အပိုင်း (၂၈)
အစ်ကို ၂ တော်ပါတော့
နန်းပေါင်ရီ ရိုးသားစွာပင် ပြန်ဖြေလေသည်။
“အဲဒီတုန်းက အုပ်အုပ်ကျက်ကျက်ဖြစ်သွားတာ ဒါကိုတွေးဖို့အချိန်တောင် မရလိုက်ဘူး”
ထို့အပြင် သူမသည် အတိတ်ဘဝတွင် မျက်နှာကိုဖျက်ဆီးခံရပြီး ဆိုးဝါးသည့်မျက်နှာနှင့်သာ သေဆုံးခဲ့ရသည်။ သူမ၏မိသားစု ဖျက်ဆီးခံရခြင်း၊ ဆင်းရဲချို့တဲ့သွားခြင်း၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို သူမကိုယ်တိုင် တွေ့ကြုံခဲ့ရသဖြင့် သူမလှသည်ရုပ်ဆိုးသည်မှာ အရေးမကြီးတော့ပေ။
သူမအတွေးတစ်ခုပေါ်လာပြီး ရှောင်းယီ ကို ရုတ်တရက်မေးလေသည်။
“အစ်ကို ၂ .. တကယ်လို့ ညီမလေးရုပ်ဆိုးသွားရင် ညီမလေးကို မကြိုက်တော့ဘူးလား ဂရုမစိုက်ဘဲနေတော့မှာလား”
ရှောင်းယီ က ရယ်လိုက်ပြီး …
“မင်းပြောတဲ့ပုံက ငါကပဲ မင်းကိုဂရုစိုက်တာကျနေတာပဲ”
စကားကို ချိုချိုသာသာမပြောတတ်သည့် အမတ်လောင်းကြောင့် နန်းပေါင်ရီ နှုတ်ခမ်းကိုက်လိုက်မိသည်။
“ဒီနေ့ကျောင်းမှာ ကျူးကျူး က ညီမလေးကိုမေးတယ် … ကွန်ဖြူးရှပ်က ရုပ်ဆိုးနေတယ်ဆိုပေမယ့်လည်း ဝေ့မြို့စား လင်း ရဲ့ ဇနီးက ဘာကြောင့် သူ့ကိုချစ်ကြိုက်ရတာလဲ .. အစ်ကို ၂ ရှင်းပြပေးပါလား”
(ကွန်ဖြူးရှပ်နှင့် နန်းကျစ် တွေ့ဆုံခြင်း) မှာ သမိုင်းကြောင်းတွင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
သမိုင်းမှတ်တမ်းများအရ ဝေ့မြို့စား လင်း တွင် သခင်မ နန်းကျစ် ဟု အမည်ရသည့် ဇနီးတစ်ယောက် ရှိခဲ့သည်။ သူမက ကွန်ဖြူးရှပ်ကို စာတစ်စောင့်ပို့ကာ စကားတဆင့် ပါးလိုက်သည်။ နန်းကျစ် တောင်းဆိုသည်ကို ကွန်ဖြူးရှပ်က ငြင်းဆန်လိုက်သော်လည်း သူမ၏ တွေ့ဖူးချင်လာသည်။ သူတို့တွေ့ကြုံရန် အချိန်ကျလာသည့်အခါ သခင်မ နန်းကျစ် က ကန့်လန့်ကာနောက်တွင် ထိုင်နေပြီး ကွန်ဖြူးရှပ် က တံခါးမှတဆင့် ဝင်လာကာ သူမကို ဦးညွှတ်လိုက်သည်။ သခင်မ နန်းကျစ် ကလည်း ကန့်လန့်ကာနောက်မှ အရိုအသေပြုရင်း သူမ၏ကျောက်စိမ်းလက်ဝတ်ရတနာများမှာလည်း အသံမျိုးမျိုး ပေါ်ထွက်နေသည်။
သာမန်တွေ့ဆုံခြင်းသာဖြစ်သော်လည်း ကျောက်စိမ်းလက်ဝတ်ရတနာများမှ အသံအမျိုးမျိုးထွက်ပေါ်နေသည်ဟူသော စာကြောင်းက အနာဂတ်လူငယ်များ၏ အတွေးအမြင်များကို တစ်မျိုးတွေးထင်စေနိုင်သည်။
ရှောင်းယီ သူမကို ကြည့်လိုက်မိသည်။
နန်း မိသားစုမှာ စာပေပညာတွင် ပါရမီမပါသည့်အပြင် အင်ပါယာစာမေးပွဲတွင်လည်း ဖြေဆိုနိုင်ကြမည်အထိ မထူးချွန်ကြသည်မှာမထူးဆန်းပေ။ အခြားသူများ စာလေ့လာကြသည့်အခါ ကွန်ဖြူးရှပ်၏အတွေးအခေါ်ကိုတစ်အုပ်လုံး မှတ်မိ နိုင်ရန် ရည်ရွယ်၍ ဖတ်ရှုလေ့လာကြသည်။ သို့သော် ထိုကလေးမနှစ်ယောက်မှာ ကွန်ဖြူးရှပ်၏ ရုပ်ရည်နှင့် ဘဝအကြောင်းကိုသာ အာရုံစိုက်နေကြသည်။ သူမတို့ စာပေကို ကောင်းကောင်းမွန်မွန်လေ့လာနိုင်လျှင် အိမ်တော်အတွက် အလွန်အံ့ဩဖွယ်ရာ ဖြစ်ပေလိမ့်မည်။
ရှောင်းယီ လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ …
“နန်းကျစ် က ကွန်ဖြူးရှပ်ရဲ့ကိုယ်ကျင့်တရားနဲ့ ပါရမီအထုံကို သဘောကျတာ သူ့ရဲ့ရုပ်ရည်ရူပကာနဲ့ ဘာလုပ်လို့ရနိုင်မှာလဲ … လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပဲကြည့်မယ်ဆိုရင် မင်းက သဘောထားသေးသိမ်တဲ့သူအဖြစ် သတ်မှတ်ခံရမှာပဲ”
နန်းပေါင်ရီ မေးထောက်လိုက်ပြီး စဉ်းစားတွေးတောနေသဖြင့် မျက်လုံးမှာလည်း တလက်လက်တောက်ပနေသည်။
အတိတ်ဘဝတွင် သူမသည် နန်းတွင်းအစေခံတစ်ယောက်ဖြစ်ခဲ့စဉ် ပွဲတော်တစ်ခုကျင်းပချိန် သူမက အထက်တန်းအရာရှိများကို လက်ဖက်ရည်ငှဲ့ကာ ဧည့်ခံခဲ့ရပြီး ထိုအရာရှိများက သူ၏ဆိုးဝါးသောမျက်မှာရုပ်ရည်ကို အမျိုးမျိုး စနောက်လှောင်ပြောင်ခဲ့ကြသည်။ ပွဲတော်တစ်ခုလုံးမှ လူအများက သူမကို လှောင်ရယ်ခဲ့ကြသော်လည်း မင်းဆရာဖြစ်သည့် ရှောင်းယီ တစ်ယောက်တည်းသာ သူမကို မလှောင်ခဲ့ပေ။ သူ၏ထိုင်ခုံပေါ်တွင် အများနှင့်ကွဲပြားစွာထိုင်နေပြီး သူမငယ်ရွယ်စဉ်က အမျိုးမျိုးနှိပ်စက်ခဲ့သည်ကိုသိသော်လည်း ရှောင်းယီ လက်စားချေခြင်းမရှိခဲ့ပေ။
အမတ်လောင်းသည် အပြင်ပန်းကြည့်ရလျှင် အေးစက်စက်နိုင်ကာ ကြောက်လန့်စရာကောင်းသော်လည်း စိတ်နှလုံးသားမှာ အလွန်ပင်နွေးထွေးပြီး ကမ္ဘာပေါ်တွင် အကောင်းမွန်ဆုံးသောသူတစ်ယောက်ပင် ဖြစ်သည်။
“အစ်ကို ၂ !!”
နန်းပေါင်ရီ မျက်ရည်များဝဲလာပြီး ရှောင်းယီ ကို ရုတ်တရက်ဖက်လိုက်လေသည်။ ကလေးမက သူ၏ရင်ခွင်ထဲ တစ်ကိုယ်လုံးပစ်ဝင်လိုက်သဖြင့် ရှောင်းယီ မည်သို့တုံ့ပြန်ရမည်ကိုမသိတော့ပေ။ တစ်ကိုယ်လုံးတောင့်သွားပြီး သူမကိုတွန်းထုတ်ချင်သော်လည်း သူ၏လက်မှာ ပခုံးသေးသေးလေးပေည်ရောက်လာကာ မတွန်းထုတ်ရက်တော့ပေ။ ကလေးမလေး၏ ကျောပေါ်ဝဲကျနေသော ဆံပင်တို့ကို ကလေးမြူသကဲ့သို့ အသာအယာသပ်ပေးနေလိုက်သည်။
နန်းပေါင်ရီ သတိပြန်ကပ်တော့မှသာ အလွန်ရှက်သွားသဖြင့် ဖြူဝင်းနေသည့်ပါးမို့နှစ်ဖက်မှာ နီမြန်းသွားပြီး သူမနေရာတွင် ပြန်ထိုင်ကာ လက်ဖက်ရည်ခွက်ကို ယူသောက်လိုက်သည်။ သူမလက်ဖက်ရည်သောက်နေချိန် လက်ရုံမှာ အနည်းငယ်လိမ့်ကျသွားပြီး သူမ၏လက်ကောက်ဝတ်ကို မြင်သာစေသွားသည်။ လက်ကောက်ဝတ်ပေါ်တွင် အတွင်းအသားကြေကာ ညိုမဲနေမယ့်သည့် ဒဏ်ရာကို ရှောင်းယီ သတိထားမိလိုက်သည်။
နန်းပေါင်ရီ ၏ သေးငယ်သောလက်ကောက်ဝတ်ကို ရှောင်းယီ ဆုပ်ကိုင်ကာ ဝတ်ရုံကို လိပ်တင်လိုက်သည့်အခါ လက်မောင်းမှာ သွေးခြေဥရာများကို တွေ့လိုက်ရသည်။
နန်းပေါင်ရီ က ဂရုမစိုက်ဘဲ …
“ရန်ဖြစ်တုန်းက ကိုယ့်ဘာသာထိမိသွားတာထင်တယ် … ဘာမှမဖြစ်ပါဘူး တစ်ရက်နှစ်ရက်လောက်နားလိုက်ရင် ပျောက်သွားမှာပါ”
ရှောင်းယီ အမူအရာပျက်သွားပြီး နန်းပေါင်ရီ ကိုရုတ်တရက် ဆွဲယူလိုက်သည်။ မိန်းကလေးက ကြောက်လန့်ငိုယိုကာ ရုန်းကန်နေသည်ကို အာရုံမစိုက်ဘဲ သူမ၏ခါးစည်းကို အမြန်ဖြည်ကာ အောက်ခံပန်းနုရောင်ဝတ်စုံတစ်ထည်ကိုချန်ထားလိုက်သည်။ သူမခါးမှာ သေးသွယ်နေပြီး အသားအရေမှာလည်း လှပကာဖြူဖွေးနေသည်။
နန်းပေါင်ရီ လန့်သွားပြီး မျက်လုံးတို့မှာလည်း ပြူးကျယ်သွားလေသည်။ သူမကိုယ့်ကိုယ်ကို အလျင်အမြန်ဖုံးကာလိုက်ပြီး ခေါင်းအစခြေအဆုံး တုန်ယင်နေသည်။
“အစ်ကို ၂ .. ဘာ..ဘာလုပ်မလို့လဲ !!”
သူမ၏ဝမ်းဗိုက်ပေါ်မှ ညိုမဲဒဏ်ရာများကို ရှောင်းယီ ကြည့်ကာ …
“နာနေလား”
ရှောင်းယီ မှာ အေးစက်စက်နိုင်သော်လည်း သူ၏အကြည့်တို့မှာ ဓါးကဲ့သို့ စူးရှနေပြီး သူမကိုယ်ကို တဆစ်ဆစ်ထိုးဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမအလွန်ရှက်လာသဖြင့် တစ်နေရာသို့အမြန်ပြေးပုန်းချင်မိသွားသည်။
ကောင်းကင်ကြီးက သူမကို သနားညှာတာခဲ့ပုံရသည်။ အရင်ဘဝတွင် သူမ ချန်းတယ်ယွီ ကို လက်ထပ်ခဲ့ရသည့်အချိန်က ချန်းတယ်ယွီ မှာ နန်းယန် နှင့်သာ အတူရှိနေခဲ့ပြီး သူမကို အနည်းငယ်ပင် မထိခဲ့ပေ။ သူမ၏အတိတ်နှင့်လက်ရှိဘဝတွင် သူမခန္ဓာကိုယ်ကို မည်သည့်ယောကျ်ားသားမှ မမြင်မတွေ့ဖူးခဲ့ပေ။
နန်းပေါင်ရီ ပါးစပ်ဟကာ ကြည့်နေပြီး ဘာမှမပြောရသေးခင် ရှောင်းယီ က ဆေးဘူးကိုယူထုတ်လိုက်သည်။ ဘူးထဲမှာ အစိမ်းရောင်ဆေးအဆီအနှစ်ကိုယူလိုက်ပြီး နန်းပေါင်ရီ ဗိုက်ပေါ်တွင် အသာအယာလိမ်းပေးလေသည်။ ဆေးမှာ အနည်းငယ်အေးမြနေပြီး ရှောင်းယီ က ဂရုတစိုက်နှင့် နေရာလပ်မကျန်စေရန် ဝမ်းဗိုက်အနှံ့ ဆေးလိမ်းပေးလေသည်။
နန်းပေါင်ရီ လည်း အလွန်ရှက်လာကာ ချက်ချင်းပင် ပျောက်ကွယ်သွားချင်တော့သည်။ သူမသည် ယားတတ်သဖြင့် ရှောင်းယီ လက်တို့ ရွေ့သွားရာနောက် အလွန်ယားလာပြီး နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ရယ်မိတော့သည်။
“အစ်ကို ၂ ..တော်တော့ များနေပြီ .. ဟားဟားဟားဟား အစ်ကို ၂ ရပြီ ညီမမရတော့ဘူး … အစ်ကို ၂ တော်ပါတော့ ဟားဟားဟား”
သူမမျက်ရည်များထွက်လာသည့်အထိ ရယ်မောနေမိသည်။ ရှောင်းယီ မျက်နှာအမူအရာမှာ မပြောင်းလဲသော်ငြား နှုတ်ခမ်းထောင့်တို့ ကော့နေကာ ပြုံးယောင်ရှိနေပေသည်။ နန်းပေါင်ရီ ၏ အားနည်းချက်ကို ရှောင်းယီ တစ်ခါမှမတွေ့ဖူးပေ။ သူမကို ပိုမိုစနောက်ကာ အနိုင်ကျင့်ချင်လာမိသည်။ သူမမျက်ရည်ကျသည့်အထိ ငိုကြွေးနေလျှင် အလွန်ချစ်စရာကောင်းလှသည်။
နန်း အိမ်တော်ရှေ့ရောက်သည့်အခါ လှည်းရပ်တန့်သွားသည်။ လှည်းအတွင်းမှရယ်မောသံနှင့် လှုပ်ရှားမှုတို့ကြောင့် ရှီးခူ က စိတ်ထဲမှတွေးလိုက်သည်။
“သခင်နဲ့ သခင်မလေး ၅တို့ တော်တော်အဆင်ပြေနေကြတာပဲ !”
အတန်ကြာပြီးနောက် လှည်းမှာငြိမ်သက်သွားပြီး ရှီးခူ လှည့်ကြည့်လိုက်သည့်အခါ ရှောင်းယီ ဝတ်စုံမှာ အနည်းငယ်ယွတ်ယွင်းနေပြီး သူ့အနောက်မှ နန်းပေါင်ရီ က အနောက်မှလိုက်လာပြီး မျက်ရည်စိုနေလျက် ဝတ်စုံကို စနစ်ကျအောင် ပြန်ပြင်နေပုံမှာ အနိုင်ကျင့်ခံထားရသည့် ငယ်ရွယ်သောဇနီးတစ်ယောက်နှင့် တူနေသည်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း ရှီးခူ ခေါင်းကုတ်လိုက်သည်။
သခင်မလေးကို သခင်က တစ်ခုခုအမှားကျူးလွန်ထားသလို ဖြစ်နေရတာလဲ။ ဟင်း… ငါစိတ်ထင်တာနေမှာပါလေ။
နန်းပေါင်ရီ ကျောက်ဝမ် ခြံကို ပြန်လာခဲ့ပြီး သူမရေချိုးသန့်ရှင်းပြီးသည့်အခါ ဟယ်ယဲ့ က နန်းရှောင်ချန့် နှင့် သူမမိသားစုတို့ တောင်းပန်ရန်ရောက်လာကြပြီး ဆုန်းဟယ့် ခြံတွင် ရှိနေကြသည့်အကြောင်းကို ပြောပြလေသည်။
သူမခေါင်းကိုငုံ့လိုက်ပြီး အလှပြင်စားပွဲပေါ်ရှိ ပုလဲလုံးများကို ဆော့ကစားနေသည်။ အတိတ်ဘဝတွင် သူမတို့မိသားစု၏ ဂုဏ်နှင့် စည်းစိမ်တို့ ကျဆင်းသွားသည့်အခါ ထိုဆွေမျိုးများသည် ပိုမိုဆိုးဝါးစေပြီး ဆောင်းဦးလေပြေက သစ်ရွက်ခြောက်များကို တိုက်ခတ်လွှင့်စင်သွားစေသည့်အလား အလျင်အမြန်ပျောက်ကွယ်သွားကြပြီး အိမ်တော်ထဲမှကျန်ရှိသော စည်းစိမ်ဥစ္စာများနှင့် အမွေများကို ခိုးယူသွားကြလေသည်။
ပန်းများဝန်းရံနေသည့် ကြေးမုံတစ်ချပ်ကို ကြည့်လိုက်သည့်အခါ သူမမျက်နှာပေါ်တွင် သွေးစွန်ထားသည့်ဒဏ်ရာများ ရှိနေသေးသည်။ နန်းရှောင်ချန့် ကြောင့် ဖြစ်လာသည့်ပြဿနာရပ်ကို အခွင့်အရေးအနေနှင့် အသုံးပြုပြီး ဆွေမျိုးအသိုင်းအဝိုင်းများကို အိမ်တော်၏ စည်းစိမ်များအပေါ် တွယ်ကပ်နေခြင်းမှ တားမြစ်လိုက်မည်ဆိုလျှင် သူမ၊ သခင်မကြီးနှင့် သူမ၏မိသားစုမှာလည်း ပို၍ပျော်ရွှင်စွာ နေထိုင်နိုင်ကြရလိမ့်မည်။
သူမ ဆုန်းဟယ့် ခြံကို ရောက်သည့်အခါ သခင်မကြီးက အလယ်တွင်ထိုင်နေပြီး နန်းရှောင်ချန့် နှင့် သူမ၏မိသားစုတို့က တစ်ဖက်စီတွင်ထိုင်နေကြသည်။
နန်းပေါင်ရီ ဝင်လာသည်ကို မြင်လိုက်ရသည့် နန်းရှောင်ချန့် ၏ အမေ သခင်မ ဝမ်း က အမြန်ထကာ သူမလက်ကိုနွေးထွေးစွာကိုင်လျက် သူမ၏သမီးအရင်းထက် ပို၍ချစ်ခင်ဟန်ပြနေသည်။ သူမက ပြုံးပြလျက် ….
“သခင်မလေး ၅က အရမ်းလှတယ်လို့ပြောသံကြားနေတာ ကိုယ်တိုင်မတွေ့မချင်းကို လုံးဝမယုံခဲ့ဘူး … ဒီနေ့မြင်လိုက်ရတော့ ပြောကြတဲ့အတိုင်း အရမ်းလှတာပဲ အသားအရေလေးကလည်း နူးညံ့နေတာ အရုပ်မလေးအတိုင်းပဲ”
နန်းပေါင်ရီ ရှောင်ထွက်လာပြီး သခင်မကြီးအနားသွားကာ သခင်မကြီး၏လက်မောင်းပေါ်တွင် မှီကာထိုင်လိုက်သည်။
“ဘွားဘွား သမီးကျောင်းမှာ ပြဿနာဖြစ်စေခဲ့ပြီး ဘွားဘွားကို စိတ်ပူစေခဲ့မိပြီ”
သခင်မကြီးကလည်း စိတ်မကောင်းဖြစ်စွာ …
“ဘွားဘွားရဲ့ သနားစရာ ကျောင်းကျောင်းအာ ရယ်.. ကျောင်းကိုပထမဆုံးသွားတဲ့ရက်မှာပဲ အနိုင်ကျင့်ခံခဲ့ရပြီ”
သခင်မကြီးက သခင်မ ဝမ်း ကို စိုက်ကြည့်ကာ ဒေါသတကြီးနှင့် …
“ငါတို့က မင်းတို့မိသားစုအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ် … မင်းတို့လိုအပ်သမျှ တောင်းခံခဲ့သမျှ ငွေကြေးအကုန်လုံး ငါတို့မိသားစုပိုင်တာတွေပဲ ငါတို့ နန်း အိမ်တော်ရဲ့ စာသင်ကျောင်းမှာ ပညာသင်ယူခွင့်ပေးထားခဲ့တာတောင်မှ ကျေးဇူးမဆပ်တဲ့အပြင် ငါ့ရဲ့မြေးမလေးကို နိုင်ထက်စီးနင်းလုပ်ပြီး ကျေးဇူးကန်းတယ်ပေါ့လေ !”
သခင်မ ဝမ်း ကလည်း အမြန်ပြုံးကာ …
“ချန့်အာ က မလုပ်ခင်မစဉ်းစားမိခဲ့လို့ သူ့အပြစ်ဖြစ်တာ ဝန်ခံပါတယ် … ဒါပေမယ့် ဘယ်သူကပိုမှားတာလဲဆိုရင် သခင်မလေး နန်းယန် ကိုပြောရပါလိမ့်မယ် သူက သခင်မလေး ၅ကို သိနေခဲ့ပေမယ့် ချန့်အာ ကို သတိမပေးခဲ့ဘူး .. အဲဒါသူတမင်လုပ်တာမဟုတ်ဘူးလား”
သခင်မကြီးကို အလွယ်တကူလှည့်စားရနိုင်မည်မဟုတ်သောကြောင့် နန်းပေါင်ရီ ကို လှည့်ကြည့်လိုက်သည်။
“သခင်မလေး ၅နဲ့ ချန်း အိမ်တော်က ကတိသစ္စာရှိကြတယ်လို့ကြားတယ် .. ချန်း အိမ်တော်ရဲ့ ဇနီး နေရာဂုဏ်သတင်းက ပိုပြီးအရေးကြီးတယ် ဒီကိစ္စကို လက်မလျော့ဘဲ ချန့်အာ ကို ဆက်ပြီး အပြစ်ရှာနေမယ်ဆိုရင် သမီးလည်း တစ်ချိန်ကျ ပြောစရာဖြစ်လာတော့မှာပဲ”
နန်းပေါင်ရီ မျက်နှာမှာ တည်ငြိမ်နေသည်။ သခင်မ ဝမ်း တော့ ရူးသွားခြင်းဖြစ်မည်။ သခင်မကြီးကို လှည့်စားမရသောကြောင့် သူမထံမြှားဦးလှည့်ကာ ခက်ခဲအောင် လုပ်နေပြန်သည်။ အတိတ်ဘဝတွင် သူမ၏ဂုဏ်သတင်းမှာ ချန်းတယ်ယွီ ကို အလွန်ချစ်ခင်တွယ်တာသည့်အကြောင်းသာ ပျံ့နှံ့နေပြီး တစ်ယောက်ယောက်က ချန်း မိသားစုဟု ပြောလိုက်လျှင် သူမကို ဥပမာပေးကာ လှောင်ပြောင်တတ်ကြသည်။
သို့သော် သူမပြန်လည်မွေးဖွားလာခဲ့ပြီးနောက် သူမအတွက် သင်ခန်းစာများ ရရှိခဲ့သည်။