင်ဖို့အခွင့်အရေးရမှာပဲလေ”
နန်းပေါင်ရီ ကလည်း ယုံကြည်ချက်အပြည့်နှင့် …
“ဘွားဘွား ..သမီးဆုံးဖြတ်ထားပြီးပြီ မနက်ဖြန် သမီးစာသင်ကျောင်းကို သွားတော့မယ် … ဘွားဘွား စိတ်မပူပါနဲ့နော် နွေဦးရာသီပန်းပွဲတော်မှာ နန်း အိမ်တော်ကို နာမည်ကောင်းရအောင်လုပ်ပြီး နန်း မိသားစုက သမီးတွေဟာ အရာရာကျွမ်းကျင်ကြောင်း အများသိစေရမယ်”
မိန်းမငယ်လေး၏မျက်ခုံးတို့မှာ တွန့်ချိုးနေပြီး မျက်လုံးတို့မှာလည်း တလက်လက်တောက်ပကာ လှပစွာပြုံးနေသဖြင့် မြင်ရသူအဖို့ ရင်ထဲနွေးထွေးစေသည်။ သခင်မကြီးကလည်း သူမကို အလွန်ချစ်သောကြောင့် သူမအလေးအနက်ထားပြောဆိုနေသည်ကို မတားရက်တော့ပေ။
သူမက ချစ်မြတ်နိုးစွာနှင့် …
“ဒီလိုရည်မှန်းချက်ထားတာ အကောင်းဆုံးပဲ ကျောင်းကျောင်း ဘာမှစိတ်မကြောင့်မကြဘဲ သမီးလုပ်ချင်တာ သေချာလုပ်နော် … သမီးပထမရရမရရ ဘွားဘွားမျက်လုံးထဲမှတော့ သမီးက အတော်ဆုံးပဲ .. နွေဦးရာသီပန်းပွဲတော်ရောက်ရင် အိမ်တော်ကလူတွေအကုန် သမီးကိုအားပေးဖို့ ဘွားဘွားလွှတ်ပေးလိုက်မယ်”
သူမ၏ထောက်ပံ့ပေးတတ်သောမိသားစုကြောင့် နန်ပေါင်ရီ စိတ်ထဲမှကြည်နူးကာ မျက်ရည်များကျလာတော့သည်။
သခင်မကြီးက ဆက်လက်၍ …
“ကျူးအာ .. သမီးလည်း ကျောင်းကျောင်းအာ လို ရည်မှန်းချက်ထားသင့်တယ် … ပြန်သွားပြီးအဆင်သင့်ပြင်ထား မနက်ဖြန် ကျောင်းကျောင်းအာ နဲ့အတူ ကျောင်းသွားပြီး စာလေ့လာတော့”
နန်းပေါင်ကျူး အချိုမုန့်နင်သွားပြီး ငိုမဲ့မဲ့အသံနှင့် …
“ဘွားဘွား သမီးငြင်းလို့မရဘူးလား”
….
နန်းပေါင်ရီ လှပစွာဝတ်စားဆင်ယင်တတ်သဖြင့် စာသင်ကျောင်းသွားလျှင် လှလှပပဆင်ယင်လိုသောကြောင့် ကျောက်ဝမ် ခြံထဲတွင် အဝတ်အစားအနည်းငယ်ရွေးပြီး ရှောင်းယီ ရှိရန် စာဖတ်ခန်းသို့ ပျော်ရွှင်စွာပြေးသွားလေသည်။
“အစ်ကို ၂ .. ညီမလေးမနက်ဖြန် စာသင်ကျောင်းသွားမလို့ ဘယ်ဝတ်စုံနဲ့ ပိုလိုက်မလဲဟင် ?”
ရှောင်းယီ လျစ်လျူရှုပြီး စာကိုသာရေးနေသောကြောင့် နန်းပေါင်ရီ ထိုသို့ပြောသည်အထိ လှည့်မကြည့်ပေ။
“အစ်ကို ၂ ! ခေါင်းမော့ပြီးကြည့်ပါဦး !”
ရှောင်းယီ စုတ်တံကိုပင့်တင်လိုက်ပြီး လျှာနှင့်အသာတို့ကာ အေးစက်စက်အသံနှင့် …
“မင်းက စာသင်ကျောင်းသွားမှာလား အလှပြိုင်ပွဲသွားမှာလား”