အပိုင်း (၂၇)
မာနကြီးသောအမတ်လောင်းက မကူညီပါ
နန်းရုံ အလွန်ထိတ်လန့်သွားပြီး ဟန်ပြခဲ့သော ကြမ်းတမ်းသည့်အသွင်မှာလည်း ကြောက်ရွံ့ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဒါ..ဒါက …”
နန်းရှောင်ချန့် က ပို၍တုန်လှုပ်ထိတ်လန့်နေပြီး လက်နှစ်ဖက်မှာလည်း တုန်တုန်ယင်ယင်နှင့် သူမ၏ဂါဝန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ထိုကောင်မလေးက အမှန်တကယ် နန်းပေါင်ရီ ပင်။
သူမတော့သွားပြီ၊ သူမ နန်းပေါင်ရီ ကို စော်ကားမိခဲ့ပြီ။ နန်းယန် သည် နန်း အိမ်တော်တွင် ပထမဇနီး၏ တရားဝင်သမီးဖြစ်မဖြစ်မှာ မသေချာသော်လည်း နန်းပေါင်ရီ မှာ မြင့်မြတ်သည့်မျိုးရိုးဖြစ်သည့်အပြင် သခင်မကြီး၏ အလွန်ချစ်မြတ်နိုးရသော ပြောဆိုခွင့် လုပ်ပိုင်ခွင့်အပြည့်ရှိသော သခင်မလေးတစ်ယောက်ဖြစ်နေသည်။
သာမန်နေ့များကဲ့သို့ သူမနောက်ကွယ်တွင် နန်းယန် ကို စိတ်ကျေနပ်စေရန်အလို့ငှာ ပြောဆိုနိုင်သေးသည်။ သို့သော် ယနေ့မှာ သူမကိုယ့်ကိုယ်ကိုပင်မထိန်းနိုင်ဘဲ နန်းပေါင်ရီ နှင့် ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့သည်။ သူမနောင်တရစွာ နန်းယန် ကို ကြည့်လိုက်သည်။ နန်းယန် သည် နန်းပေါင်ရီ ဖြစ်နေကြောင်းကို သိနေပါလျက်နှင့် သူမကို မတားခဲ့သည့်အပြင် ပြဿနာကြီးဖြစ်အောင် လုပ်ခိုင်းခဲ့သည်။
နန်းယန် က သူမကို နှစ်သိမ့်ဟန်နှင့် ကြည့်လိုက်ပြီး ထရပ်ကာ လူအများအလယ်သို့ အားနည်းစွာ လမ်းလျှောက်လာပြီး အရိုအသေပေးလေသည်။
နန်းယန် က နွေးထွေးသောအသံဖြင့် …
“မိသားစုတစ်ခုတည်းက ညီအစ်မအချင်းချင်း ရန်ဖြစ်ကြတာလောက်ပါပဲ ဘာကြောင့် ပိုဆိုးအောင်လုပ်ပြီး တခြားသူတွေအမြင်မှာ ရယ်စရာအဖြစ်ခံရမှာလဲ … မမ ရှောင်ချန့် .. မမက ခံရတာဆိုရင်တောင် နန်းပေါင်ရီ ကို မမတောင်းပန်လိုက်ရင် ကိစ္စကရှင်းပြီးသားဖြစ်သွားလိမ့်မယ်”
ထိုစကားတို့မှာ နန်းပေါင်ရီ က အနိုင်ကျင့်သူဟု အခြားသူများကို ထင်မြင်သွားစေသည်။ နန်းရှောင်ချန့် ကလည်း သဘောပေါက်သွားပြီး ရည်ရွယ်ချက်ရှိရှိနှင့် သူမဒဏ်ရာများကို အများမြင်အောင် ပြလိုက်ပြီး နန်းပေါင်ရီ ကို ဦးညွှတ်ရင်း ငိုလေတော့သည်။
“အားလုံး ကျွန်မအပြစ်တွေပါ .. သခင်မလေး ၅နဲ့ ရန်မဖြစ်ခဲ့သင့်ဘူး ကျွန်မတို့ကို တစ်မိသားစုတည်း မောင်နှမတွေလို သဘောထားပြီး အပြစ်မမြင်ဖို့ သခင်မလေး ၅ကို တောင်းပန်ပါတယ်”
နန်းရှောင်ချန့် မှာ မိမိအနိုင်ကျင့်ခံရသည့်ပုံစံနှင့် ပြောကာ သနားစရာကောင်းအောင် တောင်းပန်နေလေသည်။ မိသားစုထဲမှ လူငယ်များပင် ထိုအဖြစ်ကို မမြင်ရက်လောက်သည်အထိ ဖြစ်ကုန်ပြီး အမျိုးမ ျိုး ပြောဆိုကြတော့သည်။
“မောင်နှမတွေကြားက ရန်ပွဲအသေးအမွှားလေးပဲမလား .. သခင်မလေး ၅က ဘာလို့ ဒေါသဖြစ်နေတာလဲ”
“ဟုတ်ပါတယ် သူတို့လည်း တောင်းပန်ပြီးပြီပဲ … သခင်မလေးက သဘောထားကြီးကြီးနဲ့ နားလည်ခွင့်လွှတ်ပေးသင့်ပါတယ်”
“ကျွန်တော်တို့တွေ ရှေ့လျှောက်အတူတူ စာသင်ယူကြရဦးမှာ တကယ်လို့ တစ်ခုခုလက်လွန်သွားရင် အများအတွက်လည်း မကောင်းဘူး”
နန်းပေါင်ရီ အကြောင်းပြချက်ခိုင်ခိုင်လုံလုံနှင့် ငြင်းဆိုရန် ပြင်လိုက်ချိန် ရယ်သံကြားလိုက်ရသည်။
ရှောင်းယီ က ပေါ့ပေါ့ပါးပါးနှင့်ပင် ….
“ရှီးယန်”
ရှီးယန် က နှစ်ပိုင်းကျိုးသွားသော စုတ်တံကို အမြန်ကောက်ယူကာ လက်ကိုင်ပုဝါပေါ်တင်ထားလိုက်ပြီး အများမြင်အောင် ပြလေသည်။
ရှောင်းယီ က …
“ဝါးနဲ့လုပ်ထားပြီး အဲဒီအပေါ်မှာ ပန်းပွင့်တွေနဲ့ ငှက်တွေပုံကို ထွင်းထားတဲ့ ဒီစုတ်တံကို အရင်မင်းဆက်ရဲ့ ကြင်ရာတော် ရှန်း က ပိုင်ဆိုင်ခဲ့တယ် ဒါက ရွှေစ ၁၂၀၀၀ တန်ဖိုးရှိတယ် … ဒါပေမယ့် မိန်းကလေး နန်း က ရှေးကျပြီးတန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုကို ဒီလိုပေါ့ပေါ့တန်တန် ဂရုမစိုက်ဘဲ ဖျက်ဆီးပစ်ခဲ့တာတောင်မှ ညီအစ်မတွေကြား ရန်ဖြစ်ရုံသက်သက်ပဲလို့ ငြင်းချင်နေသေးတာလား … ကျန်တဲ့သူတွေကိုရော မေးပါရစေ ဘယ်လိုညီအစ်မရန်ဖြစ်တဲ့ပုံစံက တန်ဖိုးကြီးရှေးဟောင်းပစ္စည်းကို ဖျက်ဆီးပစ်တာရှိလို့လား”
ခြံတစ်ခုလုံး တိတ်ဆိတ်သွားပြီး နန်းရှောင်ချန့် မျက်နှာလည်း ဖြူဖတ်ဖြူရော်ဖြစ်လာသည်။ စုတ်တံအဟောင်းတစ်ချောင်းက ထိုမျှ တန်ဖိုးကြီးရလေသလား။ စုတ်တံတစ်ချောင်းပင်ဖြစ်သော်လည်း ဘာကြောင့်များ ရွှေစ ၁သောင်းမက တန်ဖိုးရှိနေရတာလဲ။ ရွှေစ ၁သောင်းကျော်မှာ သူမတို့၏ ၂နှစ်စာအသုံးစရိတ်နှင့် တူညီနေသည်။ သူမယိုင်လဲမလိုဖြစ်သွားသော်လည်း အစေခံက ထိန်းပေးလိုက်သည်။
နန်းရုံ လည်း အံ့ဩထိတ်လန့်နေရာမှ ကိုယ့်ကိုယ်ပြန်ထိန်းလိုက်ပြီး နန်းရှောင်ချန့် မျက်နှာကို လွဲရိုက်လိုက်သည်။
“မိသားစုကိုအရှက်ခွဲတဲ့ကောင်မ ! အခုချက်ချင်း သခင်မလေး ၅ကို မတောင်းပန်သေးဘူးလား ပျက်စီးသွားတာတွေကို မလျော်နိုင်သေးဘဲ ပြဿနာရှာချင်သေးတာလား .. ကျောင်းဆင်းတဲ့အချိန်စောင့်နေဦး အိမ်ပြန်ရောက်မှ အဖေနဲ့အမေကို ပြောပြီး ရိုက်ခိုင်းရမယ် !”
ဆူပူပြီးနောက် နန်းပေါင်ရီ ကို အပြုံးနှင့် ကြည့်ကာ …
“သခင်မလေး ၅ .. ကျွန်တော့်ရဲ့ညီမက ဗဟုသုတမရှိတော့ အဲဒီစုတ်တံက ရှေးကျပြီးတန်ဖိုးကြီးလိမ့်မယ်ဆိုတာ မသိခဲ့ပါဘူး .. သခင်မလေးက မြင့်မြတ်ပြီး ကျွန်တော်တို့က အဆင့်နိမ့်ဆင်းရဲသားတွေပါ ကျွန်တော်တို့ကို အလျော့ပေးလိုက်လို့မရဘူးလား”
နန်းရှောင်ချန့် လည်း ငိုရှိုက်ထားသဖြင့် အသံအက်နေပြီး ….
“ကျွန်မမသိခဲ့ပါဘူ အဲဒီစုတ်တံက ဒီလောက်ထိ တန်ဖိုးကြီးမယ်လို့ ကျွန်မတကယ်မသိခဲ့ပါဘူး သခင်မလေး ၅ … ကျွန်မလည်း တန်ဖိုးအများကြီး ပြန်ပေးဆပ်ဖို့ မတတ်နိုင်တဲ့သူပါ နန်း အိမ်တော်က ချမ်းသာကြွယ်ဝတယ်ဆိုတော့ ကျွန်မတို့ကို သခင်မလေး အလျော်အကြွေးမဆပ်ခိုင်းပါနဲ့နော်”
နန်းပေါင်ရီ ထိုမောင်နှမနှစ်ယောက်ကိုကြည့်ရင်း ရယ်ချင်လာသည်။ ဘယ်လိုယူဆချက်ကြီးလဲ၊ သူတို့ရဲဆင်းရဲတဲ့မိသားစုနောက်ခံကို အကြောင်းပြချက်လုပ်ပြီး ဆင်ခြေပေးနေတာ။
ထို့အပြင် ဆွေမျိုးသားချင်းများသည် နှစ်စဉ်နှစ်တိုင်း နန်း အိမ်တော်မှ ငွေပမာဏအများအပြား တောင်းခံလေ့ရှိသည်ကို သူမရှင်းရှင်းလင်းလင်းသိထားသည်။ ရွှေစ ၁သောင်းက များသည်ဆိုသော်ငြား သူတို့ပြန်ပေးဆပ်နိုင်ရန် လွယ်ကူသေးသည်။
သူမစိတ်ထဲရှိရာပြောရန်ပြင်လိုက်ချိန်တွင် နန်းပေါင်ကျူး က ရုတ်တရက် မျက်ရည်များကျလာပြီး ….
“ကျောင်းကျောင်း .. သူတို့တွေ အရမ်းအနိုင်ကျင့်ကြတာပဲ ကျောင်းမှာ ကိုယ့်ကြောင့်ပျက်စီးတာတွေ ပြန်ပေးစရာမလိုဘူးဆိုတဲ့ ပေါက်ပန်းလေးဆယ်စည်းကမ်းရှိနေမှတော့ ! ငါအိမ်ပြန်ပြီး မေမေ့သွားတိုင်ပြောမယ် ! ငါကျောင်းမတက်တော့ဘူး ! ငါအိမ်ပြန်ပြီး မေမေ့ကိုသွားတွေ့ချင်တယ် .. အား !!”
ငိုအားပြိုင်ကြလျှင် နန်းပေါင်ကျူး ကို ဒီကမ္ဘာမှာ ယှဉ်နိုင်မည့်သူမရှိတော့ပေ။ သူမ၏ငိုသံကိုကြားရုံနှင့်တင် ကြားရသူများအဖို့ ရင်ကွဲလုမတတ်ဖြစ်ရသည်အထိ သူမငိုလေ့ရှိသည်။ ခြံဝင်းအတွင်းရှိ လူများမှာလည်း တဖြည်းဖြည်းစိတ်လျော့လာကြသည်။
ဟုတ်တယ်၊ တခြားသူပိုင်တဲ့အရာကို ဖျက်ဆီးပြီး လျော်စရာမလိုဘူးဆိုတဲ့ ယူဆချက်က ဘယ်မှာများ ရှိလို့လဲ။ ဒါ့အပြင် နန်းရှောင်ချန့် ရဲ့ မိသားစုကလည်း တတ်နိုင်သည့်အခြေအနေမှာ ရှိနေသည်။
နန်းပေါင်ကျူး မှာ ငိုနေရင်းနှင့် ကျောင်းထဲမှ ပြေးသွားသည်ကို နန်းရှောင်ချန့် နှင့် သူမအစ်ကိုမှာ ရပ်ကြည့်နေကြသည်။ စိတ်ပျက်အားငယ်ခြင်းကို သူတို့သဘောပေါက်နားလည်ကြသည်။
နန်းပေါင်ရီ ကို အနိုင်ကျင့်မိသည်က ပြဿနာရပ်တစ်ခုဖြစ်သော်လည်း သခင် ၃မှာ လုပ်ပိုင်ခွင့်မရှိတော့သည့်အတွက် ကြီးကြီးမားမားမဖြစ်နိုင်ပေ။ ထိုမိန်းကလေးက ပို၍အရေးကြီးသူဖြစ်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ၊ သူမက နန်း အိမ်တော် ၏ ဒုတိယသခင်နှင့် ပထမဇနီး၏ သမီးဖြစ်နေသည်။ နန်း အိမ်တော်မှာ ဒုတိယသခင်၏အုပ်ချုပ်မှုအောက်တွင် ရှိနေကြောင်း မသိသူမရှိပေ။
နန်းရှောင်ချန့် မျက်ဖြူလှန်ကာ မေ့မြောသွားတော့သည်။
…….
ကြီးမားသည့်ကိစ္စဖြစ်ခဲ့သောကြောင့် နန်းပေါင်ရီ စာသင်ယူရန် စိတ်မပါတော့ပေ။ အိမ်တော်သို့အပြန်လမ်းရှိ လှည်းပေါ်တွင် နန်းပေါင်ရီ ထောင့်တစ်ခုအနားကပ်ထိုင်ကာ ရှောင်းယီ ကို တစ်ချက်တစ်ချက် ခိုးကြည့်နေသည်။
လူငယ်မှာ အနက်ရောင်ဝတ်စုံကိုသာ ဝတ်ထားပြီး အေးစက်စက်မျက်နှာထားနှင့် ထိုင်နေသည်။ နွေဦး၏ နွေးထွေးသောနေရောင်ခြည်က ပြတင်းပေါက်မှတဆင့် တိုးဝင်ကာ ရှောင်းယီ ၏ ခန့်ညားလှသည့်မျက်နှာပေါ်ကို ကျရောက်နေသည်။ သူ၏မျက်လုံးမှာလည်း ခံစားချက်ကင်းမဲ့နေပြီး မြင်ရသူတိုင်း ကြောက်လန့်သွားစေနိုင်သည်။
နန်းပေါင်ရီ တစ်ခုခုကိုသတိရသွားပြီး ညင်သာစွာဖြင့် ….
“အစ်ကိုပေးထားတဲ့စုတ်တံက ဒီလောက်တန်ဖိုးကြီးမယ်လို့ မထင်ထားဘူး .. ဒါမှန်းသိရင် ကျောင်းကို ယူခဲ့မိမှာမဟုတ်ဘူး”
ရွှေစ ၁သောင်းပင်မကသော ထိုစုတ်တံမှာ မိန်းကလေး လျို ထက်ပင် ပို၍ တန်ဖိုးကြီးနေသည်။ ရှောင်းယီ က အာရုံမထားဘဲ ….
“ဒီနားလာခဲ့”
“ဘာလို့လဲ”
နန်းပေါင်ရီ စူးစမ်းလိုစိတ်နှင့် ရှောင်းယီ အနားကပ်သွားလေသည်။ ရှောင်းယီ က သူမ၏သေးငယ်သောမေးကို ညင်သာစွာကိုင်မလိုက်ပြီး သူမပါးမို့ထက်မှ သွေးစို့နေသောနေရာတို့ကို လက်နှင့်အသာတို့ထိလိုက်သည်။
“နာနေလား”
“အ…”
နန်းပေါင်ရီ အသက်ကိုဝအောင်ရှူလိုက်ပြီး …
“အစ်ကိုထိရင်နာတယ် မထိရင်မနာဘူး”
ရှောင်းယီ မျက်နှာပျက်သွားကာ …
“တုံးလိုက်တာ”
သူမအနေနှင့်ဆိုလျှင် ကိုယ်တိုင်ရန်ဖြစ်စရာမလိုဘဲ ရှီးယန် ကို အော်ခေါ်လိုက်ရုံနှင့် အဆင်ပြေနေပြီ။ သူကိုယ်တိုင်ကလည်း ဘာမှမလုပ်ဘဲ သူမကိုသာ ကြည့်ရှုစောင့်ရှောက်ပါဟု ဘာကြောင့်များ ရှီးယန် ကို အမိန့်ပေးခဲ့မိတာလဲ။
သူဆူပူနေချိန် ဂရုစိုက်ခြင်းနှင့် ကူညီလိုခြင်းတို့ကို သူမခံစားမိလိုက်သည်။ သူမနားမလည်နိုင်သော်လည်း စိတ်ကသိကအောက်ဖြစ်ရသည်။ ဂုဏ်မာန်ကြီးပြီး မလျော်မကန်သော အမတ်လောင်းကြီး သူမကို ဘယ်လိုကြောင့်များ ကူညီပေးမှာလဲ။
တစ်စုံတစ်ယောက်၏နှလုံးသားကိုကိုင်လှုပ်ရန် အချိန်အတော်ကြာကြာယူရမည်ဖြစ်သောကြောင့် သူမအနေနှင့်လည်း ချစ်စရာကောင်းသည့်ညီမလေးတစ်ယောက်အဖြစ် အမတ်လောင်းစိတ်ထဲရောက်ရန်အတွက် အချိန်အတန်ကြာအောင် နေထိုင်ပေရဦးမည်။
ရှောင်းယီ ၏ လက်မောင်းကို အသာမီလိုက်ပြီး …
“အစ်ကို ၂ပြောတာမှန်တယ် .. နန်းယန် နဲ့ယှဉ်လိုက်ရင် ညီမလေးက တော်တော်ညံ့တာပဲနော်”
နန်းပေါင်ရီ မီလိုက်သည့်အခါ ရှောင်းယီ မှာ တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။ မိန်းကလေးမှာ နူးညံ့ကာ ပေါ့ပါးနေပြီး သင်းပျံ့သောခေါင်ရန်းပန်းရနံ့လေးမှာ သူ၏နှာဖျားထဲသို့ ထိရောက်သွားလေသည်။
သူငုံ့ကြည့်လိုက်သည့်အခါ နန်းပေါင်ရီ ၏ မျက်တောင်လေးမှာ နွေဦးနေရောင်အောက်တွင် အနည်းငယ်တုန်ယင်နေသည်။ သူမ၏မျက်နှာမှာလည်း ဖြူဥနူးညံ့နေပြီး နွေဦးအိပ်မက်ကဲ့သို့ လှပသိမ်မွေ့နေသည်။
သူမပါးမို့ထက် သွေးစို့နေသော ဒဏ်ရာတို့က သူမအလှကို ဖျက်ဆီးနေသည်။
“မင်းရန်ဖြစ်နေတဲ့အချိန် မျက်နှာပျက်စီးသွားမှာ မစိုးရိမ်ဘူးလား”
လှလှပပသာနေချင်လိုသော ကလေးမလေးက သူမ၏အလှ ဖျက်ဆီးခံလိုက်ရလျှင် သူမအလွန်ဝမ်းနည်းနေတော့မည်။