အပိုင်း (၂၉)
အလုပ်များသောကလေးမ
နန်းပေါင်ရီ မျက်နှာတွင် ရိုးသားမှုအပြည့်နှင့် …
“ဘွားဘွား .. အဒေါ် ဝမ်း က ဘာကိုဆိုလိုတာလဲ သမီးအပေါ် ဆိုးဆိုးဝါးဝါးဆက်ဆံတဲ့သူတွေကို ပြန်ပြီးအာမခံရဘူးလို့တော့ မပြောနဲ့နော်”
“အဓိပ္ပါယ်မရှိတာ”
သခင်မကြီးက နန်းပေါင်ရီ နှာထိပ်ကိုအသာဖျစ်ညှစ်လိုက်ပြီး …
“ဘွားဘွားရဲ့ ကျောင်းကျောင်း လေးကို အနိုင်ကျင့်တဲ့သူမှန်သမျှ ဘွားဘွားဘယ်သူ့ကိုမှ အလွတ်မပေးဘူး”
သခင်မကြီးက သခင်မ ဝမ်း ကို စိုက်ကြည့်ကာ …
“ငါကြားတာကတော့ ရွှေစ ၁၂၀၀၀ တန်တဲ့ စုတ်တံကို မင်းရဲ့သမီးက ချိုးပစ်လိုက်တယ်ဆို .. ဒီလိုလုပ် တခြားပျက်စီးကုန်တာတွေနဲ့ ဆေးဖိုးတွေ ပေးစရာမလိုဘူး အဲဒီစုတ်တံတန်ဖိုးကိုပဲ လျော်ကြေးပေးလိုက် ကိစ္စကိုကျေအေးပေးမယ်”
ရွှေစ ၁၂၀၀၀
သခင်မ ဝမ်း စိတ်တိုကာ ယပ်တောင်ကိုဆုပ်ကိုင်လိုက်ပြီး နန်းရှောင်ချန့် ကို ကြည့်လိုက်သည်။ နန်းရှောင်ချန့် မှာလည်း ခေါင်းကိုငုံ့ထားပြီး မျက်ရည်များကျကာ အသက်ပင် အသံကျယ်ကျယ်မရှူရဲပေ။ သခင်မ ဝမ်း လေးစားမှုအပြည့်နှင့် ပြန်ပြုံးလိုက်ပြီး …
“သခင်မကြီး …”
“အမေမှားနေပြီ”
စူးရှက အနည်းငယ်ခက်ထန်နေသည့် မိန်းမတစ်ယောက်၏ အသံကို အပြင်ဘက်မှ ရုတ်တရက် ကြားလိုက်ကြရသည်။ နန်းပေါင်ရီ လှမ်းကြည့်လိုက်သည့်အခါ သူမ၏ အဒေါ် ၂က နန်းပေါင်ကျူး နှင့် အတူလာနေသည်ကို တွေ့လိုက်ရသည်။
အဒေါ် ၂မှာ ကိုယ်ရံတော်မိသားစုမျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် သူမတွင် ဩဇာအပြည့်နှင့် ကိုယ့်ကိုယ်ကို ယုံကြည်သည့် အငွေ့အသက်များ ရှိနေသည်။ အလုပ်ကိစ္စဆွေးနွေးခြင်းနှင့် မိသားစုကိစ္စဆိုင်ရာများတွင်လည်း သူမကိုင်တွယ်ဖြေရှင်းနိုင်ပြီး ရှူ တိုင်းပြင်တွင် နာမည်ကျော်ကြားသော မိန်းမတစ်ယောက်လည်း ဖြစ်သည်။
ဘုန်း ..
သခင်မ ဝမ်း အရှေ့တွင် ငွေစာရင်းစာအုပ်အစုအပုံကို ပစ်ချလိုက်သည်။ သခင်မ ၂က စိတ်အလိုမကျသည့်ဟန်နှင့် …
“ရွှေစ ၁၂၀၀၀ကိုပဲ ပြန်ဆပ်လို့မရဘူး .. နှစ်တွေအများကြီး ငါတို့ နန်း အိမ်တော်ထဲကနေ နင်တို့မိသားစု ငွေဘယ်လောက်များအောင် ထုတ်ထားလဲ .. ဒီနေ့ အဲဒါတွေကိုပါ အကုန်ဆပ်ရမယ် !”
နန်းပေါင်ကျူး က ဂုဏ်ယူနေဟန်နှင့် ခါးထောက်လိုက်ပြီး သူမအမေပြောသည့်အတိုင်း ကြက်တူရွေးကစကားလိုက်ပြောသကဲ့သို့ ပြောလေသည်။
“အကုန်ဆပ်ရမယ် !”
သခင်မ ဝမ်း မပြုံးနိုင်တော့ဘဲ …
“သခင်မ ၂ .. ဒါကဘာကိုဆိုလိုတာလဲ”
“ဘာဆိုလိုတာလဲ ဒီငွေစာရင်းတွေကိုသာ မစစ်ခဲ့မိရင် ငါသိရမှာမဟုတ်ဘူး … ရှင့်ရဲ့ယောကျ်ားက နန်း အိမ်တော် အဝတ်အထည်ဌာနမှာ ကြီးကြပ်ရေးမှူးလုပ်ခဲ့တုန်းက ရွှေစ ၁သိန်း ခိုးခဲ့ဖူးတယ် ! သခင်မ ဝမ်း ရှင်တို့အပြစ်ကို ဝန်ခံမလား မဟုတ်ရင် တရားရုံးကို စာတင်တိုင်ကြားရလိမ့်မယ် !”
နန်းပေါင်ကျူး က ပျော်ရွှင်စွာကြည့်လိုက်ပြီး …
“တရားရုံးကို တိုင်ကြားမယ် !”
သခင်မ ဝမ်း လည်း ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လက်တို့မှာလည်း ဖြူဖျော့လာသည်။ သူမကြိုးစားပြုံးလိုက်ပြီး …
“သခင်မ ၂ .. ကျွန်မတို့က ဆွေမျိုးသားချင်းတွေပါ ဘာကြောင့်ဒီလို ရက်စက်ရတာလဲ”
သခင်မ ၂ မျက်ခုံးတို့ ပင့်တက်သွားပြီး …
“ဆွေမျိုးသားချင်း ? ရှင့်ရဲ့သမီးက ကျောင်းကျောင်း နဲ့ ပေါင်ကျူး တို့ကို ရိုက်နှက်ရန်ဖြစ်ခဲ့တာတောင်မှ ကျွန်မကို ဆွေမျိုးလို့ ခေါ်ချင်နေသေးတာလား … ဒီနေ့ကိစ္စမှာ ဘယ်သူတွေပါတယ်ဆိုတာ အကုန်သေချာစုံစမ်းသိထားပြီးပြီ .. ဒီနေ့ကစပြီး နန်း အိမ်တော်မှာ ရှင့်လို ဆွေမျိုးသားချင်းတွေ မရှိတော့ဘူး !”
နန်းပေါင်ကျူး ပို၍မာန်ဝင့်လိုက်ပြီး …
“ရှင့်လို ဆွေမျိုးသားချင်းတွေ မရှိတော့ဘူး !”
သခင်မ ဝမ်း မျက်နှာဖြူဖျော့သွားလေသည်။ နန်း အိမ်တော်မှာ ထိုသို့ရက်စက်တတ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
နန်းပေါင်ရီ မှာလည်း အလွန်ပျော်ရွှင်နေပြီး သူမ၏ အဒေါ် ၂ကို သဘောကျလေးစားစွာ ကြည့်နေလေသည်။ ကိုယ်ရံတော်မိသားစု၏ အကြီးဆုံးသမီး ပီသပါပေသည်။ သူမတွင် အဒေါ်ကဲ့သို့ အကြံရှိနေပြီး သူမ၏အဒေါ်ကလည်း ထိုပြဿနာကိုအသုံးချကာ နန်း အိမ်တော်တွင် ကပ်တွယ်နေသော ကပ်ပါးမျှော့များကို ဖယ်ရှားလိုက်ပြီး ကောင်းမွန်လှပစွာ ဖြေရှင်းနိုင်ခဲ့လေသည်။
သခင်မကြီးကလည်း ပြုံးလိုက်ပြီး အချိန်ကောင်းကို ရောက်ပြီဟုယူဆကာ နန်းရှောင်ချန့် တို့ကို ထွက်သွားခိုင်းလိုက်သည်။
“သူတို့ကိုခေါ်သွားကြ”
နန်းရှောင်ချန့် မိသားစုတို့ ထွက်သွားချိန်တွင် နန်းပေါင်ရီ အနောက်မှလိုက်သွားသည်။ နန်းရှောင်ချန့် ၏ မျက်လုံးတို့မှာ နီရဲနေပြီး ….
“ငါတို့မိသားစု ဒီလိုဒုက္ခဖြစ်သွားတာ နင်ပျော်နေသင့်တယ်မဟုတ်လား”
နန်းပေါင်ရီ က ချိုသာသော လေသံနှင့်ပင် …
“ငါတို့တွေက ဒီနေ့မှပထမဆုံးစတွေ့ကြတာ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာမသိဘူးလား .. ဘယ်သူ့ကိုမုန်းသင့်တယ်လို့ ပြန်ပြီးသတိပေးနေရမှာလား”
နန်းပေါင်ရီ ပြုံးပြကာ ပြန်လှည့်ထွက်သွားလေသည်။ နန်းရှောင်ချန့် လည်း လက်ကိုတင်းကြပ်နေအောင် ဆုပ်ထားပြီး ကျန်ရစ်ခဲ့သည်။
ဟုတ်တယ်၊ သူ နန်းယန် ကို မုန်းသင့်တယ်။
အဲဒီကောင်မက သူ နန်းပေါင်ရီ ကို အနိုင်ကျင့်စော်ကားနေမှန်း သိရက်နဲ့ သူ့ကို ဝင်မတားခဲ့ဘူး။
နန်းယန် နင်က မုန်းစရာကောင်းတာပဲ။
ဆုန်းဟယ့် ခြံကို နန်းပေါင်ရီ ပြန်ရောက်လာပြီး သူမ၏အဒေါ်ကို တောင်းပန်ရိုကျိုးစွာ အရိုအသေပေးလိုက်သည်။
“ဒေါ်ဒေါ် ၂ .. အားလုံးသမီးအပြစ်တွေပါ သမီးကစာသင်ယူချင်တာနဲ့ပဲ ဝမ်းကွဲမမကို ရန်ပွဲထဲ ဆွဲခေါ်မိခဲ့တယ်”
နန်းပေါင်ကျူး က ကြက်တူရွေးတစ်ကောင်ကဲ့သို့ ပြုမူနေလျက်ပင်။
“ရန်ဖြစ်စေခဲ့တယ် !”
သခင်မ ကျန်း က နန်းပေါင်ရီ ကို ထစေလိုက်ပြီး သူမ၏သမီးကို စောင်းကြည့်ကာ …
“စကားပြောတာရပ်ပြီး ဒီနားကထွက်သွားတော့ !”
နန်းပေါင်ကျူး က လျှာထုတ်ပြောင်ပြပြီး အချိုမုန့်စားရန် ထွက်သွားတော့သည်။
သခင်မ ကျန်း က သူမအနားတွင် နန်းပေါင်ရီ ကို ထိုင်စေလိုက်ပြီး ….
“သမီးရဲ့မမက အရမ်းဆိုးတော့ သူဒီလိုအရိုက်ခံရတာကလည်း သူ့အတွက် သင်ခန်းစာကောင်းဖြစ်လိမ့်မယ် .. နောက်တစ်ခါ ရန်ဖြစ်ကြရင် သမီးရဲ့မမကို သမီးအရှေ့မှာရပ်ခိုင်း သမီးကတော့ ပြေးနိုင်သမျှ ဝေးဝေးပြေး နားလည်လား”
“ဒေါ်ဒေါ် ၂”
နန်းပေါင်ရီ ဝမ်းနည်းသွားပြီး ရုတ်တရက် သူမအဒေါ်ကို ဖက်လိုက်သည်။ အတိတ်ဘဝတွင် ထိုသို့ကောင်းမွန်သောအဒေါ်နား မနေခဲ့ဘဲ မိန်းကလေး လျို ကို ရွေးချယ်မိခဲ့သဖြင့် နောက်ဆုံးတွင် အေးခဲကာ အစာပြတ်လပ်သေခဲ့ရခြင်းနှင့် ထိုက်တန်ပေသည်။
“မငိုနဲ့ .. မငိုနဲ့…”
သခင်မ ကျန်း က သူမခေါင်းကို အသာသပ်ပေးကာ ချော့မြူနေသည်။
“ဒေါ်ဒေါ်ကို အမေပြောပြတယ် .. သမီးက နွေဦးရာသီပန်းပွဲတော်မှာ ဝင်ပြိုင်ပြီး မိသားစုဂုဏ်တက်အောင် လုပ်ချင်တယ်ဆို ဟုတ်လား”
နန်းပေါင်ရီ ခေါင်းညိတ်ပြလိုက်ပြီး သူမမျက်ဝန်းတို့မှာလည်း မျက်ရည်တို့ဖြင့် အရောင်လက်နေသည်။
သခင်မ ကျန်း က ပြုံးလိုက်ပြီး …
“ကျောင်းထဲက မိသားစုဆရာတွေက အတော်ဆုံးမဟုတ်သေးဘူး ကျောင်းမှာပဲ အချိန်ကုန်မခံတော့ဘူးလို့ ဒေါ်ဒေါ်ထင်တယ် … ဒေါ်ဒေါ်က လူတွေကိုခေါ်ပြီး ရှူ တိုင်းပြည်ထဲမှာ အနုပညာလေးရပ်၊ စာပေလေးမျိုးနဲ့ ကွန်ဖြူးရှပ်ရဲ့ဂန္တဝင်စာအုပ်ငါးမျိုးကို သိကျွမ်းနားလည်တဲ့ အတော်ဆုံးဆရာတွေကို ရှာခိုင်းထားတယ် … မနက်ဖြန်ကစပြီး သမီးနဲ့ ပေါင်ကျူး တို့ အိမ်တော်ထဲမှာပဲနေပြီး သေချာလေ့လာသင်ယူကြပေါ့”
နန်းပေါင်ရီ လည်း အလွန်ပျော်သွားပြီး သခင်မ ကျန်း ကို အလျင်အမြန်ကျေးဇူးတင်လိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှောင်းယီ သူ၏အိပ်ခန်းထဲမှထွက်လာပြီး ဥယျာဉ်ထဲ အလုပ်များနေကြသည်ကိုတွေ့လိုက်ရသည်။
ကလေးမလေးက အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖျာတစ်ချပ်ပေါ်တွင် သိမ်မွေ့စွာ ရပ်နေသည်။ သူမရှေ့တွင် ဗျတ်စောင်းတစ်ခုရှိနေပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆရာက ဗျတ်စောင်းကို အားမာန်နှင့် တီးခတ်နေသည်။
သူမ၏ဘယ်ဘက်တွင် ဆရာတစ်ယောက်ရှိနေပြီး ပန်းချီကားချပ်တစ်ချပ်ကို စိတ်အားထက်သန်စွာ ရေးဆွဲနေသည်။
သူမ၏ညာဘက်တွင် အခြားဆရာတစ်ယောက်က ကျားကွက်ခုံရှေ့တွင်ထိုင်ကာ လေးနက်စွာ တွေးခေါ်နေသည်။
ပို၍ရယ်စရာကောင်းသည်က အခြားဆရာတစ်ယောက်မှာ သူမအနောက်တွင် ရပ်နေပြီး စာပေလေးမျိုးနှင့် ကွန်ဖြူးရှပ်ရဲ့ ဂန္တဝင်စာအုပ်ငါးမျိုးကို ကိုင်ထားလျက် ခေါင်းစောင်းကာ ကဗျာများကို အလွတ်ရွတ်ပြနေသည်။
ဟယ်ယဲ့ နှင့် ယွိဝေ့ တို့မှာ အားဖြည့်အစားအစာများကို ကိုင်ထားလျက် ဘေးတွင်ရပ်နေကြပြီး ချန်ရှင်း မှာ ခြင်ယင်များကို လိုက်မောင်းနေရသည်။
အဝေးမှကြည့်လျှင် အနုပညာလေးရပ်ကို ပေါင်းစပ်ထားကြောင်း တန်းသိနိုင်သည်။
ဘာတွေဖြစ်ကုန်တာလဲ။
မနက်ခင်းကတည်းက ဖြစ်ပျက်ခဲ့သည်တို့ကို အကုန်ရှင်းလင်းစွာမြင်ခဲ့ရသော ရှီးခူ က သစ်ပင်အကိုင်းတစ်ကိုင်းပေါ်တွင် ရပ်နေသည်။ ရှီးခူ လည်း သဘောကျစွာပြုံးလိုက်ပြီး …
“သခင် တွေးတောင်တွေးမိမှာမဟုတ်ဘူး … သခင်မလေး ၅က သူတစ်ခုခုလုပ်ချင်ရင် အကောင်းဆုံးနည်းလမ်းနဲ့လုပ်မယ်လို့ မိန့်ခွန်းပြောသွားတယ် … ပြီးတော့လည်း လူတွေရဲ့ စွမ်းရည်က လှုံ့ဆော်ပေးဖို့လိုအပ်တယ် ဒါကြောင့် သူကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်လို့ ပြောလိုက်သေးတယ်”
ရှောင်းယီ စကားရှာမရ ဆွံ့အသွားလေသည်။ ထိုနည်းလမ်းမှာ စွမ်းရည်ကို လှုံ့ဆော်မလှုံ့ဆော်သည်ကို သူမသိသော်လည်း လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည်ကိုတော့ သူသေချာသိပါသည်။
“နန်းပေါင်ရီ”
နန်းပေါင်ရီ မှာ ဗျတ်စောင်းတီးလိုက် ကျားကစားလိုက်နှင့် ပျာယာခတ်နေပြီး …
“အစ်ကို ၂ ပြောစရာရှိရင် နောက်မှပြောတော့ … ညီမလေးအလုပ်များနေတယ်”
“မင်းက ဘာတွေအလုပ်များနေလို့လဲ”
“လေ့လာရင်းအလုပ်များနေတယ် .. ဗျတ်စောင်းတီးသင်ရင်း ကျားကွက်ကစားသင်ရင်း ပန်းချီဆွဲရင်း ကဗျာတွေအလွတ်မှတ်ရင်း … ဒါကို လေးမျက်နှာမှချဉ်းကပ်ခြင်း၊ လေးမျက်နှာမှ လေ့လာခြင်း၊ လေးမျက်နှာမှ တိုက်ခိုက်ခြင်းလို့ခေါ်တယ် !”
ရှောင်းယီ ဆက်မပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားလေသည်။
ဒီကလေးမ ဘာကြောင့်ရူးမိုက်ရတာလဲ။
နန်းပေါင်ရီ အလွန်အလုပ်များခဲ့ပါသည်။
အလုပ်များလွန်းသဖြင့် နောက်ဆုံးတွင် ဘာလုပ်ရမှန်းမသိတော့ဘဲ ရောင်စုံဆေးများ သူမခေါင်းထက် ပေကျံသွားအောင် လုပ်လိုက်မိတော့သည်။