အပိုင်း (၂၁)
အရှက်ရဖွယ် မင်္ဂလာပွဲ (၃)
လျိုရှောင်မုံ့ က သူမကိုယ်သူမ တတိယသခင် နန်း အဖြစ် အဆင့်မြင့်အထက်တန်းကျသည်ဟု မှတ်ယူထားသည်။ ရှောင်းယီ ကဲ့သို့ အစေခံအဆင့်ပင်မရှိသော မွေးစားသားတစ်ယောက်က သူမကို ဘာကြောင့်များ ဒီလိုဆက်ဆံရဲတာလဲ။ သူမသည် ထိုအခွင့်အရေးကိုအသုံးချပြီး နန်း အိမ်တော်တွင် သူမသည် အခုချိန်မှစ၍ သခင်မတစ်ယောက်ဖြစ်ကြောင်းနှင့် လုပ်ပိုင်ခွင့်တို့ကို အစေခံများလည်း သိစေရန် အာဏာပြရန်တွေးလိုက်သည်။
သူမစကားမပြောရခင်အချိန်မှာပင် အသက်ကြီးယောင်ရှိသောအသံတစ်သံ ထွက်လာသည်။
“နင်တို့တွေ မဟုတ်ကဟုတ်ကအကြောင်းပြချက်တွေနဲ့ ပြဿနာရှာနေကြတာ ငါသေပြီလို့ထင်နေကြတာလား !”
ခန်းမထဲရှိလူများ လှည့်ကြည့်လိုက်သည့်အခါ ဟယ်ယဲ့ က သခင်မကြီး၏လက်ကို ထိန်းကိုင်ပေးရင်း ခန်းမထဲသို့ ဝင်လာသည်။ နန်းပေါင်ရီ လည်း အနားသွားကာ ကူပေးလေသည်။
“ဘွားဘွား ရောက်လာပြီ”
“တကယ်လို့ ဘွားဘွားသာမရောက်လာရင် အိမ်တော်ကြီးက ဒီမကောင်းဆိုးဝါးတွေနဲ့ ရှုပ်ပွကုန်လိမ့်မယ်”
သခင်မကြီးက သူမ၏ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး မျက်နှာမှာ အလိုမကျ ဒေါသဖြစ်နေသည်။
နန်းကွမ် သည်လည်း မကောင်းဆိုးဝါးများ၏ အပြောခံရသောကြောင့် မျက်နှာပျက်ယွင်းနေသည်။ သူသည် အသက်၄၀ခန့်သာရှိသေးပြီး သူချစ်ရသော ရှောင်မုံ့ မှာ ၄၀မပြည့်သေးသည့်အပြင် လှပသိမ်မွေ့နေသည်။
လျိုရှောင်မုံ့ ဦးညွှတ်အရိုအသေပြုပြီး ….
“မေမေ .. ဒီနေ့ဖြစ်ရတာ ရှောင်းယီ အမှား..”
သခင်မကြီးက ဂရုမစိုက်ဘဲ သူမစကားကိုဖြတ်ပြောလေသည်။
“ဟယ်ယဲ့ နင်ငါ့ကိုပြော”
ပွဲလာသောဧည့်သည်များရှေ့တွင် ကျန်းယွီ နှင့် သခင်မ ကျန်း တို့က ရတနာများကိုလုယူရန် ကြိုးစားခဲ့ကြပုံတို့ကို အသေးစိတ်ပြောပြလေသည်။
ဧည့်သည်တို့၏အကြည့်များမှာ ပြောင်းလဲသွားပြီး မိန်းကလေး လျို က ပို၍ရှက်ရွံ့လာသည်။ သူမ၏ကံတရားအပြောင်းအလဲကို မျက်မြင်တွေ့ကြစေရန် ထိုမိန်းမတို့အဖွဲ့ကို ခေါ်ခဲ့ခြင်းဖြစ်ပြီး သူမကို အဆင့်နိမ့်စေရန်မဟုတ်ပေ။
သခင်မ ကျန်း ကို မကျေမချမ်းနှင့်ကြည့်လိုက်ပြီး သူမ၏နေရာကိုကာကွယ်ရန်အတွက် သူတို့ကို ပြန်လည်ဖိနှိပ်ရမည်ဟု တွေးလိုက်သည်။
“ကျန်းဝမ် နင့်ကို လောဘကြီးပြီး အပေါစားဆန်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး .. နင်တို့ကပဲအရင်အပြစ်လုပ်ပြီး ဘာကြောင့် ရှောင်းယီ ကို အပြစ်လွှဲချရတာလဲ နင်တို့တွေ ဒီကထွက်သွားကြတော့ .. ဒီနေ့ကစပြီး ငါ လျိုရှောင်မုံ့ မှာ နင်တို့လို သူငယ်ချင်းတွေမရှိတော့ဘူ း”
သခင်မ ကျန်း က အံ့ဩသွားပြီး …
“လျိုရှောင်မုံ့ နင်လူမှဟုတ်သေးရဲ့လား … ဒီနှစ်တွေထဲ နင်နဲ့နင့်ကလေးတွေကို ငါစောင့်ရှောက်ပေးခဲ့ရတာလေ”
နန်းပေါင်ရီ မျက်ခုံးပင့်သွားသည်။ ရန်ပွဲစနေပြီဖြစ်သောကြောင့် ဖရုံစေ့အနည်းငယ်ကိုယူကာ စားရင်းကြည့်နေလိုက်သည်။
သခင်မ ကျန်း က ဆက်၍ …
“ဒီနေ့ နင့်မင်္ဂလာပွဲလာဖို့ ငါတို့ကိုနင်ပဲဖိတ်ခဲ့တာ! နန်း အိမ်တော်မှာ နင်ဘယ်လောက်လှနေမယ့်အကြောင်း၊ နင့်လင်ပါသမီးကို မတရားအနိုင်ကျင့်ချင်တဲ့အကြောင်း နင်ပဲပြောခဲ့တာ! ပြီးတော့ သခင်မကြီး နန်းက ဖယ်ထုတ်ရခက်တဲ့ မိစ္ဆာအိုမကြီး၊ နန်း အိမ်တော်ကို ဝင်နိုင်ခဲ့တာက နင့်ရဲ့အနစ်နာခံကြိုးစားမှုကြောင့်လို့လည်း နင်ပြောခဲ့တာ! လျိုရှောင်မုံ့ .. နင်အခု အဆင့်အတန်းမြင့်သွားပြီဆိုတော့ ဆင်းရဲတဲ့နင့်သူငယ်ချင်းတွေကို မောင်းထုတ်နေတာလား !”
လျိုရှောင်မုံ့ ၏ သွေးများ ခေါင်းအထိပင် ဆောင့်တက်လာသည်။ ကျန်းဝမ် က စာနာစိတ်ကင်းကာ ဆက်ပြောနေတော့မည်။ သူမ ဘယ်လိုကြောင့်များ ထိုစကားတို့ကို ပြန်ပြောနေရတာလဲ။
“ငါမပြောခဲ့ဘူး !”
သူမအမြန်ငြင်းလိုက်ပြီး နစ်နာသူတစ်ယောက်အနေဖြင့် ဒူးထောက်လိုက်ကာ …
“သခင်ကြီးကို တောင်းဆိုပါတယ် သေချာစိစစ်ပေးပါ ကျွန်မဒီလိုမျိုး လုံးဝမပြောခဲ့ပါဘူး !”
ဉာဏ်တုံးကာမိုက်မဲလှသော သူမအမေကို နန်းယန် မုန်းသွားသော်လည်း သူမအမေဘက်မှကာ၍ ပြောလေသည်။
“ဖေဖေ .. အဒေါ် ကျန်းက မေမေ့ကိုစွပ်စွဲချင်လို့ ဒီလိုအရှက်ခွဲပြီး ပြောနေတာပါ … ဒီနှစ်တွေထဲမှာ မေမေက နန်း အိမ်တော်အပေါ် သိတတ်ပြီး အိမ်တော်အတွက် သားသမီးနှစ်ယောက် မွေးပေးခဲ့တယ်မဟုတ်ဘူးလား”
လျိုရှောင်မုံ့ က အခွင့်ကောင်းယူပြီး အမြန်ပြန်ပြောလေသည်။
“ဟုတ်ပါတယ် သခင်ကြီး … ကျွန်မက သခင်ကြီးအတွက် သားသမီးနှစ်ယောက် မွေးဖွားပေးခဲ့တယ်လေ”
သူမက သခင်မကြီးခြေထောက်အနား တွားသွားပြီး ငိုကြွေးလျက်ပင်။
“မေမေ ကျင်အာ က ဝမ့်ချွမ်း ကျောင်းမှာ ကောင်းကောင်းမွန်မွန်သင်ယူနေပါတယ် .. အရမ်းလည်း လိမ္မာသိတတ်ပြီး စာကောင်းကောင်းရေးနိုင်ရင် စာတစ်ပုဒ်ရေးပေးဖို့ပြောတော့ သူသေချာရေးနိုင်ခဲ့ပါတယ်”
အခြေအနေများက အခုပုံစံအထိ ရောက်လာခဲ့သဖြင့် သူမမျက်နှာပျက်မည်ကို ဂရုမစိုက်တော့ပေ။ သူမသည် နန်း အိမ်တော်သားတစ်ယောက်နှင့် လက်ထပ်ပြီး အိမ်တော်သို့ဝင်ရောက်ချင်သည်မှာ နှစ်၂၀ပင်မကတော့ပေ။ ယနေ့မှာ သူမ၏အိပ်မက်အောင်မြင်တော့မည့်နောက်ဆုံးအချိန်ကာလပင်။ အိမ်တော်သားတစ်ယောက်နှင့် လက်ထပ်ရမည်ဆိုလျှင် အဆင့်နိမ့်မောင်းမတစ်ယောက် ဖြစ်ရုံသာမက သေဆိုလျှင်လည်း သူမသေရဲသည်။
နန်းကွမ် မျက်ရည်ဝဲကာ သူ၏ချစ်လှစွာသောဇနီးကို ကြည့်နေရင်း ရင်ထဲမှနာကျင်လာသည်။ သူမကိုထရန် ကူပေးချင်စိတ်ဖြစ်လာချိန် ရုတ်တရက် ခန်းမအပြင်ဘက်မှ အလွန်ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။
ညစ်ပေနေသော ဆင်းရဲသားတစ်ယောက်က ခန်းမထဲဝင်လာပြီး နန်းကွမ် လက်ကို ပြင်းပြင်းထန်ထန်ဆုပ်ကိုင်ကာ …
“ခင်ဗျား ဘာကြောင့် ကျုပ်မိန်းမကို လက်ထပ်ရဲရတာလဲ !”
ခန်းမတွင်းရှိ လူများ ကြောင်အမ်းသွားလေသည်။ ထိုလူက သူ၏လက်တို့ကိုဝေ့ယမ်းပြပြီး အော်ပြောလေသည်။
“ဧည့်သည်ကြီးများခင်ဗျာ .. လျိုရှောင်မုံ့ က ကျွန်တော့်ရဲ့မိန်းမပါ .. တတိယသခင် နန်း က သူ့ရဲ့အဆင့်အတန်းနဲ့ စည်းစိမ်တွေကို အသုံးပြုပြီး အားနည်းသူကိုအနိုင်ကျင့်၊ ကျွန်တော့်မိန်းမကိုလည်း မတရားခေါ်ဆောင်သွားပါတယ် .. ဒါကို လက်မခံနိုင်ပါဘူး လုံးဝလက်မခံနိုင်ပါဘူး !”
ဆင်းရဲသည့်မိသားစုဖြစ်သော သခင်မ ကျန်း က ထိသူကို ဖယ်ထုတ်ရန်ခက်သည့် လမ်းဘေးလူဆိုး နျိုစန်း ဖြစ်ကြောင်း မှတ်မိသွားသည်။ အခြေအနေများ ရှုပ်ထွေးသွားပုံကို သူမဂရုမစိုက်ပေ။ သူမလက်မှနာကျင်မှုကို လျစ်လျူရှုထားပြီး သိမ်မွေ့သောအသံနှင့် ပြောလေသည်။
“နျိုစန်း .. သူက နွေဦးကျောက်စိမ်းခန်းမရဲ့ နာမည်ကြီး ပြဇာတ်မင်းသမီးတစ်ယောက်ပဲ … သူကဘယ်လိုလုပ်ပြီး နင့်ရဲ့မိန်းမဖြစ်မှာလဲ”
“သူက ငါ့မိန်းမပဲ !”
နျိုစန်း ဒေါသတကြီးနှင့် အော်လေသည်။
“တတိယသခင် နန်း သူ့ကိုပြန်မပေးရင် တရားရုံးတော်ကိုစာတင်ပြီး ခင်ဗျားကို သူများသားမယားကို ခိုးမှုနဲ့ အမှုတိုင်ထားမယ် !”
နန်းကွမ် မျက်နှာပျက်သွားသည်။
“အရှုပ်အထုပ်တွေ ! လာကြစမ်း ဒီလူကို မောင်းထုတ်လိုက်ကြ !”
“နေဦး”
တိတ်ဆိတ်နေခဲ့သော နန်းပေါင်ရီ စကားစပြောတော့သည်။
သူမ၏သရုပ်ဆောင်က အခုမှပွဲဝင်ခါစဖြစ်ပြီး အချိန်ကြာကြာပြောဆိုခွင့်မရသေးသည်ကို ဘာကြောင့် လွယ်လွယ်အဆုံးသတ်ပေးရမှာလဲ။
ဖရုံစေ့တို့ကို လွှင့်ပစ်ပြီး သူမလက်ကို လက်ကိုင်ပုဝါနှင့် အသာသုတ်လိုက်သည်။
“ဖေဖေ .. ဒီလူက ရုံးကိုတိုင်မယ်လို့ပြောနေတာ သူ့မှာ လျို့ဝှက်ထားတာတစ်ခုတော့ ရှိလိမ့်မယ် … ဥပဒေနဲ့ မရင်ဆိုင်ရခင် ဖေဖေ့ဘက်က တစ်ခုခုသေချာရှင်းလင်းအောင် သူ့ကိုရှင်းခိုင်းသင့်တယ်”
နန်းကွမ် က တရားဥပဒေကို ကြောက်ရွံ့သောကြောင့် အလွယ်တကူပင် လက်ခံလိုက်သည်။
“သေချာပြော နျိုစန်း .. ဒီအကြောင်းတွေကို ဘာလို့သေချာမရှင်းပြတာလဲ”
နျိုစန်း က ဂုဏ်ယူစွာဖြင့် …
“ကျွန်တော်စုဆောင်းထားရတဲ့အရာအားလုံး ပုံအောပြီး လျိုရှောင်မုံ့ ဆိုတဲ့ ဒီအမျိုးသမီးကို ဝယ်ယူခဲ့တာပါ .. သူ့ရဲ့ရောင်းရဖို့ကျန်တဲ့စာချုပ်က ကျွန်တော့်လက်ထဲရှိနေပါတယ် ဒါဆိုရင် သူက ကျွန်တော့်ရဲ့မိန်းမပဲမဟုတ်လား”
ကိုယ့်ကိုယ်ကိုရောင်းစားတဲ့လက်မှတ်စာချုပ် ?”
ခန်းမထဲရှိလူများ တုန်လှုပ်ချောက်ချားသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
နန်းကွမ် သည်လည်း မလှုပ်မယှက် ကြောင်အမ်းကာာရပ်နေမိသည်။
ရှောင်မုံ့ ကို သူ နွေဦးကျောက်စိမ်းခန်းမထဲမှ ခေါ်ထုတ်လာစဉ် ရှောင်မုံ့ ကလည်း ပြဇာတ်အဖွဲ့ထံ မရောင်းခဲ့သည်မှာသေချာပြီး ရိုးသားကာသန့်စင်သည်ဟု ပြောခဲ့သည်။
မိန်းကလေး လျို ကို နန်းကွမ် သံသယမျက်လုံးများနှင့် ကြည့်လိုက်သည်။
မိန်းကလေး လျို ကလည်း လန့်သွားသဖြင့် အော်ပြောလေသည်။
“သခင်ကြီး .. ဒီလူက အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပါ တစ်နေရာမှာ သူ့ခေါင်းကို အရိုက်ခံလိုက်ရပုံပါ ! တစ်ယောက်ယောက် သူ့ပါးစပ်ကိုပိတ်ပြီး မြစ်ထဲပစ်ချလိုက်ကြ ရေနစ်သေသွားပါစေ !”
“မိန်းမပျက် !”
နျိုစန်း က သူမမျက်နှာကို မညှာမတာရိုက်လိုက်သည်။
“မိန်းမယုတ် ငါကနင့်သခင်ပဲ … စည်းစိမ်တွေကြောင့် ငါ့ကိုစွန့်ပစ်ခဲ့ပြီး အခုတော့ မင်းရဲ့သခင်ကိုရေနစ်သတ်ဖို့တောင် ကြံစည်နေပြီ … အိမ်ရောက်မှမင်းကို ကောင်းကောင်းဆုံးမမယ် အခုပြန်လိုက်ခဲ့ !!”
သူက တွေဝေခြင်းမရှိဘဲ မိန်းကလေး လျို ကို ဆွဲခေါ်သွားလေသည်။
မိန်းကလေး လျို အလန့်တကြားနှင့် နန်းကွမ် ကို အမြန်ဆွဲထားလိုက်သည်။
“သခင်ကြီး ကျွန်မကို ကယ်ပါဦး ! ဒီလူက အရူးပါ ကျွန်မလည်းသူ့ကိုမသိရပါဘူး !”
နန်းကွမ် ရှက်ရွံ့သွားပြီး နျိုစန်း ကို ကန်ထုတ်ကာ သူ၏ဇနီးကို လက်မောင်းကြားထဲ ဖက်ထားလိုက်သည်။
“အစေခံတို့ လာကြစမ်း ! ဒီမိမစစ်ဖမစစ်ကောင်ကို မြစ်ထဲသွားပစ်လိုက်ကြ !”
အိမ်တော်ထဲမှအစေခံတို့ကလည်း အစုအရုံးရောက်လာကြသည်။
နျိုစန်း ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ငိုကြီးချက်မနှင့် …
“ကြည့်ကြပါဦး တတိယသခင်ကြီး နန်း က သူ့ရဲ့အဆင့်နဲ့ရာထူးကိုအသုံးချပြီး လူတွေကို အနိုင်ကျင့်နေတာ .. ကျွန်တော့်ရဲ့ သနားစရာမိန်းမကိုလည်း သူလုသွားတယ် သူများမယားခိုးတဲ့သူနဲ့ အဲဒီမိန်းမက အကြင်နာတရားမဲ့ပြီး လူမဆန်ကြဘူး !”
သူက ပျော်ရွှင်ဟန်နှင့်အော်နေသဖြင့် ပွဲလာသောဧည့်သည်တို့မှာလည်း ရယ်မောကုန်လေသည်။